← Chapters

အခန်း (၁၅၇)

Vol. 3 Ch. 157

အခန်း (၁၅၇)

Vol. 3 Ch. 157

ရက်အနည်းငယ်ကြာပြီးနောက်။

နက်ဆန်နဲ့နာတာရှာက ရုံးခန်းအဆောက်အဦး တစ်ခုထဲကို ဝင်လိုက်ကြတယ်။ ရုံးခန်းအဆောက်အဦးက လေးထပ်အဆောက်အဦးတစ်ခု ဖြစ်ပြီးတော့ အပြင်ကနေကြည့်မယ်ဆိုရင် သာမန်စီးပွားရေး လုပ်ငန်းတွေကို ရုံးခန်းငှားစားတဲ့ အသေးစားစတူရီယို အဆောက်အဦးတစ်ခုနဲ့တောင် တူနေပါသေးတယ်။

အတွင်းထဲကိုရောက်တာနဲ့ သူတို့ဆီကို အမျိုးသမီးဧည့်ကြို တစ်ယောက်ရောက်လာပြီးတော့ ပြောလိုက်ပါတယ်။ “သခင် နက်ဆန်နဲ့ တပ်မှူးနာတာရှာတို့ပါလား။ ကောင်မရှင်နာကြီးက ရှင်တို့ကို ရုံးခန်းထဲမှာစောင့်နေပါတယ်။”

နောက်တော့ သူတို့ကို အဲဒီအမျိုးသမီးက ဓာတ်လှေကား တစ်ခုစီကိုခေါ်သွားပါတယ်။ ဓာတ်လှေကားမှာ အပေါ်ထပ် တက်တဲ့ခလုတ်တွင်အပြင် ခလုတ်အပိုတစ်ခုရှိနေသေးပြီး အဲဒီခလုတ်ကိုနှိပ်လိုက်တဲ့အချိန်မှာတော့ လက်ဗွေနှိပ်ဖို့ ဆင်ဆာနေရာတစ်ခုပေါ်လာတယ်။

အဲဒီဆင်ဆာနေရာကို နှိပ်လိုက်ချိန်မှာတော့ ဓာတ်လှေကားက အပေါ်ထပ်ကိုတက်သွားရမယ့်အစား အောက်ကိုစတင်ပြီး နိမ့်ဆင်းသွားပါတယ်။ တံခါးပြန်ပွင့်သွားတဲ့အချိန်မှာတော့ ရင်းနှီးနေတဲ့ ယူနီဖောင်းနက်ပြာရောင်တွေနဲ့ အလုပ်ရှုပ် နေကြတဲ့ EUOC အေးဂျင့်တွေကို တွေ့ရပါတယ်။ သူတို့တွေ အားလုံးက နက်ဆန်နဲ့နာတာရှာတို့ကို တစ်ပြိုင်နက်တည်း ဆိုသလိုပဲ လှည့်ကြည့်လိုက်ကြတယ်။

“ သူတို့အကြည့်တွေကို ကြည့်ရတာ ကြိုဆိုတဲ့ပုံတော့မပေါ်ဘူး။”

နက်ဆန်က နာတာရှာကိုတီးတိုးပြောလိုက်တော့ နာတာရှာက “သခင်က ကျွန်မကိုလက်စားချေနိုင်အောင် ကူညီပေးခဲ့တာ ဆိုပေမဲ့လို့ EUOCကလူတွေကတော့ ဒါကိုမသိကြပါဘူး။ သူတို့က သခင့်ကို တပ်မှူးတစ်ယောက်ကိုသတ်ပြီးတော့ ကျွန်အဖြစ်စေခိုင်းနေတဲ့သူလို့ပဲ မြင်ကြမှာ။”

နာတာရှာက အခုလိုပြောလိုက်ပြီးတော့ ရှေ့ကနေ ဦးဆောင်ပြီးလျှောက်ပါတယ်။ အေးဂျင့်တချို့က သူတို့မှော်နှင်တံတွေကို လက်ထဲမှာကိုင်ထားပြီးတော့ တိုက်ခိုက်ဖို့အသင့်ပြင်ထားတာ နက်ဆန်မြင်ရတယ်။ နက်ဆန်က အယ်ဒါတစ်ယောက်ဖြစ်ပေမဲ့ အေးဂျင့် ရာချီရှိနေတဲ့ ဒီအဆောက်အဦးထဲကနေ ထွက်ဖို့က ခက်ပါလိမ့်မယ်။ အထူးသဖြင့် ဒီနေရာက ဌာနချုပ် ဖြစ်တဲ့အတွက်ကြောင့် အားနည်းသူတွေချည်းပဲ ရှိတာတော့မဟုတ်နိုင်ဘူး။

