အခန်း (၅၆၃)
Vol. 38 Ch. 563
“ဒါတွေကို ဖျက်ဆီးပစ်ချင်လား” တိုင်ချူး၏ မျက်လုံးများက တောက်ပသွားသည်။ သူသည် မျက်လုံးကို စုံမှိတ်ထား၏။ နတ်ဘုရားအသိအမြင်များသည် ဒီရေလှိုင်းများ ကဲ့သို့ပင် တည်နေရာ တစ်ခုလုံးကို ပျံနှံ့ပြီး ရောရုဝပြည်၏ ကြီးမားလှသည့် အစိတ်အပိုင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ သူသည် သေသေချာချာ တည်နေရာ တစ်ခုချင်းစီကို ရှာဖွေပြီးသည့်နောက် ဟောခန်းတော်တော်များများကို ကြည့်ရှုပြီး ဖြစ်၏။
လူများစွာရှိနေသည် ဆိုလျှင်တောင်မှ သူ စုံစမ်းကြည့်ရှုမှုကို မည်သူကမှ အာရုံမခံနိုင်ခဲ့ကြချေ။ တချို့သော ဟောခန်းများသည် သူ၏ နတ်ဘုရားအသိအမြင် ဝင်ရောက်ခွင့်ရရန် တားဆီးထား၏။ ထိုအထဲတွင် သူ့ထက် မည်သို့မှ အားနည်းမည် မဟုတ်သည့်လူများ တည်ရှိနေနိုင်သည်။
လက်ရှိ အခြေအနေတွင် သူသည် နတ်ဘုရားအသိအမြင်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ မျက်လုံးကို ဖွင့်ပြီးသည့်နောက် တောက်ပသည့် အလင်းတန်းများသည် မျက်လုံးဆီမှ ထွက်ပေါ်နေ၏။ ဤကဲ့သို့ ရှာဖွေ ကြည့်ရှုပြီးသည့်နောက် ရောရုဝပြည်၏ နက်နဲလွန်းလှသည့် အမွေအနှစ်များကို မြင်ခဲ့ရသည် ဆိုလျှင်တောင်မှ ကောင်းမွန်လှသည့် ရလဒ်မျိုးကိုတော့ မတွေ့သေးချေ။
ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံး၏ အရိပ်အာဝါသကို တစ်ခုလေးမှ မတွေ့သေးချေ။ သူ၏ရှေ့တွင် ရှိနေသော အမြူတေ ခြောက်ခုသည် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များလား။ သို့မဟုတ် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များသည် ယခုထက် ပိုမိုကာ လျှို့ဝှက်သော တည်နေရာတွင် ဖုံးကွယ်ထားလေသည်လား။
“စီနီယာ” ထာဝရ အစစ်အမှန် အင်မော်တယ်သည် အသာခေါ်လိုက်၏။
“ရောရုဝပြည်ထဲမှာ အကာအကွယ် အတားအဆီးတွေက တင်းတင်းကျပ်ကျပ် ထားတယ်။ ကျုပ်အနေနဲ့ နေရာအနှံ့ကို ကြည့်ရှုလို့ရတယ် ဆိုရင်တောင်မှ အရာအားလုံးကို မမြင်နိုင်ဘူး။ ပြီးတော့ ဒီခြောက်လုံးကိုပဲ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့တွေလို့ သတ်မှတ်ရမလို ဖြစ်နေပြီ” တိုင်ချူးက အသာပြောလိုက်သည်။
သူတို့အနေနှင့် သူတို့၏ ကံတရားအပေါ် အလုံးစုံ မယုံကြည်ဘူး ဆိုလျှင်တောင်မှ ပထမဆုံး ဝင်ရောက်ခဲ့သည့် ဟောခန်းထဲတွင် ဤကဲ့သို့သော အမြူတေခြောက်လုံး တည်ရှိနေသည်ကို သံသယဝင်မိနေကြ၏။ ဆက်လက်ကာ ရှာဖွေသည် ဆိုပါက သူတို့ရောက်ရှိနေသည်ကို တခြားသောသူများ မြင်တွေ့သွားနိုင်၏။
“ကျေးဇူးပြုပြီး စီနီယာ... မြန်မြန်ဆန်ဆန် လှုပ်ရှားပြီး ဖျက်ဆီးလိုက်ပါတော့။ ဒါမှ မြေအင်မော်တယ် လောကကြီးရဲ့ ငြိမ်းချမ်းရေးကို ရရှိစေမှာလေ” ထာဝရ အစစ်အမှန် အင်မော်တယ်သည် လက်သီးကို ဆုပ်ကာဖြင့် ဆော်ဩလိုက်သည်။
သူ့အနေနှင့် များများစားစား တွေးတောမနေတော့ချေ။ အရေအတွက်ကလည်း တူညီလို့နေခဲ့ပြီး ပုံပန်း သွင်ပြင်ကလည်း တူညီလို့နေ၏။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များသာ မဟုတ်ပါက ရောရုဝပြည်သည် ထိုအရာများ ကို ဤနေရာတွင် ထားလိမ့်မည် မဟုတ်ချေ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုကို ရရှိပြီး သူတို့ ရောက်ရှိလာသည် မဟုတ်ပါလား။ ရောက်ရှိလာခဲ့ပြီးသည့်နောက် အခွင့်အရေးကို လွှဲချော်ခဲ့သည်ဆိုပါက နောက်တစ်ကြိမ်ရရှိဖို့ မည်မျှကြာမည် ဖြစ်ကြောင်း မည်သူမှ မသိနိုင်ပေ။
