စိတ်ဆိုးနေသော နဂါးလေး
Vol. 31 Ch. 428
" တကယ်ကြီးလား... ဒီလောက်လေးနဲ့ မျက်ရည်ကျတဲ့အထိ ခံစားသွားကြတာပေါ့ "
ယွမ်ယင်မှာ လုံးဝ နားမလည်နိုင်တော့ပါချေ။
သူမ စိတ်ထဲတွင်မူ ရှောက်ထျန်းလုံလေး လုပ်လိုက်သော လုပ်ရပ်က တဖက်သားရဲများအား အရှက်ရအောင် လုပ်လိုက်သလို ဖြစ်သွားမည်ဟုသာ တွေးနေခဲ့ပါ၏။
သို့သော် ထိုသူများက ယခုကဲ့သို့ တုန့်ပြန်လာမည်ဟု မည်သူ ထင်ထားမိပါမည်နည်း။
ထိုစဥ် တဖက်သားရဲသုံးကောင်ထဲမှ အကြီးဆုံးတစ်ကောင်က ခေါင်းမော့လာပြီး မျက်ရည်များ ပြည့်နေသော မျက်လုံးဖြင့် ပြောလာ၏။
" ကျုပ်တို့ မျိုးနွယ်စုက နဂါးမျိုးနွယ်စုရဲ့ သခင်လေးတစ်ယောက်ဆီကနေ ဘယ်လို ဆုလာဒ်မျိုးမှ မရတာ အရမ်းကို ကြာသွားခဲ့ပါပြီဗျာ။ ကျုပ်တို့ ဒါတွေကို သေချာပြန်ယူသွားပြီး ကောင်းကောင်း
အရိုအသေပေးပါ့မယ် "
ဟွမ်ယင်တစ်ယောက် အလွန် ပိုစိတ်ရှုပ်သွားကာ မေးလိုက်သည်။
" ရှင်တို့တွေ ဦးနှောက်မှ ကောင်းကြသေးရဲ့လား။ ဘာဖြစ်လို့ ဒီဟာကို အရိုအသေပေးမှာလဲ "
သို့သော် တဖက်မှ သားရဲသုံးကောင်ကမူ သူမကို လုံးဝ လျစ်လျူရှုထားကာ ရှောက်ထျန်းလုံ ပေးသည့် အရိုးသုံးခုကိုသာ မမှိတ်မသုန် စိုက်ကြည့်နေကြ၏။
ထိုစဥ်မှာပင် တိုက်ပွဲစင်မြင့်အောက်သို့ နောက်ထပ် ပြိုင်ပွဲဝင်တစ်စု ရောက်လာကြသည်။
အစီစဥ်အတိုင်း ဆိုပါက ဤပွဲတွင် တိုက်ခိုက်ရမည့် တစ်စုမှာ တောင်ပိုင်းဒေသမှ မီးနဂါးခြသေ့် တို့အဖွဲ့ ဖြစ်ပါ၏။
သို့သော် တဖက်ပြိုင်ပွဲဝင်များက ထိုအကြောင်းကို သိသိချင်း ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့ကြသည်။
ထို့နောက်တွင်မူ နောက်တစ်ဖွဲ့ ထပ်ပြိုင်ခဲ့ကြ၏။
ထိုပြိုင်ပွဲတွင် မျက်နှာသုန်မှုန်နေသည့် ကင်းမွန်ကြီး က ပြိုင်ဘက်အား အလွယ်တကူ အနိုင်ရသွားခဲ့ပြီး စင်အောက်သို့ ပြန်လျှောက်လာကာ လောထျန်းဆီ ရောက်လာသည်။
" မင်းက တစ်ချိန်လုံး ငါ့ကို လှည့်စားနေခဲ့တာလား "
သူက လောထျန်းကို ကြည့်၍ အေးစက်စက် ဆို၏။
" မင်းကို လှည့်စားတယ်.. ဟုတ်လား ။ ငါက ဘာကို လှည့်စားရမှာလဲ "
လောထျန်းက တအံ့တသြ ပြန်မေးလိုက်သည်။
ကင်းမွန်ကြီး မျောက်အား တစ်ချက် လှမ်းကြည့်ကာ မျက်မှောင်ကြုံ့လိုက်၏။
" မင်းရဲ့ တိုက်ပွဲဝင်သားရဲက အင်မတန် အစွမ်းထက်တာ မှန်ပေမယ့် မင်းက သူ့ကို အားနည်းတယ်လို့ မြင်ရအောင် ဖုံးကွယ်ထားခဲ့တာလေ။ အဲ့ဒါ ငါ့ကို လှည့်စားချင်လို့ လုပ်တာ မဟုတ်လား "
