လခြမ်းကွေး တာအိုလက်နက်
Vol. 114 Ch. 1739
“ မင်းရဲ့ နာမည်က ရွှီချင်းမဟုတ်လား ”
ဖရိုဖရဲစစ်မြေပြင်၏ အပေါ်တွင် ပုံပျက်တွန့်လိမ်နေပြီး တအိအိလှိုင်းထနေသော စိတ်ကူးယဉ်ပန်းချီစာလိပ်တစ်ခု ရှိသည်။ စာလိပ်၏ အသွင်သဏ္ဍာန်က မထင်မရှားဖြစ်နေလေရာ အဆင့်နိမ့်သက်ရှိများက ယင်းကို ရှင်းလင်းစွာ မမြင်နိုင်ပေ။
စာလိပ်ထဲတွင် အဖြူနှင့် အနက်က အထွတ်အထိပ်စွမ်းအားနှင့်တကွ အပြန်အလှန် ဆန့်ကျင်နေကြလေရာ စွမ်းအင်လှိုင်းဂယက်များက အောက်ဘက်မှ စစ်မြေပြင်ပေါ်သို့ ပျံ့နှံ့သွားသည်။ ယင်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက ဖြစ်ပွားလိမ့်မည်။
စစ်မြေပြင်တွင် ကျင့်ကြံသူစစ်တပ်များနှင့် နတ်ဘုရားစစ်တပ်များက မရေမတွက်နိုင်သော အလင်းအစက်အပြောက်များသဖွယ် အပြန်အလှန် တိုက်ခိုက်နေကြသည်။ တိုက်ခိုက်သံများနှင့် ပေါက်ကွဲသံများက အဆုံးမဲ့စွာ ပဲ့တင်ထပ်နေသည်။
သွေးနံ့က လေထဲမှာ လှိုင်းလှိုင်းသင်းနေစဉ် အလောင်းများက မြေပြင်ပေါ်မှာ ပြန့်ကျဲနေကြသည်။
ယင်းက အလွန်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်တည်း။
…..
ကြယ်တာရာကောင်းကင်က ဆုတ်ဖြဲခံလိုက်ရပြီး အချိန်လေဟာနယ်က အက်ကွဲသွားသည်။ ယင်းက ဖရိုဖရဲစစ်မြေပြင်အတွင်းမှ အန္တရာယ်ကို ပိုပြီးတိုးပွားစေသည်။
ဤစကြာဝဠာသည်ပင် ပြိုကွဲပျက်စီးတော့မည့်ဟန် ရသည်။
ထိုသို့ဖရိုဖရဲအခြေအနေကြားတွင် ခရမ်းရောင်ဆံပင်ရှည်၊ ရွှေရောင်စစ်ချပ်ဝတ်နှင့် ကျောက်စိမ်းမျက်နှာရှိသော အစစ်အမှန်နတ်ဘုရားက အရှေ့သို့ ရွေ့လျားနေရင်း တည်ငြိမ်စွာ ပြောသည်။
၎င်း၏ နတ်ဘုရားအသံက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားပြီး အဝေး၌ ထွက်ပြေးနေသော ရွှီချင်း၏ နားထဲသို့ ရှင်းလင်းပီသစွာ ဝင်ရောက်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ ထိုနတ်ဘုရားအသံက ကြယ်အလင်းရောင်အဖြစ် ပြောင်းလဲသွားပြီး ရွှီချင်း၏ အရှေ့မှ ကြယ်တာရာကောင်းကင်ကို အလွှားလိုက် ပိုင်းဖြတ်လိုက်သည်။
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်လေရာ စူးရှသော အလင်းက သူ၏ မျက်လုံးအတွင်းမှာ ထွန်းလင်းသွားသည်။ သူက ဘယ်လက်ကို မြှောက်လိုက်ပြီး လက်ဟန်တစ်ခုကို ဖွဲ့စည်းလိုက်သည်နှင့် သူ၏ အင်မော်တယ်သန္ဓေသားလောင်းက အပြင်ဘက်မှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။ တစ်ဆက်တည်းမှာ သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီးနှင့် အချိန်လေဟာနယ်အစွမ်းက သူ၏ အင်မော်တယ်သန္ဓေသားလောင်းကို ဝန်းရံလိုက်ကြသည်။
မျဉ်းပြိုင်အာဏာစက် အသက်ဝင်လာသည်နှင့် ထပ်ဆင့်ပုံရိပ်လွှာများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ အပြိုင်စကြာဝဠာများသည်ပင် သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။
သူက အစွမ်းကုန်ထုတ်လွှတ်၍ အရှေ့သို့ ပျံသန်းသွားသည်။
ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာသည်။
ရွှီချင်း၏ တစ်ဟုန်ထိုး ပျံသန်းမှုက သူ့အရှေ့မှ လမ်းကြောင်းကို တားဆီးပိတ်ဆို့ထားသော ကြယ်အလင်းရောင်ကို တိုက်ရိုက် ဝင်တိုက်သွားသည်။ ထို့နောက် သူ၏ အာဏာစက်က လင်းလက်သွားသည့်အခါ အတားအဆီးက မှေးမှိန်သွားသည်။
သူက အတားအဆီးကို ချိုးဖြတ်သွားသည်။
အစောပိုင်းအဆင့် ခြေလှမ်းဝက်အင်မော်တယ်မှာ သူရှိနေခဲ့စဉ်က အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများကို ရွှီချင်း တိုက်ခိုက်နိုင်ခဲ့သည်။ ယခု သူက အလယ်အလတ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးဖြစ်နေပြီး ယင်းက သူ့အား နတ်ဘုရားယဇ်ပလ္လင်အဆင့်နှင့် အစစ်အမှန်နတ်ဘုရားကြားမှ စွမ်းအားကွာခြားမှုကို မဖြေရှင်းပေးနိုင်သော်လည်း ယင်းက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စေရန်တော့ လုံလောက်ပေသည်။
အတားအဆီးကို ချိုးဖြတ်ပြီးနောက် သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။ သို့သော်လည်း သူ၏ အလျင်က ပိုပြီးမြန်ဆန်သွားသည်။
“ စစ်မြေပြင်က ပရမ်းပတာဖြစ်နေတယ်… တကယ်လို့ ကျင့်ကြံသူတွေရဲ့ စစ်တပ်ဆီ ငါသွားမယ်ဆိုရင်တောင် အဖမ်းခံရပြီး အသတ်ခံရလောက်တယ်… ဒီတော့… ဒီစစ်မြေပြင်ကနေ ထွတ်ပြေးနိုင်ဖို့ ငါလုပ်ရမယ် ”
ရွှီချင်းက ဆုံးဖြတ်ချက်ချလိုက်သည်။ သို့သော်လည်း အဟန့်အတားစည်းကို သူချိုးဖြတ်ပြီး အရှိန်မြှင့်တင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့အနောက်မှ အသည်းအသန် လိုက်ဖမ်းနေသော ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။
၎င်းက အလွန်ကျယ်ပြောသော အကွာအဝေးကို မြန်ဆန်စွာ ကျော်လွှားသွားသည်။ ထို့နောက် ၎င်းလက်မြှောက်လိုက်သည့်အခါ ကြယ်တာရာကောင်းကင်က ဒုတိယအကြိမ် အလွှားလိုက် ပိုင်းဖြတ်ခံလိုက်ရပြီး ရွှီချင်း၏ အရှေ့တွင် နောက်ထပ် အဟန့်အတားစည်းတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် တတိယစည်း၊ စတုတ္ထစည်း၊ ပဉ္စမစည်း…
အဟန့်အတားစည်း(၉၉)ခုက ဟင်းလင်းပြင်ပေါ်မှာ ထွက်ပေါ်လာကြပြီး ရွှီချင်း၏ လေးဘက်လေးလံကို ပိတ်ဆို့လိုက်ကြသည်။ ယင်းက သူ၏ ဘေးပတ်ပတ်လည်မှ လေဟာနယ်ကို သီးခြားနယ်မြေလွတ်တစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။
အစစ်အမှန်နတ်ဘုရားတစ်ပါး၏ စွမ်းအားက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
ထို့နောက် ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားက ၎င်း၏ ညာလက်ကို ဖျစ်ညှစ်လိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာ ရွှီချင်းကို ပိတ်ဆို့ထားပြီး သီးခြားခွဲထုတ်ထားသော အဟန့်အတားစည်း(၉၉)ခုက ကြယ်တာရာကောင်းကင်ထဲမှ ခွဲထွက်သွားကြပြီး ချည်မျှင်များအဖြစ် အသွင်ပြောင်းလဲသွားကြသည်။
ယင်းတို့က ရွှီချင်းထံသို့ ဦးတည်သွားကြသည်။
