ကြောက်မက်ဖွယ် လက်သီး
Vol. 31 Ch. 424
ပွဲကြည့်စင်ပေါ်မှ လူအုပ်မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အလွန် စိတ်လှုပ်ရှားသွားကြသည်။
" အသက်အစွမ်း အပြည့်ပါလားကွ "
" ဒီအရောင်အဝါက... မျောက်က နတ်ဘုရားအဆင့် သားရဲတစ်ကောင် ဖြစ်သွားတာလား "
" နောက်များ နောက်နေသလားကွာ။ ပြီးခဲ့တဲ့ တလောတုန်းကတင် အဲ့မျောက်က ဘာမှသုံးစားလို့ မရတဲ့ အခြေအနေ ရောက်သွားခဲ့တာလေ။ အခု ရက်ပိုင်းလေးနဲ့တင် အစွမ်း တိုးလာရုံမကဘဲ ၊ သွေးအစွမ်းပါ တိုးသွားခဲ့တာလား "
" ဒီတိုင်းဆို တိုက်ပွဲအခြေအနေ ပြောင်းသွားနိုင်မယ် နဲ့တူတယ် "
" ပြောင်းမယ်ဟုတ်လား... ဟား ဟား ။ မင်းတို့တွေ အကုန်လုံးက ကျင့်ကြံခြင်း အဆင့်မြင့်ကြတဲ့သူတွေ ချည်းပဲ ဖြစ်နေတာတောင် အခု သွေးနီယူကွန်းရဲ့
လက်ရှိ အစွမ်းအခြေအနေကို သတိမထားမိကြဘူးလား။ အဲ့လို အစွမ်းမျိုးကို နတ်ဘုရားသားရဲတွေတောင် ခုခံနိုင်မှာ မဟုတ်ဘူးကွ "
ထိုစကား ဆုံးပြီးနောက်တွင်မူ ပွဲကြည့်စင်ပေါ်မှ လူများ အသံတိတ်သွားကြပြန်၏။
တိုက်ပွဲစင်မြင့်ထက်မှ မျောက်၏ ပြောင်းလဲမှုများကြောင့် သူတို့ အံ့အားသင့်သွားခဲ့ရသည်မှာ မှန်ပါသည်။
သို့သော် လက်ရှိတွင် သွေးနီယူနီကွန်း၏ အစွမ်းက မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့ ကောင်းကောင်းကြီး မြင်နေရသည် မဟုတ်ပါလား ။
ထိုအစွမ်းမှာ လူများကိုပင် ကြောက်ရွံ့သွားအောင် လုပ်နိုင်သည့်အစွမ်း ဖြစ်ပါသည်။
သို့ဖြစ်ရာ မျောက်က နတ်ဘုရားသားရဲတစ်ကောင် ဖြစ်လာခဲ့သည် ဆိုလျှင်ပင် ထိုအစွမ်းကို ခုခံရန် မလွယ်နိုင်ပါချေ။
ထိုစဥ် မျောက်၏ အသွင်ကို ကြည့်ကာ ခေတ္တမျှ အံ့အားသင့်နေသော သွေးနီယူနီကွန်းကလည်း အသံကျယ်ကြီးဖြင့် အော်ရယ်လာ၏။
" ရယ်ရလွန်းလို့ သေတော့မှာပဲကွာ။ ငါက မင်းဆီမှာ ထူးခြားတဲ့အကွက်တွေ ရှိမယ် ထင်နေတာ။ နောက်ဆုံးတော့လဲ ကိုယ့်ကိုကိုယ် ရွှေရောင် လက်သွားအောင် လုပ်နိုင်ရုံ ပါပဲလား။ မင်းက ကိုယ့်ကိုကိုယ် မဟာအလင်းတန်းဂိုဏ်းကများ ထင်နေတာလားကွ "
သွေးနီယူနီကွန်းက လှောင်သံဖြင့် ပြောလိုက်သည်။
မျောက်က အေးစက်စက် ပြန်ပြော၏။
" တုံးအလိုက်တာ "
" မင်း ဘာစကား ပြောလိုက်တယ် "
သွေးနီယူနီကွန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။
