နဂါးလေး၏ မီးတောက်
Vol. 31 Ch. 430
မြွေဖြူကြီးသည် ထျန်းယွမ်ကမ္ဘာ၌ လှည့်ပတ်သွားလာနေခဲ့သည်မှာ ကြာလှပြီ ဖြစ်သဖြင့် သားရဲပေါင်း အမျိုးစုံအောင် တွေ့ဖူးပါ၏။
သူ့ကို တွေ့သည်နှင့် ကြောက်ရွံ့သွားကြသော သားရဲများအား သူ တွေ့ဖူးသလို..
ဒေါသထွက်သွားသော သားရဲများကိုလည်း တွေ့ဖူးခဲ့ပါသည်။
သို့သော် သူ့ကို ကြည့်ရင်း သွားရည်ကျနေသော သားရဲကိုမှ ယခုမှသာ ပထမဆုံး တွေ့ဖူးခြင်းပင်။
မြွေဖြူမှာ အိုးထဲတွင် ရှိနေသော မီးတောက်ယူနီကွန်း၏ အသားကို ကြည့်ရင်း ပိုစိတ်ရှုပ်သွားရပါ၏။
ထိုကောင်လေးက သူ့ကို စားချင်နေပါသလား။
အခြားပုံမှန် အခြေအနေတွင် ဆိုပါက သူ ရှောက်ထျ
န်းလုံလေးအား တိုက်ခိုက်ပြီးသည်မှာ ကြာနေလောက်လေပြီ။
သို့သော် ယခုတွင် လောထျန်းကဲ့သို့ ဘီလူးတစ်ကောင်က ဒိုင်လူကြီးအဖြစ် တာဝန်ယူနေခြင်း ဖြစ်သဖြင့် သူ မည်သို့မှမတတ်နိုင်ဘဲ မျက်နှာသာ လွဲလိုက်ရသည်။
ထိုအချိန်တွင် အာရှနဂါးမျိုးနွယ်စုမှ အကြီးဆုံးသားရဲမှာ စင်ပေါ်တွင် တိုက်ခိုက်ရန် အသင့်ပြင်နေပြီ ဖြစ်သည်။
" လာတိုက်ခိုက်စမ်း "
၎င်းက ဒေါသတကြီး အော်လိုက်၏။
မြွေဖြူ နှုတ်ခမ်းမဲ့သွားကာ သူ့ရင်ထဲတွင် ဒေါသလှိုင်းများ လိပ်တက်လာသည်။
သူ အနည်းငယ်လည်း စိတ်ရှုပ်နေရပါသည်။
ယနေ့ ဘာတွေ ဖြစ်နေပါသနည်း။
ရှောက်ထျန်းလုံလေးက သူ့ကို ကြည့်ကာ သွားရည်ကျသည်ကို သူ သည်းခံနိုင်သေးသော်လည်း.. ယခု သူ့ရှေ့မှ သားရဲကပါ သူ့ကို စိန်ခေါ်ရဲနေသတဲ့လား။
" ဝေးဝေးကို ထွက်သွားစမ်း ။ မင်းက ငါ့အတွက် ပြိုင်ဘက် မဟုတ်ဘူး "
မြွေဖြူက အေးစက်စက် ပြောလိုက်သည်။
သို့သော် တဖက်မှ သားရဲက သူ့စကားကို လုံးဝ ဂရုမစိုက်ဟန်ဖြင့် အေးစက်စက် ပြန်ပြောလာ၏။
" ငါက မင်းပြိုင်ဘက် ဟုတ်ဟုတ် မဟုတ်ဟုတ် သိချင်ရင် အရင်ဆုံး တိုက်ခိုက်ရမှာ မဟုတ်ဘူးလား "
မြွေဖြူ မျက်မှောင်အနည်းငယ် ကြုံ့သွားကာ တဖက်သားရဲအား မသေမျိုးအစွမ်း ထုတ်လွှတ်၍ ဖိနှိပ်လိုက်သည်။
ဝုန်း..