“ကောင်းပြီ”
တိုင်ချူးက ခေါင်းညိတ်လိုက်၏။ နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ သူသည် လက်ကို အသာဆန့်တန်း လိုက်၏။ လေဟာနယ်ထဲတွင် ဓားအလင်း တစ်ချက်ဖြစ်တည်လာပြီးသည့်နောက် ဖူးဟူသော အသံနှင့်အတူ လေဟာနယ်တစ်ခုလုံး ကွဲအက်သွားခဲ့၏။
ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့အနားတွင် ရှိနေသည့် အတားအဆီး အကန့်အသတ် တစ်ခုလုံးသည် တစ်ခါတည်း ပျက်စီးသွားခဲ့၏။ ဓားအလင်းသည် ဆက်လက်ကာ သွားခဲ့ပြီးသည့်နောက် အမြူတေ ခြောက်ခုအား ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ခရက် ခရက်
နားကွဲလောက်စရာ အသံကြီး ဖြစ်တည်လာခဲ့၏။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များ ကျိုးပြတ်သွားခဲ့သလို ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်လှိုင်းများကလည်း ပျံ့နှံ့သွားခဲ့၏။ ယင်ဓာတ်စွမ်းအင်များသည် ဟောခန်းကြီး တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။
ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့သည် အန္တိမအဆင့် ပစ္စည်းမျိုးဖြစ်၏။ ပျက်စီးသွားပြီးနောက် မြေပြင်တစ်ခုလုံး ကွဲအက်သွားနိုင်စွမ်းရှိသည့် စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။
“နောက်ကိုဆုတ်” တိုင်ချူးက အသာအော်လိုက်၏။ သူသည် ဝတ်စုံကို အသာယမ်းခါကာဖြင့် အစစ်အမှန် စွမ်းအင်များကို စုစည်းပြီး ထာဝရ အစစ်အမှန် အင်မော်တယ်ကို လွှမ်းခြုံ ကာကွယ်ပေးလိုက်၏။ ၎င်းတို့ နှစ်ယောက်သည် နတ်ဘုရားရောင်စဉ်ကဲ့သို့ အသွင်ပြောင်းကာဖြင့် ကောင်းကင်ပေါ်သို့ ထိုးတက်ကာ ဟောခန်းအတွင်းမှ ထွက်ခွာလိုက်၏။ သူတို့အရှေ့သို့ ထွက်ခွာလိုက်ချင်းမှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပေါက်ကွဲသံကြီး ပေါ်ပေါက်လာခဲ့၏။
ကြမ်းတမ်းသည့် အားအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံပြီး ဖိနှိပ်ထားခဲ့၏။ ရေတွက်၍ မရအောင် များပြားသည့် သတိမပြုမိသော အစောင့်သတ္တဝါများသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဝတ်စုံပြည့် မဝတ်ဆင်ထားခဲ့သည့် ရောရုဝပြည်မှ စစ်သည်များ အားလုံးသည် ကြောင်အအ အမူအရာနှင့် လှမ်းကာ ကြည့်ရှုနေ၏။ သို့ပေမဲ့ ၎င်းတို့၏ ခန္ဓာကိုယ်မှာတော့ တဖြည်းဖြည်းနှင့် ပျောက်ကွယ်လာပြီး ဘာမှ မရှိခဲ့သလိုပင် အလုံးစုံ ပျောက်ကွယ်သွားခဲ့၏။ ၎င်းတို့သည် သေဆုံးခဲ့ပြီးသား အလောင်းကောင်များသာလျှင်ဖြစ်၏။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့ တည်ရှိမှုကြောင့် သေမျိုးလောကထဲသို့ ပြန်လည်ရောက်ရှိလာသည့် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့၏။ ယခု ပုတီးစေ့များ ဖျက်ဆီးခံရပြီးသည့်နောက် ၎င်းတို့သည် ဆက်လက်တည်ရှိရန် အကြောင်းအရင်း မရှိတော့ချေ။
“ဘာတွေဖြစ်နေတာလဲ။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့တွေ အကုန်လုံး ပျက်စီးသွားခဲ့တာလား”
ရောရုဝ ပြည်တွင်တော့ အန္တိမအဆင့် ကျင့်ကြံသူ တစ်ယောက်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် လေဟာနယ်ထဲသို့ လှမ်းမျှော်ကာ ကြည့်ရှုပြီးသည့်နောက် မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်း ဆန္ဒများ ထွန်းတောက် လာခဲ့၏။ အရှေ့ဆီသို့ လှမ်းတက်ပြီး ရောက်ရှိလာခဲ့သည့် ရန်သူကို ဟန့်တားရန် ပြင်ဆင်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
