ထျန်းရွှမ်း ဖန်ပုလင်း
Vol. 31 Ch. 433
ထိုအချိန်တွင် ရှို့ဝေမှာ သူနှင့် ယှဥ်ရမည့် ပြိုင်ဘက်အား သိထားပြီး ဖြစ်သည့်အတွက် မျက်နှာထား အလွန်တည်နေပါသည်။
ထို့နောက်တွင်မူ..
ဝုန်း..
လေအေးတစ်ချက် တိုက်ခတ်လာပြီး မြွေဖြူကြီး ရောက်လာ၏။
" မင်း တိုက်ခိုက်ချင်တာ သေချာရဲ့လား "
မြွေဖြူက ရှို့ဝေအား အထင်သေးသည့် အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။
" ဒါပေါ့ကွ "
ရှို့ဝေကလည်း မျက်နှာထား ခပ်မာမာဖြင့် ပြန်ပြော၏။
မြွေဖြူကြီး မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
" မင်းရဲ့ အရင်သားရဲ နှစ်ကောင်ကို ငါ တွေ့ထားပြီးသားကွ။ အဲ့ကောင်တွေက ငါ့ရဲ့ပြိုင်ဘက် လုံးဝ မဟုတ်ဘူး။ အဲ့တော့ မင်းမှာကျန်တဲ့ တတိယသားရဲကိုပဲ လွှတ်လိုက်ပါ။ ပြီးတော့ ငါက လူငယ်မျိုးဆက်တွေကို အနိုင်မကျင့်ချင်ဘူးကွ။ မင်းရဲ့ တတိယသားရဲက ငါတိုက်ခိုက်တာကို စက္ကန့်တစ်ရာ ခံနိုင်ပြီ ဆိုတာနဲ့ ငါ့ဘက်က ရှုံးတယ်လို့ သဘောထားပေးမယ် "
ရှို့ဝေ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတချို့ ဖျတ်ခနဲ လက်သွား၏။
" အဲ့လောက် မောက်မာ မနေစမ်းပါနဲ့ "
မြွေဖြူက အေးစက်စက် နှာခေါင်းရှုံ့၍ ပြန်ပြောသည်။
" မောက်မာတယ်.. ဟုတ်လား။ မင်းလို ဘာမဟုတ်တဲ့ အငယ်လေးတစ်ယောက်က ငါ မောက်မာပြဖို့တောင် မတန်ပါဘူးကွာ "
မြွေဖြူ ပြောသည်မှာလည်း မလွန်ပါချေ။ သူနှင့် ရှို့ဝေတို့ ကြားတွင် အသက်အရွယ်ရော ၊ အစွမ်းပါ ကွာဟချက် ကြီးလွန်းလှသည် မဟုတ်ပါလား။
သို့ဖြစ်ရာ သူ့အနေဖြင့် ရှို့ဝေရှေ့၌ တကူးတက မောက်မာပြနေစရာ မလိုပါ။
သို့သော် ရှို့ဝေက မထုံတက်တေး မျက်နှာဖြင့် ပြန်ပြော၏။
" ကောင်းပြီလေ ၊ ဒါဆို ခဏစောင့်။ ပြီးမှ နောင်တ မရနဲ့နော် "
သူ ပြောပြောဆိုဆိုပင် လက်နှစ်ဖက်ကို စုလိုက်ရာ သူ့နောက်ကျောဘက်မှ အလင်းတန်းတစ်ခု ရုတ်တရက် တိုးထွက်လာသည်။
" အိုး.. အချုပ်အနှောင်ကို အဲ့မှာ ထားထားတာပဲ "
မြွေဖြူ မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ရှို့ဝေ ဖုံးကွယ်ထားသည့် အရာအား စိတ်ဝင်တစား စောင့်ကြည့်လိုက်သည်။
ဝုန်း...
ရှို့ဝေ၏ နောက်ကျောမှ ကျောချမ်းဖွယ် လူသတ်အရိပ်အငွေ့တစ်ခု ဝုန်းခနဲ တိုးထွက်လာ၏။
ထို လူသတ်အရိပ်အငွေ့မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် တိုက်ပွဲကွင်းပြင်ထဲမှ အကာအကွယ် အစီအမံများပင် အလိုအလျောက် အသက်ဝင်သွားကာ မြောက်များစွာသော လူများ တည်နေရာ ရွှေ့ပြောင်း ခံလိုက်ရသည်။
ဝုန်း..
