လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခြင်း
Vol. 114 Ch. 1745
ဤကြယ်ဂြိုလ်ကို အုပ်ချုပ်ထားသော ကလန်ကို ကျန်းရီဟု ခေါ်သည်။
အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရားမျိုးဆက်၏ စည်းမျဉ်းများအရ အစစ်အမှန်နတ်ဘုရားတစ်ပါးကို မွေးထုတ်ဖူးသော ကလန်များသာလျှင် ၎င်းတို့၏ နာမည်မှာ ကျန်းဟူသော ဘွဲ့ကို ဂုဏ်ယူဝမ်းမြောက်စွာ တပ်ခွင့်ရကြသည်။
လိပ်ပြာနတ်ဘုရား၏ မှတ်ဉာဏ်များအရ ကျန်းရီကလန်သည် ဤကြယ်ဂြိုလ်တစ်ခုတည်းကို အုပ်ချုပ်ထားခြင်း မဟုတ်ပေ။ ယင်းအစား ကြယ်စင်စုတစ်ခုနှင့် အနီးနားမှ စကြာဝဠာအများအပြားကိုလည်း အုပ်ချုပ်ထားသည်။
ယင်းတို့အားလုံးက ကျန်းရီကလန်၏ အုပ်ချုပ်မှုအောက်မှာ ရှိကြသည်။
အစက ထိုအုပ်ချုပ်ခွင့်အာဏာက ထာဝရဖြစ်သည်။ မည်သို့ဖြစ်ပါစေ အစစ်အမှန်နတ်ဘုရားတစ်ပါးက သေဆုံးသွားလျှင်ပင် အနာဂတ်မှာ ပြန်ရောက်လာလိမ့်မည်။ သို့ဖြစ်၍ နောက်ထပ် အစစ်အမှန်နတ်ဘုရားအသစ်တစ်ပါး မထွက်ပေါ်လာသေးသရွေ့ ကျန်းရီကလန်၏ အုပ်ချုပ်ခွင့်အာဏာက မပြောင်းလဲဘဲ ဆက်ရှိနေလိမ့်မည်။
သို့သော်လည်း မမျှော်လင့်ထားသော ကိစ္စတစ်ခုက ထိုကလန်မှာ ဖြစ်ပေါ်ခဲ့သည်။
၎င်းတို့၏ အစစ်အမှန်နတ်ဘုရားက လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက သေဆုံးသွားခဲ့ပြီး ပြန်မရောက်လာသေးပေ။
အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ထိုကိစ္စ၏ နောက်ဆက်တွဲအကျိုးဆက်များက စတင်အသက်ဝင်လာကြသည်။ ကျန်းရီကလန်သည် ၎င်းတို့၏ လက်အောက်မှ မျိုးနွယ်စုများကို နောက်ထပ် မဖိနှိပ်နိုင်တော့ပေ။
ယင်းက ၎င်းတို့၏ နယ်နိမိတ်ကို တဖြည်းဖြည်း ကျဉ်းမြောင်းသွားစေပြီး အုပ်ချုပ်ခွင့်အာဏာကို အားနည်းသွားစေသည်။ ယခု ၎င်းတို့က ဤကြယ်ဂြိုလ်အပါအဝင် အနီးနားမှ တခြားကြယ်ဂြိုလ်ဒါဇင်ခန့်ကိုသာ အုပ်ချုပ်နိုင်ကြတော့သည်။
အစစ်အမှန်နတ်ဘုရားတစ်ပါး၏ ပြန်ရောက်လာမှု ကျရှုံးသွားသော အခြေအနေမျိုးက နတ်ဘုရားများ၏ စနစ်မှာ မရှိသော်လည်း ယင်းက မည်သူမှ မကြားဖူးသော ကိစ္စတော့ မဟုတ်ပေ။
ယေဘုယျအားဖြင့် အစစ်အမှန်နတ်ဘုရားတစ်ပါး ပြန်ရောက်လာနေစဉ်အတွင်း တစ်စုံတစ်ယောက်၏ ကြားဝင်စွက်ဖက်ခြင်းခံရမည်ဆိုလျှင် ယင်းက ကြိုတင်မမြင်နိုင်သော ဖြစ်နိုင်ခြေများကို ခေါ်ဆောင်လာလိမ့်မည်။