စစ်ဆင်ရေးတပ်ဖွဲ့ (၈)၊ စစ်ဆင်ရေးတပ်ဖွဲ့ (၇)...

တဖြည်းဖြည်းနဲ့နက်ဆန်နဲ့နာတာရှာက စစ်ဆင်ရေးတပ်ဖွဲ့ ရုံးခန်းတွေရှိတဲ့နေရာကို ရောက်လာကြတယ်။ ဒီနေရာမှာ ရှိနေတဲ့ လူတွေအများစုက နက်ဆန်ကိုရန်လိုတဲ့ အကြည့်နဲ့ ကြ​ည့်နေကြပြီးတော့ နာတာရှာကိုတော့ အထင်သေးနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။

“ သူတို့တွေက သခင့်ကို သူတို့မလိုက်နိုင်လောက်အောင် စွမ်းအားကြီးတဲ့လူတစ်ယောက်အနေနဲ့ ကြောက်ကြတယ်။ ကျွန်မကိုယ်တော့ အဲဒီလိုရန်သူမျိုးဆီမှာ လက်နက်ချ အညံ့ခံခဲ့တဲ့သူအဖြစ် အထင်သေးကြတယ်။ ဒါပေမဲ့ တချို့ကတော့....”

နာတာရှာက တပ်ဖွဲ့ (၆) ရုံးခန်းနားကို ရောက်တဲ့အချိန်မှာ ရပ်လိုက်ပြီးတော့ ရုံးစားပွဲတစ်ခုပေါ်မှာ ပျင်းရိစွာထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုကြည့်လိုက်တယ်။ တူညီတဲ့ ယူနီဖောင်းကိုဝတ်ထားပေမဲ့ အယ်မာရဲ့ကုတ်ပေါ်မှာ အရင်တွေ့နေကျ အရစ်အပွင့် တွေကို မတွေ့ရတော့တဲ့ အတွက် နက်ဆန်ကိုယ်တိုင် အံ့ဩမိသွားပါတယ်။

“တိုးပွားလာတဲ့ ကျွန်မစွမ်းအားတွေကိုကြည့်ပြီး မနာလိုဖြစ်နေတာလေ။”

အယ်မာနဲ့နာတာရှာက မျက်လုံးချင်းစုံမိသွားတယ်။ အရင်က နာတာရှာနဲ့အယ်မာဟာ အဆင့်မြင့်မှော်ဆရာအဆင့်တွေ ဖြစ်ကြပြီးတော့ အဆင့်တူရာထူးတူကြသူတွေဖြစ်တာမလို့ ပြိုင်ဘက်တွေဖြစ်ခဲ့ကြတယ်။ အခု နာတာရှာက နက်ဆန်ရဲ့လက်အောက်ခံဖြစ်လာပြီးတဲ့နောက် ထိပ်တန်း မာစတာတစ်ပါးဖြစ်လာပြီး အယ်ဒါအဆင့်နီးနီးစွမ်းအား ရှိနေခဲ့ပါပြီ။

“ဒါကြောင့် ဒီနေ့စင်္ကြံလမ်းပေါ်မှာ ခွေးနံနံနေပါတယ်လို့။ လက်စသတ်တော့ တစ်စုံတစ်ယောက်က ရုံးခန်းထဲကို သူ့ခွေးခေါ်လာတာကိုး။”

အယ်မာက သိသိသာသာရန်စလိုက်ပေမဲ့ နာတာရှာကတော့ ဒီအတိုင်းပဲလက်ပိုက်ပြီး ပြောလိုက်တယ်။ “ငါ့ကို စကား သက်သက်နဲ့ သွေးထိုးနေလို့ ဘာမှမထူးဘူးနော်။ နင်ရှုံးတာကရှုံးတာပဲ။ ပြီးတော့ နင့်အပွင့်တွေ အကုန်ပျောက်သွားပြီလား။ ယူနီဖောင်းကိုပါ ဆွဲမချွတ်သွားတာ အံ့ဩမိသားရယ်။”