တိုးထွက်နေသော လူသတ်အရိပ်အငွေ့နှင့်အတူ ရှို့ဝေနောက်၌ ဧရာမ အရိပ်ကြီးတစ်ခုလည်း ပေါ်လာသည်။
လူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်သွားကြ၏။
" ဟင် .. အဲ့ဒါ အရိုးတွေလား "
အားလုံး၏ စိတ်ဝင်တစား အကြည့်အောက်မှာပင် ရှို့ဝေ ဖုံးကွယ်ထားသော ကြောက်မက်ဖွယ် နတ်ဘုရားသားရဲကြီး ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ နဂါးပုံသဏ္ဍာန်ရှိသော အရိုးစုသားရဲကြီး တစ်ကောင်ဖြစ်ပြီး သူ့တစ်ကိုယ်လုံး အရိုးများဖြင့် ဖွဲ့စည်းထားကာ အခြား ပင်လယ်သားရဲများ၏ အရိုးများလည်း ပေါင်းစပ်ပါဝင်နေပါသည်။
ထို ဧရာမ အရိုးနဂါးခေါင်းကြီး၏ အပေါ်တွင်ကား ကျောက်စိမ်းရောင် အလင်းတန်းနှစ်ခု မျောလွင့်နေ၏။
ထိုမြင်ကွင်းကို တွေ့ပြီးနောက်တွင်မူ လူများ အသိပြန်ဝင်လာကြသည်။
" အဲ့ဒါ နဂါးအရိုးစု ပဲကွ။ နဂါးအရိုးစုက အသွင်ပြောင်းပြီးရင် အသိဉာဏ်လဲ ရှိသွားတယ် "
" ဘယ်လို.. နဂါးအရိုးစု ဟုတ်လား။ အဲ့လိုကောင်မျိုးကိုရော သားရဲလို့ ခေါ်လို့ရလား "
" ဒါပေါ့ကွ ၊ ရတာပေါ့။ အရိုးတွေကနေ နတ်ဆိုးသားရဲ ဖြစ်လာကြတာ နည်းတာမှ မဟုတ်တာ။ ငါ အများကြီးတောင် တွေ့ဖူးတယ်။ ဒါပေမယ့် နဂါးအရိုးကနေ နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာတာကို
တော့ အခုမှ ပထမဆုံး တွေ့ဖူးတာပဲ "
" အဲ့လို အရိုးကနေ ပြောင်းသွားတဲ့ နတ်ဆိုးသားရဲတွေရဲ့ အစွမ်းက သူ အသက်ရှင်နေတုန်းက ကျင့်ကြံခြင်းအဆင့်နဲ့ သွေးအစွမ်း နီးပါးရှိတယ်။ အခု ဒီကောင်ကြီးက နဂါးအရိုးကနေမှ နတ်ဆိုးသားရဲအဖြစ် ပြောင်းလာရုံတင်မကဘူး ၊ သူ့ကိုယ်က အရိုးတွေကလဲ ယစ်ပူဇော်ထားတဲ့ အရိုးတွေနဲ့ တူတယ်။ ဒီတော့ သူ့ရဲ့ သွေးအစွမ်းက နတ်ဘုရားသားရဲတစ်ကောင်နဲ့ ယှဥ်လို့ရမှာ အသေချာပဲ "
" နတ်ဘုရားသားရဲ နဲ့တောင် ယှဥ်လို့ရတယ်ပေါ့ ... အဲ့ကောင်ကြီးကလေ.. "
ထိုတခဏ၌ အားလုံး အံ့အားသင့်ကုန်ကြ၏။
ထိုစဥ် လောထျန်း ဘေးနားတွင် ရှိနေကြသော အာရှနဂါးမျိုးနွယ်စုမှ ညီအကို သုံးယောက်မှာကား ဒေါသထွက်နေသည့် မျက်နှာကိုယ်စီ ဖြစ်နေကြပါသည်။
" ဒါ စော်ကားလိုက်တာပဲ။ လုံးဝကို စော်ကားလိုက်တာ "
