အခန်း (၅၆၄)
Vol. 38 Ch. 564
“ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့တွေကို ဖျက်ဆီးခဲ့တာ မင်းတို့တွေလား” အေးစက်သည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် လေဟာနယ်ထဲတွင် ရစ်သိုင်းသွား၏။ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးကို တုန်ခါစေခဲ့၏။
ထိုစကားစု ထွက်ပေါ်လာလာချင်းမှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပေါက်ကွဲသံများသည် တစ်ခုပြီး တစ်ခု ဖြစ်တည်လာ၏။ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးသည် ပြိုလဲလျက် ရှိနေပြီး တောင်များ၊ ချောင်းများ အကုန်လုံးက ပျောက်ကွယ်သွားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်လှိုင်းများသည် လောကကြီး တစ်ခုလုံး၏ အဆုံးသတ်ကို ရောက်ရှိလုမတတ်ပင်။
ရောရုဝပြည်၏ အတွင်းဘက်တွင်တော့ ကြီးမားလွန်းလှသည့် အမဲရောင်ဓားရှည်ကြီး တစ်ခုသည် ကောင်းကင်ယံ ထက်ဆီသို့ လှမ်းတက်လာခဲ့၏။ ၎င်းသည် ကောင်းကင်နှင့် မြေပြင်၏ စိတ်ဆန္ဒကို ဖော်ညွှန်းပြသနေသကဲ့သို့ပင်။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ဆူနာမီ မုန်တိုင်းကဲ့သို့ပင် အရှိန်အဟုန်ပြင်းပြင်းနှင့် တိုက်စားလာခဲ့သည်။
နက်နဲအလင်းလောကကြီး တစ်ခုလုံးပင်လျှင် တုန်ခါလာခဲ့လေ၏။ ဤဓားကြီးသည် ကိုးပေနီးပါးခန့်ရှည်ပြီး သာမန်ထက်ပိုသည့် အရှိန်အဝါများကို ထုတ်ဖော်နေ၏။ ဘာနှင့်ပြုလုပ်ထားမှန်း မသိသော်လည်း ဓားကိုယ်ထည် တစ်ခုလုံးသည် မဲနက်လျက် ရှိနေပြီး အေးစက်သော အလင်းတန်းများကို ထုတ်ဖော်နေ၏။ ၎င်း ပေါ်ပေါက်လာသည် နှင့် တပြိုင်နက် မြေအင်မော်တယ်လောကကြီး၏ အစပ် တည်နေရာတွင် တည်ရှိနေသည့် သက်ရှိသတ္တဝါများ ပင်လျှင် တုန်ယင်သွားခဲ့ကြ၏။ ၎င်းတို့သည် မည်သို့မှ ယှဉ်ပြိုင်၍ မရနိုင်သည့် နတ်ဆိုးစစ်သည်ကြီး တစ်ပါး နှင့် ရင်ဆိုင်နေရသကဲ့သို့ပင် မည်သူမှ မခုခံနိုင်ခဲ့ကြချေ။
“ဘာတွေဖြစ်နေတာလဲ” ထာဝရ အစစ်အမှန် အင်မော်တယ်၏ နှလုံးသားသည် တစ်ခါတည်း ခုန်ထွက် သွားခဲ့၏။ ၎င်းသည် နတ်ဆိုးဓားကြီးဆီမှ ကြမ်းတမ်းလွန်းလှသည့် သတ်ဖြတ်လိုခြင်း စွမ်းအင်များကို အာရုံခံမိ၏။ ကြီးမားလှသည့် ကြောက်လန့်မှုသည် သူ၏နှလုံးသား တစ်ခုလုံးကို တိုက်စားလျက် ရှိနေလေ၏။
“ကောင်းကင်သတ်ဖြတ်ခြင်း”