ချည်မျှင်များ ရွေ့လျားသွားနေစဉ် ချိပ်ပိတ်ခြင်းစွမ်းအား၊ နတ်ဘုရားဖိအားနှင့် ဖြတ်တောက်ခြင်းအစွမ်းက ယင်းတို့ထဲမှာ အားအင်အပြည့် ထွက်ပေါ်လာကြသည်။
ယင်းတို့က ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ အကယ်၍ တခြားနေရာမှာသာ ထိုသို့ဖြစ်မည်ဆိုလျှင် သူက တန်ပြန်တိုက်ခိုက်နိုင်လောက်၏။
သို့သော်လည်း ဤနေရာက ဖရိုဖရဲစစ်မြေပြင် ဖြစ်သည်။ ဤနေရာမှာ အနည်းငယ် ကြန့်ကြာသွားမည်ဆိုလျှင် အဆိုးဝါးဆုံးရလဒ် ဖြစ်ပေါ်လာနိုင်လောက်၏။
အဓိကဝှက်ဖဲကတ်အနေဖြင့် အင်မော်တယ်အရှင်သခင်အဆင့် တာအိုလက်နက်ကို သူပိုင်ဆိုင်ထားသော်လည်း ယင်း၏ အစွမ်းက အလွန်ကြီးမားသည်။ သူ၏ လက်ရှိစွမ်းအားဖြင့် ယင်းကို တစ်ကြိမ်အသုံးပြုမည်ဆိုလျှင်ပင် နောက်ဆုံးမှာ သူအားနည်းသွားလိမ့်မည်။
သို့ဖြစ်၍ မဖြစ်မနေ အသုံးပြုရမည့် အခြေအနေမျိုးမဟုတ်လျှင် ယင်းကို သူထုတ်မသုံးချင်ပေ။
ဤသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးက ထွန်းလင်းသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဟင်းလင်းပြင်ဆီသို့ ဆန့်ထုတ်လိုက်သည်။ ထို့နောက် သူက သတိမေ့မျောနေသော ကြယ်တာရာမျက်လုံးနတ်သမီးကို ဖမ်းဆုပ်လိုက်သည်။
သူက ကြယ်တာရာမျက်လုံးနတ်သမီးကို ဒိုင်းကာအဖြစ် အသုံးပြု၍ သူ့ဆီသို့ ဦးတည်နေကြသော အဟန့်အတားစည်း(၉၉)ခုကို ခုခံကာကွယ်လိုက်သည်။
ထိုလှုပ်ရှားမှုက ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားကို ချက်ချင်း ရပ်တန့်သွားစေသည်။
၎င်း၏ မြှောက်ထားသော လက်က တုံ့ဆိုင်းသွားသည်။
ရွှီချင်းထံသို့ ဦးတည်နေကြသော အဟန့်အတားစည်းများသည်လည်း ရပ်တန့်သွားကြသည်။
ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ရွှီချင်းက သူ၏ အလျင်ကို ထပ်မံ မြှင့်တင်လိုက်သည်။ သူ၏ ဘေးပတ်ပတ်လည်မှ အပြိုင်စကြာဝဠာများက ပိုပြီးနက်နဲသိမ်မွေ့သွားသည့်အခါ မရေမတွက်နိုင်သော အချိန်လေဟာနယ်များက သူ၏ ဘေးပတ်ဝန်းကျင်မှာ ဖွဲ့စည်းသွားကြသည်။
နောက်အခိုက်အတန့်မှာ အပြိုင်စကြာဝဠာများနှင့် အချိန်လေဟာနယ်များက ပြိုကွဲပျက်စီးသွားကြသည်။ ရွှီချင်းက အပြိုင်စကြာဝဠာများနှင့် အချိန်လေဟာနယ်များကို စတေး၍ လေးဘက်လေးလံ ပိတ်ဆို့မှုထဲမှ ရုန်းထွက်သွားသည်။
သူက စစ်မြေပြင်ပေါ်မှာ တစ်ဟုန်ထိုး ပြေးလွှားနေရင်း ဧရိယာတစ်ခုပြီးတစ်ခုကို မြန်ဆန်စွာ ဖြတ်ကျော်သွားသည်။
သူ၏ အနောက်တွင် ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရား၏ မျက်နှာက ရွှေရောင်ထွန်းလင်းသွားသည်။ ၎င်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
အကယ်၍ နတ်သမီးက သေဆုံးသွားလျှင်ပင် အနာဂတ်မှာ အသက်ပြန်ရှင်လာလိမ့်မည်။ အကယ်၍ ၎င်းက ထိုသို့ဆက်ပြီး တုံ့ဆိုင်းနေမည်ဆိုလျှင် ရွှီချင်းက ထိုအားနည်းချက်ကို အပြည့်အဝ အသုံးချသွားလိမ့်မည်။ ထိုအခါကျလျှင် ၎င်းက အလွန်ဆိုးဝါးသော အခြေအနေသို့ ကျရောက်သွားလိမ့်မည်။