" ချီးပဲကွာ... အဲ့ကောင်က နဂါးမျိုးနွယ်စုက အကြီးအကဲတွေရဲ့ အရိုးတွေကို သုံးပြီးတော့ နတ်ဆိုးတစ်ကောင် အဖြစ်တောင် အသွင်ပြောင်းထားသေးတယ်။ အဲ့ကောင်ကို တိုက်ခိုက်ချင်တယ် "
ထိုသုံးယောက် ဒေါသတကြီး ပြောလိုက်ကြသည်။
ထိုစဥ် မြွေဖြူကြီးသည်ပင် အံ့အားသင့်နေရပါ၏။
" မင်းတို့ ဝူကျီပင်လယ်မှာ အဲ့လိုအရာမျိုး တကယ်ကြီး ရှိတာလား "
သူ မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
ရှို့ဝေက အေးစက်စက် ပြန်ပြော၏။
" အဲ့ဒါ ငါတို့ မျိုးနွယ်စုရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ မျိုးဆက် ၇ ဆက် ကြာတဲ့အထိ သေချာ ဂရုစိုက်ပြီးမှသာ အဲ့လို အသွင်ပေါ်လာခဲ့တာ။ ဒါပေမယ့် မျိုးနွယ်က ဘုန်းကြီး ပြောတာတော့ သူ့ကို တကယ်ကြီးမြတ်လာအောင် ဆိုရင် နဂါးစိတ်ဝိဥာဥ်ရဲ့ ဉာဏ်အလင်းဖွင့်ပေးတာကို လိုအပ်တယ်တဲ့။ အဲ့ဒါကြောင့်လဲ ငါက ဒီကောင်းကင်ဘုံနဂါး ပြိုင်ပွဲကို လာခဲ့တာ။ ဒီပြိုင်ပွဲကနေ နဂါးမျိုးနွယ်စုရဲ့ ရတနာကို ရတာနဲ့ ငါ
တို့ မျိုးနွယ်စု နှစ်ရှည်စောင့်စားနေခဲ့ရတဲ့ မျှော်လင့်ချက်ကြီး ပြည့်စုံသွားတော့မှာ "
မြွေဖြူကြီး မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။
" အဲ့ကောင်ကြီးသာ နဂါးမျိုးနွယ်ရဲ့ ရတနာကို ရလိုက်လို့ကတော့ ကြောက်စရာကောင်းသွားမှာ သေချာတယ်။ ဒါပေမယ့် သူက လက်ရှိမှာ လုံလောက်အောင် အစွမ်းမထက်သေးဘူးလေ။ အဲ့ကောင် အနေနဲ့ ငါ့ကို အနိုင်ယူဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး "
ရှို့ဝေက အေးစက်စက် ပြန်ပြော၏။
" ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာ တိုက်ခိုက်ပြီးမှ သိရမှာလေ "
သူက ပြောပြောဆိုဆိုပင် လက်နှစ်ဖက်ကို ထပ်စုလိုက်ရာ သူ့လက်ထဲမှ အေးစက်စက် အလင်းတန်းတစ်ခု ရုတ်တရက် ဖြာထွက်လာသည်။
" စိတ်ဝိဥာဥ် အသုံးချ ၊ သားရဲ သိမ်းသွင်းခြင်း "
ထို့နောက် သူ အသံကျယ်ဖြင့် အော်လိုက်ရာ သူ့ကိုယ်
ထဲမှ အလင်းတန်းတစ်ခု ရုတ်ချည်း တိုးထွက်လာပြီး အရိုးများထဲသို့ တိုးဝင်သွား၏။
ပြီးနောက်တွင်မူ အရိုးစုနဂါး၏ မျက်လုံးများထဲမှ အစိမ်းရောင်အလင်းတန်းများ ထွက်လာသည်။
မြွေဖြူမှာ ၎င်းကို ကြည့်နေရင်း ချက်ချင်း အံ့သြတုန်လှုပ်သွားရသည်။
