အခန်း (၅၆၂)
Vol. 38 Ch. 562
“အဖွဲ့ဝင် အနည်းငယ်ကို ဖမ်းဆီးဖို့ ဟုတ်လား” တိုင်ချူးက မေးမြန်းလိုက်၏။ သူသည် ထိုအရာကို စဉ်းစားခဲ့ပြီးသား ဖြစ်၏။ သို့ပေမဲ့ ပတ်ဝန်းကျင်ကို မြန်မြန်ဆန်ဆန် သုံးသပ်ပြီးသည့်နောက် အနီးအနားတွင် ရှိနေသည့် လူများသည် သာမန် ရောရုဝ၏ စစ်သည်များဖြစ်ကြောင်း တွေ့မြင်လိုက်ရ၏။ အဖွဲ့လိုက် တည်ရှိနေကြပြီး ၎င်းတို့၏ အားအင်အဆင့်များသည် အားမနည်းလှသည် ဆိုလျှင်တောင်မှ မြင့်မားလှသည် မဟုတ်တာတော့ သေချာ၏။
ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံး မည်သည့်နေရာတွင် ရှိသည်ဆိုခြင်းကို ထိုသူများက လွယ်လွယ်ကူကူ သိရှိနိုင်လိမ့်မည်ဟု သူ မထင်ချေ။ ထို့ကြောင့် တစ်ဖက်လူများကို ဖမ်းဆီးမည်ဆိုပါက မေးခွန်း မေးမြန်းရခြင်း အတွက် လေကုန်ခြင်းကသာ အဖတ်တင်ပေလိမ့်မည်။ ထိုအစား ရောရုဝတွင် ရှိနေသည့် အဆင့်မြင့် ကျင့်ကြံသူများကို အလန့်တကြား ဖြစ်စေခဲ့သည်ဆိုပါက သူတို့အတွက် ကျိန်းသေပေါက် ဒုက္ခရောက်နိုင်သည်။
“အလျင်စလို မလုပ်ကြရအောင်” တိုင်ချူးသည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှု ပြီးသည့်နောက် ရောရုဝပြည်၏ အလယ်ဗဟိုသို့ သူတို့ ရောက်ရှိနေကြောင်းကို သတိပြုမိ၏။
သူတို့၏ တည်နေရာတွင် တိမ်များ၊ မြူများနှင့် ဖုံးလွှမ်းလျက် ရှိနေပြီး ဆန်းကြယ်လွန်းလှသည့် သင်္ကေတများသည် လေဟာနယ်ထဲတွင် ရစ်သိုင်းလျက် ရှိနေ၏။ ထိုနေရာဆီမှ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိနှိပ်ခြင်း အော်ရာများ ထွက်ပေါ်နေ၏။ ရောရုဝပြည်မှ စစ်သည်များသည် ရံဖန်ရံခါဆိုသလို ဖြတ်သွားဖြတ်လာ ပြုလုပ်လျက် ရှိနေကြ၏။ သူတို့အနေနှင့် ထိုသူများ သတိမပြုမိအောင် သေသေချာချာ လှုပ်ရှားမှ ဖြစ်ပေလိမ့်မည်။
“ဒါဆိုရင် ကျုပ်တို့ အချိန်ကိုက် တည်နေရာထဲကို ဝင်ပြီးရှာဖို့ပဲ လိုတော့တယ်” ထာဝရ အစစ်အမှန် အင်မော်တယ် သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
ရောရုဝပြည်သည် နက်နဲအလင်းလောကကြီး၏ ပြိုင်ဘက်ကင်း အင်အားစုတစ်ခု ဖြစ်၏။ ဆန်းကြယ်လွန်းလှသည့် တည်နေရာနောက်ခံကို ပိုင်ဆိုင်ပြီး ထိုတည်နေရာထဲတွင်တော့ ရေတွက်၍ မရနိုင်သည့် မျှော်စင်များ၊ နန်းတော်များ တည်ရှိနေ၏။ ထိုအထဲသို့ ဝင်ရောက်ကာဖြင့် နေရာအနှံ့ လိုက်လံကာ ရှာဖွေနေမည်ဆိုပါက မည်သည့်အချိန်တွင် ၎င်းတို့အနေနှင့် သဲလွန်စကို ရှာဖွေတွေ့ရှိမည်နည်း။