" မင်းကို တုံးတယ်လို့ ပြောလိုက်တာလေ။ မင်းက ကိုယ့်ပြိုင်ဘက်ရဲ့ အစွမ်း ဘယ်လောက်ရှိတယ် ဆိုတာတောင် မပြောနိုင်ဘူး။ အဲ့ဒါ တုံးတာ မဟုတ်လို့ ဘာ
လဲ "
မျောက်က အေးစက်စက် ပြောလိုက်၏။
သွေးနီယူနီကွန်းက မျောက်အား တစ်ချက်ကြည့်၍ ပြန်ပြောသည်။
" ဟားဟား.. ဒါဆို မင်း ဆိုလိုတဲ့ သဘောက ခု မင်း သိပ်အစွမ်းထက်နေပြီပေါ့.. ဟုတ်လား "
မျောက်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
" သိချင်ရင် စမ်းကြည့်လေ "
သူက ထိုသို့ ပြောပြီး လက်နှစ်ဖက်လုံး ဆန့်၍ တဖက်မှ တိုက်ခိုက်မှုကို အသင့်စောင့်နေဟန်ဖြင့် ရပ်နေ၏။
သွေးနီယူနီကွန်းမှာ ၎င်းကို ကြည့်ရင်း မျက်လုံးထဲ၌ အေးစက်စက် အငွေ့အသက်များ ဖြတ်ပြေးသွားသည်။
" မင်းလို မျိုးမစစ်ကောင်ကများ ငါ့ကို စော်ကားရဲတယ်ပေါ့လေ။ မင်းက သေချင်နေမှတော့လဲဲ မင်း
ဆန္ဒကို ဖြည့်ပေးရတော့မှာပေါ့ကွာ။ အရင်ဆုံး မင်းရဲ့လက်ကို ဖြတ်ပစ်မယ် "
သွေးနီယူနီကွန်းက ပြောပြောဆိုဆိုပင် မျောက်ရှေ့သို့ တမဟုတ်ချင်း ပြေးသွားလိုက်ပြီး သူ့လက်ထဲမှ ဓားဖြင့် ခုတ်လိုက်သည်။
သူ ဓားကို လွှဲလိုက်သည်နှင့် သွေးလှိုင်းလုံးကြီး တစ်ခု ပေါ်လာပြီး ထောင်ပေါင်းများစွာသော ဝိဥာဥ်များ၏ ငိုသံ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးပင် အရောင်ပြောင်းသွားသည်။
အကာအကွယ် အစီအမံများကြောင့်သာ မဟုတ်ပါက ပွဲကြည့်စင်တစ်ခုလုံးပင် ထိုဓားချက်ကြောင့် ပျက်စီးသွားနိုင်ပါ၏။
သို့သော် ထိုဓားက မျောက်၏ လက်ပေါ်သို့ ကျသွားသည်နှင့်..
ဒေါင်..
ကျွတ်ဆတ်ဆတ် အသံတစ်သံနှင့်အတူ မီးများ ပွင့်
ထွက်သွားတော့သည်။
သွေးနီယူနီကွန်း၏ ဓားရှည်ကြီးကလည်း သုံးပေခန့် ကျိုးသွား၏။
မျောက်၏ လက်မောင်းတွင်ကား အဖြူရောင် အရာလေးတစ်ခုသာ ထင်ကျန်ခဲ့ပါသည်။
ယခု သွေးနီကွန်း၏ တိုက်ခိုက်မှုမှာ ယခင်အကြိမ်များကဲ့သို့ မဟုတ်တော့ဘဲ မျောက်၏ အကာအကွယ်ကိုပင် ကျိုးပျက်အောင် မလုပ်နိုင်ခဲ့ပါ။
" ဘယ်လို ဖြစ်ပြီးတော့... "
သွေးနီယူနီကွန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် အံ့သြခြင်းကြီးစွာ ဖြစ်သွားရတော့သည်။
သူ ဤသိုင်းကွက်ကို တတ်မြောက်ပြီးသည့် အချိန်မှစ၍ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင် ၎င်းကို အသုံးပြုခဲ့ဖူးပါ၏။