" အဲ့ဒါ... စိတ်ဝိဥာဥ် ယဇ်ပူဇော်ခြင်း ပညာရပ်လား။ မင်းက ဒီလောက် ငယ်သေးတာတောင် အဲ့လို လျှို့ဝှက်ပညာရပ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်နေပြီပေါ့။ ဒါပေမယ့်... အဲ့နည်းကို သုံးရင် မင်းအတွက် ပြဿနာတွေ ဖြစ်သွားမှာကို မကြောက်ဘူးလား "
ထိုစဥ် ဧရာမ နဂါးအရိုးစုကြီးက တစ်လုံးချင်း ပြောလာသည်။
" မင်းကို အနိုင်ယူလိုက်နိုင်တာနဲ့ ဒီကောင်းကင်ဘုံနဂါး ပြိုင်ပွဲမှာ ငါ ပထမရပြီးတော့ နတ်ဘုရားမျိုးနွယ်ရဲ့ ရတနာကို ရသွားမှာလေ။ အဲ့ကျရင် ပူဇော်ပွဲရဲ့ နောက်ဆုံးအဆင့်ကိုလဲ လုပ်လို့ရသွားပြီ။ အဲ့တော့ သေသွားရင်တောင် တန်ပါတယ် "
ထိုအသံမှာ ရှို့ဝေ၏ အသံပင်။
မြွေဖြူကြီး မျက်မှောင်ကြုံ့သွား၏။
" ငါ့ကိုငါ ရဲတင်းလှပြီ ထင်နေတာ မင်းက ငါ့ထက် ပိုဆိုးနေတာပဲ။ ကောင်းပြီလေ ၊ ဒါဆိုလဲ ဒီနေ့ မင်းရဲ့ သေချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ "
စကားဆုံးသည်နှင့် မြွေဖြူထံမှ လေအေးတစ်ချက် ထွက်လာပြီး အရိုးစုနဂါးကြီး ဆီသို့ တိုးဝင်သွားသည်။
သို့သော် ထိုအချိန်မှာပင် အရိုးစု နဂါးကြီးက လေထဲသို့ ပျံတက်လိုက်၏။ သူ့လက်သည်းချွန်တွင်လည်း အစိမ်းရောင် အလင်းတန်းများ လင်းလက်လာကာ လေအေးအား ဖိနှိပ်ထားလိုက်သည်။
" ဒါ.... နဂါးအမြုတေလုံးလား "
မြွေဖြူကြီး အံ့အားသင့်သွားရပြန်သည်။
ရှို့ဝေက လှောင်ပြုံးဖြင့် ပြန်ပြော၏။
" ဟုတ်တယ်ကွ ၊ ဒါနဲ့သာဆို မင်းရဲ့ ရေခဲအစွမ်းက ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး "
ထိုမြင်ကွင်းကို ကြည့်နေသော ပွဲကြည့်စင်ပေါ်ရှိ လူများထံမှလည်း တအံ့တသြ ရေရွတ်သံများ ထွက်လာသည်။
ရှို့ဝေထံတွင် မြွေဖြူ၏ ရေခဲအစွမ်းအား ထိန်းချုပ်နိုင်သော လျှို့ဝှက်နည်းလမ်းမျိုး ရှိထားမည်ဟု သူတို့ မထင်ထားခဲ့ပေ။
မြွေဖြူက ၎င်းကို ကြည့်ရင်း လှောင်ပြုံးဖြင့် ပြန်ပြောလာ၏။
" ဘာမှ မလုပ်နိုင်ဘူး ဟုတ်လား ။ ဘာ အဓိပ္ပါယ်မရှိတာတွေ လာပြောနေတာလဲ။ ဘာမဟုတ်တဲ့ နဂါးအမြုတေလုံးလေး ရှိထားရုံနဲ့ ငါနဲ့ ယှဥ်နိုင်ပြီလို့ ထင်နေတယ်ပေါ့။ မင်း ခုနက တွေ့လိုက်ရတာ ငါ့အစွမ်းရဲ့ တစ်စိတ်တစ်ပိုင်းလေးပဲ ရှိသေးတာကွ "
မြွေဖြူက ထိုသို့ ပြောပြီးသည်နှင့် ခန္ဓာကိုယ်အား ရစ်ပတ်လိုက်ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ဝီ..