ချက်ချင်းမှာပင် တဖက်သားရဲပေါ်သို့ ကြောက်မက်ဖွယ် ဖိအားတစ်ခု ကျလာ၏။
ပုံမှန်ဆိုလျှင် မသေမျိူးတစ်ယောက် မဟုတ်ပါဘဲ မသေမျိုးအစွမ်း ဖိအားကို ခုခံရန် မဖြစ်နိုင်ပါချေ။
မသေမျိုးအစွမ်း အနည်းငယ်မျှသည်ပင် ကောင်းကင်ဘုံ တံခါးဝအဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်အား ဖိနှိပ်ရန် လုံလောက်ပါသည်။
ထို့ကြောင့် တဖက်သားရဲ ရှုံးနိမ့်သွားလိမ့်မည်ဟုသာ မြွေဖြူ တွက်ထား၏။
သို့သော်.. ထိုအချိန်မှာပင် အာရှနဂါး မျိုးနွယ်စုမှ အကြီးဆုံးသားရဲက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ညာသံပေး အော်ဟစ်လိုက်သည်။
ထိုအော်သံထဲ၌ နဂါးအစွမ်း အငွေ့အသက်အချို့ပင် ပါနေသေးပါ၏။
ထိုနဂါးအစွမ်းမှာ ကြောက်စရာ ကောင်းလွန်းလှပြီး မသေမျိုးအစွမ်းအား တဖြည်းဖြည်းချင်း တွန်းလှန်လိုက်သဖြင့် သူ ပြန်လှုပ်ရှားနိုင်သွားသည်။
" ငါ့လက်သီးကို ယူစမ်းကွာ "
သားရဲက အံကြိတ်၍ မြွေဖြူဆီသို့ ပြေးဝင်သွား၏။
မြွေဖြူမှာ စစချင်း အနည်းငယ် အံ့အားသင့်သွားသော်လည်း လှောင်ပြုံးဖြင့် ပြန်ပြောလိုက်သည်။
" ငါက ဘာများလဲလို့ တွေးနေတာ.. လက်စသတ်တော့ နဂါးမျိုးနွယ်စု အခွဲတစ်ခုက ဖြစ်နေတာပဲ။ ဒါပေမယ့် မင်းက နဂါးမျိုးနွယ်စုရဲ့ အခွဲတစ်ခုက သားရဲတစ်ကောင် မဟုတ်ဘဲ နဂါးအစစ်တစ်ကောင် ဖြစ်နေရင်တောင် ငါ့ရှေ့မှာ မောက်မာပြနေဖို့ လုံလောက်တဲ့အစွမ်း မရှိဘူးကွ "
မြွေဖြူ၏ စကားဆုံးသည်နှင့် သူ့ကိုယ်မှ လေအေးတစ်ခု ထွက်ပေါ်လာပြီး တဖက်သားရဲဆီသို့ တိုးဝင်သွား၏။
" ဘာကွ.. ငါ့ရှေ့က ဖယ်စမ်း "
သားရဲက ဒေါသတကြီး အော်ကာ လေအေးအား လက်သီးဖြင့် ထိုးလိုက်သည်။
သို့သော်.. ပြီးနောက်တွင်မူ သူ့ခန္ဓာကိုယ်က
လေအေးကြောင့် အေးခဲသွားပြီး ရေခဲတုံးကြီး တစ်ခုအဖြစ် ပြောင်းသွားကာ တောင့်တောင့်ကြီး ရပ်လျက်သား ရှိနေတော့၏။
" အကိုကြီး "
" အကိုကြီး... "
၎င်းကို မြင်လိုက်ရသော ဒုတိယနှင့် တတိယသားရဲတို့၏ မျက်လုံးများ ချက်ချင်း နီသွားကြသည်။
ဝုန်း... ဝုန်း...
သူတို့ကိုယ်မှ ကြောက်မက်ဖွယ် အရောင်အဝါ နှစ်ခု တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာကြ၏။
မြွေဖြူက ၎င်းကို ကြည့်ရင်း လှောင်ပြုံးဖြင့် ဆိုသည်။
" မင်းတို့က မျိုးနွယ်စု တစ်ခုတည်းကတွေလား။ ဒါဆို အတူတူ လာတိုက်ခိုက်ကြလေ "
ဒုတိယနှင့် တတိယမြောက် သားရဲတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရှေ့သို့
တစ်ပြိုင်နက်တည်း ပြေးသွားလိုက်ကြသည်။
" နဂါးဒေါသ သိုင်းကွက် "
" နဂါး ရူးသွပ်သိုင်းကွက် "
ထိုနှစ်ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး သူတို့၏ အနောက်ဘက်တွင်လည်း နဂါးအရိပ်များ ကိုယ်စီ စုစည်းသွားကာ မြွေဖြူဆီသို့ တိုးဝင်သွားကြသည်။
သို့သော်..
