← Chapters

အခန်း (၅၆၀)

Vol. 38 Ch. 560

အခန်း (၅၆၀)

Vol. 38 Ch. 560

“ဒါ ဒါ ဒါက” ဟန်ကြွယ်သည် ဆွံ့အနေမိ၏။ လက်ရှိ အခြေအနေတွင် မည်ကဲ့သို့ တုံ့ပြန်ရမည် ဆိုသည်ကိုပင် မသိရှိချေ။ ယခုမှ အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းလာခဲ့သည့် သာမန် နိရယ အင်ပါယာလေး တစ်ယောက်သည် အဘယ်သို့ အန္တိမ ကျင့်ကြံသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် အသက်ရှင် ကျန်ရစ်နေပြီး အန္တိမကျင့်ကြံသူများက သေဆုံးသွားခဲ့ရသနည်း။ ဤနေရာတွင် မကောင်းသည့် လှည့်ကွက်တစ်ခုခု ရှိရ ပေလိမ့်မည်။ သို့မဟုတ် တစ်စုံတစ်ယောက်သည် ဝင်ရောက် လှုပ်ရှားတိုက်ခိုက်ခဲ့လေသည်လား။

တစ်စုံတစ်ယောက် ဝင်ရောက် လှုပ်ရှားတိုက်ခိုက်ခဲ့သည် ဆိုလျှင်တောင်မှ သာမန်လူတစ်ယောက် မဟုတ်နိုင်ချေ။ အန္တိမ ကျင့်ကြံသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခုခံနိုင်ပြီး ပြန်လည်သတ်ဖြတ်နိုင်ခြင်းမှာ ကျိန်းသေပေါက် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်၏ လုပ်ရပ် ဖြစ်ပေလိမ့်မည်။ ထို့အပြင် ထိုလူသည်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိမှာ သေချာ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်လည်း ဖြစ်နိုင်သည်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည်သာ ရောရုဝပြည်နှင့် ရင်ဆိုင် တိုက်ခိုက်ချင်သည်ဆိုပါက အလှည့်အပြောင်းများ ပြုလုပ်နေစရာ မလိုအပ်ချေ။ တိုက်ရိုက်ဆိုသလိုပဲ အိမ်ရှေ့တံခါးကို တံခါး လာခေါက်ကာဖြင့် တိုက်ခိုက်မှာ သေချာ၏။ သူတို့၏ လက်ရှိ ရောရုဝပြည်၏ အားအင်အဆင့်အရဆိုလျှင် တစ်ဖက်လူကို ကျိန်းသေပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ထိုအကြောင်းအရာကို တွေးပြီးသည့်နောက် ဟန်ကြွယ်သည် ပိုမိုကာ တုန်လှုပ်သွားမိ၏။ သူက တီးတိုး ရေရွတ်လိုက်သည်။ “ဟုတ်ပါတယ်။ ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက ဝယ်ယူလာခဲ့တာ ဒီသတင်း အချက်အလက်တွေပါပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က နိရယ အင်ပါယာကို ငရဲလောကမှာ ရှာဖွေ တွေ့ရှိလိမ့်မယ်လို့ ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့တာပါ”

“နိရယ အင်ပါယာကို ရှာဖွေတွေ့ရှိမယ် ဟုတ်လား”

လုချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူသည် အေးစက်သည့် လေသံဖြင့် ပြောဆိုလိုက်၏။ “ခင်ဗျားဆိုလိုတာ နိရယ အင်ပါယာကို ရှာတွေ့ရုံပဲလား”

“ဒါက....” ဟန်ကြွယ်သည် ထိုစကားကို ကြားသည့် အချိန်မှာတော့ ဇဝေဇဝါ ဖြစ်မိနေ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ သွားခဲ့သည့် ဖြစ်ရပ်များ ပြန်လည်ကာ စဉ်းစားရမည်ဆိုလျှင် သူထွက်ခွာသွားမည့် အချိန်တွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် နိရယအင်ပါယာကို ရှာဖွေတွေ့ရှိမည် ဆိုသည့် သတင်း အချက်အလက်ကိုသာ အကန့်အသတ်ဖြင့် ပြောဆိုခဲ့၏။ သူမကို ဖမ်းဆီးနိုင်မလား။ မဖမ်းဆီးနိုင်ဘူးလား ဆိုသည်ကို မပြောဆိုခဲ့ချေ။ ကျိန်းသေပေါက် ဤနှစ်ခုကြားထဲတွင် မတူညီသည့် အလှည့်အပြောင်းနှင့် အဓိပ္ပာယ်များ ပါဝင်နေမှာ သေချာသည်။