ရွှီချင်းက ထိုသို့ဖြစ်စဉ်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးသည်။ အမှန်မှာ သူက ငါးစာအဖြစ်ပင် အသုံးချခံခဲ့ရသည်။
အတိတ်မှာ ယုလျှိုချန်းက ပြန်ရောက်လာနေသော အစစ်အမှန်နတ်ဘုရားတစ်ပါးကို မျှားခေါ်ရန် သူနှင့် စီနီယာအကိုကြီးကို ငါးစာအဖြစ် အသုံးချခဲ့သည်။
“ ဒီတော့ နတ်ဘုရားတွေ သေသွားပြီးရင် ပြန်ရောက်လာနိုင်တဲ့ မွေးရာပါစွမ်းရည်က လျှို့ဝှက်ချက်မဟုတ်တော့ဘူး… အချိန်ကြာလာတာနဲ့အမျှ နတ်ဘုရားတွေနဲ့ ကျင့်ကြံသူတွေက အဲ့ဒါကို စူးစမ်းလေ့လာနိုင်ခဲ့ကြတယ်… ”
“ တချို့ဂုဏ်ကျက်သရေတွေက အတိတ်မှာပဲ ကျန်နေခဲ့တယ် ”
လိပ်ပြာအသွင် ပြောင်းလဲထားသော ရွှီချင်းသည် ကောင်းကင်ပေါ်မှာ အတောင်ပံတဖျပ်ဖျပ်ခတ်၍ ပျံသန်းနေသည်။ မကြာမီ သူက မြစိမ်းရောင်အလင်းစက်ဝိုင်း(၃၆၀)ခုနှင့် နီးကပ်သွားသည်။
အမှန်မှာ သူက အလင်းစက်ဝိုင်း(၃၆၀)ခုထဲမှ မြင်ကွင်းကိုပင် အာရုံခံနိုင်သွားသည်။ ထိုနေရာမှာ နတ်ဘုရားအများအပြားက စုဝေးရှိနေကြသည်။
ယင်းက ကျန်းရီကလန်၏ ဆင့်ခေါ်မှုဖြစ်လေရာ ၎င်း၏ အုပ်ချုပ်မှုအောက်မှာရှိကြသော နတ်ဘုရားများက မဖြစ်မနေ တတ်ရောက်ကြရလိမ့်မည်။
ထိုနေရာက ရွှံ့မြေခွေး၏ လျှို့ဝှက်အတတ်ပညာကို အသုံးပြုနိုင်ရန်အလို့ငှာ ရွှီချင်းရွေးချယ်ထားသော နေရာလည်း ဖြစ်သည်။ မည်သို့ဖြစ်ပါစေ ထိုနေရာက ဤကြယ်ဂြိုလ်ပေါ်မှာ ဖရိုဖရဲအရှိန်အဝါ အသိပ်သည်းဆုံး ဖြစ်သည်။
“ ရွှံ့မြေခွေးရဲ့ လျှို့ဝှက်အတတ်ပညာက အလုပ်ဖြစ်ဖို့ ငါမျှော်လင့်တယ် ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး အစီအစဉ်ကျရှုံးနိုင်သည့် ဖြစ်နိုင်ခြေအတွက် သူ၏ စိတ်ကို ကြိုပြင်ဆင်လိုက်သည်။ တစ်ချိန်တည်းမှာ သူက လွတ်လမ်းတစ်ခုကို စဉ်းစားလိုက်သည်။
သူက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ မြစိမ်းရောင်အလင်းစက်ဝိုင်း(၃၆၀)ခု၏ အရှေ့မှာ ထွက်ပေါ်လာသည်။
သူရောက်ရှိသွားသည်နှင့် မြစိမ်းရောင်အလင်းက သူ့ကို လွှမ်းခြုံသွားပြီး နတ်ဘုရားစွမ်းအားက ဆင်းသက်လာသည်။ သူက တုံ့ဆိုင်းမနေဘဲ အတောင်ပံခတ်လိုက်ပြီး အလင်းစက်ဝိုင်းတစ်ခုဆီသို့ ပျံသန်းသွားသည်။
