အခန်း (၅၆၆)
Vol. 38 Ch. 566
“ဒီလို စကားပြောဖို့ အရမ်းစောလွန်းတယ်။ အရင်တုန်းက ခင်ဗျားတို့ ရောရုဝပြည်က မောက်မောက်မာမာနဲ့ ပြုမူဆောင်ရွက်ခဲ့တယ်။ ကျိန်းသေပေါက် ဘာကိုပဲလုပ်လုပ် အောင်မြင်မယ်လို့ ထင်ခဲ့တယ်မလား။ အခု အဲအရာတွေ အကုန်လုံးက သမိုင်းမှတ်တမ်း ဖြစ်လာတော့မယ်။ ခင်ဗျားအတွက် ကတော့ မနှေးနဲ့မမြန် ဆိုသလို ရှုံးနိမ့်မှုကို ရင်ဆိုင်ရလိမ့်မယ်” တိုင်ချူးက ပြောဆိုလိုက်၏။
သူသည် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်ပြီးသည့်နောက် ကြီးမားသည့် ဓားကြီးတစ်ခုကို ထုတ်ကိုင်ထား၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်အဆင့်များကို ထုတ်ဖော်ကာဖြင့် အရာအားလုံး ကို တိုက်ခိုက်ရန် အဆင်သင့်ပြင်ဆင်ထားခဲ့၏။ သူ့ကို ဗဟိုပြုသည့် မိုင်တစ်သောင်း ပတ်လည်အတွင်းတွင် ကြီးမားသည့် ဖိအားဒဏ်ကြီးက ဖြစ်တည်လာခဲ့သည်။ တိုင်ချူးသည် အဆုံးစွန်ထိ တိုက်ခိုက်သွားရန် ရည်ရွယ်ချက် ရှိလို့နေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်းဆန္ဒများသည် အရှိန်အဟုန် တငြီးငြီးနှင့်ပင်။
“ရှုံးနိမ့်မယ် ဟုတ်လား။ ခင်ဗျားရဲ့ အစီအရင်ကို အားကိုးပြီးတော့လား”
ရောရုဝအရှင်၏ မျက်လုံးများက အေးစက်သွား၏။ သူသည် နှာခေါင်းကို ရှုံ့ကာဖြင့် တိုင်ချူးကို ကြည့်ရှုလိုက်၏။ “အင်း ဒါက စကားထဲ ထည့်ပြောဖို့တောင် မထိုက်တန်ဘူး”
ထိုစကားစု ထွက်ပေါ်လာလာခြင်းမှာပဲ ရောရုဝအရှင်သည် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တောက်ပသွားခဲ့ပြီး စွမ်းအင်များသည် တမြေ့မြေ့နှင့် ကျွမ်းလောင်နေသကဲ့သို့ပင်။ ၎င်းသည် အစီအရင်၏ အတွင်းသို့ ပြေးဝင်သွားခဲ့ပြီးသည့်နောက် သူ၏မျက်လုံးသည် အကန့်အသတ်ဆီသို့ ရောက်ရှိသွားခဲ့၏။ တည်နေရာကို ထိုးခွင်းကာ ဖြတ်သန်းသွားသကဲ့သို့ပင်။
သူ၏ နောက်ဘက်တွင်တော့ များပြားလှသည့် နတ်ဆိုးသတ္တဝါများသည် ထင်ပေါ်လာကာဖြင့် အော်ငြီး ကြွေးကြော်လျက် ရှိနေ၏။ ပုံရိပ်ယောင် နတ်ဆိုးစစ်သည်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ရောရုဝအရှင်၏ အရှိန်အဟုန်ပြင်းပြင်းနှင့် တိုက်ခိုက်မှုကို ခံရသည့်အချိန်မှာတော့ တိုင်ချူး၏ ဓားအစီအရင်ကြီး တစ်ခုလုံးသည် တုန်ခါလာခဲ့၏။