“ဂျူနီယာကို ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောခဲ့တာလဲ ဒါ..” ဟန်ကြွယ်က တီးတိုးရေရွတ်လိုက်၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က နိရယအင်ပါယာကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ပြောခဲ့တယ်ဆိုရင် ဒီနေရာမှာ ဟာကွက်တစ်ခု ရှိနေတယ်လို့ မခံစားမိဘူးလား။ ငရဲလောကရဲ့ အမွေအနှစ်တွေကို ကိုင်တွယ်ထားတဲ့ နိရယအင်ပါယာဆီမှာ ဘယ်လိုလုပ် ဝှက်ဖဲတွေ မရှိဘဲနေမှာလဲ” လုချန်းဖန်သည် မည်သို့မှ မထိန်းသိမ်းနိုင်တော့ဘဲ ဒေါသများ ထွက်လာခဲ့၏။ သူသည် အရှေ့တွင်ရှိနေသည့်လူကို ချက်ချင်းပဲ သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ရည်ရွယ်ချက်ရှိရှိနှင့် သူတို့ကို ထောင်ချောက်ဆင်ထားသည် ဆိုပါက ဤအရာမှာ ကိစ္စရပ်တစ်ခုသာလျှင်ဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် ကြည့်ရှုရသည်မှာ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် တကယ်ပဲ ဟန်ကြွယ်ကို သတိပေးခဲ့၏။ သို့ပေမဲ့ ဟန်ကြွယ်သည် ထိုသတိပေးစကားကို ဂရုမစိုက်ခဲ့ချေ။ ထို့အပြင် သတင်းစကားကို ပေးပို့သည့် နေရာတွင်လည်း အလုံးစုံ တိတိကျကျ ပြန်လည်ကာ မပြောဆိုခဲ့ချေ။ သေသေချာချာ ပြောဆိုခဲ့သည်ဆိုပါက သူတို့သည် သတိအပြည့်နှင့် ပြုမူဆောင်ရွက်ခဲ့မှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ပြန်လည် ပြောင်းလဲ၍ မရနိုင်တော့ချေ။

“ခေါင်းဆောင်လု... ကျုပ်မှားခဲ့ပါတယ်”

ဟန်ကြွယ်က တုန်ယင်သွားခဲ့၏။ “အချက်အလက်အားဖြင့် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင် ဒီစကားကို ပြောတဲ့အချိန်မှာ ကျုပ်ဆီမှာ ဘာအရင်းအမြစ်မှ မရှိတော့ဘူး။ ပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်မှာရှိတဲ့ သတင်းအချက်အလက်တွေက အရမ်းကို တန်ဖိုးကြီးတယ်။ ဒီတော့ ကျုပ်ထပ်ပြီးတော့ မဝယ်နိုင်တော့ဘူး။ ဒါကြောင့်ပါ ....”

“ဒါကြောင့် ခင်ဗျားက ဒီသတင်းအချက်အလက်ကို ဖုံးကွယ်ထားခဲ့တာလား” လုချန်းဖန်၏ မျက်လုံးများသည်‌ အေးစက်လျက် ရှိနေ၏။ သူ၏ စကားလုံးများကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူတို့၏ ရောရုဝပြည်သည် အရင်းအမြစ်များ လိုအပ်နေလေသည်လား။ မဟုတ်ချေ။ ဟန်ကြွယ်အနေနှင့် အစောတုန်းကသာ ဤသတင်းအချက်အလက်ကို ပေးအပ်ခဲ့သည်ဆိုပါက သူတို့သည် ကျိန်းသေပေါက် ငရဲလောကနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ထပ်မံ ဝယ်ယူမှာဖြစ်သည်။

“နိရယအင်ပါယာရဲ့ စွမ်းဆောင်ရည်က ကျိန်းသေပေါက် ကြီးမားတဲ့အရာမျိုး မဟုတ်ဘူးလို့ ကျုပ် ထင်မှတ်ခဲ့ပါတယ်” ဟန်ကြွယ်က ပြောဆိုလိုက်၏။ သို့ပေမဲ့ သူသည် ဆက်ပြောမည့် စကားလုံးများကို မပြောနိုင်တော့ချေ။ သူ နားလည်လိုက်၏။ သူ၏ ထောင်လွှားမှုကြောင့် ရောရုဝပြည် တစ်ခုလုံးသည် ကြီးမားသည့် ပေးဆပ်မှုကို ပေးအပ်ခဲ့ရ၏။ အန္တိမအဆင့် ကျင့်ကြံသူများပင်လျှင် သေဆုံးခဲ့သည် ဖြစ်သောကြောင့် ဆိုးရွားလွန်း လှသည့် ဆုံးရှုံးမှုမျိုးပင်။ ထိုအရာများကို ပြန်လည် ဖြည့်စည်းဖို့ အချိန်မည်မျှ ကြာမည်မှန်း မည်သူမှ မသိရှိနိုင်ချေ။