နောက်အခိုက်အတန့်မှာ သူက စက်ဝိုင်းထဲသို့ ဝင်ရောက်သွားသည်။
အလင်းစက်ဝိုင်း၏ အတွင်းဘက်တွင် အရာအားလုံးက မြစိမ်းရောင်ဖြင့် ပြည့်နှက်နေပြီး ဧရိယာက အကန့်အသတ်မဲ့စွာ ကျယ်ပြောသည်။ ထိုနေရာ၏ အလယ်တွင် အရွယ်အစားကြီးမားသော ပန်းချီစာလိပ်တစ်ခု ရှိသည်။
ပန်းချီစာလိပ်က ဘေးနှစ်ဖက်ဆီသို့ အလွန်ရှည်လျားစွာ ဖြန့်ထားသည်။
ပန်းချီကားထဲတွင်တော့ မျဉ်းကြောင်းများက အလွန်ပြွတ်သိပ်စွာ တည်ရှိနေကြပြီး စိတ်ကူးယဉ်ဆန်သော မြင်ကွင်းတစ်ခုကို ဖော်ပြနေသည်။ အကြည့်တစ်ချက်ဖြင့် ယင်း၏ အဓိပ္ပာယ်ကို ဖော်ထုတ်ရန် အလွန်ခက်ခဲပေသည်။
တစ်စုံတစ်ယောက်က ယင်း၏ ပုံသဏ္ဍာန်အမျိုးမျိုးကိုသာ ခန့်မှန်းနိုင်လိမ့်မည်။
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ ထိုပန်းချီကားက သူ့အား ထူးဆန်းသော ခံစားမှုကို ပေးသည်။ ထို့ကြောင့် သူက သေချာဂရုတစိုက် ကြည့်လိုက်သည်။
မကြာမီ မူမမှန်မှုကို သူသတိထားမိသွားပြီး မိန်းမောသွားသည်။
“ ဒီပန်းချီကား… ”
ထိုပန်းချီကားကို စိတ်ကူးယဉ်ဆန်သည်ဟု ရိုးရှင်းစွာ မဖော်ညွှန်းနိုင်ပေ။ ယင်းကို နားလည်ရန်မဖြစ်နိုင်သောအရာဟု ဆိုလျှင် ပိုပြီးသင့်လျော်လိမ့်မည်။
အမှန်မှာ ရွှီချင်း၏ လက်ရှိ စိတ်အခြေအနေနှင့် ကျင့်ကြံခြင်းအဆင့်အရ ပန်းချီကားထဲတွင် သူမြင်လိုက်ရသည်မှာ လောကတစ်ခု၏ မြေပုံ သို့မဟုတ် စကြာဝဠာတစ်ခု၏ ပုံရိပ် ဖြစ်သည်။
သို့သော် အံ့ဩစရာကောင်းသည့် အချက်တစ်ချက်မှာ ထိုလောကထဲမှ သက်ရှိအားလုံးနှင့် အရာဝတ္ထုအားလုံးကို ပန်းချီကားထဲတွင် သုံးဖက်မြင်ရှုထောင့်ဖြင့် ရေးဆွဲထားသည်။
ရလဒ်အနေဖြင့် ပထမအကြိမ်ကြည့်လျှင် ပန်းချီကားက ရှုပ်ယှက်ခတ်ပြီး စိတ်ကူးယဉ်ဆန်သည်ဟု အောက်မေ့ရ၏။
“ ဒီပန်းချီကားက နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါး ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး… အဲ့ဒါက သေချာပေါက် အစစ်အမှန်နတ်ဘုရားအဆင့်မှာ ရှိရမယ်… ပန်းချီကားရဲ့ တည်ရှိမှုကြောင့် ဒီနေရာက နတ်ဘုရားဖိအားက ဘေးပတ်ဝန်းကျင်ကိုတောင် ပုံပျက်တွန့်လိမ်စေတယ် ”
ရွှီချင်းက အနည်းငယ် အံ့ဩသွားသည်။ သူက ပန်းချီကားထံသို့ ရွေ့လျားသွားပြီး အနီးကပ် စစ်ဆေးကြည့်တော့မည့်အချိန် နတ်ဘုရားစိတ်အာရုံလှိုင်းများက ပန်းချီကားထဲမှ ပျံ့နှံ့ထွက်လာကြသည်။