“ ဖြစ်ချင်တာဖြစ်တော့ ”
ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် ၎င်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး စစ်မြေပြင်ကို ဖြတ်သန်းသွားသည်။ ၎င်း၏ နတ်ဘုရားအသံက ရွှီချင်း၏ ဘေးနားတစ်ဝိုက်မှာ ထပ်မံ ပဲ့တင်ထပ်လာသည်။
“ ဒီဓားစာခံလဲလှယ်မှုအတွက် ငါ့ကို ဘာဖြစ်လို့ ရွေးချယ်ခဲ့လဲ မင်းသိလား ”
“ ဘာလို့လဲဆိုတော့ စစ်မြေပြင်က ပိုပြီးဖရိုဖရဲဖြစ်လေ ငါ့ရဲ့ နတ်ဘုရားစွမ်းအင်အမြူတေက ပိုပြီးအစွမ်းထက်လေ ဖြစ်လို့ပဲ ”
ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားက တည်ငြိမ်စွာ ပြောသည်။
ထိုစကားများက ထွက်ပြေးနေသော ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ အမူအရာက မည်းမှောင်သွားသည်။ အစစ်အမှန်နတ်ဘုရားတစ်ပါးသည် အကြောင်းမရှိဘဲ စကားပြောလိမ့်မည် မဟုတ်ချေ။ သို့တိုင် ၎င်းက အစောနကရော ယခုရော စကားပြောခဲ့သည်။
၎င်းက တမင်စကားပြောနေဟန် အောက်မေ့ရ၏။
“ အဲ့ဒါက သူ့ရဲ့ နတ်ဘုရားအခွင့်အာဏာနဲ့ ဆက်စပ်နေတာများလား ”
ရွှီချင်းက တွေးတောနေစဉ် အန္တရာယ်ကပ်ဘေးက သူ၏ နှလုံးသားထဲမှာ ရုတ်တရက် ပေါ်လျှိုးလာသည်။
ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားက သူနှင့် အလွန်အလှမ်းဝေးနေသေးကြောင်း သူသတိထားမိသော်လည်း တစ်ဖက်လူ၏ စကားသံဆုံးသွားသည်နှင့် ရွှေရောင်ချည်မျှင်များက သူ၏ ဘေးပတ်ပတ်လည်မှ လေထဲမှာ ထွက်ပေါ်လာကြသည်။
ထိုချည်မျှင်များက အစောနက အဟန့်အတားစည်းများနှင့် ဆင်တူသော်လည်း အမှန်မှာ လုံးဝကွဲပြားသည်။
ရွှီချင်းကို မျက်မှောင်ကြုတ်သွားစေသည်မှာ ထိုရွှေရောင်ချည်မျှင်များက ထွက်ပေါ်လာပြီးနောက် ရုတ်တရက် ပျံ့ပွားသွားခြင်း ဖြစ်သည်။ ထိုချည်မျှင်များ၏ ပစ်မှတ်က သူမဟုတ်ပေ။ ယင်းအစား သူ၏ ဘေးပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော နတ်ဘုရားအလောင်းများနှင့် ကျင့်ကြံသူအလောင်းများ ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာ ရွှေရောင်ချည်မျှင်များက အလောင်းများထဲသို့ ဝင်ရောက်သွားကြသည်။ ထို့နောက် ရွှေရောင်ချည်မျှင်ဖြင့် ပေါင်းစပ်သွားသော အလောင်းတိုင်းက မျက်လုံးဖွင့်လိုက်ကြသည်။
လျှပ်တစ်ပြက်အတွင်းမှာ အလောင်းထောင်သောင်းချီက နိုးထလာကြပြီး ၎င်းတို့၏ မျက်လုံးထဲတွင် ရွှေရောင်အလင်း ထွန်းလင်းလာသည်။
၎င်းတို့၏ အခြေအနေက အစောနက လူသားကျင့်ကြံသူငါးယောက်နှင့် တူညီသည်။
ရွှီချင်း၏ မျက်နှာက သုန်မှုန်သွားသည်။ ထိုအလောင်းများက နတ်ဘုရားရုပ်သေးရုပ်များ ဖြစ်လာကြကြောင်း ချက်ချင်း သူနားလည်လိုက်သည်။
“ အဲ့ဒါက သူ့ရဲ့ နတ်ဘုရားအခွင့်အာဏာလား ”
“ အတွေးတွေကို ချည်မျှင်တွေအဖြစ် ပြောင်းလဲစေပြီး ချည်မျှင်တွေက ရုပ်သေးရုပ်တွေကို ဖန်တီးတယ်… ချည်မျှင်ဖြတ်သန်းသွားတဲ့နေရာတိုင်း နတ်ဘုရားပဲဖြစ်ဖြစ် ကျင့်ကြံသူပဲဖြစ်ဖြစ် သူတို့အားလုံးက ရုပ်သေးရုပ်တွေ ဖြစ်လာကြလိမ့်မယ် ”
