လက်တုန့်ပြန်သည့် တိုက်ပွဲ
Vol. 31 Ch. 421
" မီးတောက် စိတ်ဝိဥာဥ်သားရဲလေး ၊ ငါ့ရဲ့မီးတောက် စိတ်ဝိဥာဥ် သားရဲလေး "
တိုက်ပွဲစင်မြင့် အခြားတဖက်မှ သက်လတ်ပိုင်းအရွယ် လူကြီးက အော်နေရင်း သွေးနီယူနီကွန်းအား အလွန်မုန်းတီးနေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော် သွေးနီယူနီကွန်းက ခေါင်းမော့ပြီး အေးစက်စက် ကြည့်လာသဖြင့် လူကြီး ကြောက်သွားကာ ချက်ချင်း ပါးစပ်ပိတ်သွား၏။
" ဟေ့ ၊ မင်းရဲ့ တိုက်ပွဲဝင်သားရဲ နောက်တစ်ကောင်ကို မြန်မြန် လွှတ်လိုက်တော့လေ "
ထိုစဥ် ယွဲ့လွင်နိုင်ငံ၏ တတိယမင်းသားက လက်ပိုက်ထားရင်း အပြုံးဖြင့် ပြောလာသည်။
" ကျုပ်.. ကျုပ် အရှုံးပါတယ် "
တဖက်မှ လူကြီးမှာ သွေးနီယူနီကွန်း၏ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး
ဖြစ်သဖြင့် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ ချက်ချင်းပင် အရှုံးပေးလိုက်၏။
" ဟမ့်.. အမှိုက်ကောင်တွေ ။ တိုက်ခိုက်ဖို့လေးတောင် သတ္တိ မရှိဘူး "
သွေးနီယူနီကွန်းက ထိုလူအား အထင်သေးသည့် အကြည့်ဖြင့်ကြည့်ကာ နောက်လှည့်၍ တတိယမင်းသားနှင့်အတူ ထွက်ခွာသွားသည်။
" အဲ့ သွေးနီယူနီကွန်းက ဟိုတလောလေးက နတ်ဘုရားသားရဲ ကောင်းကင်ဘုံပျက်စီးခြင်းကို ဖြစ်စေခဲ့တဲ့ကောင် မဟုတ်လား။ အဲ့ကောင်ကြီးက တော်တော်ကြောက်စရာ ကောင်းတာပဲ "
" ဒီ သွေးနီယူနီကွန်းက မျိုးကွဲ ဆိုပေမယ့် တကယ့် ယူနီကွန်းအစစ်ထက် လုံးဝ အစွမ်းမနိမ့်တာ သေချာတယ် "
" ဟမ့်.. မင်းက ဘာသိလို့လဲကွ။ သွေးနီယူနီကွန်းက နတ်ဘုရားသားရဲ ကောင်းကင်ဘုံပျက်စီးခြင်းကို မဖြတ်ကျော်နိုင်သေးခင်မှာပဲ ယူနီကွန်းမျိုးနွယ်နဲ့ ကွဲတယ်လို့ ပြောလို့ရတာ။ သွေးနီယူနီကွန်းက နတ်
ဘုရားသားရဲအဆင့် ရောက်သွားပြီ ဆိုတာနဲ့ သာမာန် ယူနီကွန်းတွေတောင် သူ့အတွက် ပြိုင်ဘက် မဟုတ်တော့ဘူး။ အချိန်သာ ပေးလိုက်ရင် အဲ့ကောင်ကြီးက အစွမ်းထက်တဲ့ ကောင်းကင်ဘုံတံခါးဝအဆငိ့က သားရဲတစ်ကောင် ဖြစ်လာနိုင်တယ် "
လူများက ထင်ရာကို ပြောဆိုလိုက်ကြသည်။
" တော်တော်ရက်စက်တဲ့ ကောင်ပဲ "
လောထျန်းဘေးမှ ဟွမ်ယင်ကလည်း စိုးရိမ်နေသည့် အကြည့်ဖြင့် ဆို၏။
မျောက်ကလည်း သွေးနီယူနီကွန်းအား စူးရှသော မျက်လုံးအစုံဖြင့် ကြည့်လိုက်သည်။ သို့သော် သူ ဘာမှ မပြောချေ။
ထို့နောက်ပိုင်းလာသည့် တိုက်ပွဲအနည်းကမူ လူများကို ရုတ်ရုတ်သဲသဲ ဖြစ်အောင်ထိ မလုပ်လိုက်နိုင်ခဲ့ပေ။
