လက်သီးချက် နှစ်ခု
Vol. 31 Ch. 434
ဝုန်း..
လေထဲမှ အရိုးစု နဂါးကြီးမှာ ဆက်ထိန်းမထားနိုင်တော့ဘဲ အောက်သို့ ကျလာပြီး ၎င်း၏ မျက်လုံးမှ အစိမ်းရောင် အလင်းတန်းများလည်း တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားတော့၏။
" မဖြစ်နိုင်ဘူး ၊ ဘာလို့ အဲ့လို ဖြစ်သွားရတာလဲ ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး "
ရှို့ဝေဆီမှ ကူကယ်ရာ မဲ့နေသော ဒေါသတကြီး အော်သံ ထွက်လာသည်။ သူ့မျက်လုံးများမှာလည်း အဖြစ်မှန်ကို လက်မခံနိုင်သည့်ပုံ အထင်းသား ပေါ်နေပါ၏။
" ဟမ့်... နဂါးအရိုးတွေကနေ လုပ်ထားတဲ့ နတ်ဆိုးသားရဲတစ်ကောင်ရယ် ၊ နဂါးအမြုတေလုံးရယ် ၊ ပြီးတော့ မင်းတို့ ဝူကျီပင်လယ်က သားရဲသိမ်းသွင်းတဲ့နည်းတွေရယ် ပေါင်းထားတဲ့ အားကိုးနဲ့ ငါ့ကို စိန်လာခေါ်တာပေါ့လေ။ မင်းရဲ့ နဂါးအမြုတေက ရေခဲအစွမ်းကို ထိန်းချုပ်နိုင်တယ် ဆိုပေမယ့် ဘယ်လိုအ
ဆင့်မျိုးက အစွမ်းကိုပဲ ထိန်းချုပ်နိုင်တယ် ဆိုတာ ရှိသေးတယ်ကွ "
မြွေဖြူက ရှို့ဝေအား မထူးခြားဟန်ဖြင့် ကြည့်၍ ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှို့ဝေ၏ မျက်နှာထား ကြိမ်ဖန်များစွာ ပြောင်းသွားပြီး နောက်ဆုံးမှ လက်ကျန် အရိုးစုနဂါးအား ပြန် ချုပ်နှောင်လိုက်၏။
ထို့နောက် သူ သွေးလည်း အန်လိုက်သေးပါသည်။ အစောက တိုက်ပွဲတွင် သူ ဒဏ်ရာ ရထားခဲ့သည် မဟုတ်ပါလား။ ပြီးနောက်တွင်မူ သူ တိုက်ပွဲစင်မြင့်ဘေးသို့ ဆင်းသွားပြီး ဒဏ်ရာများအား ပြန်ကုသနေလိုက်၏။
ဤတိုက်ပွဲတွင် မြွေဖြူကြီး အနိုင်ရသွားခဲ့သည်မှာ သံသယ ဝင်စရာပင် မလိုပါ။
မြွေဖြူက မျက်မှောင်အနည်းငယ် ကြုံ့ပြီး လောထျန်းဘက် ရုတ်တရက် လှည့်၍ ပြောလာသည်။
" သခင်လေး လောထျန်း ၊ သခင်လေးရော ကျုပ်ရော ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ရောက်သွားကြပြီ
ဆိုတော့ ချန်ပီယံနေရာအတွက် ယှဥ်ပြိုင်ရတော့မှာနော်။ အချိန်ထပ်ဆွဲ မနေဘဲ သခင်လေးရဲ့ တိုက်ပွဲဝင်သားရဲကိုသာ စင်ပေါ် ပို့လိုက်ပါ "
လောထျန်းက သူ့အား တစ်ချက်ကြည့်ကာ ပြန်ပြော၏။
" မင်း အနားယူဖို့ မလိုဘူးလား "
မြွေဖြူက လှောင်ပြုံးဖြင့် ပြန်ပြောသည်။
" နားရမယ် ဟုတ်လား။ ဘာလို့ အနားယူဖို့ လိုမှာလဲ။ မြန်မြန် တိုက်ခိုက်ပြီး ချန်ပီယံ ဘယ်သူဖြစ်မလဲ စောစောသိသွားတော့ ပိုကောင်းတာပေါ့ဗျာ "
ထိုစဥ် လောထျန်းဘေး ရှိနေသော ယွမ်ရှောက်မြို့စားကြီး၏ မျက်နှာထား အနည်းငယ် ပြောင်းသွားကာ ဝင်ပြော၏။
" မြွေဖြူသခင်ကြီး ၊ ခဏလောက် အနားယူလိုက်ပါဦးလားဗျာ "
သူ့တာဝန်မှာ ပြိုင်ပွဲ မပြီးအောင် အချိန်ဆွဲထားရန် ဖြစ်ပါသည်။
သို့သော် ယခုအတိုင်း ဆက်သွားလျှင် ကောင်းကင်ဘုံနဂါး ပြိုင်ပွဲက မကြာခင် ပြီးသွားနိုင်ပါ၏။
သို့ဆိုလျှင် သခင်ကြီး လွေ့နန်၏ အစီအစဥ်အား နှောင့်နှေးအောင် လုပ်လိုက်သလိုလည်း ဖြစ်သွားပေမည်။ သူ ထိုအကျိုးဆက်ကို မည်သို့ ခံရပါမည်နည်း။
သို့သော်...