လောထျန်းက ထိုလူကို ပြန်ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
" မင်း အရမ်းတွေ အတွေးလွန်နေပြီ။ မင်းက ငါ့ဘက်က လှည့်စားချင်ရလောက်အောင်ထိ မထိုက်တန်ဘူး "
" မင်း... "
ကင်းမွန်ကြီး၏ မျက်နှာ ပိုသုန်မှုန်သွားတော့သည်။ ထို့နောက် သူ အေးစက်စက် နှာခေါင်းရှုံ့ကာ ပြော၏။
" မင်းက အင်မတန် အစွမ်းထက်တဲ့ သူတစ်ယောက်ဆိုတာ ငါ ဝန်ခံပါတယ်။ မင်းနဲ့သာ သူသေကိုယ်သေ တိုက်ခိုက်ရရင် ငါရော ၊ ကျန်တဲ့ သားရဲတွေရော ပေါင်းပြီး တိုက်ခိုက်ရင်တောင် မင်းကို အနိုင်မယူနိုင်ပါဘူး "
" ဒါပေမယ့်.. ကောင်းကင်ဘုံနဂါး ပြိုင်ပွဲဆိုတာ သားရဲတွေကြားက တိုက်ပွဲတစ်ခု ဆိုတာ မမေ့နဲ့။ မင်းသားရဲနဲ့ ငါနဲ့သာ ယှဥ်ပြီး တိုက်ခိုက်ရင် ငါကပဲ နိုင်မှာ "
ထိုသို့ ပြောနေစဥ်အတွင်း သူ့အကြည့်ကလည်း မျောက်အပေါ်တွင်သာ ရောက်နေသည်။
" မင်းက လောထျန်းရဲ့ နံပါတ် ၁ တိုက်ပွဲဝင်သားရဲ မဟုတ်လား "
ကင်းမွန်ကြီးက အေးစက်စက် အသံဖြင့် မေးလိုက်သည်။
" ဟင်.. "
မျောက်မှာ ခေတ္တမျှ အံ့အားသင့်နေပြီးမှသာ သူ့အနီးမှ ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့ဖြင့် သူ့အား စိုက်ကြည့်နေသူကို သတိထားမိသွား၏။
သူ ခေါင်းအသာ စောင်းကြည့်လိုက်ရာ ရှောက်ထျန်းလုံလေးတစ်ယောက် မျက်နှာ ပုပ်သိုးစွာဖြင့် သူ့အား ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူ့အား နံပါတ် ၁ တိုက်ပွဲဝင်သားရဲဟု ခေါ်လိုက်သည့်အတွက် ရှောက်ထျန်းလုံလေး မကျေမနပ် ဖြစ်သွားသည်မှာ သိသာပါ၏။
" နံပါတ် ၁ က ကျုပ် မဟုတ်ဘူး "
မျောက် ပြန်ပြောလိုက်သည်။
" ဟမ့်.. ၊ မင်း မဟုတ်ဘူးတဲ့လား။ ငါ့ကိုများ လာနောက်နေသေးတယ်ကွာ။ ခုနက မင်း သွေးနီယူနီကွန်းနဲ့ တိုက်ခိုက်တာကို ငါ မြင်ခဲ့ရတယ်လေ။ မင်းရဲ့ အစွမ်းက တကယ်လဲ ကောင်းပါတယ်။ ဒါပေမယ့် ငါ့ရဲ့ တိုက်ပွဲဝင်သားရဲနဲ့ ယှဥ်လာရင်တော့ မင်းပဲရှုံးသွားနိင်တယ်ကွ။ မင်းက လောထျန်းလက်အောက်က အစွမ်းအထက်ဆုံး သားရဲ ဖြစ်နေရင်တောင် ရှုံးမှာပဲ "
ကင်းမွန်ကြီး ဒေသတကြီး ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသော ရှောက်ထျန်းလုံလေးမှာ ဒေါသကြောင့် ပါးများပင် ဖောင်းလာပြီး မျောက််အား ထပ်ကြည့်လိုက်၏။
မျောက်မှာ ထိုအဖြစ်ကြောင့် မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်သွားတော့သည်။