ဝူကျီပင်လယ်မှ သားရဲသခင် ၊ ရှို့ဝူ ထွက်လာမှသာ လူများဆီမှ စကားသံများ ထွက်လာပြန်၏။
အားလုံးက သူ့ထံတွင် မည်သို့သော လျှို့ဝှက် နတ်ဘုရားသားရဲမျိုး ရှိမည်ကို စိတ်ဝင်တစား သိချင်နေကြသည်မှာ ကြာလေပြီ။
သို့သော် သူက နတ်ဘုရားအဆင့်နီးပါး သားရဲကိုသာ ထုတ်သုံးပြီး နှစ်ပွဲဆက် နိုင်သွားခဲ့သဖြင့် အားလုံး မကျေမနပ် ဖြစ်သွားခဲ့ကြ၏။
ဤသို့ဖြင့် နောက်ထပ် ပွဲအနည်းငယ် ဆက်ပြီးသွားပြီး နောက်တွင်မူ အလျှို့ဝှက်ဆုံးသော တောင်ပိုင်းဒေသဘက်မှ သားရဲများအလှည့် ရောက်လာခဲ့သည်။
သို့သော် ထိုသားရဲ စင်ပေါ် တက်မလာခင်မှာပင် ပြိုင်ဘက်က အရှုံးပေးသွားခဲ့၏။
သို့သော် ၎င်းက မထူးဆန်းလှပါချေ။
ထို တောင်ပိုင်းဒေသမှ နတ်ဘုရားသားရဲက အနည်းဆုံး ကောင်းကင်ဘုံတံခါးဝအဆင့် ရှိကြသည်ဟု သူတို့ ကောလဟာလများ ကြားထားခဲ့သည်
မဟုတ်ပါလား။
၎င်းက မသေမျိုးအဆင့်သို့ပင် ရောက်နေနိုင်ပါသေးသည်။
ထိုသို့သော သားရဲမျိုးနှင့် ရင်ဆိုင်တိုက်ခိုက်ပါက မိမိကိုယ်ကို သေကြောင်းကြံသကဲ့သို့ ဖြစ်သွားနိုင်ပါ၏။
ထို့နောက်ပိုင်း ပွဲများမှာ ဤမျှ စိတ်လှုပ်ရှားစရာ မကောင်းလှဘဲ မကြာမီမှာပင် တိုက်ပွဲ ပထမအဆင့် ပြီးသွားပြီး ဒုတိယအဆင့်သို့ ရောက်လာခဲ့သည်။
" ဒီ ဒုတိယအဆင့် တိုက်ပွဲတွေကိုတော့ အသေတိုက်ခိုက်ကြဖို့ စည်းမျဥ်း ပြောင်းထားတယ်။ ဆိုတော့ ပထမ တစ်ဖြတ်တုန်းက မတိုက်ခိုက်ခဲ့ကြတဲ့ သားရဲတွေကိုလဲ ဒီတစ်ခေါက် စင်ပေါ်မှာ မြင်ရနိုင်တယ်နော် "
" ဟုတ်တယ်ကွ ၊ ပထမအဆင့် မှာတုန်းက အားလုံးနီးပါး သူတိူ့ရဲ့ အစွမ်းအထက်ဆုံး သားရဲတွေကို ဖုံးကွယ်ထားခဲ့ကြတာ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ သူတို့တွေ အလေးနက်ထားပြီး တိုက်ခိုက်ကြမှာပဲ "
" အဲ့ထဲမှာ အစွမ်းအထက်ဆုံး သားရဲက ဘယ်သူဖြစ်မယ် ဆိုတာတောင် မှန်းလို့ မရပါဘူးကွာ "
" ဟို တောင်ပိုင်းဒေသဘက်က သားရဲတွေပဲ ဖြစ်မှာပေါ့ကွာ။ အဲ့ကောင်တွေက မသေမျိုးအဆင့် သားရဲတွေ ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များတာလေ "
" အဲ့လိုကြီးလဲ တပ်အပ် ပြောလို့ မရဘူးကွ။ လျှို့ဝှက် ဂိုဏ်းတချို့က သူတွေကလဲ တစ်ခုခုကို ဖုံးကွယ်ထားသလို လုပ်နေကြတာ မင်း မမြင်ဘူးလား။ ဒါတင်မကသေးဘူး ၊ ယွမ်ရှောက်မြို့က အစွမ်းထက် သားရဲကြီးတစ်ကောင်ကလဲ ဒီ ကောင်းကင်ဘုံနဂါးပြိုင်ပွဲမှာ ဝင်ပြိုင်တယ် ဆိုတဲ့သတင်း ကြားထားသေးတယ်။ အဲ့ကောင်ကြီးရဲ့ အစွမ်းက ဟို တောင်ပိုင်းဒေသက သားရဲတွေထက် လုံးဝ အစွမ်းမနိမ့်နိုင်ဘူး "