သို့သော် ထိုသို့သော အခြေအနေမျိုးနှင့် ကြုံရသည်မှာ ယခုက ပထမဆုံးပင်။
" ဘာဖြစ်လို့လဲ .. ဗိုက်ဆာလို့ ပါးစပ်ကြီး ဟနေတာလား "
ထိုစဥ် မျောက်က လှောင်သံဖြင့် ပြောလာသည်။
ထိုစကားကြောင့် ပွဲကြည့်စင်ရှိ လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်၏။
တိုက်ပွဲစင်မြင့်ဘေးတွင် ရှိနေသော တတိယမင်းသားမှာလည်း ၎င်းကို ကြည့်ကာ လုံးဝ မယုံနိုင်ဟန်ဖြင့် တီးတိုးပြောလိုက်သည်။
သို့သော် လောထျန်းမှာမူ မျက်နှာကြီး ကြုံ့နေပါ၏။
" ချီး.. မင်းက ဟိတ်ကြီးဟန်ကြီး သွားလုပ်နေတာလား "
သူ တီးတိုး ရေရွတ်လိုက်သည်။
တဖက်မှ သွေးနီယူနီကွန်းမှာလည်း သူ အနိုင်ယူထားခဲ့ဖူးသော သားရဲက ထိုသို့ လှောင်ပြောင်လာသဖြင့် ချက်ချင်း ဒေါသထွက်သွား၏။
ချွှင်..
သူ ချက်ချင်းပင် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ဒေါသတကြီး အော်၍ မျောက်ဆီသို့ ပြေးဝင်သွားကာ ဓားဖြင့် ခုတ်လိုက်ပြန်သည်။
သူ့အသွင်မှာ အရူးတစ်ယောက်သဖွယ် ဖြစ်နေပြီး အချိန်တိုအတွင်း ဓားချက်ပေါင်း သောင်းဂဏန်းနီးပါးပင် တိုက်ခိုက်လိုက်၏။
သို့သော် တဖက်မှ မျောက်မှာ တုပ်တုပ်ပင် မလှုပ်ဘဲ သွေးနီယူနီကွန်း တိုက်ခိုက်လာသမျှကို ငြိမ်သက်စွာပင် ခံနေသည်။
ဓားရှည်ကြီးက သူ့ကိုယ်ပေါ်သို့ ကြိမ်ဖန်များစွာ ကျရောက်လာသည့်တိုင် သူ့ခန္ဓာကိုယ်၏ အကာအကွယ်က လုံးဝ ကျိုးပျက်သွားခြင်း မရှိဘဲ မီးများသာ ပွင့်ထွက်သွား၏။
တဖက်မှ သွေးနီယူနီကွန်းက အကြိမ်ပေါင်း တစ်သိန်းတိတိ ဓားဖြင့် ခုတ်ပြီးမှသာ နောက်ပြန်ဆုတ်လိုက်သည်။
ထို့နောက် ရှေ့မှ မျောက်အား ကြည့်လိုက်ရာ သူ အံ့သြမှင်သက်သွားရပြန်တော့သည်။
ထိုကောင်က သူ အနိုင်ယူခဲ့ဖူးသော သားရဲပင် ဟုတ်ပါသေးရဲ့လား။
မျောက်နှင့် ပထမအကြိမ် တိုက်ခဲ့စဥ်က သူ အလွယ်တကူပင် အနိုင်ရသွားခဲ့ပါ၏။
ထို့နောက်တွင် မျောက်၏ သွေးကို သောက်ပြီး၊ နတ်ဘုရားအရိုးများကိုပါ စပ်ယူ၍ သူ နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သွားခဲ့သည်။
ပြီးနောက်တွင်လည်း သူ ယွဲ့လွင်နိုင်ငံအား အသုံးချကာ နတ်ဘုရားအဆင့်နီးပါး သားရဲများစွာ၏ သွေးကို သောက်ခဲ့ပါသေးသည်။ ထိုအရာများကြောင့်လည်း သူ့ သွေးအစွမ်းက မယုံနိုင်လောက်အောင် တိုးတက်လာခဲ့၏။