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့နတ်ဘုရားစွမ်းအင်အမြူတေက စစ်မြေပြင်ပေါ်မှာ အမှန်တကယ် ပိုပြီးအစွမ်းထက်သည်။
ယခု အလောင်းများက ပြန်ရှင်သန်လာကြပြီး ရွှီချင်းဆီသို့ အရပ်မျက်နှာအသီးသီးမှ ပြေးသွားနေကြသည်။
၎င်းတို့က အထွတ်အထိပ်စွမ်းအားကို မပိုင်ဆိုင်တော့သော်လည်း အသက်ရှိခဲ့စဉ်က တိုက်ပွဲစွမ်းအား၏ တချို့တဝက်ကို ရရှိထားကြသည်။ ထို့ပြင် ၎င်းတို့၏ အရေအတွက်က အလွန်များပြားလေရာ ရွှီချင်းကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
ရွှီချင်းက အမြန်အနောက်ဆုတ်သွားပြီး ထိုအလောင်းကောင်များကို တားဆီးရန် အချိန်လေဟာနယ်မုန်တိုင်းကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူက ဦးခေါင်းခွံပုံသဏ္ဍာန်ရှိသော ဥက္ကာခဲတစ်ခုပေါ်သို့ ခြေချလိုက်သည်။
သို့သော်လည်း သူခြေချလိုက်သည့်အခိုက် သူ့ခြေဖဝါးအောက်မှ ဥက္ကာခဲက ရုတ်တရက် ရွှေရောင်ထွန်းလင်းလာသည်။ ထို့နောက် ဥက္ကာခဲက လူးလွန့်လှုပ်ရှားလာပြီး မျက်နှာပုံသဏ္ဍာန်များ ထွက်ပေါ်လာသည်။ ဤသည်မှာ ဥက္ကာခဲက အသက်ရှိလာသည့်အလားပင်။
ထိုဥက္ကာခဲသည်လည်း အစစ်အမှန်နတ်ဘုရား၏ လက်အောက်မှ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာသည်။
ဥက္ကာခဲက ဤအခိုက်အတန့်မှာ ပါးစပ်ဟလိုက်ပြီး ကျိန်စာတိမ်မြူခိုးကို မှုတ်ထုတ်လိုက်သည်။
သို့သော်လည်း မြူခိုးက ရွှီချင်းကို ထိသွားသည်နှင့် သူက ရွှံ့မြေခွေး၏ နတ်ဘုရားအစွမ်းကို ငှားယူလိုက်ပြီး သူ့ကိုယ်ပိုင်နတ်ဘုရားကျိန်စာကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ တားမြစ်အဆိပ်နတ်ဘုရားကျိန်စာက ရုပ်သေးရုပ်၏ ကျိန်စာဖြင့် တွေ့ဆုံသွားသည်။
နောက်အခိုက်အတန့်မှာ ဥက္ကာခဲ၏ မျက်နှာပြင်က ပြိုကွဲပျက်စီးသွားပြီး ဖုန်မှုန့်အဖြစ် ပြန့်ကျဲသွားသည်။
သို့သော်လည်း ထိုသို့နှောင့်နှေးမှုက ဘေးပတ်ဝန်းကျင်မှ အလောင်းကောင်များကို သူ့ဆီသို့ ချက်ချင်း ချဉ်းကပ်သွားစေသည်။ အဝေးမှ ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားသည်လည်း သူ၏ မြင်ကွင်းထဲမှာ ရှင်းလင်းလာသည်။
ရွှီချင်း၏ မျက်နှာက မည်းမှောင်သွားသည်။ အစစ်အမှန်နတ်ဘုရား၏ ကျိန်စာက မည်မျှကြောက်စရာကောင်းပြီး ၎င်း၏ နတ်ဘုရားအခွင့်အာဏာက မည်မျှထူးခြားဆန်းကြယ်ကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။
“ အဲ့ဒါက ဘယ်အရာကိုမဆို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်နိုင်တာလား ”
ရွှီချင်းက လက်မြှောက်လိုက်လေရာ သံတုတ်က အလွန်ထက်ရှသော အရှိန်အဟုန်ဖြင့် ပျံသန်းထွက်လာသည်။ တစ်ချိန်တည်းမှာ ခေါင်းလောင်းမြည်သံ ပဲ့တင်ထပ်သွားသည်နှင့် ဘေးပတ်ဝန်းကျင်မှ အလောင်းကောင်များက ရပ်တန့်သွားကြသည်။ ထိုစဉ် ၎င်းတို့က သံတုတ်ဖြင့် ထိုးဖောက်ခံလိုက်ကြရသည်။