နာတာရှာက အယ်မာကိုတန်ပြန်တိုက်ခိုက်လိုက်တော့ အယ်မာက ခပ်ခြောက်ခြောက်ရယ်မောလိုက်တယ်။ ပြီးတဲ့နောက် ထက်မြနေအောက်ချွန်ထားတဲ့ ခဲတံကို မျက်လုံးရှေ့မှာထောင်ကြည့်လိုက်ရင်း ပြောလိုက်ပါပြီ။

“ သူတို့တွေ ငါ့ကိုလိုအပ်နေသေးတယ်လေ။ ဒါပေမဲ့ သိပ်ပြီးတော့ ပျော်မနေနဲ့ဦး။ တစ်နေ့ကျရင် ငါက နင့်ကို မှတ်လောက်သားလောက်အောင် ပြန်လက်စားချေမှာ မလို့လေ။”

နောက်တော့ နာတာရှာက အယ်မာကို ဂရုမစိုက်တော့ဘဲ စင်္ကြံလမ်းအတိုင်း ဆက်လျှောက်သွားတယ်။ လမ်းအဆုံး တီပုံစံလမ်းစုံအရောက်မှာတော့ နာတာရှာကညာဘက်ကို ချိုးကွေ့လိုက်ပြီး သတ္တုတံခါးတပ်ထားတဲ့ ရုံးခန်းဆီကို ရောက်လာကြတယ်။

“သခင်၊ အခုကနေစပြီး စကားစစ်ထိုးပွဲ စပြီလို့ မှတ်ထားလိုက်ပါ။”

နာတာရှာက သတိပေးလိုက်ပြီးတဲ့နောက် ရုံးခန်းတံခါးကို ဖွင့်လိုက်တယ်။ ရုံးခန်းက အတော်လေးကျယ်ပြီးတော့ အလယ်မှာ စားပွဲဝိုင်းကြီးတစ်ခုရှိကာ ခုံနှစ်ဆယ့်ရှစ်ခုံ ရှိနေပါတယ်။ ဒါပေမဲ့ ထိပ်ဆုံးခုံတစ်ခုံမှာပဲလူရှိနေပြီး အဲဒီလူက သူ့လက်နှစ်ဖက်ကို အချင်းချင်းဆုပ်ကိုင် ထားကာစားပွဲပေါ်တင်ထားတယ်။

အဲဒီလူရဲ့မျက်လုံးတွေက ခရမ်းရောင်ဖြစ်နေပြီးတော့ မျက်နှာဖုံးဝတ်ဆင်ထားတဲ့အတွက် မျက်နှာကိုသေချာ မမြင်ရပါဘူး။ ဒါပေမဲ့ ကြမ်းတမ်းလှတဲ့အညိုရောင် ဆံပင်ရှည်တွေရှိပြီး အရိုင်းဆန်သူတစ်ယောက်လို့ ခံစားရတယ်။ အနောက်တိုင်းဝတ်စုံကိုဝတ်ထားပေမဲ့ ကိုယ်ခန္ဓာအောက်က ကြွက်သားတွေကို မဖုံးကွယ် ထားနိုင်ခဲ့ပါဘူး။

“သခင်နဲ့မိတ်ဆက်ပေးပါရစေ၊ ဒါကတော့ ဥရောပ သဘာဝလွန်ကောင်မရှင်ရဲ့၁၃ယောက်မြောက် ကောင်မရှင်နာမင်းကြီး လွှမ်းမိုးခြင်းအဓိပတိပါ။”

နာတာရှာက ကောင်မရှင်နာမင်းကြီးကို နာမည်အစစ်နဲ့ မိတ်ဆက်ပေးရမယ့်အစား ဘွဲ့နာမည်နဲ့သာ မိတ်ဆက် ပေးလိုက်ပါတယ်။ ဒါပေမဲ့ဒီနာမည်က နာမည်ကောင်းသာ ဖြစ်ပြီးတော့ ဒုတိယမြောက်နာမည်တစ်ခုလည်း ရှိနေပါသေးတယ်။

