အခန်း (၅၆၁)
Vol. 38 Ch. 561
လုချန်းဖန်တစ်ယောက် တစ်စုံတစ်ယောက်ကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ စေလွှတ်ရန် စဉ်းစားလျက် ရှိနေတုန်းမှာပဲ လူနှစ်ယောက်တို့သည် ရောရုဝပြည်ထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။
ပြောရမည်ဆိုလျှင် ဤနှစ်ယောက်တို့သည် ပွင့်ပွင့်လင်းလင်းနှင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ရောရုဝပြည်၏ အတားအဆီးများ အားလုံးကြားထဲတွင် ထင်ထင်ပေါ်ပေါ်ဖြင့် သွားလာလျက် ရှိနေလေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ကို စွမ်းအင်တစ်မျိုးက ရစ်သိုင်းလျက် ရှိနေပြီး သေသေချာချာ ကြည့်ရှုသည် မဟုတ်ပါက ကျိန်းသေပေါက် သတိပြုမိလိမ့်မည် မဟုတ်ချေ။
“စီနီယာ.. ဒီလိုမျိုး ဝင်လာတာ ပြဿနာ မဖြစ်နိုင်ဘူးလား” ထာဝရ အစစ်အမှန် အင်မော်တယ်သည် အမဲရောင် ကျောက်တုံးများအား နင်းပြီးသည့်နောက် အသာလျှောက်လာခဲ့၏။ သူ၏ စိတ်တစ်ခုလုံးသည် တင်းကျပ်လျက် ရှိနေ၏။ မျက်လုံးများသည် ပတ်ဝန်းကျင် တည်နေရာအနှံ့ဆီသို့ လှည့်ကာ ကြည့်ရှုနေမိသည်။
ထိုတည်နေရာများသည် အစီအရင်များနှင့် ဖုံးလွှမ်းလျက် ရှိနေပြီး အထဲတွင် ဘာတွေရှိနေကြောင်းကို မြင်တွေ့ရန် ခက်ခဲလွန်းလှ၏။ သံသယရှိစရာမလိုဘဲ ဤနေရာတွင် နေထိုင်ကြသည့် လူများသည် သာမန်လူများ မဟုတ်ကြချေ။ များပြားလှသည့် နေရာများ အသီးသီးတွင် အရိပ်ကဲ့သို့သော ခြောက်ခြားဖွယ်ရာ အရှိန်အဝါမျိုး နှင့် ခြောက်လန့်နိုင်စွမ်းရှိသော သူမျိုးများပင်။
ဤနေရာတွင် ရှိနေသည့် လူများသည် ကျိန်းသေပေါက် အစစ်အမှန် အင်မော်တယ်၏ အထက်တွင် ရှိနေသည့် လူများသာလျှင် ဖြစ်၏။ ထိုသူများသာ သတိပြုမိသွားသည် ဆိုပါက သူ၏ ဘေးတစ်ဖက်တွင် စီနီယာ ရှိနေသည် ဆိုလျှင်တောင်မှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် ကြီးကြိးမားမား ဒုက္ခရောက်မှာ သေချာ၏။
“စိတ်မပူနဲ့”
တိုင်ချူးက တည်ငြိမ်စွာဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ သူသည် အနားပတ်ဝန်းကျင်ကို ကြည့်ရှုပြီး အသာ ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပေးထားတဲ့ နည်းစနစ်က သာမန်လူတွေ အဖြေရှာလို့ ရနိုင်တဲ့အရာ မဟုတ်ဘူး။ ကျုပ်တို့ သိသိသာသာကြီး မထွက်သွားသရွေ့ တခြားသူတွေ သတိပြုမိမှာ မဟုတ်ဘူး”
“အင်း... ဒါကတော့ စိတ်ချရလောက်ပါတယ်”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အား မယုံကြည်၍ မဟုတ်ချေ။ သူ့ကိုယ်သူ ယုံကြည်ချက် ကင်းမဲ့နေခြင်းပင်။ အဆုံးသတ်မှာတော့ သူသည် ထိုယုံကြည်ချက် ကင်းမဲ့မှုကို ပြန်လည် ဖြေဖျောက်ရန် ကြိုးစားနေမိ၏။
“ဒီနေ့ ရောရုဝပြည်က အရင်ကနဲ့ ခြားနားနေတယ်။ ကြည့်ရတာ စွမ်းအားမြင့် ကျင့်ကြံသူ တော်တော်များများ ပျောက်နေကြတယ်။ ပြောရမယ်ဆိုရင် ဒါက ကောင်းကင်က ပေးပို့လိုက်တဲ့ အခွင့်အရေးပဲ” တိုင်ချူးသည် သူ၏ အကြည့်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပြည့်နှက်လျက် ရှိနေသည်။