ရွှီချင်းသည်တော့ မရပ်တန့်ခဲ့ပေ။ သူက အလျင်ကို ထပ်တိုးမြှင့်ရန် လျှို့ဝှက်အတတ်ပညာတစ်ခုကို အသက်သွင်းလိုက်သည်။
အဝေးမှကြည့်လျှင် ဖရိုဖရဲစစ်မြေပြင်ထဲမှာ သူ၏ ဝတ်စုံက တဖျပ်ဖျပ်လှုပ်ခတ်နေကြောင်း မြင်ရလိမ့်မည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း ကြယ်ဂြိုလ်အပိုင်းအစများနှင့် အလောင်းများက ရုတ်တရက် ရွှေရောင်ထွန်းလင်းသွားပြီး ပြန်အသက်ရှင်လာကြလိမ့်မည်။
၎င်းတို့အားလုံးက ရွှီချင်းဆီသို့ ရက်စက်ကြမ်းကြုတ်စွာ ခုန်အုပ်လိုက်ကြသည်။
“ ရွှံ့မြေခွေး… ”
ယင်းကို မြင်သောအခါ ရွှီချင်းက စိတ်ထဲမှာ အော်ပြောလိုက်သည်။ ရွှံ့မြေခွေးက သူ၏ စိတ်ကို နောက်တစ်ကြိမ် ဖွင့်လှစ်ပေးလိုက်ပြီး ရွှီချင်း၏ နတ်ဘုရားစွမ်းရည်များအတွက် တံတားတစ်စင်း ပြုလုပ်ပေးလိုက်သည်။ ထို့နောက် ရွှီချင်းက ဟိန်းဟောက်လိုက်သည်။
သူ၏ ဟိန်းသံက နတ်ဘုရားအသံဖြစ်လာသည်။
ယင်းက သူ၏ နတ်ဘုရားအတတ်ပညာ အသံလုယက်ခြင်း ဖြစ်သည်။
ဖရိုဖရဲစစ်မြေပြင်က ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားအတွက် အားသာချက်ဖြစ်သလို ယင်းက ရွှီချင်း၏ အသံလုယက်ခြင်း နတ်ဘုရားအတတ်ပညာအတွက်လည်း အားသာချက် ဖြစ်သည်။
ချက်ချင်းဆိုသလို ရွှီချင်း၏ အသံနတ်ဘုရားအခွင့်အာဏာက ပေါ်လျှိုးလာသည်။ နတ်ဘုရားအသံများက ရှေးဟောင်းမှော်သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ဘေးပတ်ပတ်လည်မှ အသံဇစ်မြစ်တိုင်းမှ ထွက်ပေါ်လာကြသည်။
စစ်မြေပြင်မှ ဟိန်းသံများက သူ့အသံများဖြစ်လာပြီး အော်ဟစ်သံများ၊ တိုက်ခိုက်သံများနှင့် ပေါက်ကွဲသံများသည်လည်း သူ့အသံများ ဖြစ်လာကြသည်။
ထိုနတ်ဘုရားအသံအားလုံးက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြပြီး လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်ကာ အလောင်းကောင်အားလုံးကို ဖုံးအုပ်လိုက်သည်။ သူ့နောက်သို့ အသည်းအသန် လိုက်ဖမ်းနေသော ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားသည်ပင် ဖုံးအုပ်ခံလိုက်ရသည်။
ယင်းက ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားကို အံ့ဩသွားစေသည်။ ၎င်း၏ မျက်လုံးက စူးစမ်းလိုသော အရိပ်အမြွက်ဖြင့် ထွန်းလင်းတောက်ပလာသည်။
“ သူက နတ်ဘုရားအခွင့်အာဏာကို အသုံးပြုနိုင်တာလား ”
၎င်းက တီးတိုးရေရွတ်လိုက်ပြီး လက်မြှောက်လိုက်ကာ အောက်သို့ ဖိချလိုက်သည်။ ထိုအခါ ပိုမိုများပြားသော ရွှေရောင်ချည်မျှင်များက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကြပြီး ရွှီချင်း၏ အသံနတ်ဘုရားအခွင့်အာဏာမှ ဖွဲ့စည်းထားသော ဝင်္ကပါအစီအရင်ကို ထိုးဖောက်သွားကြသည်။ ၎င်း၏ နတ်ဘုရားအစွမ်းက အသံမှော်သင်္ကေတများကို ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ထို့နောက် ယင်းတို့က ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
သို့သော်လည်း ဤလိုက်ဖမ်းမှုတွင် ဖြစ်နိုင်ခြေများစွာ ပါရှိသည်။