ထိုနှစ်ယောက်မှာ မြွေဖြူနှင့် သုံးပေအကွာသို့ ရောက်သည်နှင့် ရုတ်ချည်း ရပ်တန့်သွားကြ၏။
ထို့နောက်တွင်ကား သားရဲနှစ်ကောင်လုံး အေးခဲနေသည့် ရေခဲရုပ်ထုများအဖြစ် ပြောင်းသွားကြတော့သည်။
" ဟမ့်.. နဂါးမျိုးနွယ်ရဲ့ အခွဲတစ်ခုက သားရဲ လုပ်နေပြီးတော့ ငါ့ရှေ့မှာ လာမောက်မာရဲနေသေးတယ်။ ငါ့
ဘဝမှာ အကြီးဆုံး နောင်တက နဂါးမျိုးနွယ်စု ကျရှုံးသွားတာကို မမြင်လိုက်ရတာပဲကွ။ ငါသာ အဲ့ခေတ်မှာ မွေးလို့ကတော့ သာမာန် နဂါးမျိုးနွယ်တွေ မပြောနဲ့ ၊ ကောင်းကင်ဘုံနဂါးတစ်ကောင် ဖြစ်နေရင်တောင်မှ ငါနဲ့ ကျင့်ကြံခြင်းအဆင့် တူနေသရွေ့ ငါ အနိုင်ယူနိုင်တယ် "
မြွေဖြူက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ဆိုလိုက်သည်။
သူ့စကား ဆုံးသည်နှင့် လူအုပ်ကြား ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
" ဒီ မြွေကြီး ပြောတဲ့စကားက မောက်မာလွန်းရာ ကျမနေဘူးလားကွာ။ ကောင်းကင်ဘုံနဂါး တစ်ကောင်ကိုတောင် အနိုင်ယူဦးမယ်တဲ့ "
" ငါထင်တာတော့ သူက ကောင်းကင်ဘုံနဂါး တစ်ကောင်ကို အနိုင်မယူနိုင်ရင်တောင် သာမာန် နဂါးအစစ်တွေကိုတော့ အနိုင်ယူနိုင်မယ် ထင်တယ်ကွ။ ဒီမြွေဖြူက ထူးခြားတဲ့ မှော်သားရဲမျိုးစိတ်ထဲမှာ ပါတာ မင်းတို့လဲ သိတာပဲ "
" အမှန်ပဲ။ သူ့ရဲ့ သွေးအစွမ်းကလဲ တော်တော်လေး ရှားတဲ့အထဲ ပါတယ်။ နဂါးမျိုးနွယ်စုက အဲ့လို အစွမ်းထက်တဲ့ သားရဲတစ်ကောင်နဲ့ ရင်ဆိုင်ဖို့ မဖြစ်နိုင်လောက်ဘူး "
အားလုံး ထင်ရာ ပြောလိုက်ကြသည်။
မြွေဖြူကြီးမှာ ထိုစကားများကို နားထောင်ရင်း ကျေနပ်နေပါ၏။
သူတို့ မြွေမျိုးနွယ်စုသည် နဂါးမျိုးနွယ်စုနှင့် မသင့်မြတ်ဆုံးထဲတွင် ပါသည်ဟု ပြော၍ ရပါသည်။
ဤ ကမ္ဘာကြီးတွင် နဂါးမျိုးနွယ်စု မျိုးတုန်းလုနီးပါး ဖြစ်နေသည်မှာ သနားစရာပါပင်။
လက်ရှိတွင် အစွမ်းထက်သော နဂါးအချို့ ကျန်နေသေးသည့်တိုင် ၎င်းတို့က လူများရှေ့ မထွက်ဘဲ ပုန်းအောင်းနေကြသည်သာ များပါ၏။
သို့သော် တစ်ခါတရံတွင်မူ ထိုနဂါးများက လူရှေ့သို့ ထွက်လာတတ်ကြသည်။
မည်သို့ပင်ဆိုစေ ၊ နဂါးမျိုးနွယ်စုမှာ သူ့အတွက် ပြိုင်ဘက် မဟုတ်ပါ။
ထို့ကြောင့်လည်း အာရှနဂါးမျိုးနွယ်စုမှ သားရဲသုံးကောင်ကို တွေ့စဥ်တွင် သူ ထိုစကားများအား တမင်ပြောလိုက်ခြင်း ဖြစ်၏။