လက်ရှိ အခြေအနေတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပေးလိုက်သည့် ပြိုင်ဘက်ကင်း နည်းစနစ် တစ်ခုကို သူတို့ ရရှိခဲ့၏။ ဤနည်းစနစ်သည် သူတို့၏ မူလအော်ရာများကို ဖိနှိပ်ထားနိုင်စွမ်းရှိ၏။ အားလုံးသော သူတို့၏ မျက်လုံးထဲတွင် ၎င်းတို့သည် ရောရုဝပြည်မှ သတ္တဝါများဟု ထင်မှတ်မှားနေကြမှာ သေချာ၏။ ထို့ကြောင့်ပင်လျှင် မည်သည့် အန္တရာယ်ကိုမှ သိပ်ပြီး ကြုံရလိမ့်မည် မဟုတ်ချေ။ ရောရုဝပြည်၏ အစီအရင် အားလုံးသည် ၎င်းတို့အား သူတို့၏လောကသားများအဖြစ် သတ်မှတ်ထားခဲ့ကြ၏။ ထို့ကြောင့် ပစ်မှတ်မထားခဲ့ ချေ။
“အင်း.. အရင်ဆုံး ဒီနေရာကို စစ်ဆေးကြရအောင်” တိုင်ချူးသည် အမှတ်တမဲ့ဖြင့် အကြံပြုလိုက်၏။ သူသည် နန်းတော် တည်ရှိရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလျှောက်သွားခဲ့၏။
ထာဝရ အစစ်အမှန် အင်မော်တယ်သည် ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် မည်သူမှ သူတို့ကို ကြည့်ရှုမနေသည်ကို အတည်ပြုပြီး စိတ်သက်သာရာ ရမိသွား၏။ သူသည် စိုးရိမ်ပူပန်စွာဖြင့် အနောက်မှ လိုက်ပါသွားခဲ့သည်။
အရှေ့ဆီသို့ လှမ်းတက်ပြီး အဖြူရောင် ကျောက်စိမ်းခင်းများကို နင်းဖြတ်ကာ ဟောခန်းဆီသို့ ဝင်ရောက်လိုက်၏။ အထဲ၌ မည်သည့်အစီအရင်မှ အသက်ဝင်မလာခဲ့ချေ။ ထို့ကြောင့် သူတို့သည် စိုးရိမ်ပူပန်မှုများ လျော့ပါးလာခဲ့၏။
အစီအရင်သည် သူတို့အား ပုံမှန်မဟုတ်သည်ကို သတိမပြုမိပုံပင်။ ၎င်းတို့အား သာမန် ရောရုဝပြည်မှ အဖွဲ့သားများဟု သတ်မှတ်ထားပုံပေါ်၏။ ထို့ကြောင့်ပင်လျှင် သူတို့သွားရာ လမ်းတစ်ခုလုံးသည် အဆင်ပြေ ချောမွေ့နေခဲ့သည်။
အထဲတွင်ရှိနေသည့် အပြင်အဆင်များသည် သူတို့ထင်မှတ်ထားသည်နှင့် အလုံးစုံ ခြားနားလျက် ရှိနေ၏။ အပြင်ဘက်မှ ကြည့်ရှုမည်ဆိုလျှင် ကြီးကျယ်ခမ်းနားသည့် ဟောခန်းကြီးတစ်ခု၏ အရှိန်အဝါများကို ထုတ်ဖော်နေသည် ဆိုလျှင်တောင်မှ အတွင်းတွင်တော့ အရာအားလုံးက ပြောင်းလဲနေ၏။ ဟောခန်းကြီးသည် အဆုံးအစမဲ့ ကျယ်ပြောလွန်းလှ၏။ တည်နေရာကြီး တစ်ခုလုံးသည် ဆန်းကြယ်လွန်းသည့် စွမ်းအင်တမျိုးနှင့် ရစ်သိုင်းနေ၏။
ကံကောင်းစွာဖြင့် သူတို့သည် ထိုစွမ်းအင်များကို ဖိနှိပ်ထားနိုင်စွမ်း ရှိနေ၏။ နတ်ဘုရား အသိအမြင်များကို ဖြန့်ကျက်ပြီးသည့်နောက် သူတို့သည် ချက်ချင်းဆိုသလိုပဲ တည်နေရာတစ်ခုလုံး၏ အခြေအနေကို နားလည်သွားမိသည်။