ထို့နောက် အရေအတွက်များပြားသော နတ်ဘုရားများက ပန်းချီကားထဲမှ လောကအပိုင်းအစထဲမှ ထွက်ပေါ်လာကြသည်။
၎င်းတို့က အရေအတွက်တစ်ရာကျော်ပြီး အများစုက နတ်ဘုရားမီးတောက်အဆင့်နှင့် ပြစ်ချက်မဲ့အဆင့်မှာ ဖြစ်ကြသည်။ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများက အနည်းငယ်သာ ရှိကြသည်။
၎င်းတို့ထဲမှ နတ်ဘုရားတချို့က ရွှီချင်း၏ စိတ်အာရုံကို ဖမ်းစားသွားသည်။
နတ်ဘုရားတစ်ပါးသည် ရက်စက်ကြမ်းကြုတ်ပုံရသော ကြေးနီရောင်မျက်လုံးတစ်လုံး ဖြစ်သည်။ ၎င်း၏ တစ်ကိုယ်လုံးက သံချေးဖြင့် ယိုယွင်းတိုက်စားခံထားရသည်။
၎င်း၏ မျက်လုံးထဲမှ သူငယ်အိမ်က ကြေးနီခေါင်းလောင်းတစ်လုံး ဖြစ်သည်။ သူငယ်အိမ်၏ အပြင်ဘက်တွင် ကြယ်အမှုန်အမွှားများက လှည့်ပတ်စီးဆင်းနေပြီး မရေမတွက်နိုင်သော လက်တံအများအပြားက ၎င်း၏ ဘေးပတ်ဝန်းကျင်မှာ ဗုဒ္ဓ၏ လက်ဝါးများသဖွယ် စုစည်းရှိနေကြသည်။
၎င်းအသက်တစ်ခါရှူသွင်းလိုက်တိုင်း သူငယ်အိမ်က ကျုံ့သွားပြီး ခေါင်းလောင်းမြည်သံက ပဲ့တင်ထပ်လာလိမ့်မည်။
တခြားနတ်ဘုရားတစ်ပါးက ပိုပြီးထူးဆန်းသေးသည်။ ၎င်းက ပိန်ချုံးနေသော အဖွားအိုတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ်က အဝတ်အစားကင်းမဲ့နေသည်။ ၎င်း၏ အရေပြားပေါ်တွင် အသားအဖုအပိမ့်များဖြင့် ပြည့်နှက်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာကြည့်မည်ဆိုလျှင် ၎င်း၏ အရေပြားအောက်မှာ လူသားမျက်နှာသုံးသောင်းခြောက်ထောင်က ရွေ့လျားနေကြောင်း မြင်နိုင်လိမ့်မည်။
ရှည်လျားသော ဆံပင်ဖြူက ၎င်း၏ အနောက်မှ ဟင်းလင်းပြင်ထဲမှာ မျောလွင့်နေသည်။ ထို့ပြင် ဆံပင်ဖြူများက ရှေးဟောင်းအလောင်းကောင်တစ်ထောင်ကို ရစ်ပတ်ချည်နှောင်ထားကြသည်။ အလောင်းကောင်တစ်ခုစီက မတူညီသော ခေတ်ကာလအသီးသီးမှ ဖြစ်ဟန်တူပြီး ၎င်းတို့က ဈာပနတေးသီချင်းကို ရွတ်ဆိုနေကြသည်။
တခြားနတ်ဘုရားတစ်ပါးက သေခြင်းရှင်ခြင်းစက်ဝန်းကို ကိုယ်စားပြုဟန် ရသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခြမ်းက အနီရောင်ပန်းပွင့်များဖြင့် ပြည့်နှက်နေပြီး ပန်းတစ်ပွင့်စီတိုင်းက အတိတ်ဘဝပုံရိပ်များကို မသဲမကွဲ ဖော်ပြနေသည်။ အခြားခန္ဓာကိုယ်တစ်ခြမ်းသည်တော့ မီးလောင်ကျွမ်းနေသော သစ်သားဖြစ်ပြီး ပြာမှုန်များကို ထုတ်လွှတ်နေသည်။ ၎င်း၏ ရင်ဘက်ထဲတွင် အနီရောင်ဝိညာဉ်မီးအိမ်ကိုးလုံးက လွင့်မျောနေပြီး မီးအိမ်များထဲမှ မီးတောက်များက လှုပ်ယမ်းနေသည်။