သို့သော်.. တိုက်ပွဲစင်မြင့် အောက်နားလေးတွင် ရှိနေသော ကောင်လေးက သူ့စကားကို ကြားပြီး ဒေါသထွက်သွားသည်ကိုမူ သူ မသိပါချေ။
" ဝု.. "
ဟင်းအိုးဘေးတွင် ရှိနေသော ရှောက်ထျန်းလုံလေးက ရုတ်တရက် တိုက်ပွဲစင်မြင့်ပေါ်သို့ လှစ်ခနဲ ခုန်တက်သွားပြီး မြွေဖြူအား လက်ညိုးထိုး၍ ခြေဟန်လက်ဟန်ဖြင့် စကားပြောလိုက်သည်။
ရှောက်ထျန်းလုံ ပြောသွားသည့် အဓိပ္ပါယ်ကို မည်သူမှ နားမလည်လိုက်သော်ငြား..
ထိုကောင်လေးက ဆဲရေးနေခြင်း ဖြစ်ရမည်ဟု အားလုံး တွေးမိလိုက်ကြ၏။
အဘယ့်ကြောင့်ဆိုသော် သူ့မျက်နှာက ဒေါသထွက်နေပုံ ရပြီး လက်ခလယ် တစ်ချောင်းကိုလည်း ထောင်ပြသွားခဲ့သောကြောင့်ပင်။
" ဟင်.. "
မြွေဖြူမှာ ရှောက်ထျန်းလုံကို ကြည့်ရင်း ၎င်း၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
သို့သော် လောထျန်းထံမှ အကြည့်ကို ခံစားမိလိုက်သဖြင့် သူ ချက်ချင်း ဒေါသကို ထိန်းချုပ်လိုက်ရ၏။
" သခင်လေး လောထျန်း ၊ ဒီပွဲမှာ ကျုပ် နိုင်သွားပြီလား "
မြွေဖြူက ရှောက်ထျန်းလုံအား လျစ်လျူရှုပြီး လောထျန်းဘက်လှည့်ကာ မေးလိုက်သည်။
လောထျန်းက ခေါင်းညိတ်ပြ၍ ပြန်ပြော၏။
" ဒါပေါ့ "
မြွေဖြူက ခေါင်းညိတ်လိုက်သည်။
" ကျေးဇူးတင်ပါတယ် သခင်လေး လောထျန်း ။ ဒီ သုံးကောင်က သခင်လေးနဲ့ သိတဲ့ပုံ ဆိုတော့ သူတို့ကိုယ်က ရေခဲတွေကို ကျုပ် ပြန်ဖယ်ပေးပါ့မယ် "
သူ ပြောပြောဆိုဆိုပင် လက်မြှောက်၍ လှုပ်ရှားရန် ပြင်လိုက်၏။
သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြောလာသည်။
" အဲ့လို လုပ်ဖို့ မလိုဘူး "
" ဟင်.. "
မြွေဖြူ အံ့သြမှင်သက်သွားရသည်။
ထိုစဥ် လောထျန်းက ရှောက်ထျန်းလုံလေးဘက် လှည့်၍ ပြော၏။
" ကောင်လေး ၊ အဲ့သုံးကောင်က မင်းရဲ့ နောက်လိုက်တွေလေ။ အဲ့တော့ သူတို့ကို မင်းကိုယ်တိုင်ပဲ ကယ်တင်ပေးသင့်တာပေါ့ "
" ဝု.. "
ရှောက်ထျန်းလုံမှာ လောထျန်းစကားကြောင့် အံ့အားသင့်သွားပြီး သူ့ကိုယ်သူ လက်ညိုးထိုး၍ နားမလည်နိုင်ဟန်ဖြင့် အသံပေးလိုက်သည်။
ထိုသားရဲ သုံးကောင်အား မည်သို့ ကယ်တင်ပေးရမည်ကို သူ မသိသည်မှာ အထင်ရှားပင်။
လောထျန်းက အပြုံးဖြင့် ပြော၏။
" မင်း ခုနက စားထားတဲ့ မီးတောက်ကို ပြန်သုံးလိုက်လေ "