“စီနီယာ”
နတ်ဘုရား အသိအမြင်များကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက် ထာဝရ အစစ်အမှန် အင်မော်တယ်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ သူသည် အရှေ့တွင် ရှိနေသည့် စင်မြင့်တစ်ခု တည်ရှိရာ နေရာဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။ ထိုနေရာတွင်တော့ အစိမ်းရောင်များ တောက်ပလျက် ရှိနေသည့် အမြူတေလုံး ခြောက်ခုက တည်ရှိနေ၏။ တောက်ပသည့် အလင်းတန်းများသည် ဟောခန်းကြီး တစ်ခုလုံး၌ လင်းလက်နေ၏။ ထိုအရာသည် နေလုံးကြီးခြောက်လုံးကဲ့သို့ပင် လင်းလက်တောက်ပနေသောကြောင့် မည်သူမှသည် ထိုအရာကို လျစ်လျှူမရှုနိုင်ခဲ့ချေ။
“စီနီယာ.. ဒါ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့တွေလား” ထာဝရ အစစ်အမှန် အင်မော်တယ်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။
သူသိသလောက်ဆိုလျှင် ရောရုဝပြည်တွင် အစစ်အမှန် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံး ခုနှစ်လုံး ရှိ၏။ တစ်ခုသည် လုချန်းဖန်၏ လက်ထဲတွင်ရှိပြီး ကျန်သည့်ခြောက်ခုသည် ရောရုဝပြည်ကြီး အတွင်း၌ရှိ၏။ ထင်မှတ်မထား လောက်အောင်ပဲ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးခြောက်လုံးသည် ဤနေရာတွင် ရှိလို့နေခဲ့သည်။
သူတို့သည် ပုတီးစေ့များကို ယခင်တုန်းက မမြင်ခဲ့ဖူးချေ။ သို့ပေမဲ့ အရေအတွက်နှင့် ပုံပန်းသွင်ပြင်ကို ကြည့်ရှုရင်း ကောင်းကောင်း ခန့်မှန်းနိုင်၏။ ထိုတင်မကသေးချေ။ ပုတီးလုံး တစ်ခုချင်းစီတိုင်းသည် အားကောင်းလွန်းလှသည့် အော်ရာများကို ထုတ်ဖော်လျက်ရှိနေပြီး ရေတွက်၍မရအောင် များပြားလှသည့် ဝိညာဉ်များသည် ထိုအထဲတွင် နစ်မြှုပ်နေသကဲ့သို့ပင်။
“အင်း.. ဒါတွေက ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံး မဟုတ်ဘူး ဆိုရင်တောင် ရောရုဝပြည်ရဲ့ တန်ဖိုးကြီးမားတဲ့ ရတနာတွေတော့ ဖြစ်နိုင်တယ်” တိုင်ချူးသည် ခဏလောက် စဉ်းစားလိုက်၏။ အရှေ့ဆီသို့ လှမ်းတက် ပြီးသည့်နောက် ပုတီးလုံးများရှိရာသို့ လက်လှမ်းလိုက်၏။ လမ်းတစ်ဝက်သို့ ရောက်သည့်အချိန်မှာတော့ မမြင်ရသည့် အတားအဆီးတစ်ခုသည် သူ့ကို တားဆီးထားခဲ့၏။