“ခရမ်းရောင်မြွေပွေးလို့လည်း သိထားကြပါသေးတယ်။”

အဲဒီနောက်တော့ ကောင်မရှင်နာမင်းကြီးဆီကနေပြီးတော့ ခပ်ဟဟရယ်သံထွက်လာတယ်။ သူက နာတာရှာကိုကြည့်ပြီး ပြောလိုက်တယ်။

“လူတစ်ယောက်ကို နာမည်နှစ်ခုလုံးနဲ့မိတ်ဆက်ပေးတာ လုံလောက်တာထက် ပိုလုပ်ရာကျတယ်လို့ မထင်မိဘူးလား နာတာရှာ။”

နောက်တော့ သူက အဲဒီကိစ္စကို အမှုမထားတော့တဲ့ပုံစံနဲ့ နက်ဆန်ဘက်ကိုလှည့်လိုက်ပြီး “ကျုပ်ကို အတိုကောက် ဒင်းလို့ပဲ​ခေါ်ပါ။ ကျုပ်နာမည်အရင်းတော့ မဟုတ်ဘူးပေါ့။ မင်းကိုရော ဘယ်လိုခေါ်ရမလဲ၊ ညမင်းသားလို့ခေါ်ရမလား။ နတ်ဆိုးဝင်စားသူလို့ ခေါ်ရမှာလား။”

“နက်ဆန်လို့ပဲခေါ်ရင် အဆင်ပြေပါပြီ။”

နက်ဆန်က ပြောလိုက်ပြီး လွတ်နေတဲ့ခုံတစ်ခုံမှာ ဝင်ထိုင်ဖို့ ကြိုးစားလိုက်ပေမဲ့ ကောင်မရှင်နာဒင်းက သူ့လက်ကို မြှောက်လိုက်တယ်။ သူထိုင်ဖို့လုပ်နေတဲ့ထိုင်ခုံက နောက်ကို ရွေ့လျားသွားတဲ့အတွက် နက်ဆန်မျက်နှာကွက်ခနဲ ပျက်သွားတယ်။

“စိတ်မကောင်းပါဘူး မွန်ဆီယာနက်ဆန်၊ ဒီက ထိုင်ခုံတွေက နိုင်ငံအသီးသီးက ကောင်စီဝင်တွေဖို့ပါ။”

နက်ဆန်က ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်တယ်။ စားပွဲဝိုင်းပေါ်က ထိုင်ခုံတွေအပြင် တခြားထိုင်ခုံတွေ ရှိမနေပါဘူး။ တစ်နည်းအားဖြင့် အဆင့်မတူလို့ မတ်တပ်ရပ်နေဖို့ ပြောလိုက်တာပေါ့။

“ဟုတ်လား၊ ဒါဆိုရင် ကျုပ်ထိုင်ဖို့အတွက် နေရာကို ကျုပ်ဘာသာကျုပ်ရှာမယ်ဆိုရင် ပြဿနာမရှိဘူး မဟုတ်လား။”

နက်ဆန်က အခုလိုပြောလိုက်ပြီး စားပွဲခုံနားကိုပိုပြီး တိုးကပ်သွားတယ်။ နာတာရှာကလက်ကိုမြှောက်ပြီး တားဆီးဖို့လုပ်လိုက်ပေမဲ့...

“နာတာရှာ၊ ညမင်းသားက ဧည့်သည်ပဲ။ သူ့ကိုယ်သူ ထိုက်တန်တယ်ထင်တဲ့နေရာမှာ ထိုင်ပါစေ။” ဒင်းက ဝင်တားလိုက်တယ်။

နက်ဆန်ကတော့ ဒင်းနဲ့နာတာရှာကိုဂရုမစိုက်ဘဲ စားပွဲပေါ်ကို ခြေတင်လိုက်ကာ အပေါ်တက်မတ်တပ်ရပ်လိုက်တယ်။ ပြီးတဲ့နောက်တော့ ကောင်မရှင်နာဒင်းရှေ့မှာ တပလ္လင်ခွေထိုင်ချလိုက်ပြီး မျက်လုံးချင်းဆုံမိအောင် ကြည့်ကာမေးလိုက်တယ်။