ရှောက်ထျန်းလုံလေး ဒေါသပေါက်ကွဲကာ သူ့အား ဖမ်းဆုပ်ပြီး ထိုးကြိတ်ရိုက်နှက်မည်ကိုလည်း အလွန်ကြောက်သွား၏။
သူ တံတွေးကို ခက်ခက်ခဲခဲ မြိုချ၍ ပြောလိုက်ရသည်။
" ငါ မင်းကို ပြောနေတယ်လေ၊ အစွမ်းအထက်ဆုံးက ငါ မဟုတ်ဘူးလို့ "
သူ့စကားကို ကြားသောအခါတွင်မူ ရှောက်ထျန်းလုံလေး မျက်နှာထား အနည်းငယ် ပြေလျော့သွားသည်။
သို့သော် ထိုစဥ်မှာပင် ကင်းမွန်ကြီးက အေးစက်စက် နှာခေါင်းရှုံ့ပြီး ထပ်ပြောလာ၏။
" မင်းက အစွမ်းအထက်ဆုံး မဟုတ်ရင် တခြား ဘယ်သူ ဖြစ်မှာမို့လဲ ။ မင်းဘေးက ဟိုကောင် သေးသေးလေးလား "
သူ ထိုစကားအား ရှောက်ထျန်းလုံကို လက်ညိုးထိုးကာ ပြောလိုက်ခြင်း ဖြစ်ပါသည်။
မျောက်က ခေါင်းညိတ်၍ ပြန်ပြော၏။
" ဟုတ်တယ်လေ ၊ အဲ့ဒါ အမှန်ပဲ "
ရှောက်ထျန်းလုံလေးကလည်း သူ့စကားကြောင့် ဂုဏ်ယူဝင့်ကြွားနေသည့် မျက်နှာလေး ချက်ချင်း ဖြစ်သွားသည်။
သို့သော် ကင်းမွန်ကြီးက အံကြိတ်၍ ပြန်ပြောလာ၏။
" မင်းက ငါ့ကို ငတုံးလို့များ ထင်နေတာလား။ ဒီကောင်လေးက ကောင်းတာ မှန်ပေမယ့် အစွမ်းချင်း ယှဥ်လိုက်ရင် မင်းနဲ့တောင် ယှဥ်နိုင်မှာ မဟုတ်ဘူး "
ရှောက်ထျန်းလုံ၏ မျက်နှာလေး ချက်ချင်း ကြက်သေ သေသွားသည်။
မျောက်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ကြောက်လန့်တုန်လှုပ်သွား၏။
" တကယ်က ငါကသာ သူနဲ့ မယှဥ်နိုင်တာ "
မျောက် ချက်ချင်း ပြန်ငြင်းလိုက်သည်။
" ဟမ့်.. မင်းက ခုချိန်ထိ ငါ့ကို လျှောက်ပြောပြီး လှည့်စားချင်နေတုန်းပါလား။ ငါ မင်းကို တစ်ခု ပြောလိုက်မယ် ၊ ငါက ထိပ်တန်းအဆင့် သားရဲတစ်ယောက်ကွ။ ငါ့အမြင်က ဘယ်တော့မှ မမှားဘူး။ ဒီတလျှောက်လုံး မင်းက ငါ့ကို လှည့်စားပြီးတော့ ဟိုကောင်လေးကို အစွမ်းအထက်ဆုံးလို့ လိမ်ပြောနေခဲ့
တာ။ တကယ်တော့ အစွမ်းအထက်ဆုံး သားရဲဖြစ်တဲ့ မင်းကသာ နောက်ကွယ်မှာ ပုန်းနေတာ မဟုတ်လား "
တဖက်မှ ရှောက်ထျန်းလုံလေးမှာ မျောက်၏ အမြီးဆီသို့ လက်တစ်ဖက်ပင် လှမ်းလိုက်လေပြီ။
မျောက်မှာလည်း တဖက်လူအား အလွန်စိတ်တိုသွားပြီး ဒေါသတကြီး ပြောလိုက်၏။
" တော်ပြီ ၊ ငါ မင်းနဲ့ ဆက်မပြောတော့ဘူး "
ကင်းမွန်ကြီးက အေးစက်စက် နှာခေါင်းရှုံ့သည်။
" မင်းဆိုလိုတဲ့ သဘောက စကားနဲ့မပြောဘဲ တိုက်ပွဲစင်မြင့်ထက်မှာပဲ အစွမ်းနဲ့ ပြောမယ် ဆိုတဲ့သဘောလား "
မျောက်က မျက်နှာ မသာမယာဖြင့် ခေါင်းလှည့်လိုက်၏။
ကင်းမွန်ကြီးက ခေါင်းညိတ်၍ ဆက်ပြောသည်။
