ထပ်အရှုံးပေးခြင်း
Vol. 31 Ch. 432
ထိုသူမှာ မထင်မရှား ဂိုဏ်းတစ်ခုမှ အဘိုးအိုတစ်ဦး ဖြစ်ပါသည်။
ထိုသူသည် ပြိုင်ပွဲ၏ အစောပိုင်းအဆင့်များတွင် အခြေအနေ သိပ်မကောင်းလှဘဲ တိုက်ပွဲတစ်ခုစီတိုင်းကို ခက်ခက်ခဲခဲသာ အနိုင်ရခဲ့ပါ၏။
ထို့ကြောင့် အစောပိုင်းတွင် သူ့အား မည်သူကမှ ဂရုမစိုက်ခဲ့ကြချေ။
သို့သော် ပြီးခဲ့သည့် နောက်ဆုံးတိုက်ပွဲတွင်ကား သူ ပြဿနာကြီးကြီးနှင့် ကြုံခဲ့ရသည်။
ထိုပွဲတွင် သူ့ပြိုင်ဘက်အဖွဲ့မှာ နတ်ဘုရားအဆင့်နီးပါး သားရဲသုံးကောင်ဖြစ်ပြီး ၎င်းတို့အားလုံးကလည်း ကောင်းကင်ဘုံ တံခါးဝအဆင့် ရှိထားကြ၏။
ထိုအထဲမှ တစ်ကောင်တည်းဖြင့်ပင် အဘိုးအို၏ တိုက်ပွဲဝင်သားရဲ နှစ်ကောင်ကို အလွယ်တကူ အနိုင်ယူသွားခဲ့ပါသည်။
အားလုံးက အဘိုးအို ရှုံးပြီဟု ထင်နေစဥ်မှာပင် အဘိုးအိုက သူ၏ နောက်ဆုံး တိုက်ပွဲဝင်သားရဲကို ခေါ်ထုတ်ခဲ့သည်။
ထိုသားရဲမှာ နတ်ဘုရားသားရဲတစ်ကောင် မဟုတ်သလို နတ်ဘုရားအဆင့်နီးပါး သားရဲလည်း မဟုတ်ပါချေ။
သို့သော် ထိုသားရဲ၏ ကျင့်ကြံခြင်း အဆင့်မှာကား မသေမျိုးအဆင့် ဖြစ်ပါသည်။
တဖက်မှ နတ်ဘုရားအဆင့် နီးပါး သားရဲများမှာ မသေမျိုးအဆင့် အစွမ်းထက်သားရဲနှင့် ရင်ဆိုင်ရသည့်အခါ လုံးဝ အသုံးမဝင် ဖြစ်သွားခဲ့ပါ၏။
ထိ့ကြောင့် အဘိုးအိုက ပြိုင်ပွဲနောက်တစ်ဆင့်သို့ အလွယ်တကူပင် တက်သွားနိုင်ခဲ့သည်။
ဤသို့ဖြင့် သူ ပြိုင်ပွဲ၏ ထိပ်ဆုံးအဆင့် ၄ နေရာအတွင်းသို့ ဝင်သွားခဲ့ခြင်း ဖြစ်၏။
" သခင်လေး လောထျန်း ၊ အရင်ဆုံး ခဏလောက် အနားယူချင်လားဗျ "
လောထျန်းဘေးနားတွင် နေနေသော ယွမ်ရှောက်မြို့စားကြီးက နဖူးမှ ချွေးကိုသုတ်ရင်း မေးလိုက်သည်။
သူ အနည်းငယ်လည်း စိုးရိမ်စိတ် ဖြစ်နေပါ၏။
သခင်ကြီးလွေ့နန်က လောထျန်းကို အချိန်ဆွဲရန်အတွက် သူ့အား တာဝန်ပေးထားသည် မဟုတ်ပါလား။
သို့သော် ကောင်းကင်ဘုံနဂါး ပြိုင်ပွဲက သူမျှော်လင့်ထားသလို မဟုတ်ဘဲ အလွန်မြန်နေသဖြင့် စီစဥ်ထားသည်နှင့် လွဲကုန်ပါတော့သည် ။
ထို့ကြောင့်လည်း လောထျန်းအား အနားယူရန် သူ နားချနေခြင်း ဖြစ်သည်။
သို့သော် လောထျန်းက ခေါင်းယမ်း၍သာ ပြန်ပြောလာ၏။
" မနားတော့ပါဘူးဗျာ ၊ ပြိုင်ပွဲကိုပဲ မြန်မြန်ဆက်လုပ်