“အခု ကျုပ်တို့တွေ၊ ဆွေးနွေးလို့ရပြီလား။”

နက်ဆန်က သူ့ကိုယ်သူအဆင့်တူတစ်ယောက်လိုမျိုး သဘောထားပြီးတော့ ဒင်းကိုမေးလိုက်တာ။ ဒင်းကလည်း ပြုံးလိုက်ပြီးတော့

“စိတ်ဝင်စားစရာပဲ...” လို့ပြန်တုံ့ပြန်တယ်။ ပြီးတဲ့နောက် သူက ဝေ့ဝိုက်မနေဘဲနဲ့ မေးလိုက်ပါတယ်။

“ကျုပ် မင်းတို့ကို ဒီနေရာခေါ်လိုက်တဲ့အကြောင်း သိခဲ့ပြီး ဖြစ်မှာပါ။ ကျုပ်ရဲ့ဘုတ်အဖွဲ့က အမှတ် (၆) တပ်မှူး နာတာရှာ ဘယ်လိုလုပ်ပြီးတော့ ဖုတ်ကောင်ဖြစ်သွားတာလဲဆိုတာ သိချင်နေကြတယ်။”

နက်ဆန်က တည်ငြိမ်စွာနဲ့ပဲ တိကျတဲ့အဖြေတစ်ခုကို ပေးလိုက်တယ်။ “ခင်ဗျားတို့ရဲ့တပ်မှူးနာတာရှာက အမှောင်ကျောင်းတော်ရဲ့ပုန်ကန်တဲ့ ဆီနိတ်တာတစ်ယောက်ကို နှိမ်နင်းဖို့အတွက် ကူညီပေးရင်း သေသွားခဲ့တာ။ ဒါပေမဲ့ သူက သူနဲ့အတူသေခဲ့ရတဲ့ မိသားစုဝင်တွေအတွက် လက်စားချေချင်လို့ ကျုပ်ကို ပြန်အသက်သွင်းပေးဖို့ တောင်းဆိုခဲ့တာပဲ။”

ကောင်မရှင်နာဒင်းက နက်ဆန်ကို ပုံမှန်အတိုင်းပဲ ဆက်ပြီး ကြည့်နေခဲ့တယ်။ မျက်နှာဖုံးအောက်က သူ့မျက်နှာထား ဘယ်လိုဖြစ်နေလဲဆိုတာမသိရပေမဲ့ အဲဒီဆန်းကျယ်မှုကိုက ကျက်သီးထစရာကောင်းတယ်။

“ခင်ဗျားအနေနဲ့ ယုံကြည်ဖို့ရွေးချယ်နိုင်သလို မယုံဖို့လဲ ရွေးချယ်နိုင်တယ်။ အဲဒါက ကျုပ်အလုပ်မဟုတ်ဘူး။ ကျုပ်ဒီကိုလာတာ ကျုပ်ဘက်ကအမြင်ကို ပြောချင်ရုံ သက်သက်ပါပဲ။”

ဒီတစ်ခါတော့ ဒင်းက လက်ကိုကာပြလိုက်ပြီး နက်ဆန်ကို စကားပြောတာရပ်ခိုင်းလိုက်တယ်။ ပြီးတဲ့နောက်တော့ လည်ချောင်းရှင်းလိုက်ပြီး

“ညမင်းသားအနေနဲ့ ကျုပ်ကိုလိမ်စရာအကြောင်းမရှိမှန်း ကျုပ်သိပါတယ်။ ဒါပေမဲ့ ၂၇ယောက်သော ​ကောင်မရှင်နာ အားလုံးကို နားလည်လာအောင် ဖျောင်းဖျဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စမဟုတ်တာ သိစေချင်တယ်။”

နက်ဆန်ကမျက်လုံးတွေကိုမှေးပြီး ဒင်းကိုကြည့်တယ်။ ဒင်းရဲ့မျက်လုံးအိမ်တွေထဲမှာ ပျက်ရယ်ပြုမှုအနည်းငယ်ကို တွေ့နိုင်တယ်။ နက်ဆန်က ဟန်မပျက်ဘဲမေးလိုက်တယ်။

“ပွင့်ပွင့်လင်းလင်းပြော... ခင်ဗျားက ဘာလိုချင်တာလဲ။”