လက်ရှိအချိန်တွင် ရောရုဝအရှင်၏ အခြေအနေသည် ရှေးနတ်သားရိုင်းကြီးကဲ့သို့ အသွင်ပြောင်းလျက် ရှိနေပြီး ကြမ်းတမ်းလွန်းလှချေ၏။ သူသည် အစီအရင်ကြီးထဲတွင် ကြမ်းကြမ်းတမ်းတမ်းနှင့် ပြုမူ တိုက်ခိုက်လျက် ရှိနေ၏။ အလုံးစုံ ပျက်စီးခြင်း အခြေအနေဆီသို့ ရောက်ရှိလုမတတ်ပင်။
တိုင်ချူး၏ မျက်နှာတစ်ခုလုံးကလည်း ဖြူလျော်သွားခဲ့၏။ အစီအရင်၏ ထောက်ပံ့မှု တည်ရှိနေသည် ဆိုသော်လည်း သူသည် ပြိုင်ဘက်နှင့် ရင်ဆိုင်တိုက်ခိုက်သည့် နေရာတွင် အောက်စည်းသို့ ရောက်ရှိနေခဲ့၏။ ရောရုဝအရှင်၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ သူနှင့် အဆင့်ချင်း ကွာခြားလွန်းပြီး ထိုကဲ့သို့သောသူမျိုးကို စိန်ခေါ်၍ တိုက်ခိုက်ခြင်းဆိုသည်မှာ သူ့အတွက် မဖြစ်နိုင်သည့် အရာ တစ်ခုဖြစ်သည်။
ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုသည် နက်နဲအလင်းလောကကြီး၊ မြေအင်မော်တယ်လောကကြီးနှင့် ခပ်ဝေးဝေး တည်နေရာတွင် ရှိနေသော ကောင်းကင်မူလလောကကြီးသို့ပင် သက်ရောက် သွားခဲ့၏။ ကြမ်းတမ်းလွန်းသည့် အော်ရာများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့ပြီး အားလုံးသော သက်ရှိသတ္တဝါ တို့သည် တုန်ယင်စေ၏။
အန္တိမကျင့်ကြံခြင်း အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် မသေမျိုးလမ်းစဉ်၏ သုံးပုံတစ်ပုံကို လှမ်းတက် ခဲ့ပြီးသားဖြစ်၏။ ၎င်းတို့၏ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းဆိုသည်မှာ ရိုးရှင်းလှသည့်အရာ မဟုတ်ချေ။ တိုင်ချူးသည် သူ၏ပြိုင်ဘက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်၍ အနိုင်မယူနိုင်သေးဘူး ဆိုလျှင်တောင်မှ အချိန် အတိုင်းအတာတိုအတွင်း သေဆုံးသွားလိမ့်မည်တော့ မဟုတ်ချေ။ သိုပေမဲ့ အချိန်များ ကုန်လွန်လာသည် နှင့်အမျှ ဖြစ်ပေါ်လာနိုင်သည့် ရလဒ်က မသေမချာ ဖြစ်လို့လာခဲ့သည်။
ရောရုဝအရှင်သည် ယနေ့ အရှက်ကွဲခံရမှုကို ကျိန်းသေပေါက် ပြန်လည် တွန်းလှန်နေခြင်းသာမက အင်မော်တယ်ဘုရင် အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိရန် ရည်မှန်းချက်ကိုလည်း ကိုင်စွဲထားခဲ့၏။ ထို့ကြောင့်ပင်လျှင် သူသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်းနှင့်မှ ဉာဏ်အလင်းရရန် ကြိုးစားလျက်ရှိ၏။ ထို့ကြောင့် ရလဒ်အားဖြင့် တိုက်ပွဲသည် သာမန်ထက်ပိုကာ ကြမ်းတမ်းလို့နေခဲ့၏။
သွေးစွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိနေပြီး အန္တိမလမ်းစဉ် ကျင့်ကြံသူများပင်လျှင် ဖိအားဒဏ်ကို ခံစားနေကြရ၏။ တိုက်ခိုက်မှုကြောင့် ဖြစ်တည်လာခဲ့သည့် သွေးစက်များသည် မြေပြင်ပေါ်သို့ ကျပြီးသည့်နောက် ထိုနေရာသည် တားမြစ်တည်နေရာကြီးကဲ့သို့ ဖြစ်တည်လာခဲ့၏။ သာမန်လူများသည် ထိုနေရာဆီသို့ ချဉ်းကပ်နိုင်တော့မည် မဟုတ်ချေ။
ကြမ်းတမ်းသည့် တိုက်ပွဲသည် ဆက်လက်ကာ ဖြစ်တည်နေခဲ့၏။ သုံးရက်ခန့် ကြာပြီးသည့်နောက် ရောရုဝအရှင်သည် ပြန်လည် မွေးဖွားလာသကဲ့သို့ပင် ကောင်းကင်ယံတွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်း၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေသည်။ လက်တစ်ချက်ကို ယမ်းခါပြီးသည့်နောက် သူသည် ဓားအစီအရင် တစ်ခုလုံးကို ဖျက်ဆီးခဲ့ပြီးပြီ ဖြစ်၏။ သူသည် ဓားအစီအရင်၏ အပြင်ဘက်သို့ တက်လှမ်းနိုင်သလို တိုင်ချူးကိုလည်း သွေးအန်အောင်ပင် ဖိအားပေးနိုင်ခဲ့၏။
“ဘယ်လိုလဲ”
ရောရုဝအရှင်က ပြောဆိုလိုက်သည်။ “ခင်ဗျားဆီမှာ နောက်ထပ် လှည့်ကွက်တွေ ရှိသေးလား။ ရှိသေးရင် သုံးလိုက်စမ်း။ ဒါမှမဟုတ်ရင် ခင်ဗျား အခွင့်အရေးရမှာ မဟုတ်တော့ဘူး”
“အစီအရင်ကို ချိုးဖြတ်နိုင်ရုံလောက်နဲ့ ကျုပ်ကို သတ်ဖြတ်နိုင်ဖို့ မလွယ်ဘူး” တိုင်ချူးက ခွန်းတုံ့ပြန်လိုက်၏။ သူ၏နှုတ်ခမ်းထက်တွင် ရှိနေသည့် သွေးများကို အသာထွေးထုတ်လိုက်၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် ဓားချီများနှင့် တောက်ပလာခဲ့၏။ ဓားရောင်စဉ်တန်းများသည် ရွှေရောင်နဂါးကြီး တစ်ကောင်ကဲ့သို့ ဖြစ်တည်လာပြီး ရှေ့ဆီသို့ ပြေးဝင်သွားခဲ့၏။ ရောရုဝအရှင်အား အနောက်ဖက်သို့ ခြေလှမ်း ခုနှစ်လှမ်းလောက် လှမ်းဆုတ်အောင် ပြုလုပ်နိုင်ခဲ့၏။
ရောရုဝအရှင်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ဖြစ်တည်လာခဲ့၏။ ထိုအရာသည် မြန်မြန်ဆန်ဆန် ပြန်လည် ကောင်းမွန်လာခဲ့ပြီးသည့်နောက် ကောင်းမွန်သော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ကြောင်း ထုတ်ဖော် ပြသခဲ့သည်။
လက်နှင့်တစ်ချက် ဖျစ်ညှစ်လိုက်သည့် အချိန်မှာတော့ နဂါးကြီးသည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်တည် သွားခဲ့၏။ ပြီးနောက် ရောရုဝအရှင်သည် ထိုမျှလောက်နှင့် မရပ်တန့်ခဲ့ချေ။ တိုင်ချူးဆီသို့ လှမ်းတက်လာခဲ့ ပြီးသည့်နောက် လက်စည်းသင်္ကေတတစ်ခုကို ထုတ်ဖော်ကာ ရိုက်နှက်လိုက်လေ၏။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်သံကြီးဖြစ်တည်လာခဲ့ပြီး