လောထျန်းစကားကို ကြားပြီးနောက်တွင်မူ ရှောက်ထျန်းလုံလေး၏ မျက်လုံးများ အရောင်လက်သွားတော့သည်။ ထို့နောက် သူ နောက်လှည့်ကာ သားရဲသုံးကောင်ထဲမှ အကြီးဆုံး ရှိနေသည့်ဘက်သို့ သွားလိုက်၏။
ထိုမြင်ကွင်းကို ဘေးမှ ကြည့်နေသော မြွေဖြူ မျက်မှောင်ကြုံ့သွားသည်။
" သခင်လေး လောထျန်း ၊ ကျုပ် တစ်ခုတော့ သတိပေးချင်တယ်။ ကျုပ်ရဲ့ ရေခဲငွေ့တွေက သာမာန် မဟုတ်ဘူးနော်။ အဲ့ရေခဲတွေကို သာမာန်
မီးတောက်မျိုးနဲ့ အရည်ပျော်အောင် မလုပ်နိုင်ဘူးဗျ... "
သူ လောထျန်းနှင့် ရန်စ မရှည်လိုသဖြင့် ထိုသို့ သတိပေးလိုက်ခြင်း ဖြစ်ပါသည် ။
သူ ပြောသွားခဲ့သည့် စကားများကလည်း အမှန်ဖြစ်ပါ၏။ သူ့ သွေးအစွမ်းမှာ အလွန်မာကျောလှသော ရေခဲအစွမ်း တစ်ခုပင်။
ထို့ထက်ပိုဆိုးသည်မှာ သူသည် မသေမျိုးအဆင့်သို့ ရောက်ထားပြီး ဖြစ်သဖြင့် မသေမျိုးအစွမ်းနှင့်သာ ပေါင်းစပ်လိုက်ပါက ကောင်းကင်ဘုံ တံခါးဝအဆင့်မှ အစွမ်းထက် ကျင့်ကြံသူများသည်ပင် ထို ရေခဲအစွမ်းကို မခုခံနိုင်ကြချေ။
သို့သော် ထိုအချိန်မှာပင်..
ဝုန်း..
ရှောက်ထျန်းလုံလေးက အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး ပါးစပ်ကျယ်ကျယ် ဟ၍ အေးခဲနေသော
သားရဲ၏ ကိုယ်အား မီးတောက်များဖြင့် မှုတ်ထုတ်လိုက်တော့သည်။
" ဟင် "
မြွေဖြူမှာ ၎င်းကို ကြည့်ရင်း အံ့သြမှင်သက်သွား၏။
သူ အံ့အားသင့်သွားရသည့် အကြောင်းရင်းလည်း နှစ်ချက် ရှိပါသည်။
ပထမ တစ်ချက်မှာ ရှောက်ထျန်းလုံလေး မှုတ်ထုတ်ခဲ့သည့် မီးတောက်က သာမာန် မီးတောက်မျိုး ဟုတ်မနေသောကြောင့်ပင်။
ထို ကြောက်မက်ဖွယ် မီးတောက်များက အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သူ့ကိုပင် ကြောက်လန့်အောင် လုပ်နိုင်စွမ်း ရှိနေပါ၏။
သို့သော် သူ့ကို ပို၍ အံ့သြတုန်လှုပ်သွားစေသည်မှာ ဒုတိယအချက် ဖြစ်ပါသည် ။
အဘယ့်ကြောင့်ဆိုသော် ရှောက်ထျန်းလုံလေး မှုတ်
ထုတ်လိုက်သော မီးတောက်အား သူ ရင်းရင်းနှီးနှီး သိနေသောကြောင့်ပါပင် ။
" အဲ့ဒါ... မီးတောက်ယူနီကွန်းရဲ့ သဘာဝမီးတောက် အစစ်လား ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ။ သူ့မှာ ဘယ်လိုလုပ်ပြီး အဲ့မီးတောက် ရှိနေရတာလဲ "
မြွေဖြူမှာ အလွန် အံ့သြတုန်လှုပ်သွားတော့သည်။