" မင်းက အဲ့လို ပြောလာမှတော့လဲ ငါက သဘောတူရမှာပေါ့။ ဒီပွဲကို မြန်မြန် အဆုံးသတ်လိုက်ကြရအောင် "
လောထျန်းက ရုတ်တရက် ထရပ်၍ ပြောလာသည်။
" သခင်လေး လောထျန်း "
ယွမ်ရှောက်မြို့စားကြီး၏ မျက်နှာ ချက်ချင်းသွေးဆုတ်ဖြူရော်သွားပြီး လောထျန်းအား ဆက်နားချရန် ပြင်လိုက်သည်။
သို့သော် လောထျန်းက သူ့အား အေးစက်စက်
မျက်နှာထားဖြင့် လှည့်ကြည့်လာသဖြင့် ယွမ်ရှောက်မြို့စားကြီး ချက်ချင်း ပါးစပ်ပိတ်လိုက်ရ၏။
ထိုစဥ်မှာပင် လောထျန်းက ထရပ်၍ အသံကျယ်ဖြင့် အော်ပြောလိုက်သည်။
" ကဲ.. အခုက ကောင်းကင်ဘုံနဂါး ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ကို ရောက်သွားပါပြီ။ ချန်ပီယံနေရာ လုရမယ့် နောက်ဆုံးပြိုင်ပွဲ စပါတော့မယ် "
လောထျန်း၏ စကားဆုံးသည်နှင့် ပွဲကြည့်စင်တလျှောက်လုံး ဆူညံသံများဖြင့် ပြည့်သွား၏။
" နောက်ဆုံးပွဲတဲ့... နောက်ဆုံးပွဲတောင် ရောက်သွားပြီလား "
" လောထျန်းရဲ့ မျောက်က မြွေဖြူကြီးကို အနိုင်ယူနိုင်ပါ့မလား။ ငါတော့ မထင်ဘူးနော် "
" ဘယ်ကလာ အနိုင်ယူနိုင်မှာလဲ။ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲရဲ့ နောက်ဆုံးရလဒ်ကတော့ အသိသာကြီး ဖြစ်နေပါပြီကွာ "
" ငါ မှတ်မိသလောက် ဆိုရင်တော့ ဒီရက်ပိုင်းတွေမှာ လျှိူ့ဝှက်ဂိုဏ်းတွေကနေ အစွမ်းထက်တဲ့ သားရဲသခင်တွေ အများကြီး ယွမ်ရှောက်မြို့ကို ရောက်နေကြတာပါ။ အခု ဘာလို့ ထိပ်တန်းအဆင့် နတ်ဘုရားသားရဲတွေကို သိပ်မတွေ့ရတာလဲ မသိဘူး "
" အဲ့ကောင်တွေက မြွေဖြူကြီးရဲ့ အစွမ်းကို တွေ့သွားပြီးတော့ အစောတည်းက နောက်ဆုတ်အရှုံးပေးသွားကြတာ ဖြစ်နိုင်တာပဲကွ "
အားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် မကျေနပ်သည့် အရိပ်ယောင်များ အထင်းသားပင်။
ထပြန်သွားကြသူ အချို့ပင် ရှိပါ၏။
ထိုစဥ်မှာပင် တိုက်ပွဲစင်မြင့်ထက်သို့ အရိပ်တစ်ခု လှစ်ခနဲ တက်လာသည်။
ထိုသူမှာ ရှောက်ထျန်းလုံပင်။
ရှောက်ထျန်းလုံလေးက စင်ပေါ်သို့ ရောက်ရောက်ချင်းမှာပင် မြွေဖြူကြီး၏ မျက်နှာချင်းဆိုင် စင်ထော
င့်သို့ တန်းသွားလိုက်၏။ ထို့နောက် ဒေါသအရိပ်အငွေ့များ ပြည့်နေသော မျက်လုံးအစုံဖြင့် မြွေဖြူအား ကြည့်လိုက်သည်။
" ဟင်... "
မြွေဖြူမှာ သူ့ကို ကြည့်ရင်း အံ့အားသင့်သွားရ၏။