တိုင်ချူး၏ အသံက ခြောက်ကပ်ကပ်နှင့်ဖြစ်၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံး ကလည်း ဖြူလျော်နေခဲ့၏။ နတ်ဆိုးဓားကြီး၏ ပိုင်ရှင်ကို သူကောင်းကောင်းသိ၏။ နက်နဲအလင်းလောကကြီး၊ ရောရုဝပြည်၏ ဖန်တီးသူ ကိုယ်တိုင်ပင် ဖြစ်လေသည်။
ဤလူသည် တစ်ယောက်တည်းနှင့် ရောရုဝပြည်ကို တည်ထောင်ခဲ့သူဖြစ်ပြီး နက်နဲအလင်း လောကကြီး တစ်ခုလုံးကို လွှမ်းမိုးသိမ်းပိုက်ခဲ့သူဖြစ်၏။ ရေတွက်၍မရအောင် များပြားသည့် အသက်များသည် ထိုနတ်ဆိုးဓားကြီး၏ အောက်တွင် ပျောက်ကွယ်သွားခဲ့၏။ ယခု ထိုဓားကြီး ပေါ်ပေါက်လာသည် ဆိုခြင်းမှာ ၎င်း၏ သခင် ပြန်လာသည်နှင့် တူညီပေ၏။
ထို့အပြင် ဤနတ်ဆိုးဓားကြီးသည် ရောရုဝပြည်အရှင်မှလွဲလျှင် တခြား မည်သူမှ ကိုင်ဆောင်အသုံးပြု၍ ရသည့် အရာမျိုး မဟုတ်ချေ။ အသက်ဝင်သွားသည်နှင့် တပြိုင်နက် ၎င်းသည် သန်းထောင်နှင့်ချီသည့် လူများ၏ အသက် စတေးမှုကို ပြုလုပ်ခြင်း မရှိသည်ဆိုပါက ဓားအိမ်ထဲသို့ ပြန်လည် ဝင်ရောက်သည့် ဓားမျိုး မဟုတ်ချေ။
“ကျုပ် စိုးရိမ်တာက” တိုင်ချူးသည် တံတွေးကို မျိုချလိုက်မိ၏။ သူသည် ထာဝရ အစစ်အမှန် အင်မော်တယ်ကို လှမ်းကြည့်လိုက်၏။ ပြီးနောက် ခက်ခက်ခဲခဲ ပြောဆိုလိုက်လေသည်။ “ဒီနေ့ ခင်ဗျားနဲ့ ကျုပ်ကတော့ အန္တရာယ်ကြီး ထဲကို ကျရောက်ပြီ”
အကယ်၍ တခြားသော အန္တိမကျင့်ကြံသူ တစ်ယောက်ယောက်သာ ဆိုပါက တိုင်ချူးအနေနှင့် ထွက်ပြေး လွတ်မြောက်ဖို့ တစ်ရာ ရာခိုင်နှုန်း အာမခံချက်ရှိ၏။ သို့ပေမဲ့ ရောရုဝပြည်၏အရှင်နှင့်ဆိုလျှင် အရိုးသားဆုံး ပြောရမည်ဆိုပါက သူ့၌ ယုံကြည်ချက် သုညပင်။ ရောရုဝပြည်၏ အရှင်ကို ကိုယ်တိုင် တိုက်ခိုက်ဖူးခြင်း မရှိသော်လည်း ၎င်း၏ နာမည်သည် ဂုဏ်သိက္ခာနှင့် ထွန်းတောက်ခဲ့သည့် လူတစ်ယောက်ပင် ဖြစ်၏။
ဤလူသည် ငရဲလောက၏ အမွေအနှစ်များကို ဆက်ခံထားရုံသာမက နက်နဲအလင်းလောကကြီး တစ်ခုလုံး၏ အမွေအနှစ်များကို ရယူထားသူ တစ်ယောက်လည်းဖြစ်၏။ ဤကဲ့သို့ ကြီးမားသည့် အောင်မြင်မှုမျိုးကို ပြုလုပ်ခဲ့ ဖူးသည့် လူတစ်ယောက်အနေနှင့် အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အခြေအနေမျိုးသို့ ရောက်ရှိနေမည်ဖြစ်ကြောင်း သူ့အနေနှင့် အလွယ်တကူပင် တွက်ချက်နိုင်သည်။
“ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့တွေက ဖျက်ဆီးခံလိုက်ရပြီ။ ဒီတော့ ရည်မှန်းချက်ကို ရောက်သွားပြီ။ နောက်ဆုံး ကျုပ်တို့ သေလိုက်ရုံပေါ့” ထာဝရ အစစ်အမှန် အင်မော်တယ်သည် နှစ်လိုဖွယ်ရာပင် ထကာ ရယ်မောလိုက်၏။ သူသည် သေခြင်း၊ ရှင်ခြင်း အခြေအနေတစ်ခုလုံးကို ဂရုမစိုက်တော့ချေ။ သူ၏ ကျင့်ကြံခြင်းနည်းစနစ်သည် ဆန်းကြယ်လွန်းလှ၏။ သူ၏ ကိုယ်ပွားများသည်သာ အလုံးစုံ သတ်ဖြတ်ခံရခြင်း မရှိပါက သူသည် ကျိန်းသေပေါက် သေဆုံးလိမ့်မည် မဟုတ်ချေ။
လက်ရှိအခြေအနေတွင် သူ၏ ကိုယ်ပွားအားလုံးသည် မြေအင်မော်တယ်လောကထဲတွင် တည်ရှိနေ၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ် ပြာအဖြစ် ဖြစ်သွားမည် ဆိုလျှင်တောင်မှ သူက စိတ်လှုပ်ရှားလိမ့်မည် မဟုတ်ချေ။ ထို့အပြင် နှစ်သန်းပေါင်းများစွာ နေထိုင်ခဲ့သည့် လူတစ်ယောက်အနေနှင့် လုံလုံလောက်လောက် နေထိုင်ခဲ့သည်ဟု ပြောဆို၍ ရနေပြီဖြစ်၏။ အနည်းဆုံး မသေခင်တွင် မြေအင်မော်တယ်လောကကြီးအတွက် ကောင်းရာ ကောင်းကျိုးကို ပြုလုပ်ခဲ့သည်ဟု ဆိုရပေမည်။ ထို့ကြောင့် သေဆုံးခြင်း ဆိုသည်မှာ ကိစ္စကြီးမဟုတ်ချေ။
“သေဆုံးရုံပဲလား။ အဲလောက် ထင်တာလား” ခြောက်ကပ်ကပ် အသံတစ်ခုက ပဲ့တင်ထပ်လာခဲ့၏။ တော်ဝင် တာအို၏ သင်္ကေတများသည် တည်နေရာ တစ်ခုလုံးတွင် တဖျတ်ဖျတ်နှင့် လင်းလက်နေ၏။ ပြီးသည့်နောက် ခြေသံ တချို့က ထွက်ပေါ်လာခဲ့၏။
ရောရုဝပြည်၏ ကြီးမားလှသည့် ဟောခန်းထဲမှ လူတစ်ယောက်သည် လှမ်းလျှောက်ကာ ထွက်လာခဲ့၏။ ၎င်းသည် ရှည်လျားသည့် ဆံနွယ်များကို စည်းနှောင်ထားခဲ့ပြီး တည်ကြည်လေးနက်သည့် ဟန်အမူအရာဖြင့် လှမ်းလျှောက် လာသည်။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် နတ်ဆိုးအော်ရာများသည် အရှိန်တငြီးငြီးနှင့် ထွက်ပေါ်နေ၏။ ငရဲပြည်မှ ပြန်လည်ထွက်ခွာလာခဲ့သည့် နတ်ဆိုးအရှင် တစ်ပါးကဲ့သို့ပင်။
၎င်း၏ မျက်လုံးများ၌ အေးစက်သည့် လျှပ်စီးတန်းများ ဖြစ်တည်လျက် ရှိနေပြီး ကြမ်းတမ်းကာ ထက်ရှလွန်း လှသည်။ သက်ရှိသတ္တဝါ အားလုံးသည် မည်သို့မှ မနေနိုင်တော့ဘဲ ၎င်းကို ဒူးထောက်ကာ ခစားရ၏။ ရောရုဝပြည်၏ စိတ်ဆန္ဒသည် ဖျက်ဆီး၍ မရနိုင်ချေ။
ဝေါ့