ကြတာပေါ့။ အခု ပြိုင်ရမှာက ကျုပ်တို့အဖွဲ့ မဟုတ်လား "
ယွမ်ရှောက်မြို့စားကြီး မျက်မှောင်ကြုံ့ရင်း ခေါင်းညိတ်ပြလိုက်ရသည်။
" မှန်ပါတယ် "
ထိုစကားကို ကြားသည်နှင့် လောထျန်းက မည်သို့မှ မတုန့်ပြန်ရသေးခင်မှာပင်.. အသက်မဲ့နေသော ရှောက်ထျန်းလုံလေး၏ မျက်လုံးများ ရုတ်ချည်း အရောင်လက်သွား၏။
" ဝု "
သူ ဝမ်းသာအားရ အော်ကာ စင်ပေါ်သို့ ဝုန်းခနဲ ပြေးတက်သွားပြန်သည်။
ပြီးခဲ့သည့် ကြားထဲတွင် သူ စိတ်ထိန်းပြီး နေနေခဲ့ရသည်မှာ သိသာပါ၏။
ယွမ်ရှောက်မြို့စားကြီးမှာလည်း ၎င်းကိုကြည့်ကာ မည်သို့မှ မတတ်နိုင်ဘဲ အသံကျယ်ဖြင့် ကြေငြာ
လိုက်ရသည်။
" သခင်လေး လောထျန်းနဲ့ ယှဥ်ပြိုင်တိုက်ခိုက်ရမယ့် ပြိုင်ဘက် ၊ ယွိချင်ရွှမ်ကို တိုက်ပွဲစင်မြင့်ပေါ် တက်လာဖို့ ဖိတ်ခေါ်ပါတယ် "
သူ့စကားသံ ဆုံးသည်နှင့် ပွဲကြည့်စင်တလျှောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။
" အစောကြီး တိုက်ခိုက်ကြတော့မှာလား။ လောထျန်းနဲ့ ယွိချင်ရွှမ် ဆိုရင် ဘယ်သူနိုင်မလဲ မသိဘူး "
" ငါထင်တာတော့ ယွိချင်ရွှမ်ဘက်က အနိုင်ရနိုင်ချေ ပိုများမယ် ထင်တယ်"
" ဘာဖြစ်လို့လဲ "
" ဘာဖြစ်ရမှာလဲကွ၊ မင်း မတွေ့လိုက်ဘူးလား။ ယွိချင်ရွှမ်ရဲ့ လက်အောက်က သားရဲတွေထဲမှာ အစွမ်းအထက်ဆုံးသားရဲက မသေမျိုးအဆင့် ရှိတာလေ။ အဲ့သားရဲမှာ နတ်ဘုရားသွေး မရှိပေမယ့် ကျင့်ကြံခြင်းအဆင့်က အဲ့လောက်ကောင်းနေတာ။ လောထျန်းလက်အောက်က သားရဲတွေထဲမှာ မျောက်က
အစွမ်းအထက်ဆုံး ဆိုတာ သံသယဝင်စရာတောင် မလိုဘူး။ အဲ့မျောက်က တကယ်လဲ အစွမ်းထက်ပါတယ်။ ဒါပေမယ့် မသေမျိုးအဆင့်က အစွမ်းထက် သားရဲတစ်ကောင်နဲ့ ရင်ဆိုင်ဖို့တော့ မလုံလောက်သေးဘူးကွ "
" ဒါပေမယ့် လောထျန်းလက်အောက်မှာ ပိုအစွမ်းထက်တဲ့သားရဲ ရှိသေးတယ် ဆိုရင်ရော "
" ပိုအစွမ်းထက်တယ် ဟုတ်လား ၊ ဘယ်သားရဲကို ပြောချင်တာလဲ။ ဟို မိုးကြိုးသားရဲလား.. ။ အခု တိုက်ပွဲစင်ပေါ် ရောက်နေတဲ့ ကောင်လေးကို ပိုအစွမ်းထက်တယ်လို့တော့ မထင်ဘူး မလား "
" ဟား ဟား သူပြောတာ မှန်တယ်ကွ။ အဲ့ကောင်လေးက ပါရမီထူးပြီး ရွှေဖားကြီးကို အနိုင်ယူခဲ့တယ် ဆိုပေမယ့် သူ့အစွမ်းက အကန့်သတ် ရှိတယ်။ လက်ရှိမှာ သူ့အစွမ်းက မသေမျိုးအဆင့်က သားရဲတစ်ကောင်ကို တိုက်ဖို့ မပြောနဲ့ ၊ မျောက်ကိုတောင် မမှီသေးဘူး "