၎င်း၏ ခြေထောက်က ပုံပျက်တွန့်လိမ်နေသော အချိန်လေဟာနယ်ထဲမှာ အမြစ်တွယ်နေသည်။ ၎င်း၏ ဘယ်ဘက်ခြေထောက်က ရေခဲတုံးတစ်တုံးပေါ်မှာ ရပ်နေစဉ် ၎င်း၏ ညာဘက်ခြေထောက်က မီးတောင်ထဲသို့ နစ်မြုပ်နေသည်။
ထိုနတ်ဘုရားက ရွှီချင်း၏ စိတ်အာရုံကို အဓိက ဖမ်းစားသွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူ့ကိုယ်ပိုင်ဥပဒေသများနှင့် တူညီသော နတ်ဘုရားအခွင့်အာဏာတစ်ခုကို ၎င်းထံမှ သူအာရုံခံမိခဲ့သည်။
ယင်းက ရွှီချင်းကို နှလုံးတုန်ယင်စေသည်။ တစ်ချိန်တည်းမှာ ထိုနတ်ဘုရားများထဲမှ အများစုက ဤကြယ်ဂြိုလ်မှ မဟုတ်ကြောင်း သူနားလည်လိုက်သည်။ ယခု ဤနေရာတွင် ထွက်ပေါ်လာကြသည်မှာ ၎င်းတို့ထုတ်ဖော်ထားသော နတ်ဘုရားအသွင်သဏ္ဍာန်များသာ ဖြစ်ကြသည်။
ယင်းက နတ်ဘုရားများ ၎င်းတို့အချင်းချင်းကြားတွင် သရုပ်အဆင့်အတန်းတစ်ခုကို တည်ဆောက်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ယင်းက ကျင့်ကြံသူများ သူတို့၏ တာအိုစိတ်ဆန္ဒကို အသုံးပြု၍ ဩဇာအာဏာ တည်ဆောက်ခြင်းနှင့် ဆင်တူသည်။
“ ဒီဟာက အခွင့်အရေးပဲ… ”
ရွှီချင်းက နှလုံးခုန်မြန်လာသည်။ ရွှံ့မြေခွေးသည်လည်း ယင်းကို နားလည်သည်။ သို့ဖြစ်၍ သူတို့နှစ်ယောက်က သူတို့၏ နတ်ဘုရားအသွင်သဏ္ဍာန်များကို ထုတ်လွှတ်လိုက်ကြပြီး လျှို့ဝှက်အတတ်ပညာကို တိတ်တဆိတ် အသက်သွင်းလိုက်ကြသည်။ ယင်းက သူတို့ကို ပြင်ပပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေသည်။
နောက်အခိုက်အတန့်မှာ ရွှီချင်း၏ လိပ်ပြာအသွင်သဏ္ဍာန်က သိသာစွာ ပြောင်းလဲသွားသည်။ သူ၏ ရောင်စုံအတောင်ပံများက ဖြန့်ကားသွားပြီး ပြန်လည်မွေးဖွားခြင်းလှည်းဘီးတစ်ခုကို ထုတ်ဖော်လိုက်သည်။
၎င်း၏ အတောင်ပံများပေါ်မှ အကြေးခွံတစ်ခုစီကို အမည်မသိသက်ရှိများထံမှ အရေပြားဖြင့် ရက်လုပ်ထားသည်။ ယင်းက ၎င်း၏ ခန္ဓာကိုယ်ကို ဟင်းလင်းပြင်ထဲ၌ သွေးနီရောင်ထွန်းလင်းစေသည်။