" ကောင်းပြီလေ ၊ ငါ မင်းနဲ့ တိုက်ခိုက်ဖို့ စောင့်နေမယ်။ လောထျန်းရဲ့ လက်အောက်က အစွမ်းအထက်
ဆုံး သားရဲ.. "
သူ ထိုသို့ ပြောပြီး ထွက်ခွာသွားတော့၏။
ထိုစဥ် ရှောက်ထျန်းလုံလေးက မျောက်အား ဒေါသူပုန် ထနေသည့် အကြည့်ဖြင့် ကြည့်၍ မျောက်၏အမြီးအား ခပ်ပြင်းပြင်း ဆွဲဆိတ်လိုက်သည်။
" အား.. "
မျောက်မှာ နာလွန်း၍ ထပင်ခုန်မိသွားပါ၏။
" ဘာလို့ ကျုပ်ကို ဆိတ်နေတာလဲဗျာ။ အဲ့စကားကို ကျုပ်ပြောတာမှ မဟုတ်တာ ၊ ဟိုလူ ပြောသွားခဲ့တာလေ "
မျောက်က နာနေသည့် မျက်နှာဖြင့် ပြန်ပြောလိုက်သည်။
" ဝု.. "
ရှောက်ထျန်းလုံလေးကမူ ဒေါသမပျယ်သေးသည့် မျက်နှာဖြင့် တစ်ဖက်လှည့်သွား၏။
လောထျန်းမှာ ထိုနှစ်ကောင်ကို ကြည့်ရင်း မနေနိုင်ဘဲ ပြုံးမိသွားတော့သည်။
" ကောင်လေး ၊ အရမ်းကြီး ဒေါသမထွက်ပါနဲ့ကွာ။ ခဏနေကျရင် မင်းအစွမ်းကို ပြဖို့ အခွင့်အရေး ရတော့မှာပါ "
လောထျန်း နှစ်သိမ့်လိုက်သည်။
ဤကောင်းကင်ဘုံနဂါး ပြိုင်ပွဲတွင် အစွမ်းထက်သော ပြိုင်ပွဲဝင်များ များစွာကျန်နေသေးသည် မဟုတ်ပါလား။
ရှောက်ထျန်းလုံလေးကလည်း သူ့စကားကို ကြားပြီး နောက်မှသာ မျက်နှာ ပြန်ပြေသွားပြီး မီးတောက်ယူနီကွန်း၏ အသားတုံးတစ်တုံးကို ယူ၍ အားရပါးရ ဆက်စားနေလိုက်၏။
တဖက်မှ တိုက်ပွဲစင်မြင့်ပေါ်တွင်ကား တိုက်ပွဲများ ဆက်ဖြစ်သွားခဲ့ပြီး မကြာမီမှာပင် ပြိုင်ပွဲ ပထမအဆင့် ပြီးဆုံးသွားခဲ့သည်။
လောထျန်းတို့လူစု အပါအဝင် အဖွဲ့ ၁၆ ဖွဲ့က နောက်တစ်ဆင့်သို့ တက်သွားခဲ့ပါ၏။
" သခင်လေး လောထျန်း ၊ ပြိုင်ပွဲ နောက်တစ်ဆင့်ကို ဆက်လုပ်လိုက်ကြမလားဗျာ "
ပွဲတလျှောက်လုံး လောထျန်းနားလေးတွင် ရှိနေသော ယွမ်ရှောက်မြို့စားကြီးက မေးလာသည်။
" ကောင်းပြီလေ ၊ ဆက်လုပ်ပါ။ နောက်တစ်ဆင့်မှာ အရင်ဆုံး ဝင်ပြိုင်ရမယ့် သူက ကျုပ်တို့ မဟုတ်လား။ ကျုပ် ပြိုင်ဘက်က ဘယ်သူလဲ "
လောထျန်း ပြန်မေးလိုက်၏။
နောက်ပြိုင်ရမည့် သူက သူတို့ ဆိုသည်ကို ကြားသည်နှင့် ရှောက်ထျန်းလုံလေး၏ မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် ဟင်းအိုးကြီးကို ပစ်ချ၍ တိုက်ပွဲစင်မြင့်ထက်သို့ အသည်းအသန် ပြေးတက်သွားလိုက်၏။
" ဝု.. "
သူ ညာသံပေး အော်ကာ ရက်စက်ကြမ်းကြုတ်သည့် အသွင်ဖြစ်အောင် ကြိုးစားဟန်ရေးပြလိုက်သည်။
သို့သော် သူ့အသွင်မှာ ကြောက်စရာ ဟုတ်မနေဘဲ
ချစ်စရာသာ ကောင်းနေပါ၏။