" အမှန်ပဲ "
လူများက ထင်ရာကို ပြောဆိုလိုက်ကြသည်။ ရှောက်ထျန်းလုံလေးမှာလည်း ထိုစကားများကို ကြားသွားပါ၏။
သူ့မျက်နှာ ချက်ချင်း ညိုသွားကာ တိုက်ပွဲစင်မြင့်ဘေးတွင် ရှိနေသော မျောက်အား လှည့်ကြည့်လိုက်သည်။
ထိုစဥ် ဟင်းအိုးထဲမှ အသားတုံးတစ်ခုကို ယူ၍ အားရပါးရ ကိုက်စားနေသော မျောက်မှာလည်း ရှောက်ထျန်းလုံလေး၏ အကြည့်ကို သတိထားမိကာ တုန်သွားသည်။
" အဲ့လူတွေက ဘာမှ မသိဘဲ ေလျှာက်ပြောနေကြတာ။ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူးနော် "
သူ မြန်မြန်ပင် ရှင်းချက်ထုတ်လိုက်ရသည်။
ရှောက်ထျန်းလုံလေး ဒေါသူပုန် ထပြီး သူ့အား ရိုက်နှက်လာမည်ကို သူ အမှန်တကယ်ပင် ကြောက်လှပါ၏။
သို့ဆိုလျှင် သူ့အတွက် တရားမည် မဟုတ်ပေ။
ရှောက်ထျန်းလုံလေး မျက်ခုံးပင့်သွားကာ အသက်ပြင်းပြင်း တစ်ချက် ရှိုက်၍ မျက်နှာလွဲလိုက်သည်။ ထို့နောက် ပြိုင်ဘက်သားရဲများ ဝင်လာမည့် ဝင်ပေါက်ဘက်သို့သာ အာရုံပြောင်းလိုက်ပြီး သူ့ နာမည်ဆိုးကို ချေဖျက်ရန် အသင့်စောင့်နေလိုက်၏။
ထိုစဥ်မှာပင် ဝင်ပေါက်ဘက်မှ အဘိုးအို ယွိချင်ရွှမ်တစ်ယောက် ဖြည်းညင်းစွာ လျှောက်လာသည်။
" ထွက်လာပြီဟေ့.. ထွက်လာပြီ။ မသေမျိုးအဆင့်က သားရဲတစ်ကောင် တိုက်ခိုက်တာကို မြင်ရတော့မယ် "
" လောထျန်းရဲ့ သားရဲက အစွမ်းနိမ့်လွန်းနေတော့ ဟိုကောင်ကြီး အစွမ်းပြည့် သုံးတာကို မြင်ရမှာ မဟုတ်ဘူး ။ နှမျောစရာကြီးကွာ "
" ဘယ်လိုပဲ ဖြစ်ဖြစ် သူ့အစွမ်းကို တွေ့တော့ တွေ့ရမှာပဲလေကွာ "
အားလုံးက ထင်ရာ ပြောလိုက်ကြပြန်၏။
ထိုအချိန်တွင် ရှောက်ထျန်းလုံလေးကလည်း ယွိချင်ရွှမ် အား လက်ညိုးထိုး၍ ဒေါသတကြီး အသံပေးလာသည်။
" ဝု.. "
အဘိုးအို ယွိချင်ရွှမ်မှာ ရှောက်ထျန်းလုံလေး၏ အမူအရာကြောင့် ရုတ်တရက် ကြောင်သွားပြီးမှ လောထျန်းဘက် လှည့်၍ နှုတ်ဆက်စကား ဆိုလိုက်သည်။
" သခင်လေး လောထျန်းကို ကျုပ် ယွိချင်ရွှမ်က လေးလေးစားစား နှုတ်ဆက်ပါတယ် "
လောထျန်းက အဘိုးအိုအား ခေါင်းညိတ်ပြ၍ ပြန်ပြောသည်။
" သခင်ကြီးက အရမ်း ယဥ်ကျေးလွန်းနေပါပြီ။ အခုလောလောဆယ်က ပြိုင်ပွဲဆိုတော့ စည်းမျဥ်းတွေအတိုင်း လိုက်နာပြီး အဆုံးဖြတ် မြန်မြန်ပေါ်အောင်ပဲ လုပ်ကြတာပေါ့ဗျာ။ အခု ခင်ဗျားရဲ့ တိုက်ပွဲဝင်သားရဲကို လွှတ်လိုက်ပါ "