သူ ထိုကောင်လေးအား ရန်လိုခြင်း အလျဥ်း မရှိခဲ့ပါဘဲ ထိုကောင်လေးက သူ့အား အဘယ့်ကြောင့် ဒေါသထွက်နေရပါသနည်း။
" ကောင်လေး ၊ အောက်ကို မြန်မြန်ဆင်းတော့လေ။ မင်းက အဲ့မြွေဖြူကြီးအတွက် ပြိုင်ဘက် မဟုတ်ဘူး "
" ဟုတ်တယ်ကောင်လေး ၊ မြန်မြန်ဆင်းတော့ "
ရှောက်ထျန်းလုံလေး စင်ပေါ်ရောက်သည်နှင့် ပွဲကြည့်စင်မှ အမျိုးသမီး အချို့၏ မျက်နှာထားများ ချက်ချင်း ပြောင်းသွားပြီး ရှောက်ထျန်းလုံအား အောက်ဆင်းရန် အသည်းအသန် အော်ဟစ်လိုက်ကြသည်။
ထိုအော်သံများကြောင့် ရှောက်ထျန်းလုံ ပိုဒေါသထွက်သွားရပါ၏။
ထိုလူများက သူ့ကို အဘယ့်ကြောင့် အထင်သေးနေရပါသနည်း။
" လောထျန်း.. "
ထိုစဥ် တိုက်ပွဲစင်မြင့် အောက်နားလေးတွင် နေနေသည့် ဒဏ်ရာအပြင်းအထန် ရထားသော ရှို့ဝေကလည်း လောထျန်းအား သံသယ မျက်လုံးများဖြင့် ကြည့်လာသည်။
လောထျန်းက သူ့လက်အောက်မှ အစွမ်းအထက်ဆုံးသားရဲ ဖြစ်သော မျောက်အား အဘယ့်ကြောင့် မလွတ်လိုက်ရသည်ကို သူ နားမလည်နိုင်ပါ။
သို့သော် လောထျန်းက အားလုံးကို လျစ်လျူရှုထားကာ အသံကျယ်ဖြင့် အော်ပြောလိုက်၏။
" တိုက်ပွဲ စပြီ "
သူ့စကားဆုံးသည်နှင့် မြွေဖြူထံမှ ရေခဲအစွမ်းများ
ချက်ချင်း ထွက်ပေါ်လာသည်။
" အား... အန္တရာယ် "
ပွဲကြည့်စင်ပေါ်မှ အမျိုးသမီးငယ် တစ်ယောက်၏ အော်သံ ရုတ်တရက် ထွက်လာ၏။
မြွေဖြူကြီး၏ ရေခဲအစွမ်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူမကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံထားဖူးသည်ဖြစ်ရာ ထိုသို့ ကြောက်လန့်သွားခြင်းက မဆန်းပေ။
သို့သော် မျှော်လင့်မထားစွာပင် တဖက်မှ ရှောက်ထျန်းလုံလေးကမူ ထိုအအေးဓာတ်အား လုံးဝ မှုဟန် မတူပါချေ။
ထို့နောက်တွင် ရှောက်ထျန်းလုံလေးက မြွေဖြူကြီးရှေ့သို့ လှစ်ခနဲ ပြေးသွားလိုက်သည်။
သူ ပြေးလာသည့် နှုန်းမှာ မြန်လွန်းလှသဖြင့် မြွေဖြူကြီးအတွက် တုန့်ပြန်ချိန်ပင် မရလိုက်ပါ။
" ဘယ်လိုဖြစ်ပြီးတော့.. "
မြွေဖြူကြီး လန့်သွားကာ ချက်ချင်း တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ရှောက်ထျန်းလုံလေးက သူ့လက် သေးသေးလေးအား လက်သီးအဖြစ် ဆုပ်၍ မြွေဖြူကြီးဆီသို့ ထိုးလိုက်၏။
" ဝု.. "
ရှောက်ထျန်းလုံလေးက ထိုသို့ ထိုးလိုက်စဥ်တွင်လည်း သူ့ မကျေနပ်ချက်များကို စိတ်ဖြေသည့်အလား ဒေါသတကြီး အော်လိုက်ပါသေးသည်။
ထို့နောက်တွင်မူ..