သူ၏ အကြည့်နှင့်ဆိုလျှင် ရောရုဝပြည်ထဲတွင် အန္တိမအဆင့် ကျင့်ကြံသူများ မည်မျှရှိသည် ဆိုသည်ကို ကောင်းကောင်းမြင်ရ၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် အနည်းအကျဉ်းသာလျှင် တည်ရှိ၏။ ထိုတည်ရှိနေသည့် လူများသည် သူ့ကို အနိုင်ယူရန် ဖြစ်နိုင်သည့်လူများ မဟုတ်ကြချေ။
“သူတို့ မြေအင်မော်တယ်လောကကို သွားခဲ့တာ ဟုတ်မလား”
ထာဝရ အစစ်အမှန် အင်မော်တယ်က မျက်မှောင်ကုတ်လိုက်၏။ ရောရုဝပြည်မှ အဖွဲ့သားများ မြေအင်မော်တယ် လောကဆီသို့ ထွက်ခွာသွားသည်ဆိုသော သတင်းသည် ဖုံးကွယ်၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ သူတို့သည် ထိုသတင်းကို သိရှိပြီးသားဖြစ်၏။
ရောရုဝပြည်၏ အားအင်အဆင့်နှင့် အခြေခံသည် ကျိန်းသေပေါက် သူတို့ ခုခံတိုက်ခိုက်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ သူတို့ကို တိုက်ခိုက်နေရင်းနှင့် တခြားသော လောကဆီသို့ သွားရောက်တိုက်ခိုက်ရန် ပြင်ဆင်နေ လေသည်လား။
လက်ရှိ သူတို့ ဤနေရာဆီသို့ ရောက်ရှိလာသည့် ခရီးစဉ်သည် တကယ်ပင် အဆင်ပြေ ချောမွေ့လျက် ရှိနေ၏။ မည်သည့် အန္တရာယ်ကိုမှ မတွေ့ရသေးချေ။
“အတိတ်တုန်းက မြေအင်မော်တယ်လောကကြီးရဲ့ နိရယအင်ပါယာလည်း ရှိသေးတယ်။ သူမက နိရယလောကကို ဖန်တီးခဲ့တယ်။ ဒါပေမဲ့ သူမက တိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပြီးတော့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့တယ်။ နိရယအင်ပါယာ လက်ထဲမှာရှိတဲ့ အမွေအနှစ်တွေကိုသာ နက်နဲအလင်းလောက၊ ရောရုဝပြည်ဆီကိုသာ ရောက်သွားမယ်ဆိုရင် ကျိန်းသေပေါက် ကပ်ဘေးကြီး ဖြစ်မှာပဲ” ထာဝရ အစစ်အမှန် အင်မော်တယ်က လေးလေးနက်နက် ပြောလိုက်သည်။
သူသည် ငရဲလောက၏ သတင်းအချက်အလက်များ အကြောင်းကို ကောင်းကောင်းသိရှိပြီးသားဖြစ်၏။ ထို့ကြောင့် နိရယ အင်ပါယာနှင့်ပတ်သက်၍ သတိအပြည့် အမြဲတမ်း ထားရှိ၏။
“အခု နိရယ အင်ပါယာအကြောင်း ပြောရမယ့်အချိန် မဟုတ်သေးဘူး” တိုင်ချူးသည် လက်ကို ယမ်းခါလိုက်၏။ သူသည် တိမ်သို့ပင် ထိုးထွင်းလုမတတ် ဖြစ်နေသော အဆောက်အဦကြီးကို လှမ်းကာ ကြည့်ရှုလိုက်၏။ တစ်ချက် ကြည့်ရှုလိုက်ရုံနှင့် ထိုနန်းတော်ကြီးသည် အဓိက အဆောက်အဦကြီး ဖြစ်ကြောင်း သိသာလှသည်။ ဤအရာမှာ သာမန်ထက်ပိုသည့် အရာဖြစ်ကြောင်း သူ၏ အလိုလို သိစိတ်က သိရှိနေ၏။ ဤနေရာသည် ရောရုဝပြည်၏အရှင် တံခါးပိတ်ကျင့်ကြံနေသည့် တည်နေရာ မဟုတ်လျှင်တောင်မှ စွမ်းအားမြင့် ကျင့်ကြံသူ အထက်ပိုင်းအကြီးအကဲများ နေထိုင်သည့်နေရာဖြစ်ကြောင်း သံသယရှိစရာ မလိုချေ။
“အခု စိုးရိမ်ပူပန်ရမှာက ရောရုဝပြည်ရဲ့ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကို ဖျက်ဆီးဖို့ပဲ။ မဟုတ်ရင် ရောရုဝပြည် အရှင်သာ ရှေ့တိုးဖို့ ကြိုးစားမယ်ဆိုရင် မြေအင်မော်တယ်လောကတင် မကဘူး တခြားလောက အသီးသီးကလည်း ကပ်ဘေးကို ခံရလိမ့်မယ်”
“ဝိညာဉ်ဆင့်ခေါ်ခြင်းပုတီးက တကယ့်ကို အရေးကြီးတဲ့ အရာပဲ။ ဒီတော့ ရောရုဝပြည်ရဲ့ အရှင်က သူနဲ့အတူ ထားမှာ မဟုတ်ဘူးလား” ထာဝရ အစစ်အမှန် အင်မော်တယ်က မျက်မှောင်ကုတ်လိုက်၏။