လောထျန်းက အချိန်မဆွဲလိုသဖြင့် ခပ်မြန်မြန်ပင်
လောလိုက်သည်။
စင်မြင့်ပေါ်မှ ရှောက်ထျန်းလုံလေးကလည်း အသည်းအသန် ခေါင်းညိတ်၏။
သူ့အစွမ်း မည်မျှရှိသည်ကို အခြားသူများ သိသွားအောင် အလွန်ပြချင်နေပြီ မဟုတ်ပါလား။
သို့သော် မျှော်လင့်မထားစွာပင် ယွိချင်ရွှမ်က လက်ကာပြပြီး ပြောလာသည်။
" သခင်လေး လောထျန်း ၊ ကျုပ်က ဒီ ပြိုင်ပွဲကရမယ့် နဂါးမျိုးနွယ်ရဲ့ ရတနာကို စိတ်မဝင်စားပါဘူးဗျာ။ ကျုပ် ဒီ ကောင်းကင်ဘုံနဂါးပြိုင်ပွဲကို ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်က ထိပ်ဆုံးအဆင့် ၄ အတွင်းက ဆုကို ရချင်လို့ပဲဗျ။ အခု ကျုပ်လိုချင်တာလဲ ရသွားပြီဆိုတော့ ဆက်ပြီး တိုက်ခိုက်ဖို့ ဆန္ဒမရှိတော့ပါဘူး။ ဒါ့ကြောင့်မို့ ကျုပ် ဒီပွဲကို အရှုံးပေးပါတယ် "
သူ့စကားဆုံးသည်နှင့် ပွဲကြည့်စင်ပေါ်ရှိ လူအုပ်ထံမှ တစ်ယောက်တစ်ပေါက် စကားသံများ ထွက်လာ၏။
" ဘာတွေ ဖြစ်သွားတာလဲ ၊ အရှုံးပေးလိုက်တာ
လား။ ယွိချင်ရွှမ်က တကယ်ကြီး အရှုံးပေးလိုက်တာလား "
" ဒီရလဒ်ကို လုံးဝ မမျှော်လင့်ထားမိဘူးကွာ။ သူ့သားရဲက အစွမ်းမှာ ဒီလောက်သာနေတာကို "
" သူက နဂါးမျိုးနွယ်ရဲ့ ရတနာကို စိတ်မဝင်စားဘူးလို့ ပြောသွားတာ မင်း မကြားလိုက်ဘူးလား "
" ငါထင်တာတော့ ဒီတိုင်း အကြောင်းပြချက် လျှောက်ပေးတာနဲ့ တူပါတယ်ကွာ။ သူက လောထျန်းရဲ့ အစွမ်းကို ကြောက်ပြီးတော့ လောထျန်းနဲ့ ရန်ညိုးရှိသွားမှာ ကြောက်လို့ပဲ ထင်တယ် "
" ငါလဲ အဲ့လိုပဲ တွေးတယ်။ လက်ရှိအခြေအနေမှာဆို သူ လောထျန်းရဲ့ သားရဲတွေကို အနိုင်ယူနိုင်ရင်တောင် ဟို တောင်ပိုင်းက မြွေဖြူကြီးကိုတော့ နိုင်မှာ မဟုတ်ဘူး။ ဒီတော့ နောက်ဆုံး နဂါးမျိုးနွယ်ရဲ့ ရတနာကို မရမယ့်အပြင် လောထျန်းလို အစွမ်းထက်တဲ့ သူတစ်ယောက်ကို ဘာမှမဟုတ်ဘဲ စော်ကားလိုက်မိသလိုပဲ ဖြစ်သွားမှာ။ ဒီတော့ အခုတည်းက အရှုံးပေးလိုက်တာ ပိုကောင်းတာပေါ့ကွာ။ ဒါဆို လောထျန်းနဲ့ မျက်နှာလဲ မပျက်ရတော့သလို ၊ အဆင့်
လေးအတွင်း ဝင်တဲ့အတွက် ဆုတွေလဲ အများကြီး ရဦးမှာ "
အားလုံးက ထင်ရာကို ပြောနေကြစဥ်၌..