နက်ဆန်ဆီကနေ တိုက်ရိုက်မေးခွန်းထုတ်တာခံရတော့ ဒင်းက သူ့စုံလည်ကုလားထိုင်ကနေထလိုက်ပြီး လက်ကို နောက်ပစ်ကာ နံရံကိုမျက်နှာမူပြီးရပ်လိုက်တယ်။ အခု သူက နက်ဆန်ကို ကျောခိုင်းလျက်သားအနေအထားမှာ ရှိနေတယ်။

“ကျုပ်လိုချင်တာက ထူးထူးခြားခြားတော့မဟုတ်ပါဘူး။ ညမင်းသား​ဆီကနေ အကူအညီလေးတစ်ခုလောက် လိုချင်ရုံလေးပါ။”

ကောင်မရှင်နာဒင်းက စကားကို တမင်သက်သက်အပြည့် မပြောသေးဘဲ ရပ်ထားလိုက်တယ်။ ရုံးခန်းထဲကလေထုက ပိုပြီးတင်းမာလာပါတယ်။

“ခင်ဗျားရဲ့အဖွဲ့သားတွေထဲကတစ်ယောက်​က နတ်ဘုရားတစ်ပါးလို့ ကျုပ်သိရတယ်။ ကျုပ်တို့ EUOCက လူသားမျိုးနွယ်ကိုကာကွယ်ဖို့အတွက် သုတေသနတွေ ပြုလုပ်နေတာဆိုတော့ နတ်ဘုရားတစ်ပါးအကြောင်းကို နားလည်ထားရင် လူသားတွေအတွက်အများကြီး အကျိုးဖြစ်ထွန်းမယ်လို့ ကျုပ်ထင်တယ်။”

ကောင်မရှင်နာဒင်းက နက်ဆန်ဘက်ကိုပြန်လှည့်ပြီး လက်ကိုကမ်းလိုက်တယ်။ “ လူသားတစ်ယောက်အနေနဲ့ ခင်ဗျားလုပ်ဖို့လိုတာက တစ်ခုပါပဲ။ အမှောင်ကျောင်းတော် လက်ဝယ်ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားကို လူသားမျိုးနွယ်ဖို့ လေ့လာခွင့်ပေးဖို့ပါပဲ။”

နက်ဆန်ရဲ့မျက်နှာက တင်းမာသွားတယ်။ အခန်းအပူချိန်က အေးခဲလုမတတ်အေးစိမ့်သွားပြီး စားပွဲပေါ်မှာရှိနေတဲ့ ဖန်ခွက်တွေမှာတောင် ရေခိုးရေငွေ့တွေ ရိုက်ခတ်လာတယ်။

“ခင်ဗျားက ကျုပ်ကိုခြိမ်းခြောက်နေတာလား။”

ကောင်မရှင်နာဒင်းက ဆယ်ဗီကိုလေ့လာချင်တယ်လို့ ပြောတဲ့ကိစ္စက နက်ဆန်အတွက်တော့ ဘယ်နည်းနဲ့မှ သည်းခံနိုင်စရာမရှိတဲ့တောင်းဆိုချက်ပါ။ ဒါပေမဲ့ အဲဒါကို သဘောမတူဘူးဆိုရင် EUOCက သူ့ကိုရန်သူအဖြစ်မြင်ဖို့ ဝန်လေးနေမယ့်ပုံမပေါ်ဘူး။

“ညမင်းသားအနေနဲ့ ရေရှည်အကျိုးအမြတ်ကို မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ EUOCက ဒီမိန်းကလေးကို ထိခိုက်အောင်မလုပ်ဘဲ လေ့လာရုံပဲလေ့လာမှာပါ။ တစ်ဖက်မှာလည်း ခင်ဗျားရဲ့ရာထူးနဲ့ကျောင်းတော်က EUOCရဲ့တရားဝင်အသိအမှတ်ပြုမှုနဲ့ကာကွယ်မှုကိုရမယ်။ ရိုမြူလက်ဘုရားကျောင်းနဲ့မီးလျှံဘုရားကျောင်းကို ရန်ပြုမိထားတဲ့ အမှောင်ကျောင်းတော်အနေနဲ့ မဟာမိတ်တစ်ယောက်တိုးလာတာ ကောင်းတယ်မထင်ဘူးလား။”

ဘုန်း...