ချက်ချင်းမှာပင် မြွေဖြူကြီး၏ ခေါင်းပေါ်၌ ဖန်ပုလင်းတစ်ခု စုစည်းလာ၏။
ထိုပုလင်း ပေါ်လာသည်နှင့် တိုက်ပွဲကွင်းပြင် တစ်ခုလုံးရှိ အပူချိန်မှာလည်း သိသိသာသာပင် ရုတ်ချည်း လျော့ကျသွားသည်။
ရေခဲများလည်း နေရာအနှံ့ စပေါ်လာ၏။
အကာအကွယ် အစီအမံများသည်ပင် ၎င်းကို မခုခံနိုင်ကြပါချေ။
" အဲ့ဒါ ထျန်းရွှမ်း ဖန်ပုလင်းလား... ၊ ရှေးဟောင်း မသေမျိုးလက်နက်တစ်ခု ဖြစ်တဲ့ ထျန်းရွှမ်း ဖန်ပုလင်း မဟုတ်လား။ ဒီပစ္စည်းက ဘယ်လိုလုပ်ပြီးတော့ အဲ့ကောင်ရဲ့ လက်ထဲကို ရောက်နေတာလဲ "
အဘိုးအိုတစ်ယောက်က ပြူးကျယ်နေသော မျက်လုံးအစုံဖြင့် ရုတ်တရက် ထပြောလိုက်သည်။ သူ့မျက်နှာကို ကြည့်ခြင်းဖြင့်ပင် အလွန်အံ့သြတုန်လှုပ်နေကြောင်း သိသာပါ၏။
သူ့အနီးမှ အခြားတစ်ယောက်ကလည်း ရုတ်တရက်
ပြောသည်။
" မဟုတ်ဘူးကွ ၊ အဲ့ဒါ ရှေးဟောင်း မသေမျိုးလက်နက် မဟုတ်ဘူး။ မြွေဖြူကြီး ကိုယ်တိုင် ဖန်တီးထားတဲ့ ဖန်ပုလင်း ပုံရိပ်ယောင်ပဲ "
" ဘယ်လို.. အဲ့လိုမျိုးလဲ ရှိတာလား "
" မြွေဖြူကြီးက ရှေးဟောင်း အမွေအနှစ်တစ်ခု လက်ခံရထားခဲ့လို့ အဲ့အကွက်ကို သုံးနိုင်တာပဲ ဖြစ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ.. အဲ့ဟာက ရှေးဟောင်း မသေမျိုးလက်နက်တစ်ခု မဟုတ်ဘူး ဆိုရင်တောင် အစွမ်းကတော့ မသေမျိုးလက်နက်နဲ့ ယှဥ်နိုင်လောက်တယ် "
လူများ ထိုသို့ ထင်ရာ ပြောနေကြသည့် အချိန်မှာပင် မြွေဖြူကြီးက အေးစက်စက် ပြောလာသည်။
" ကောင်းကင် အေးခဲ နှင်းရိုက်ချက် "
ဝုန်း..
သူ့စကား ဆုံးသည်နှင့် ဖန်ပုလင်းမှ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာ၏။
ထိုအလင်းတန်းထဲတွင် အဆုံးအစမဲ့သော လေအေးများ ပါဝင်နေကာ အရိုးစုနဂါးကြီး ဆီသို့ တိုးဝင်သွားသည်။
ခွမ်း...
ထိုလေအေးက ခရီးသိပ်မရောက်သေးခင်မှာပင် အရိုးစုနဂါးကြီး လက်ထဲမှ နဂါးအမြုတေလုံးက ရုတ်တရက် ကွဲသွား၏။
" ဘယ်လို ဖြစ်ပြီးတော့.. "
ရှို့ဝေတစ်ယောက် ၎င်းကို ကြည့်ကာ အံ့သြတုန်လှုပ်သွားတော့သည်။
ထိုနဂါးအမြုတေလုံး၏ အကာအကွယ်သာ မပါပါက အရိုးစုနဂါးကြီးမှာ ပြိုင်ဘက်၏ ရေခဲအစွမ်းများကို ခုခံနိုင်တော့မည် မဟုတ်ပါချေ။
ထို့ထက်ပိုဆိုးသည်မှာ ရေခဲအစွမ်းများ အပြည့်ပါနေသည့် အလင်းတန်းပင်...
ဝီ..
ထို့နောက်တွင်မူ အလင်းတန်းက အရိုးစုနဂါးကြီး၏ ကိုယ်ထဲသို့ တိုးဝင်သွားတော့၏။
ထိုအလင်းတန်းက ဘာမှ မထူးခြားဟန်ဖြင့် အရိုးများကြားထဲ တိုးဖောက်ဝင်သွားကာ မည်သို့သော အသံကျယ်မှလည်း ထွက်မလာခဲ့ပါ။
" အဲ့လိုနဲ့ ပြီးသွားတာလား ။ ကြည့်ရတာတော့ သိပ်ပြီး အစွမ်းထက်တဲ့ ပုံလဲ မပေါ်ဘူး "
ပွဲကြည့်စင်ထက်မှ အဘိုးအိုတစ်ယောက်က နားမလည်နိုင် ဖြစ်နေဟန်ဖြင့် ရေရွတ်လိုက်သည်။
သို့သော်.. ထိုအချိန်မှာပင်..
ခွမ်း..
လေထဲတွင် ရှိနေသော အရိုးစု နဂါးကြီး၏ ကိုယ်က အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး တဖြည်းဖြည်း အရောင်ပြောင်းလာ၏။
တခဏ အကြာတွင်မူ ထိုအရိုးများ ပြာမှုန်များအဖြစ် ပြောင်းသွားကာ လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားတော့သည်။