ဘုန်း...
သူ့လက်သီးက မြွေဖြူ၏ မျက်နှာအား ခပ်ပြင်းပြင်း ထိုးမိသွား၏။
မြွေဖြူကြီး၏ မျက်နှာပုံစံ ချက်ချင်း ပြောင်းသွားတော့သည်။
ပြီးနောက် မြွေဖြူကြီး လေထဲသို့ လွင့်ထွက်သွားသဖြင့် အားလုံး အံ့သြမှင်သက်ကုန်ကြ၏။
စင်မြင့်ထက်မှ ရှောက်ထျန်းလုံလေးကမူ မကျေနပ်သေးဟန်ဖြင့် လေထဲသို့ လက်သီးဆက်ထိုးနေပါသည်။
ပွဲကြည့်စင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွား၏။
အချိန် အတန်ကြာသွားပြီးမှသာ တစ်ယောက်တစ်ပေါက် ဆဲဆိုသံများ ဝုန်းခနဲ ပြန်ထွက်လာတော့သည်။
" ချီး.. ငါ ဘာတွေ မြင်လိုက်ရတာလဲ။ မြွေဖြူကြီးက လေထဲကို လွင့်ထွက်သွားတာလား "
" ငါ အိမ်မက် မက်နေတာများလားကွာ။ တစ်ယောက်ယောက် ငါ့ကို ဆွဲဆိတ်ပေးကြပါဦး.... အား.. နာတယ်ဟ "
" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ထိုတခဏ၌ ပွဲကြည့်စင်မှ လူများအားလုံး ရူးသွားတော့မလိုပါပင်။
လောထျန်းဘေးနားတွင် ရှိနေကြသော မျောက်နှင့် မိုးကြိုးသားရဲတို့ကမူ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းများ ကိုယ်စီ ချလိုက်ကြ၏။
" ဟား ဟား... ငါတို့လဲ ဘာမှ မတတ်နိုင်ဘူး။ မြွေဖြူကြီး ကံဆိုးတယ်လို့ပဲ ပြောရမှာ "
ဝုန်း...
ထိုစဥ်မှာပင် လေထဲသို့ လွင့်ထွက်သွားသော မြွေဖြူကြီးက သူ့ကိုယ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်နိုင်ပါသည်။
သူ့ခေါင်းမှာ ပုံမှန်အတိုင်း မဟုတ်တော့ဘဲ ပုံပျက်နေပြီး သွေးများလည်း တတောက်တောက် စီးကျနေပါ၏။ သူ့ မျက်လုံးများကမူ ရှောက်ထျန်းလုံ အပေါ်တွင်သာ ရှိနေသည်။
" ဒီကောင်လေးက တကယ်ကြီး ငါ့ထက်ပို
အစွမ်းထက်နေတာလား။ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "
သူ့မျက်လုံးသူပင် မယုံနိုင်တော့ပါ။
ယူနီကွန်းမီးတောက်အား ထိန်းချုပ်နိုင်သည်ကို ကြည့်ပြီးနောက် ရှောက်ထျန်းလုံ၏ အစွမ်းအား နားလည်ပြီဟုသာ သူ ထင်ထားခဲ့ပါ၏။
သို့သော် သူ့အတွေး မှားသွားခဲ့လေပြီ။
ထိုကောင်လေးက သူထင်ထားသည်ထက် များစွာ ပိုအစွမ်းထက် နေပေသည်။
" ဟမ့်.. မင်းရဲ့ ခန္ဓာကိုယ်က ဘာလို့ အဲ့လောက်သန်မာနေလဲ ဆိုတာ မသိပေမယ့် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းသေးတယ်ကွ။ မသေမျိုး တစ်ယောက်ရဲ့ အစွမ်းကို မင်း ခံနိုင်ပါ့မလား "
မြွေဖြူ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းအချို့ လင်းလက်သွားသည်။
ထို့နောက်တွင်မူ..