တည်နေရာ ပတ်ဝန်းကျင်အနှံ့တွင် မိုးကြိုးပင်လယ်ကြီးကဲ့သို့ ပြောင်းလဲသွားခဲ့၏။ မိုးကြိုးပင်လယ်ကြီးသည် အလွန်တရာ ကြီးမားလွန်းလှပြီး မည်သူမျှ ထွက်ပြေးလွတ်မြောက်အောင် မကြိုးစားနိုင်ခဲ့တော့ချေ။ ထာဝရ အစစ်အမှန် (သို့မဟုတ်) မုန့်ရှင်းကျီ မည်သူမျှသည် မလွတ်မြောက်ကြချေ။
ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ထာဝရ အစစ်အမှန် အင်မော်တယ်၏ မျက်လုံးများသည် ကြောက်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့လေ၏။ တိုင်ချူးနှင့် ရင်ဆိုင်တိုက်ခိုက်နေသည် ဆိုသော်လည်း တစ်ဖက်လူသည် သူ့ကို သက်ရောက်အောင် တိုက်ခိုက်ခဲ့ပြီ ဖြစ်၏။ သူ့အနေနှင့် ထွက်ပြေး လွတ်မြောက်ရန် နည်းလမ်း ဟူ၍ မရှိတော့ချေ။ ထို့ပြင် သူသည် အစစ်အမှန် အင်မော်တယ်တစ်ယောက်သာလျှင် ဖြစ်၏။ တိုင်ချူးကဲ့သို့ အန္တိမလမ်းစဉ် ကျင့်ကြံသူတစ်ယောက်ပင်လျှင် မခုခံနိုင်သည့်အရာကို သူက မည်ကဲ့သို့ ခုခံမည်နည်း။
စိတ်ပျက်လက်ပျက် ဖြစ်နေတုန်းမှာပဲ လေဟာနယ်ထဲတွင် ရုတ်တရက် ပြောင်းလဲမှုများ ဖြစ်တည်လာခဲ့၏။ မျက်စိတစ်မှိတ်အတွင်း ဆန်းကြယ်လွန်းလှသည့် အစီအရင်ကြီးတစ်ခုသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ ရေတွက်၍မရအောင် များပြားသည့် သင်္ကေတများသည် လေဟာနယ်ထဲတွင် ရစ်သိုင်းလျက် ရှိနေ၏။ နောက်ထပ် အစီအရင်တစ်ခု - ဤအစီအရင်သည် ရုတ်တရက် ပေါ်ပေါက် လာခဲ့သည် ဖြစ်သောကြောင့် အားလုံးက အလစ်အငိုက် ဖြစ်သွားခဲ့၏။
တိုင်ချူး ပြီးနောက် တစ်စုံတစ်ယောက်သည် ဤနေရာတွင် အစီအရင်တစ်ခုကို ဖန်တီးထားလိမ့်မည်ဟု မည်သူမှ မထင်မှတ်ခဲ့ချေ။ ချက်ချင်းဆိုသလိုပဲ တိုင်ချူးနှင့် ရောရုဝ၏ အရှင်တို့သည် အထဲတွင် ပိတ်မိသွားခဲ့ကြသည်။
“ဘယ်သူလဲ” ရောရုဝအရှင်နှင့် တိုင်ချူးတို့သည် အမူအရာ ပြောင်းလဲသွားခဲ့ကြ၏။
ကွာခြားမှုမှာ တစ်ယောက်နှင့်တစ်ယောက်တောင် မတူညီလှချေ။ ရောရုဝအရှင်၏ နှလုံးသားသည် အေးစက်လျက် ရှိနေ၏။ သူ၏ ဂုဏ်သိက္ခာကို ထပ်တလဲလဲ စိန်ခေါ်နေသည်ဟု သူက ခံစားမိသည်။
တိုင်ချူးမှာတော့ ပျော်ရွှင်သွားမိ၏။ အန္တိမအဆင့် အစီအရင်တစ်ခုကို မည်သူမှ မသိစေဘဲ ဖန်တီး တည်ဆောက်ထားဖို့ ဆိုသည်မှာ သူတို့နှင့် တူညီသည့်အဆင့်တွင် ရှိနေသည့် လူဖြစ်ကြောင်း သံသယရှိစရာ မလိုချေ။ ထို့ကြောင့် ရောရုဝအရှင်သည် ကျိန်းသေပေါက် ယနေ့ ဒုက္ခရောက်ပြီ ဖြစ်၏။