" ဝိုး.. အဲ့သားရဲလေးက ချစ်စရာကောင်းလိုက်တာ။ ဘယ်လိုသားရဲ အမျိုးအစားလဲ မသိဘူးနော်။ ငါလဲ တစ်ကောင်လောက် မွေးချင်လိုက်တာ "
" ငါရောပဲ "
အမျိုးသမီး အချို့ ဆိုလျှင် ရှောက်ထျန်းလုံလေးအား သဘောကျလွန်း၍ မျက်လုံးထဲ၌ ကြယ်များပင် ပေါ်လာသယောင်။
ရှောက်ထျန်းလုံလေးမှာမူ ၎င်းကို ကြည့်ရင်း မပျော်မရွှင် ဖြစ်သွားသည်။
သူသည် ကင်းမွန်ကြီး၏ စကားကို ကြားပြီးနောက် အစွမ်းထက်ကြောင်း ပြသကာ အားလုံးက ကြောက်ရွံ့ရသူတစ်ယောက် ဖြစ်ချင်ခဲ့ပါ၏။
သို့သော်.. ယခု ထိုအမျိုးသမီးများ၏ တုန့်ပြန်ပုံက သူ့အား ပိုစိတ်ဆိုးအောင် လုပ်နေသလိုပါပင်။
" ဟို.. သခင်လေး လောထျန်းရဲ့ ဒီတစ်ခေါက် ပြိုင်ဘက်က ယန်ချန်းလုံပါ။ ယန်ချန်းလုံ ၊ စင်ပေါ်ကို တက်လာခဲ့ပါ "
ယွမ်ရှောက် မြို့စားကြီးက အသံကျယ်ဖြင့် အော်ခေါ်လိုက်သည်။
ထိုတခဏတွင် အားလုံး၏ အကြည့်ကလည်း တိုက်ပွဲစင်မြင့် အဝင်ဝဘက်သို့ ရောက်သွားကြ၏။
သို့သော် အချိန်အတန်ကြာသွားသည့်တိုင် မည်သူမှ ထွက်မလာခဲ့ပါချေ။
" ဟင်.. ဘာတွေ ဖြစ်နေတာလဲ "
ယွမ်ရှောက်မြို့စားကြီး အံ့အားသင့်သွားရသည်။
ထိုစဥ်မှာပင် လူတစ်ယောက် အသည်းအသန် ပြေးထွက်လာ၏။
" မြို့စားကြီး ၊ ယန်ချန်းလုံက သူ့ပြိုင်ဘက်ဟာ လောထျန်းမှန်း သိပြီးတာနဲ့ အကြောက်လွန်ပြီး မေ့လဲကျသွားပါတယ် "
ထိုလူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ဘယ်လို.. အကြောက်လွန်ပြီး မေ့လဲသွားတယ် ဟုတ်လား "
ယွမ်ရှောက်မြို့စားကြီး အံ့သြမှင်သက်သွားရတော့၏။
၎င်းက မည်သို့သော အခြေအနေပါနည်း။
တိုက်ပွဲ မစရသေးခင်မှာပင် ကြောက်လွန်း၍ မေ့လဲသွားခဲ့သတဲ့လား။
သို့သော် သေချာ ပြန်တွေးကြည့်လိုက် ပြန်လျှင်လည်း သူ နားလည်ပေးနိုင်ပါသည်။
အစောပိုင်းတွင် လောထျန်း တိုက်ခိုက်သွားခဲ့သည့် ပုံက ကြောက်စရာ ကောင်းလွန်းလှသည် မဟုတ်ပါလား။
မသေမျိုးအဆင့်ရှိ မီးတောက်ယူနီကွန်းသည်ပင် အဆဲခံရပြီး သေသွားခဲ့သည်ဖြစ်ရာ...
ထိုသို့သော အစွမ်းထက် ကျင့်ကြံသူတစ်ယောက်နှင့်
မည်သူက ရန်သူ ဖြစ်ချင်ပါမည်နည်း။
ယန်ချန်းလုံက အမှန်တကယ် မေ့လဲသွားသည်လား ၊ မေ့လဲချင်ယောင် ဆောင်လိုက်သည်လား သူသေချာ မပြောနိုင်သည့်တိုင် .. ထိုသို့ လုပ်လိုက်ခြင်းက ဘေးအကင်းဆုံးပါပင်။
" သခင်လေး လောထျန်း ၊ ပြိုင်ဘက်က မတိုက်ခိုက်နိုင်ဘူး ဆိုတော့ စည်းမျဥ်းတွေအရ သခင်လေး နောက်တစ်ဆင့်ကို တက်သွားပါပြီ "
ယွမ်ရှောက်မြို့စားကြီးက သတိထား၍ ပြောလိုက်သည်။