အားလုံး၏ အမြင်က တစ်မျိုးစီ ဖြစ်နေပါ၏။
ထိုအချိန်တွင် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှ အကြီးအကဲက လည်ချောင်းရှင်း၍ အသံကျယ်ဖြင့် အော်လာသည်။
" အားလုံးပဲ... ကောင်းကင်ဘုံနဂါး ပြိုင်ပွဲရဲ့ ဒုတိယပိုင်းက မကြာခင်မှာ စတင်ပါတော့မယ်။ အခု ဒုတိယပိုင်းမှာ ပထမဆုံး ယှဥ်ပြိုင်ရမယ့် သူတွေကတော့ မြောက်ပိုင်းဒေသက လောထျန်း နဲ့ ၊ ယွဲ့လွင်နိုင်ငံ တတိယမင်းသားလေး ချိုလင်း တို့ပါ "
အကြီးအကဲ၏ စကားဆုံးသည်နှင့် ပွဲကြည့်စင်ပေါ်မှ အသံများ ဆူညံသွားသည်။
" နောက်ဆုံးတော့ ရောက်လာပြီပေါ့ကွာ။ သွေးနီယူနီကွန်းကို ထပ်ကြည့်ခွင့် ရပြီ "
" ဒီတစ်ခေါက် တိုက်ပွဲကတော့ သွေးချင်းချင်းရဲနေမှာပဲ။ ငါထင်တာတော့ သွေးနီယူနီကွန်းက ဟိုဘက်က သားရဲသုံးကောင်ကို တစ်ခါတည်း အသေသတ်နိုင်မယ်နဲ့ တူတယ် "
" သေချာတာပေါ့ကွာ "
" ဟေ့ အရမ်းလဲ သေချာ မနေနဲ့ဦး။ လောထျန်းရဲ့ တိုက်ပွဲဝင်သားရဲတွေက ပထမပိုင်းမှာ ကောင်းကောင်းကြီး လုပ်နိုင်ခဲ့တာနော် "
" မင်းပြောတာ မှန်ပါတယ်။ လောထျန်းရဲ့ သားရဲတွေက တကယ်ကို အစွမ်းထက်ကြတယ် ဆိုပေမယ့် သူ့ပြိုင်ဘက်ကိုလဲ ကြည့်ရဦးမယ်လေ။ တဖက်က သွေးနီယူနီကွန်းကွ "
" အင်း.. ဒါလဲ ဟုတ်ပါတယ်လေ။ ဒါဆို သွေးနီယူနီကွန်း နိုင်မယ့်ဘက်ကပဲ လောင်းလိုက်တော့မယ်ကွာ "
ရှောက်ထျန်းလုံနှင့် မျောက်တို့သည် ပြိုင်ပွဲ ပထမအဆင့်၌ ကောင်းကောင်း လုပ်ပြနိုင်ခဲ့ကြသည့်တိုင် အများစုမှာ သွေးနီယူနီကွန်းဘက်သာ ပိုအလေးသာကြဆဲပင်။
လူများထဲမှ ၉၉ ရာခိုင်နှုန်း နီးပါးပင် ယွဲ့လွင်နိုင်ငံ တတိယမင်းသားဘက်မှ လောင်းလိုက်ကြပါ၏။
လောင်းကြေးများမှာလည်း ပေါ့သေးသေး မဟုတ်ပါချေ။
လောထျန်းဘက်မှ လောင်းကြသည့် လူများမှာ
အနည်းငယ်မျှသာ ရှိပါသည်။
" ဟင်.. အကိုဝမ် ၊ ဘာလို့ လောထျန်းဘက်ကနေပဲ ဆက်လောင်းလိုက်ရတာလဲ။ ဒီတစ်ခေါက်ရော မှားပြီး ရွေးမိတာလား "
ပွဲကြည့်စင်ထောင့် တစ်နေရာမှ လူတစ်ယောက်က မေးလိုက်သည်။
တဖက်လူက လက်နောက်ပစ်၍ ပြန်ပြော၏။
" မဟုတ်ပါဘူးကွာ ၊ ငါက သူ့ဘက်ကနေ ဒီတိုင်း လောင်းချင်လို့ပါ။ ပထမအဆင့်မှာတုန်းကလဲ ငါ လောထျန်းကြောင့် အများကြီး ရထားခဲ့တာလေ။ ဒီတစ်ခေါက် ဆကြေးတွေက ပိုတောင်ကောင်းနေသေးတာဆိုတော့ ငါ နိုင်ရင် အများကြီး ပိုရသွားမှာကွ။ ရှုံးသွားရင်လဲ သိပ်ပြီး ကိစ္စမရှိဘူးကွာ "