သူ့အမြင်တွင်မူ.. ယူနီကွန်း မျိုးနွယ်စုမှ တိုက်ရိုက် ဆင်းသက်လာကြသူများ၏ သွေးအစွမ်းသည်ပင် သူ့
လောက် အစွမ်းမထက်ပါချေ။
တစ်နည်းအားဖြင့် ဆိုရသော် သူသည် အဆင့်တူ ကျင့်ကြံသူများကြား၌ ပြိုင်ဘက်ကင်းနီးပါး အစွမ်းထက်သော သားရဲတစ်ကောင်ပင်။
သို့သော် ယခု မျောက်၏ ကိုယ်မှ အကာအကွယ်အစီအမံကို သူ အဘယ့်ကြောင့် မချိုးဖျက်နိုင် ဖြစ်နေရပါသနည်း။
မျောက်က မည်သို့သော အခွင့်ကောင်းများကို ရထားခဲ့၍ပါနည်း။
သွေးနီယူနီကွန်း ထိုသို့တွေးကာ အံ့သြမှင်သက်နေစဥ်မှာပင် မျောက်က အေးစက်စက် ပြောလာသည်။
" မင်း တိုက်ခိုက်လို့ ပြီးသွားပြီ ဆိုတော့ အခုက ငါ့အလှည့်ပဲပေါ့ "
" ဘာပြောလိုက်တယ် "
သွေးနီယူနီကွန်း အံ့သြမှင်သက်သွားရပြန်သည်။
ထို့နောက်တွင်မူ ဖျတ်ခနဲ လှုပ်ရှားသွားသည့်
အလင်းတန်းတစ်ခုကို မြင်လိုက်ရ၏။ သူ သေချာကြည့်လိုက်ချိန်တွင်မူ မျောက်က သူ့ရှေ့သို့ပင် ရောက်နေလေပြီ။
" သေစမ်းကွာ "
မျောက်က ဒေါသတကြီး အော်ကာ ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။
ဝုန်း..
သွေးနီယူနီကွန်း ချက်ချင်း မျက်မှောင်ကြုံ့သွားပြီး ဓားကို ချက်ချင်းဆွဲယူ၍ လက်သီးချက်အား တားဆီးရန် ကြိုးစားလိုက်သည်။
မျောက်၏ လက်သီးချက်က ဓားရှည်နှင့် ထိပ်တိုက် တွေ့သွား၏။
ချက်ချင်းဆိုသလိုပင် ဓားရှည်ကြီး အပိုင်းပိုင်း ကျိုးသွားကာ သွေးနှင့် စွမ်းအင်များ နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။
" ဒါ.. လုံးဝ မဖြစ်နိုင်ဘူး "
သွေးနီယူနီကွန်း အံ့သြတုန်လှုပ်သွားတော့သည်။
သူ သုံးခဲ့သည့် သွေးဓားမှာ သွေးနီယူနီကွန်း မျိုးနွယ်စု၏ ထူးခြားသော ပညာရပ်တစ်ခု ဖြစ်ပါသည်။
ထိုဓားကို ဖျက်ဆီး၍ မရနိုင်သလောက် နီးပါးပင်။
သို့သော် မျောက်၏ လက်သီးချက် တစ်ခုကိုပင် မခံနိုင်ခဲ့ဘူး တဲ့လား။
၎င်းက မည်သို့သော လက်သီးချက်ပါနည်း။
သွေးနီယူနီကွန်း မျိုးနွယ်စု၏ အမွေအနှစ် ပညာရပ်ထက်ပင် ပို အစွမ်းထက်နေသတဲ့လား။
" သေစမ်းကွာ "
ထိုစဥ် မျောက်က သွေးနီယူနီကွန်းအား ဒေါသတကြီး ထပ်ထိုးလိုက်သည်။
ဘုန်း..
သွေးနီယူနီကွန်းက ထိုလက်သီးချက်အား လက်နှစ်ဖက်ဖြင့်ကာ၍ တား၏။
ဂျွတ်..