စင်မြင့်ထက်မှ ရှောက်ထျန်းလုံလေးမှာကား ကြက်သေ သေနေပြန်ပါ၏။
သူသည် အစပိုင်းတွင် အစွမ်းထက်သည့် ပြိုင်ဘက်တစ်ယောက်နှင့် တွေ့ရတော့မည် ဖြစ်သဖြင့် သူ့နာမည်ပျက်ကို ရှင်းနိုင်တော့မည်ဟု တွေးပြီး ပျော်ရွှင်နေခဲ့ပါသည်။
သို့သော် ပြိုင်ဘက်က ထပ်ပြီး အရှုံးပေးသွားပြန်သတဲ့လား။
တိုက်ပွဲကောင်းကောင်းတစ်ခု တိုက်ခိုက်ရန် အဘယ့်ကြောင့် ဤမျှ ခက်ခဲနေရပါသနည်း။
လောထျန်းမှာလည်း တဖက်အဘိုးအို၏ စကားကို ကြားပြီး အံ့သြမှင်သက်နေပါ၏။
ခေတ္တကြာပြီးနောက် သူ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဥ်တွင်မူ အဘိုးအို ယွိချင်ရွှမ်က ထွက်ခွာသွားခဲ့လေပြီ။
ထို့ကြောင့် လောထျန်းမှာ မည်သို့မှ မတတ်နိုင်ဘဲ ကူကယ်ရာမဲ့နေသည့် မျက်နှာဖြင့် ရှောက်ထျန်းလုံလေးအား ပြန်ခေါ်လိုက်ရသည်။
" ကောင်လေး ၊ ပြန်လာခဲ့တော့ "
စင်ပေါ်မှ ရှောက်ထျန်းလုံလေးကလည်း ခေါင်းငိုက်စိုက်ချ၍ သုန်မှုန်နေသော မျက်နှာကြီးဖြင့် စင်အောက် ပြန်ဆင်းလာ၏။
ဝှစ်..
စင်ဘေးမှ မျောက်နှင့် မိုးကြိုးသားရဲတို့ကလည်း ရှောက်ထျန်းလုံ ဆင်းလာသည်နှင့် ချက်ချင်း ထရပ်၍ ကြိုဆိုလိုက်ကြသည်။ ရှောက်ထျန်းလုံလေးတစ်ယောက် ဒေါသထွက်ပြီး သူတို့ကို ကိုင်ပေါက်ပါက ဒုက္ခများသွားနိုင်သည် မဟုတ်ပါလား။
" ဝု.. "
ထိုအချိန်မှာပင် ရှောက်ထျန်းလုံလေးက အသံတိုးတိုးဖြင့် အော်လိုက်သဖြင့် မျောက်နှင့် မိုးကြိုးသားရဲတို့ ကြောက်ကာ တစ်ကိုယ်လုံး တုန်သွားကြသည်။
သူတို့ ရှောက်ထျန်းလုံလေးနှင့် အတူနေရသည်မှာ အချိန်များစွာ မကြာသေးသည့်တိုင် လက်ရှိတွင် ရှောက်ထျန်းလုံလေးက အလွန်ဒေါသထွက်ပြီး မကျေမနပ် ဖြစ်နေသည်ကို သူတို့ ကောင်းကောင်းကြီး သိပါသည်။
သူ့ လက်ရှိအခြေအနေမှာ အချိန်မရွေး ထပေါက်တော့မည့် မီးတောင်ကြီး တစ်လုံးလိုပါပင် ။
ထိုမျှမက ရှောက်ထျန်းလုံ၏ အစွမ်းဖြင့် ဆိုပါကလည်း သူ့အား ရန်စစော်ကားသူ မှန်သမျှ ဆိုးရွားလှသော အဆုံးသတ်နှင့် တွေ့သွားနိုင်ပါ၏။
မျောက်တို့ စိတ်ထဲတွင် ရှောက်ထျန်းလုံနှင့် ရင်ဆိုင်ရမည့် နောက်ပြိုင်ပွဲဝင်အတွက် တိတ်တဆိတ် စိတ်မကောင်း ဖြစ်သွားကြတော့သည်။
ထိုစဥ်မှာပင် နောက်ထပ် ယှဥ်ပြိုင်ရမည့် အုပ်စုထဲမှ ရှို့ဝေက တိုက်ပွဲစင်မြင့်ထက်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။