နက်ဆန်က နားထောင်နေရင်း ဒေါသထွက်လာတယ်။ သူက စားပွဲကို လက်သီးနဲ့ထိုးလိုက်ပြီး ထရပ်လိုက်တယ်။ စားပွဲက တစ်ချက်တုန်ခါသွားပြီးတဲ့နောက် နက်ဆန်က စားပွဲပေါ်က ခုန်ဆင်းလိုက်တယ်။

“ဒီကိစ္စကို ဘယ်နည်းနဲ့မှ ကျုပ်သဘောမတူနိုင်ဘူး။ လုပ်ချင်သလိုသာလုပ်တော့။ နာတာရှာ၊ ငါတို့ဒီကနေ သွားကြမယ်။”

နာတာရှာက သက်ပြင်းချလိုက်တယ်။ အဲဒီနောက်တော့ ရုံးခန်းထဲကနေ ထွက်ခွာဖို့ပြင်နေပြီဖြစ်တဲ့ နက်ဆန်နောက်က လိုက်သွားတယ်။

...

“အဲဒါကြောင့် စကားပြောနေလဲ အပိုအလုပ်ရှုပ်ရုံပဲရှိမှာလို့ ကျုပ်ပြောခဲ့သားပဲ။”

မကြာခင်မှာပဲ အခန်းထောင့်တစ်ထောင့်က ပုံရိပ်တစ်ခု လှုပ်ရှားလာပြီးတော့ ဒေါက်တာကုတ်အင်္ကျီနဲ့လူတစ်ယောက် အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ သူ့ခါးမှာတော့ ထူးခြားတဲ့ ပုံစံနဲ့ခါးပတ်တစ်ခုရှိနေပြီး လက်ထဲမှာ ကတ်ပြားလိုအရာ တစ်ခုကိုကိုင်ထားပြီး ခါးပတ်ထဲကနေထုတ်ထားတာ မကြာသေးပါဘူး။ ဒီလူက အသားအရေနက်မှောင်ပြီး မျက်မှန်အဝိုင်းကိုဝတ်ဆင်ထားတယ်။ EUOCရဲ့သုတေသန ဌာနမှူးဖြစ်တဲ့ ဂျော်ဒန်ပါ။ နက်ဆန်တောင်မှ သူအခန်းထဲမှာ ရှိနေတာကို သတိမထားမိလိုက်ဘူး။

“ငါက ပိုကောင်းတဲ့ရလဒ်များ ရမလားလို့ပါ။ မရဘူးဆိုတော့လည်း နဂိုအကြံအစည်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့။ ဒါလီယာကိုနက်ဆန်နဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခိုင်းပြီး ဒေတာတွေစုဆောင်းမယ်။ ပိုတိုးတက်လာအောင် လုပ်ကြမယ်။”

နောက်တော့ ဒင်းက စားပွဲပေါ်ကဖုန်းကို နှိပ်လိုက်ပြီးတော့ တစ်စုံတစ်ယောက်ကိုခေါ်လိုက်တယ်။ “ဟယ်လို၊ အမိန့်ရှိပါ။”

တစ်ဖက်ကနေ ပြန်ဖြေသံကြားရတဲ့အခါမှာတော့ ကောင်မရှင်နာဒင်းက နှောင့်နှေးမနေတော့ဘဲ ပြောလိုက်တယ်။

“ဌာနမှူးအော့စဝဲလ်၊ ခင်ဗျားလက်အောက်က စစ်ဆင်ရေး တပ်တွေအားလုံးကို အကြောင်းကြားလိုက်။ ညမင်းသား နက်ဆန်က တပ်မှူးနာတာရှာကို သတ်တဲ့တရားခံပဲ။ ဒါပေမဲ့ သူတို့ကိုကိုယ်တိုင်မလှုပ်ရှားခိုင်းနဲ့။ အယ်မာနဲ့ဒါလီယာကို ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုင်တွယ်ခွင့်အာဏာကုန်ပေးလိုက်။ နည်းပညာဌာနက သူတို့လိုအပ်သမျှ ထောက်ပံပေးလိမ့်မယ်။”

All Chapters