ကျွတ်ဆတ်ဆတ် အသံနှင့်အတူ သွေးနီယူနီကွန်း၏ လက်မောင်းနှစ်ဖက်လုံး ကျိုးသွားတော့သည်။
" ဒါ.... "
ထိုမြင်ကွင်းကို မြင်လိုက်ရသူများ အားလုံးလည်း အံ့သြတုန်လှုပ်ကုန်ကြ၏။
ပြိုင်ဘက်ကင်း သားရဲတစ်ကောင်သဖွယ် ဖြစ်နေခဲ့သော သွေးနီယူနီကွန်းက လက်သီးချက် တစ်ချက်တည်းဖြင့် လက်နှစ်ဖက်လုံး ကျိုးသွားလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
" သေစမ်း "
ထိုစဥ် မျောက်မှာ မျက်လုံးများ နီရဲနေပြီး တတိယမြောက် လက်သီးချက်အား ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။
ဘုန်း..
ထိုလက်သီးချက်က သွေးနီယူနီကွန်း၏ ရင်ဘတ်နှင့် ဗိုက်ကြား ထိမိသွားကာ သွေးနီယူနီကွန်း ချက်ချင်း အဝေးသို့ လွင့်ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ပွဲကြည့်စင် တလျှောက်လုံးကို လွှမ်းခြုံထားသော သွေးမှုန်များနှင့် ဖိအားများလည်း ပျောက်ကွယ်သွား၏။
" ဟိုကို ကြည့်လိုက်ဦးဟေ့ "
ပွဲကြည့်စင်ပေါ်မှ လူတစ်ယောက်က သွေးနီယူနီကွန်း လွင့်ထွက်သွားသည့်ဘက်သို့ လက်ညိုးညွှန်ကာ အော်လိုက်သည်။
" ဟင် "
အားလုံးကလည်း အသံလာရာဘက် လှည့်ကြည့်လိုက်ကြ၏။
လေထဲလွင့်နေသော သွေးနီယူနီကွန်းမှာ အသွင်ပြောင်းထားသော လူသားပုံကို ဆက်မထိန်းထားနိုင်တော့ဘဲ ၎င်း၏ မူလအသွင်သို့ ပြန်ပြောင်းသွားသည်။
ထိုမျှ မကသေးပါ..
၎င်း၏ ကိုယ်ပေါ်မှ သွေးနီရောင် လျှို့ဝှက်ထွင်းစာများလည်း ဆက်တိုက်ပင် မှေးမှိန်ပျောက်ကွယ်သွားကြပြီး သွေးမှုန်လုံးများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အနှံ့ ပြန့်ကျဲကုန်ကြသည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ သွေးအစွမ်းနှင့် အရောင်အဝါကလည်း လျင်မြန်စွာ ကျလာ၏။
ထိုမြင်ကွင်းကို ကြည့်နေသူများထဲမှ တစ်ယောက်က နောက်ဆုံး အသိဝင်လာဟန်ဖြင့် အော်ပြောလိုက်သည်။
" သွေးနီယူနီကွန်းက သူ စုပ်ယူထားခဲ့သမျှ သွေးအစွမ်းတွေကို ပြန်မထိန်းချုပ်နိုင်တော့ဘူး။ သွေးအစွမ်းတွေက သူ့ကိုယ်ကနေ မြန်မြန်ပျောက်ကွယ်နေပြီ "
" ဟုတ်တယ်ကွ ။ သူ့ရဲ့ နတ်ဘုရားသွေးအစွမ်းကလဲ တဖြည်းဖြည်း အဆင့်ကျလာနေတာ... အခု နတ်ဘုရားအဆင့်တောင် မရှိတော့ဘူး "
အားလုံး တအံ့တသြ ဖြစ်ကုန်ကြ၏။
သွေးနီယူနီကွန်းက ထိုသို့ ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမှ တွေးမထားခဲ့ကြပါ ။
၎င်း၏ သွေးအစွမ်းသည်ပင် အဆင့်ကျသွားခဲ့ရလေပြီ။
သို့သော်.. မျောက်မှာ ထိုအချိန်ထိတိုင် သွေးနီယူနီကွန်းအား အလွတိပေးလိုဟန် မရှိချေ။
" သေစမ်းကွာ "
သူ ဒေါသတကြီး အော်ကာ လက်သီးဖြင့် ထပ်ထိုးရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင်..
" ရပ်လိုက် "
အော်သံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။