“ဒါ.. ဒါက”
ထိုလူသည် ဆွံ့အသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လျက် ရှိနေ၏။ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်နေခဲ့ပြီး မချင့်မရဲဖြင့် လှမ်းကာ အော်ဟစ်လိုက်သည်။ “ငါ ဒါကို လက်မခံနိုင်ဘူး”
ထိုစကားစု ပြော၍မပြီးခင်မှာပဲ သူ၏ ခန္ဓာကိုယ်သည် အလုံးစုံ ပျောက်ကွယ်သွားခဲ့လေ၏။ သူ့အနေနှင့် အချိန်၏ မြစ်ရေစီးကြောင်းထဲ၌ ပြန်လည်ရှင်သန်နိုင်အောင် ပြုလုပ်နိုင်ခဲ့သည် ဆိုသော်လည်း လက်ရှိ အခြေအနေတွင် အရာအားလုံးက ပြန်လည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ထိုရလဒ်ကို မည်သူမှ လက်ခံနိုင် လိမ့်မည် မဟုတ်ချေ။ သူတို့သည် ခြွင်းချက်မဲ့ ပါရမီကို ပိုင်ဆိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်သည် ဆိုလျှင်တောင်မှ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့၏ ထိန်းချုပ်မှုကို ခံထားရသည့် လူများသာလျှင်ဖြစ်၏။
အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တစ်သက်လုံး ခြေလှမ်း လှမ်းတက်နိုင်လိမ့်မည် မဟုတ်ချေ။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့၏ အသက်သွင်းခြင်းခံထားရသူများမို့ အင်မော်တယ်ဘုရင်အဆင့်ကို ချိုးဖြတ် မရောက်ရှိဘဲ ဤနေရာတွင် တစ်နေမည့် စွမ်းအားမြင့် ကျင့်ကြံသူများသာပင်။
“ကျုပ်တို့ အောင်မြင်ခဲ့တာလား”
ထာဝရ အစစ်အမှန် အင်မော်တယ်နှင့် တိုင်ချူးတို့သည် ကျယ်ပြောသည့် ကောင်းကင်ယံထက်တွင် မတ်တပ်ရပ်လျက် ရှိနေပြီး အောက်တွင်ရှိသည့် အရာအားလုံးကို လှမ်းကာ ကြည့်ရှုနေ၏။
သူတို့ကြည့်ရှုနေသည့် တည်နေရာအနှံတွင် များပြားလှသည့် ရောရုဝပြည်မှ လက်ရွေးစင် စစ်သည်များ အားလုံးကို မြင်ရ၏။ ထိုသူများ အားလုံးသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ အလင်းမှုန်များ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်ကုန်၏။
အချိန်အတိုင်းအတာတိုအတွင်း၌ ရောရုဝပြည်အတွင်းတွင် ရှိနေသည့် ကိုးဆယ်ရာခိုင်နှုန်းသော လူများသည် ပျောက်ချင်းမလှ ပျောက်ကွယ်ကုန်၏။ ပြန်လည်ရှင်သန်နိုင်သည့် အလောင်းကောင်များ မရှိသောကြောင့် ရောရုဝပြည်၏ အားအင်အဆင့်သည် တကယ်ပင် နိမ့်ကျသွားခဲ့သည်။
ရောရုဝပြည်ကို သစ္စာခံခဲ့သော အန္တိမကျင့်ကြံသူ အနည်းငယ်သာလျှင် ရှိတော့၏။ ထို့အပြင် ထိုသူများ အားလုံးသည် ရောရုဝပြည်သို့ အလုံးစုံ သစ္စာခံခဲ့သည့် လူများကို သတ်မှတ်၍ မရနိုင်ချေ။ ရောရုဝပြည်ကို အလုပ်အကျွေး ပြုနေရသည့် လူများဟုသာ သတ်မှတ်ရ၏။
“အောင်မြင်တာ ဖြစ်ဖို့များတယ်”
တိုင်ချူးက အသာခေါင်းညိတ်လိုက်၏။ သူ့အနေနှင့် နှစ်သန်း ထောင်နှင့်ချီ ကျင့်ကြံခဲ့သည် ဆိုသောကြောင့် တည်ငြိမ်သည့် ဟန်ပန်အမူအရာမျိုး ရှိနေ၏။ သို့ပေမဲ့ သူ၏ မျက်လုံးထဲတွင် ရှိနေသော စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို မဖုံးကွယ်နိုင်ခဲ့ချေ။
ရောရုဝပြည်သည် အလုံးစုံ သုတ်သင်ရှင်းလင်းခြင်းကို မခံရသော်လည်း သုတ်သင်ရှင်းလင်းခြင်းခံရမည့် နေ့ရက်သည် မဝေးတော့ချေ။
သူတို့နှစ်ယောက် မယုံကြည်နိုင်လောက်အောင် စိတ်လှုပ်ရှားလျက် ရှိနေတုန်းမှာပဲ ခြောက်ကပ်ကပ် အသံကြီး တစ်ခုက ထွက်ပေါ်လာခဲ့သည်။ “ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့တွေကို ဖျက်ဆီးခဲ့တာ မင်းတို့တွေလား”