တောက်ပသည့် သင်္ကေတများသည် တည်နေရာ တစ်ခုလုံးတွင် ပေါ်ပေါက်လာခဲ့ပြီး ထိုအတားအဆီးသည် မည်သို့မှ ဖျက်ဆီး၍ မရအောင် အားကောင်းလှချေ၏။ အကန့်အသတ်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့လေ၏။ ပြင်းပြင်းထန်ထန် ချိုးဖြတ်ခြင်းကို မပြုလုပ်ပါက အထဲတွင် ရှိနေသည့် အရာများကို ရယူရန် ခက်ခဲလှ၏။ သို့ပေမဲ့ ထိုသို့ ကြမ်းကြမ်းတမ်းတမ်းနှင့် ချိုးဖြတ်လိုက်မည် ဆိုလျှင်လည်း ရောရုဝပြည် တစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်မှာ သေချာ၏။ ထို့ကြောင့် ထိုသို့ပြုလုပ်မှုကို သူတို့ ရှောင်ဖယ်မှ ဖြစ်ပေလိမ့်မည်။
“ဒီအရာ ဒီမှာရှိနေတယ်ဆိုရင် ရောရုဝပြည်အတွက် တန်ဖိုးကြီးမားတာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ လွယ်လွယ်ကူကူ ယူလို့ရတယ်ဆိုရင် ဘယ်အဓိပွာယ်ရှိတော့မလဲ” ထာဝရ အစစ်အမှန် အင်မော်တယ်က တီးတိုး ရေရွတ်လိုက်၏။
ရောရုဝပြည်မှ လူများသည် အရူးများ မဟုတ်ကြချေ။ ဤနေရာတွင် ထားရဲသည်ဆိုမှတော့ ကျိန်းသေပေါက် တစ်စုံတစ်ယောက် ယူဆောင်သွားမည်ကို စိုးရိမ်ပူပန်စရာ မလိုသောကြောင့်ပင်။ ထို့အပြင် ယူဆောင်သွားသည် ဆိုသည်နှင့် များပြားလှသည့် လူများက လာရောက်ကာ တားဆီး တိုက်ခိုက်တော့မှာ သေချာသည်။
“ဒါကို ယူလို့မရဘူးဆိုရင်”
ထာဝရ အစစ်အမှန် အင်မော်တယ်၏ မျက်လုံးများထဲတွင် ကြမ်းတမ်းသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူက လေးလေးနက်နက် ပြောလိုက်၏။ “တစ်ခါတည်း ဖျက်ဆီး လိုက်ကြတာပေါ့”
ဤအရာသည် ရှောင်လွှဲ၍ မရနိုင်သည့် ရွေးချယ်မှုပင်ဖြစ်သည်။ သို့ပေမဲ့ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးများ ဖြစ်ကြောင်း သူတို့က အတည်မပြုနိုင်သေးချေ။ ထိုတင်မကသေးချေ။ ထိုအရာကို ဖျက်ဆီးပြီးသည် ဆိုသည်နှင့် ရောရုဝပြည်တွင် သူတို့ ဆက်လက်နေထိုင်၍ မရတော့ချေ။ ချက်ချင်း ထွက်ခွာသွားမှ ဖြစ်ပေလိမ့်မည်။ ကောင်းကောင်းမွန်မွန်နှင့် ထွက်ခွာသွားနိုင်မည်လား ဆိုသည်ကလည်း မသေချာလှချေ။
ယခင်တုန်းက ဖြစ်ပျက်ခဲ့သည့် အတွေ့အကြုံများကို သင်ခန်းစာ ယူပြီးသည့်နောက် သူတို့သည် ကျိန်းသေပေါက် ကြီးမားသည့် ပြဿနာကြီးကို မဖန်တီးချင်ကြပေ။ ပြောရမည်ဆိုလျှင် သူတို့သည် လောင်းကစား ပြုလုပ်ရမည်နှင့် ဆင်တူနေခဲ့၏။ သူတို့၏ရှေ့တွင် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များဟု ထင်မှတ်ရသည့် အမြူတေခြောက်ခု တည်ရှိနေသည် မဟုတ်ပါလား။ သူတို့သည် ထိုအရာနှင့်ပတ်သက်၍ အလောင်းအစား ပြုလုပ်ရပေမည်။