“ဟား ဟား ဟား”

လုချန်းဖန်သည် အားရပါးရ ထကာ ရယ်မောလိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေပြီး ကောင်းကင်ယံထက်တွင်လည်း အဆုံးမဲ့သည် အမဲရောင်တိမ်များ စုဝေးလာခဲ့၏။ သူ၏ အစစ်အမှန် ပုံပန်းသွင်ပြင်သည် ရှေးနတ်ဘုရား သို့မဟုတ် ရှေးနတ်ဆိုးကြီး တစ်ကောင်ကဲ့သို့ ဖြစ်တည်နေပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများ ကြားထဲတွင် မတ်မတ်ရပ်နေ၏။ မည်သည့် လှုပ်ရှားမှုမှ မရှိသည် ဆိုလျှင်တောင်မှ ဟန်ကြွယ်သည် အသက်ရှူကြပ်လျက် ရှိနေ၏။

ဤကဲ့သို့သော အခြေအနေကို ရင်ဆိုင်ရသည့် အချိန်တွင် ကျိန်းသေပေါက် ခုခံရန် အခွင့်အရေးဟူ၍ မရှိခဲ့ချေ။ ခုခံချင်သည် ဆိုလျှင်တောင်မှ သူသည် ခုခံ၍ မရနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ နှစ်ယောက်ကြားတွင် ရှိနေသည့် အားအင်အဆင့်သည် အလုံးစုံ ကွာခြားနေသည် မဟုတ်ပါလား။

“တစ်စုံတစ်ယောက် လာစမ်း” လုချန်းဖန်သည် ထူးမခြားနားသလို ပြောဆိုလိုက်သည်။

သူပြောပြောပြီးချင်းမှာပဲ ရောရုဝပြည်၏ လက်ရွေးစင်စစ်သည် နှစ်ယောက်တို့သည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ ပြီးနောက် ဦးညွတ်ကာဖြင့် လေးလေးစားစား ပြောဆိုလိုက်၏။ “ခေါင်းဆောင် ဘာအမိန့်ပေးချင်လို့ပါလဲ”

“ဟန်ကြွယ်ကို‌ ခေါ်ပြီးတော့ ထောင်ချထားလိုက်။ အရှင် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာမှ ဆုံးဖြတ် ပေးလိမ့်မယ်” လုချန်းဖန်သည် လက်ကို ယမ်းခါလိုက်၏။ သူသည် ဟန်ကြွယ်ကို ချက်ချင်းပဲ သတ်ဖြတ်ချင်စိတ် ပေါက်၏။ သို့ပေမဲ့ တစ်ဖက်လူ သေဆုံးသွားသည်ဆိုပါက အရှင့်ကို ရှင်းပြ၍ ရတော့မည် မဟုတ်ချေ။ ထို့ကြောင့် ဟန်ကြွယ်ကို အသက်ရှင်လျက် ထိန်းသိမ်းထားခဲ့ပြီး ဟန်ကြွယ်ပေါ်တွင်သာ အရာအားလုံးကို ခေါင်းပေါ်ပုံချရန် စီစဉ်ထားခဲ့သည်။

ထို့အပြင် သတင်းအချက်အလက်များကို ဝယ်ယူခဲ့သည့်လူသည် ဟန်ကြွယ်သာလျှင်ဖြစ်၏။ ဟန်ကြွယ်၏ သတင်း အချက်အလက်များကြောင့် မဟုတ်လျှင် ငရဲလောကထဲ၌ ရောရုဝပြည်ကြီးသည် ကြီးမားလှသည့် ဆုံးရှုံးမှုကို ခံရလိမ့်မည် မဟုတ်ချေ။

“ခေါင်းဆောင်လု” ထိုစကားကို ကြားသည့်အချိန်မှာတော့ ဟန်ကြွယ်၏ မျက်နှာပြင် တစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ ချက်ချင်းဆိုသလိုပဲ လုချန်းဖန်၏ ရည်ရွယ်ချက်ကို သူက နားလည်သွားမိ၏။ သူသာ ရောရုဝပြည်၏ အရှင်နှင့် ရင်ဆိုင်တွေ့ရမည် ဆိုပါက သူ၏ ကံကြမ္မာသည် မည်သို့ ဖြစ်သွားမည်ဆိုသည်ကို ကောင်းကောင်းနားလည် သိရှိ၏။