အရိပ်ထဲတွင်တော့ မုန့်ရှင်းကျီသည် သွေးတစ်လုတ် အန်ထုတ်လိုက်မိ၏။ သူ၏ အရိုးအားလုံးသည် ကျိုးကြေ သွားခဲ့၏။ သူ၏ အတွင်းကလီစာများ အားလုံးသည်လည်း ပျက်စီးသွားခဲ့၏။ ကြီးမားပြင်းထန်လှသည့် အားအင်လှိုင်း၏ အောက်တွင် သူသည် ပိုးစိုးပက်စက် ခံနေရ၏။ ထိုသို့ဆိုလျှင်တောင်မှ သူအနေနှင့် အသဲအသန် ရုန်းကန်ကာဖြင့် တည်ငြိမ်အောင် ထိန်းချုပ်ထားခဲ့၏။
တော်ဝင်အင်ပါယာအဆင့် အားအင်သည် လက်ရှိအခြေအနေတွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင် အားနည်းလွန်း လှ၏။ လှုပ်ရှားတိုက်ခိုက်ရန် မဆိုနှင့် မတ်တပ်ရပ်ရန်ပင် အသက်အတွက် ရုန်းကန်ရမည့် အခြေအနေမျိုးပင်။ အဝေးတစ်နေရာတွင် ရှိနေသည့်လူကို လှမ်းကြည့်ပြီးသည့်နောက် မယုံကြည်နိုင်လောက်အောင် တုန်လှုပ်နေမိသည်။
“ဒီနှစ်ယောက်က ဘယ်လိုမွန်းစတားမျိုးကို သွားပြီး ရန်စခဲ့တာလဲ” မုန့်ရှင်းကျီက တုန်လှုပ်သွားမိ၏။ လက်ရှိ အခြေအနေတွင် ရောရုဝပြည်တွင် ရှိနေသည့် ရေတွက်လို့ မရအောင် များပြားလှသည့် စစ်သည်များသည် အလင်းတန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီးသည့်နောက် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးတွင် ပျောက်ကွယ်သွားခဲ့၏။
ဤအရာသည် သူ့ကို ပျော်ရွှင်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤအဓိပ္ပာယ်သည် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့ ပျက်စီးသွားခဲ့သည် ဆိုသည့်အဓိပ္ပာယ်ပင်။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များ၏ ထိန်းချုပ်ခြင်း မရှိပါက ရောရုဝပြည်တွင် ရှိနေသည့် လက်ရွေးစင် စစ်သည်များ အားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။
ကျယ်ပြောလှသည့် နန်းတော်များ၊ ဟောခန်းများသည် သူ့အတွက် ကျိန်းသေပေါက် အကာအကွယ် ကင်းမဲ့နေသည့် ရတနာခန်းများပင်ဖြစ်သည်။ သူသာ သေသေချာချာ ရှာဖွေမည်ဆိုပါက များပြားလှသည့် ဆုလာဘ်များကို ရရှိမှာ သေချာသည်။
သို့ပေမဲ့ ဘာမှ မပြုလုပ်ရသေးခင်မှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ပြောင်းလဲမှုကြီးက ဖြစ်တည်လာခဲ့၏။ ကြမ်းတမ်းလွန်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာခဲ့ပြီး အားလုံးကို ကပ်ဘေးဆိုက်အောင် ပြုလုပ်လျက် ရှိနေ၏။ ရောရုဝပြည်၏ လက်ရွေးစင် စစ်သည်များ မရှိတော့ဘူး ဆိုလျှင်တောင်မှ ဤလူတစ်ယောက်တည်းနှင့် လောကကြီး တစ်ခုလုံးကို ဒုက္ခပေးနိုင်စွမ်းရှိ၏။