စစ်တပ်များ၏ အပြင်းအထန် တိုက်ခိုက်မှုများဖြစ်စေ သို့မဟုတ် အင်မော်တယ်အရှင်သခင်နှင့် နတ်ဘုရားအရှင်သခင်ထံမှ အားလှိုင်းဂယက်များဖြစ်စေ ယင်းတို့က နှစ်ဖက်စလုံး၏ အလျင်အပေါ် သိသိသာသာ သက်ရောက်မှုရှိသည်။ သေခြင်းရှင်ခြင်းအန္တရာယ်က အချိန်မရွေး သူတို့အပေါ်ကို ကျရောက်လာနိုင်သည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားအရှင်သခင်ထံမှ အားလှိုင်းဂယက်တစ်ခုက ကျဆင်းလာသည်။ ရွှီချင်းက ထိုအားလှိုင်းနှင့် အတန်ငယ် ဝေးကွာနေသော်လည်း သူက သွေးအန်လိုက်ရပြီး အသိစိတ်လှုပ်ခတ်သွားသည်။
ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားသည်ပင် တိမ်းရှောင်လိုက်ရ၏။
ထို့ကြောင့် ရွှီချင်းနှင့် ကျောက်စိမ်းမျက်နှာအစစ်အမှန်နတ်ဘုရားတွင် တစ်ယောက်က အရှေ့မှ ပြေးနေပြီး အခြားတစ်ယောက်က အနောက်မှ လိုက်ဖမ်းနေသည်။ ထိုထွက်ပြေးမှုနှင့် လိုက်ဖမ်းမှုက စစ်မြေပြင်တစ်လျှောက် ဖြတ်သန်းသွားသည်။
မရေမတွက်နိုင်သော ကြယ်ဂြိုလ်အပိုင်းအစများ၊ နတ်ဘုရားအလောင်းများနှင့် ကျင့်ကြံသူအလောင်းများက စစ်မြေပြင်ပေါ်မှာ လွင့်မျောနေကြသည်။ တချို့က ရွှီချင်း၏ လှုပ်ရှားမှုကြောင့် တိတ်တဆိတ် ပြိုကွဲပျက်စီးသွားပြီး စကြာဝဠာဖုန်အဖြစ် ပြောင်းလဲသွားသည်။
ဖျက်ဆီးမခံလိုက်ရသော အရာများသည်တော့ ယင်းတို့က ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရား၏ ရုပ်သေးရုပ်များ ဖြစ်လာကြပြီး ရွှီချင်းထံသို့ ခုန်အုပ်လိုက်ကြသည်။
ထိုသို့ဆက်လက်ဖြစ်နေစဉ် သူတို့ကြားမှ အကွာအဝေးက တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။
ရွှီချင်းကို နှလုံးတုန်ယင်စေခဲ့သော တစ်ကြိမ်ပင် ရှိခဲ့သည်။
ထိုအချိန်တုန်းက သူက ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရား၏ လိုက်ဖမ်းခံနေရစဉ် တခြားအစစ်အမှန်နတ်ဘုရားတစ်ပါးက သူ့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်။
ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံသူများဘက်မှ အဆင့်နိမ့်အင်မော်တယ်တစ်ပါးက အချိန်မီရောက်လာခဲ့ပြီး ထိုအစစ်အမှန်နတ်ဘုရားကို တားဆီးပေးခဲ့သည်။
သို့သော်လည်း ရွှီချင်း၏ အန္တရာယ်ခံစားမှုက ပိုပြီးပြင်းထန်လာသည်။ သူက ဘေးဘီကို မြန်ဆန်စွာ စစ်ဆေးကြည့်လိုက်သည်။
နောက်အခိုက်အတန့်မှာ သူ၏ အကြည့်က တမူထူးခြားသော နေရာတစ်နေရာကို ပစ်မှတ်ထားလိုက်သည်။ သူ၏ အသိစိတ်က လှုပ်ခတ်သွားစဉ် သူက အနောက်လှည့်လိုက်သည်။ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်နှင့် သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သူ၏ ခန္ဓာကိုယ်က ရုတ်ချည်း ရပ်တန့်သွားသည်။ သူက နောက်ထပ် မပြေးတော့ပေ။ သူက နေရာမှာ ရပ်လိုက်ပြီး သူ၏ အသိစိတ်ကို တည်ငြိမ်စေသည်။ ထို့နောက် သူက ညာလက်ကို သူ၏ နဖူးပေါ်သို့ ဖိချလိုက်သည်။