“အဲလိုတွေ လုပ်ဖို့ မလိုဘူး”
တိုင်ချူးက ခေါင်းကို ခါယမ်းလိုက်၏။ “ကျုပ်တို့ရဲ့ မျက်လုံးထဲမှာ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးက အရမ်းကို တန်ဖိုးကြီးမားတယ် ဆိုပေမဲ့ ရောရုဝပြည်ရဲ့ မျက်လုံးထဲမှာ သိပ်ပြီး တန်ဖိုးကြီးလှတာ မဟုတ်ဘူး။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ပြောခဲ့တယ်လေ။ ငရဲလောကကြီး ထိပ်ဆုံးအခြေအနေမှာ ရှိတုန်းက ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံး ရှစ်သောင်းကျော်အထိ ရှိခဲ့တယ်တဲ့။ တစ်ယောက်ကို တစ်ခုနီးပါး ပိုင်ဆိုင်ခဲ့တာပဲ မဟုတ်လား”
“ဒီလိုအရာတွေက လက်ရှိ ရောရုဝပြည်ရဲ့ အရှင်လက်ထဲမှာ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံး ခုနှစ်လုံးလောက်တော့ ရှိမယ်။ သူက လုချန်းဖန်ကို တစ်ခု ပေးလိုက်တယ်ဆိုတော့ သိပ်ပြီး တန်ဖိုးကြီးတယ်လို့ တွက်မှာ မဟုတ်ဘူး။ ပြီးတော့ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် ဆိုတာလည်း ရှိနေသေးတယ်”
“ဒါပေမဲ့” ထာဝရ အစစ်အမှန် အင်မော်တယ်သည် ပါးစပ်ကို ဟလိုက်၏။ သူသည် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်၏။ သို့ပေမဲ့ ပြောမထွက်ခဲ့ချေ။
ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကို ထိန်းချုပ်နိုင်ခြင်း ဆိုသည်မှာ လောကကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းဖြစ်၏။ မည်သူ၏ လက်ထဲတွင် တည်ရှိနေသည် ဆိုသည်မှာ အရေးကြီးလှ၏။ အင်မော်တယ်ဘုရင်တစ်ယောက် လက်ထဲသို့ ထိုအရာ ရောက်ရှိသွားသည် ဆိုပါက အရသာ ကင်းမဲ့လှသည့် ကြက်ခြေထောက်ကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူ့ကဲ့သို့သော လူ၏လက်ထဲသို့ ရောက်ရှိလာသည်ဆိုပါက ကျိန်းသေပေါက် ခန့်မှန်း၍ မရနိုင်သည့် လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။
“စီနီယာ.. အရှေ့က နန်းဆောင်ထဲမှာ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံး ရှိမယ်လို့ထင်လား” ထာဝရ အစစ်အမှန် အင်မော်တယ်သည် တိုင်ချူး၏ အကြည့်များကို သတိပြုမိ၏။ ထို့ကြောင့် မေးမြန်းလိုက်၏။
“အင်း ဖြစ်နိုင်တယ်” တိုင်ချူးသည် ဖုံးကွယ်မနေခဲ့ချေ။
“ဒါဆိုရင် ကျုပ်တို့ အရင်ဆုံး ရောရုဝပြည်ရဲ့ အဖွဲ့ဝင် တချို့ကို ဖမ်းဆီးပြီးတော့ မေးမြန်းလိုက်မယ် ဆိုရင်ကော” ထာဝရ အစစ်အမှန် အင်မော်တယ်က အကြံပြုလိုက်သည်။
ရောရုဝပြည်သို့ ဝင်ရောက်ကာ ရှာဖွေပြီးသည့်နောက် တည်နေရာ တစ်ခုချင်းစီတိုင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်များကို ထုတ်ဖော်လျက် ရှိနေ၏။ ထို့ကြောင့် သူတို့သည် သတိအပြည့်ဖြင့် ပြုမူ ဆောင်ရွက်ရန် လိုအပ်၏။ နန်းတော်များ၏ အနောက်ဘက်တွင် များပြားလှသည့် အကာအကွယ် အစီအရင်များလည်း တည်ရှိနေနိုင်၏။ ခြေလှမ်းတစ်ချက် မှားသွားသည်ဆိုပါက ကျိန်းသေပေါက် ဒုက္ခရောက်မှာ သေချာ၏။ ရောရုဝပြည် တစ်ခုလုံး သတိပြုမိသွားသည်ဆိုပါက ကျိန်းသေပေါက် သူတို့သည် သေလမ်းဆီသို့ လှမ်းရမှာ သေချာ၏။