တော်ဝင်အင်ပါယာ တစ်ယောက်၏ အားအင်အဆင့်ကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ သူသည် ကျိန်းသေပေါက် ရောရုဝပြည်၏ အောက်ခြေ ကျွန်အမျိုးအစား တစ်ယောက်ကဲ့သို့ပင် အားအင် နည်းပါးလှချေ၏။ တစ်ဖက်လူသည် သူ့ကို သတ်ဖြတ်ရန်အတွက် နည်းလမ်းပေါင်း မြောက်များစွာ တည်ရှိနေမှာ သေချာသည်။

“ခေါင်းဆောင်လု.. ကျုပ် ရောရုဝပြည်ကို တကယ့်ကို စိတ်လိုလက်ရနဲ့ သစ္စာခံခဲ့ပါတယ်” ဟန်ကြွယ်သည် စိတ်ပျက်လက်ပျက်ဖြင့် ထကာ အော်ဟစ်လိုက်၏။ သို့ပေမဲ့ ရောရုဝပြည်၏ စစ်သည်နှစ်ယောက်တို့သည် သူ၏ စကားလုံးများကို လုံးဝ လျစ်လျှူရှုထားခဲ့၏။ တိုက်ရိုက်ဆိုသလိုပဲ သူ၏ ကျင့်ကြံခြင်းများ အားလုံးကို ဖိနှိပ်ခဲ့ပြီး သူ့အား ခေါ်ဆောင်သွားခဲ့၏။

ဟန်ကြွယ် ခေါ်ဆောင်သွားခံရသည်ကို ကြည့်ရှုပြီးသည့်နောက် လုချန်းဖန်၏ မျက်နှာသွင်ပြင်သည် ပိုမိုကာ အေးစက်လာခဲ့၏။ သူသည် မြေအင်မော်တယ်လောက တည်ရှိရာ နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ မျက်လုံးထဲတွင် ကြီးမားလှသည့် ဖိအားများ ဖြစ်တည်လျက်ရှိသည်။

နိရယအင်ပါယာ၏ အားအင်အဆင့်သည် အားလုံး ထင်မှတ်ထားသည်ထက် ပိုမိုကာ သာလွန်နေလေသည်လား။ သူမအနေနှင့် စုရှန်းလော်နှင့် အားလုံးသော သူများကို သတ်ဖြတ်နိုင်သည် ဆိုသောကြောင့် ရောရုဝပြည်ကို ပြန်လည် တိုက်ခိုက်ရန် စွမ်းဆောင်ရည် ပိုင်ဆိုင်နေလေသည်လား။ ဤအရာက စဉ်းစားဖွယ်ရာပင်။ အကယ်၍ သူတို့သည်သာ နိရယအင်ပါယာကို ယခင်ကအတိုင်း ရှုမြင်သုံးသပ်ထားမည် ဆိုပါက ကျိန်းသေပေါက် အရူးများပင် ဖြစ်မည်။

နိရယ အင်ပါယာတစ်ယောက် စုရှန်းလော်နှင့် တခြားသောသူများကို မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည်က ကိစ္စ မဟုတ်ချေ။ အရေးကြီးသည်မှာ သူမ၏ လက်ထဲတွင် အန္တိမအဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည့် ဝှက်ဖဲ တည်ရှိနေခြင်းပင်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီကို တစ်စုံတစ်ယောက် စေလွှတ်ဖို့ လိုသေးတာလား” လုချန်းဖန်က တီးတိုးရေရွတ်လိုက်၏။

လက်ရှိ အခြေအနေတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ထပ်မံသွားရောက်ခြင်းမှ လွဲ၍ သူသည် နိရယ အင်ပါယာ၏ အသေးစိတ် အချက်အလက်များကို သိရှိနိုင်မည့် ဒုတိယနည်းလမ်းကို စဉ်းစား၍ မရနိုင်ခဲ့ချေ။

တစ်စုံတစ်ယောက်ကို ငရဲလောကဆီသို့ ပေးပို့ခြင်း ဆိုသည်မှာတော့ .... ထိုအကြံအစည်ကို ချက်ချင်း ပယ်ချရပေ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ လူများကို သေတွင်းထဲသို့ ပို့လိုက်ခြင်းနှင့် ဆင်တူနေသည် မဟုတ်ပါလား။

All Chapters