အံ့ဖွယ်အကောင်းဆုံးမှာ ၎င်း၏ အရှေ့အတောင်ပံများ ဖြစ်ကြသည်။ ယင်းတို့၏ မျက်နှာပြင်ပေါ်တွင် သွေးမျက်လုံးပေါင်း ကိုးသောင်းခြောက်ထောင်ဖြင့် ပြည့်နှက်နေပြီး ထိုမျက်လုံးများထဲမှ သူငယ်အိမ်များထဲတွင် လျှပ်စီးက ဝင်းလက်နေသည်။ အတောင်ပံခတ်လိုက်သည့်အခါတိုင်း ဝိညာဉ်ငိုကြွေးသံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပြီး ၎င်း၏ ဘေးပတ်ဝန်းကျင်မှ တခြားနတ်ဘုရားများ၏ နတ်ဘုရားစိတ်အာရုံများကို ပဲ့တင်ပြန်ပေးလိမ့်မည်။
ထို့ပြင် ရွှီချင်းက အသွင်ပြောင်းလဲထားသော လိပ်ပြာထံတွင် ဦးမှင်နှစ်ချောင်းရှိပြီး ဦးမှင်တစ်ချောင်းစီက သွေးမြစ်တစ်စင်းကို ရစ်ပတ်ထားသည်။ ဦးမှင်၏ အဆုံးသတ်နားတွင်တော့ မရေမတွက်နိုင်သော မြစ်ခွဲများရှိပြီး မြစ်ခွဲတိုင်းက ဟင်းလင်းပြင်ထဲမှာ မျောလွင့်နေကြသော မီးအိမ်များဖြင့် ဆက်သွယ်ထားကြသည်။
ဤအခိုက်အတန့်မှာ လိပ်ပြာက ပန်းချီကားဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
လိပ်ပြာက စည်းဝါးညီစွာ အတောင်ပံတဖျပ်ဖျပ်ခတ်နေစဉ် ကပ်ဘေးဒုက္ခများက ၎င်း၏ အနောက်သို့ လိုက်ပါလာဟန် ရ၏။ ၎င်း၏ ဘယ်ဘက်အတောင်ပံများက အဖျက်အဆီးလှိုင်းဂယက်များကို လှုံ့ဆော်ပေးနေစဉ် ၎င်း၏ ညာဘက်အတောင်ပံများက ဖန်တီးခြင်းအမှုန်များကို ဖြန့်ကြဲပေးနေသည်။ ၎င်းပျံသန်းနေသည့်တစ်ချိန်လုံး ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများက မရေမတွက်နိုင်သော အကြေးခွံနွားသိုးများ၏ ကိုးကွယ်ပူဇော်နေကြပုံကို ဖော်ပြနေသည်။
၎င်းက ရွှီချင်းသိမ်းပိုက်ထားသော လိပ်ပြာနတ်ဘုရား၏ နတ်ဘုရားအသွင်သဏ္ဍာန် ဖြစ်သည်။
ချက်ချင်းဆိုသလို သူ့အပေါ်သို့ ကျရောက်နေကြသော နတ်ဘုရားအများစု၏ နတ်ဘုရားစိတ်အာရုံများထဲမှာ အံ့ဩခြင်းဖြင့် ပြည့်နှက်သွားသည်။ အစောနက ရွှီချင်း အဓိကအာရုံစိုက်ခဲ့သော နတ်ဘုရားတချို့သည်တော့ ၎င်းတို့၏ အရှိန်အဝါများက မသိမသာ လျော့ကျသွားကြသည်။
၎င်းတို့က ရွှီချင်း၏ လိပ်ပြာအသွင်သဏ္ဍာန်ကို ပန်းချီကားပေါ်သို့ ကျဆင်းခွင့်ပေးလိုက်ပြီး နေရာလွတ်တစ်ခုမှာ လွင့်မျောစေသည်။
တစ်ချိန်တည်းမှာ နတ်ဘုရားအသံက ပဲ့တင်ထပ်လာသည်။
“ ထာဝရကပ်ဘေးလိပ်ပြာ ”
“ ငါတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာ နှစ်တစ်ရာတောင် ရှိသွားပြီ… မင်းက လက်ရှိအဆင့်ကို ချိုးဖြတ်ဖို့ သိပ်မလိုတော့ဘူး ”