သူ၏ ဝိညာဉ်က ပရမ်းပတာ လှုပ်ခတ်သွားသည်နှင့်ချက်ချင်း ရွှီချင်းက တာအိုအတွေးတစ်ခုကို ပို့လွှတ်လိုက်သည်။
“ လခြမ်းကွေး ”
လစန္ဒာပုံရိပ်တစ်ခုက ရွှီချင်း၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည်။
သူဆင့်ခေါ်လိုက်သည်မှာ အင်မော်တယ်အရှင်သခင်အဆင့် တာအိုလက်နက်ဖြစ်သည်။ လခြမ်းကွေးဆေဘာဓားက အစစ်အမှန်ဦးသျှောင်ဘွဲ့မှ ကံကြမ္မာ၏ လမ်းညွှန်မှုအောက်မှာ ပေါ်လျှိုးလာသည်။
ယင်းကို သူဆင့်ခေါ်လိုက်သည်နှင့် မရေမတွက်နိုင်သော အပြိုင်စကြာဝဠာများက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။ အပြိုင်စကြာဝဠာတစ်ခုစီမှ မူကွဲရွှီချင်းတစ်ယောက်စီက လက်ချောင်းမြှောက်လိုက်ကြပြီး သူ၏ နဖူးပေါ်သို့ ဖိချလိုက်ကြသည်။
မူကွဲရွှီချင်းအားလုံးက တူညီသော စကားကို ပြောလိုက်ကြသည်။
“ လခြမ်းကွေး ”
“ လခြမ်းကွေး ”
“ လခြမ်းကွေး ”
မတူညီသော အချိန်လေဟာနယ်များထဲမှ ထိုအသံများ ပဲ့တင်ထပ်လာသည်နှင့် ပစ္စုပ္ပန်လောက၏ ဖရိုဖရဲစစ်မြေပြင်ပေါ်မှ အချိန်လေဟာနယ်ထဲတွင် သွေးနီရောင်လခြမ်းကွေးဆေဘာဓားက ရွှီချင်း၏ နဖူးပေါ်မှ လစန္ဒာပုံရိပ်ထဲမှ ထွက်ပေါ်လာသည်။
ယင်းက ဧရာမသက်ရှိတစ်ကောင်၏ အရေပြားဖြင့် ဖန်တီးထားသော အထွတ်အမြတ်လက်နက်တစ်ခုဖြစ်ဟန် တူသည်။ အဘယ့်ကြောင့်ဆိုသော် ယင်း၏ မျက်နှာပြင်ပေါ်မှာ ဘီလီယံနှင့်ချီသော သွေးကြောများက ထင်ရှားစွာ ပေါ်လွင်နေသောကြောင့် ဖြစ်သည်။
သွေးကြောတစ်ခုစီက မတူညီသော ခေတ်ကာလများထံမှ ကြယ်အလင်းရောင်နှင့်အတူ စီးဆင်းနေဟန် အောက်မေ့ရသည်။
တချို့သွေးကြောများက ရှေးခေတ်ကာလကတည်းက မျိုးတုန်းပျောက်ကွယ်သွားခဲ့သော ခရမ်းဖျော့ကြယ်အမြူတေထံမှ ဖြစ်သည်။ တချို့သွေးကြောများသည်တော့ ရှေးဟောင်းပင်လယ်ထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် နစ်မြုပ်နေခဲ့သော စိမ်းပြာကြယ်သဲမှုန်များထံမှ ဖြစ်သည်။ ယင်း၏ အဓိကသွေးကြောသည်တော့ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကြယ်မြေပုံထံမှ ဖြစ်သည်။
ယင်းက အလွန်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်တည်း။
ဆေဘာဓား ထွက်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းက ဘေးပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ အနီရောင်သည် သွေးနှင့် သေခြင်းတရားကို ကိုယ်စားပြုသည်။
သွေးနီရောင်အလင်းအောက်၌ ကြယ်ဂြိုလ်အပိုင်းအစများ၊ ဥက္ကာခဲများနှင့် အလောင်းကောင်အားလုံးက အနီရောင်စွန်းထင်သွားကြသည်။
ထို့ပြင် နောက်အခိုက်အတန့်မှာ ယင်းတို့အားလုံးက သွေးစက်များအဖြစ် အရည်ပျော်သွားကြသည်။
အဝေးတွင် ရွှီချင်းနောက်သို့ လိုက်မီတော့မည့် ကျောက်စိမ်းမျက်နှာနှင့် အစစ်အမှန်နတ်ဘုရားက ထိုမြင်ကွင်းကို ထိတ်လန့်ချောက်ချားစွာ မြင်တွေ့သွားသည်။ ပထမဆုံးအကြိမ် ၎င်း၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး ပရမ်းပတာ လှုပ်ခတ်သွားသည်။