ဝုန်း..
သူ့ မသေမျိုးအစွမ်းများ အားလုံးကို စုစည်း၍ ရှောက်ထျန်းလုံဆီသို့ ပို့လွှတ်လိုက်တော့၏။
ချက်ချင်းမှာပင် ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်ပေါ်လာသည်။ မြွေဖြူက မသေမျိုးအစွမ်းအား ရှောက်ထျန်းလုံ တစ်ယောက်တည်း ဆီသို့သာ ပို့လွတ်လိုက်သည့်တိုင် လူများအားလုံးပင် ဖိအားကို ခံစားမိပြီး သူတို့၏ စိတ်စွမ်းအင်များ ချုပ်နှောင်ခံထားရသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းမှာ မသေမျိုး အစွမ်း ပင်...
" မသေမျိုးအစွမ်းနဲ့ တွေ့ရင် မင်း ဘာလုပ်နိုင်ဦးမှာလဲ "
မြွေဖြူက ဒေါသတကြီး အော်လိုက်သည်။
သို့သော်..
ဝှစ်..
ထိုအချိန်မှာပင် ရှောက်ထျန်းလုံလေးက လေထဲသို့ ပျံတက်လိုက်ပြီး မြွေဖြူရှေ့သို့ ထပ်ရောက်လာပြန်၏။
" အင်.. "
မြွေဖြူ အံ့အားသင့်သွားရပြန်သည်။
ရှောက်ထျန်းလုံကမူ မျက်နှာကြီး သုန်မှုန်နေဆဲ ဖြစ်ကာ လက်ထဲတွင် အစွမ်းများ စုစည်း၍ မြွေဖြူအား ထပ်ထိုးလိုက်ပြန်၏။
ဘုန်း..
အသံကျယ်ကြီး တစ်သံနှင့်အတူ လေထဲမှ မြွေဖြူ ဆိုးဆိုးဝါးဝါး အထိုးခံရကာ အောက်သို့ အရှိန်ပြင်းပြင်းကျသွားသည်။ တိုက်ပွဲစင်မြင့် တစ်ဝက်ခန့်မှာလည်း သူ ကျလာသည့် အရှိန်ကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပါ၏။
" ဘယ်လိုဖြစ်ပြီး... "
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်သွားရပြန်သည်။
ပထမတစ်ကြိမ်တွင် အထိုးခံလိုက်ရခြင်းက မြွေဖြူကြီး အနေဖြင့် မည်သို့မှ မပြင်ဆင်လိုက်နိုင်၍ဟု ပြော၍ ရပါသေး၏။ သို့သော် ယခု ဒုတိယအကြိမ်အတွက်မူ ဆင်ခြေပေးရန် အကြောင်းပြချက် မရှိတော့ပေ။
ထိုမတိုင်ခင် မြွေဖြူကြီးဘက်မှ မသေမျိုးအစွမ်းများ အားလုံးကို ထုတ်သုံးခဲ့သည့်တိုင် ထိုကောင်လေးအား မဖိနှိပ်နိုင်ခဲ့ပါ။
မည်မျှ ကြောက်စရာကောင်းလိုက်သော အစွမ်းမျိုးပါနည်း။
" ဘာလို့လဲ... ကောင်လေးက ဘာလို့ အဲ့လောက် ကြောက်စရာကောင်းနေရတာလဲ "
ဟွမ်ယင်က လောထျန်းအား နားမလည်နိုင်သည့် မျက်လုံးများဖြင့် လှည့်ကြည့်၍ မေးလိုက်သည်။
ယခု ဖြစ်ပျက်သွားခဲ့သည့် မြင်ကွင်းကို သူမ အမှန်တကယ်ပင် နားမလည်နိုင်တော့ပါ။
လောထျန်းက အေးအေးဆေးဆေး ပြန်ပြော၏။
" ကောင်လေးရဲ့ ခန္ဓာကိုယ်က အရမ်း အစွမ်းထက်လို့ နေမှာပေါ့ "
" အစွမ်းထက်တယ်... ဘယ်လောက်တောင် အစွမ်းထက်တာလဲ "
ဟွမ်ယင် ထပ်မေးလိုက်သည်။
စာစဉ်ပြီး၏