" အကိုက တကယ် ရဲတာပဲ "
တဖက်လူက လက်မထောင်ပြကာ ပြန်ပြောသည်။
ထိုသို့ ဆကြေးများက တစ်ဖက်စောင်းနင်း ဖြစ်နေသည့်တိုင် လောထျန်းတို့ လူစုမှာ ဤတစ်ကြိမ် ၎င်းကို ဂရုမစိုက်နိုင်ပါချေ။
ယခုပွဲက မျောက်အတွက် လက်တုန့်ပြိုင်နိုင်မည့် ပွဲ မဟုတ်ပါလား။
" သခင်လေး... ၊ ဒီပြိုင်ပွဲမှာ ကျုပ်တစ်ယောက်တည်း ဝင်ပါ ပါရစေ "
မျောက်က လောထျန်းကို ကြည့်ကာ ပြောလိုက်သည်။
သူ ထိုသို့ပြောနေရင်း လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့်အတွက် သူ့လက်သည်းများက အသားထဲ နစ်ဝင်မတတ်ပင် ဖြစ်နေပါ၏။
လောထျန်းက သူ့ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပါပြီ ၊ မင်း အတတ်နိုင်ဆုံးသာ ကြိုးစားပါ "
မျောက်က ခေါင်းအသာ ညိတ်လိုက်၏။
ထိုစဥ်မှာပင် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်၏ အကြီးအကဲဆီမှ အော်သံ ထပ်ထွက်လာ
သည်။
" ပြိုင်ပွဲဝင်တွေအနေနဲ့ ကိုယ့်ရဲ့ တိုက်ပွဲဝင်သားရဲကို စင်မြင့်ပေါ် လွှတ်လိုက်လို့ ရပါပြီ "
မျောက်က အကြီးအကဲ၏ စကားဆုံးသည်နှင့် စင်ပေါ်သို့ ဝုန်းခနဲ ပြေးတက်သွား၏။
ဝုန်း..
မျောက်က စင်ပေါ်သို့ ခြေချလိုက်သည်နှင့် ခေါင်းမော့၍ သွေးနီယူနီကွန်းအား ကြည့်လိုက်သည်။ သူ့ကိုယ်ထဲမှ အစွမ်းထက် အရောင်အဝါ တစ်ခုလည်း ပေါက်ကွဲထွက်လာပြီး သွေးနီယူနီကွန်းဘက် လက်ညိုးထိုးကာ အော်လိုက်၏။
" သေစမ်းကွာ "
" ဟေ့.. ဟိုမှာ မျောက်ကတော့ သွေးနီယူနီကွန်းကို စိန်ခေါ်နေပြီ "
" ဒီကောင်က တော်တော် အမှတ်မရှိတာပဲ။ ပြီးခဲ့တဲ့ တစ်ခေါက်က သွေးနီယူနီကွန်းကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာ ရသွားခဲ့တာတောင် အမှတ် မရှိဘူးလား မသိဘူး "
" ပြီးခဲ့တဲ့ တစ်ခေါက် ပြိုင်ပွဲမှာတည်းက သူတို့ကြားက ကွာဟချက်က တော်တော်ကြီးတာ။ ငါ ထင်တာတော့ မျောက်က တစ်ကွက်တည်းနဲ့ အသတ်ခံရမယ်နဲ့တူတယ် "
ထိုစဥ် တိုက်ပွဲကွင်းပြင်ထဲရှိ အထူး သီးသန့်ခန်း တစ်ခုအတွင်း၌ အသံတစ်သံ ထွက်လာ၏။
" အကိုဟော် ၊ အကို့ရဲ့ သွေးနီယူနီကွန်းကတော့ ရန်စခံလိုက်ရပြီနဲ့ တူတယ် "
ထိုလူ ပြောလိုက်သည့် သူမှာ မီးတောက်ယူနီကွန်းတစ်ကောင် ဖြစ်ပါသည်။
မီးတောက် ယူနီကွန်းမှာကား နတ်ဘုရားမီးများ တောက်လောင်နေသည့် ခန္ဓာကိုယ်ဖြင့် ရပ်နေပြီး အေးစက်စက် မျက်နှာထား ရှိနေ၏။
" ရန်စတယ်.. ဟုတ်လား ။ တဖက်က ပြိုင်ဘက်က အဲ့လို ပြောရလောက်တဲ့အထိတောင် မထိုက်တန်ပါဘူးကွာ "
၎င်းက အေးစက်စက် ဆိုသည်။
ပထမ အသံပိုင်ရှင်က နှုတ်ခမ်းတွန့်ရုံ ပြုံးကာ ပြန်ပြော၏။
" ဒါနဲ့ ၊ ခင်ဗျားတို့ ယူနီကွန်း မျိုးနွယ်စုက ဒီ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲကြီး ပြီးသွားရင် သွေးနီယူနီကွန်းကို ဘိုးဘေးနေအိမ်ဆီ ပြန်ခွင့်ပေးမှာဆို ။ အဲ့ဒါ အမှန်ပဲလား "
မီးတောက် ယူနီကွန်းက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ ခေါင်းညိတ်၍ ပြန်ပြောသည်။
" အဲ့အကြံကို ကျုပ်တို့ဘိုးဘေးက ရခဲ့တာ။ သွေးနီယူနီကွန်းက မျိုးစိတ် မတူဘူး ဆိုပေမယ့် ကျုပ်တို့ ယူနီကွန်းမျိုးနွယ်ရဲ့ သွေးဆက်ပဲလေ "
ပထမ အသံပိုင်ရှင်က အံ့အားသင့်သွားဟန်ဖြင့် ပြောသည်။
" သွေးနီယူနီကွန်းကို ယူနီကွန်းမျိုးနွယ်က လက်ခံလိုက်တာလား။ ဒါ အရင်ခေတ်တွေမှာတောင် ဖြစိခဲတဲ့ အဖြစ်ပျက်ကြီးနော်။ တကယ်လို့ အဲ့ကောင်ကြီးကသာ ယူနီကွန်း မျိုးနွယ်ရဲ့ အမွေအနှစ်ကို လက်ခံရခဲ့ပြီးတော့ ယူနီကွန်း နတ်ဘုရားသွေးကို ရလိုက်မယ်ဆိုရင် ဘယ်လောက်တောင် အစွမ်းထက်သွားမလဲ မ
သိဘူး "
မီးတောက် ယူနီကွန်းက မည်သို့မှ မပြောဘဲ နှာခေါင်းသာ တစ်ချက်ရှုံ့၍ သွေးနီယူနီကွန်းအား ကြည့်နေလိုက်၏။
ထိုစဥ် မျောက်၏ ရန်စ စိန်ခေါ်မှုနှင့် လူအုပ်၏ စကားသံများကြား ၊ သွေးနီယူနီကွန်းမှာ နေရာမရွှေ့ဘဲ နေမြဲအတိုင်း နေနေသည်။
ထို့နောက် သူက အေးအေးဆေးဆေး ပြောလိုက်၏။
" မင်းက တစ်ခါ ရှုံးဖူးပြီးသားလေ။ ငါ့ဘက်က တိုက်ခိုက်ဖို့တောင် မတန်ဘူး "
တတိယမင်းသားကလည်း အခြေအနေကို ချက်ချင်း သဘောပေါက်ဟန်ဖြင့် သွေးနီ ယူနီကွန်းအစား အခြားသားရဲ တစ်ကောင်ကိုသာ တိုက်ပွဲစင်မြင့်ထက် စေလွှတ်လိုက်သည်။
" ဟီး ဟီး.. မင်းလို အရှုံးသမားတစ်ယောက်က သခင်ကြီး ရွှယ် ရဲ့ တိုက်ခိုက်တာကို ခံရဖို့ မထိုက်တန်ဘူးကွ။ ငါကပဲ မင်းကို သတ်ပေးမယ် "
ထိုသားရဲက စင်ပေါ်သို့ ရောက်ရောက်ချင်းမှာပင် မျောက်ဆီသို့ ပြေးဝင်သွား၏။
သို့သော်...
ဘုန်း..
မျောက်က ပြိုင်ဘက်သားရဲ၏ ခေါင်းတည့်တည့်သို့ တစ်ချက် ထိုးလိုက်သည်။ ထိုသားရဲမှာ တိုက်ပွဲကြမ်းပြင်ပေါ် အရုတ်ကြိုးပြတ် လဲကျ သေဆုံးသွားတော့၏။
တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရလေပြီ ။
" သွေးနီ ယူနီကွန်း ၊ ဒီကိုလာပြီး အသေခံစမ်း "
မျောက်က သွေးနီယူနီကွန်းဘက် လက်ညိုးထိုး၍ အေးစက်စက် ပြောလိုက်ပြန်သည်။