ထိုအသံက ပန်းချီကားထဲမှ လောကအပိုင်းအစထဲမှ ပျံ့လွင့်လာခြင်း ဖြစ်သည်။ ထိုအသံနှင့်တကွ ဧရာမအနက်ရောင်ကြာပန်းတစ်ခုက အပေါ်သို့ မြှောက်တတ်လာသည်။
ကြာပန်းပေါ်တွင် လူပုလေးတစ်ယောက်က တင်ပျဉ်ခွေထိုင်နေသည်။ ၎င်း၏ ခန္ဓာကိုယ်က မည်းနက်ပြီး ၎င်း၏ ဘေးပတ်ပတ်လည်တွင် ရှေးဟောင်းအစေ့ခွံ(၃၆၀)ခုက လွင့်မျောနေကြသည်။ ထိုအစေ့ခွံများက အလွန်ရှိန်လောက်စရာကောင်းသော ဖိအားကို ထုတ်လွှတ်နေကြသည်။
ထို့ပြင် အစစ်အမှန်နတ်ဘုရားတစ်ပါး၏ သွေးမျိုးဆက်ကို ရည်ညွှန်းသော ရွှေရောင်အလင်းစက်တစ်ခုက ၎င်း၏ နဖူးတည့်တည့်ပေါ်မှာ တည်ရှိသည်။
၎င်း၏ မျက်လုံးများထဲမှာ မြစိမ်းရောင်အလင်းစက်ဝိုင်းများက ပုံရိပ်ပြန်နေပြီး ၎င်း၏ လက်ထဲတွင် ချိန်ခွင်တစ်ခုကို ကိုင်ထားသည်။ ၎င်း၏ စကားသံက ပန်းချီကားတစ်ခုလုံးကို တုန်ယင်သွားစေပြီး ဤနေရာမှာရှိနေကြသော နတ်ဘုရားအားလုံးကို ဦးညွတ်သွားစေသည်။
ထိုပုဂ္ဂိုလ်က ဤကြယ်ဂြိုလ်ကို လက်ရှိအုပ်ချုပ်နေသော ကျန်းရီကလန်မှ နတ်ဘုရားဖြစ်သည်။
လိပ်ပြာနတ်ဘုရား၏ မှတ်ဉာဏ်များမှတဆင့် ထိုပုဂ္ဂိုလ်က ကျန်းရီကလန်၏ လက်ရှိခေါင်းဆောင်ဖြစ်ပြီး နတ်ဘုရားများကို စုဝေးရန် အမိန့်ပေးခဲ့သူဖြစ်ကြောင်း ရွှီချင်း သိလိုက်သည်။
ထို့ကြောင့် ရွှီချင်းက ခေါင်းငုံ့လိုက်ပြီး ရိုသေလေးစားမှုကို ဖော်ပြလိုက်သည်။
လူပုလေးက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ ၎င်းက အနက်ရောင်ကြာပန်းပေါ်မှာ ဆက်ပြီး တရားထိုင်နေသည်။
နတ်ဘုရားအားလုံးက စောင့်ဆိုင်းနေကြစဉ် ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရွှီချင်းသည်လည်း သူ၏ နတ်ဘုရားအသွင်သဏ္ဍာန်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သို့သော်လည်း သူ၏ အရှိန်အဝါသည်တော့ ရွှံ့မြေခွေးနှင့် သူကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုအောက်မှာ ဘေးပတ်ဝန်းကျင်နှင့် ရောထွေးသွားသည်။ ယင်းက သူ၏ ဖုံးကွယ်မှုကို ပိုပြီးအားကောင်းစေသည်။
ထိုအခြေအနေကို ဆက်လက် ထိန်းသိမ်းထားရင်း ရွှီချင်းက စောင့်ဆိုင်းသည်။
မကြာမီ သုံးရက်ကုန်ဆုံးသွားသည်။
သတ်မှတ်ထားသော ရက်က နီးကပ်လာသည်နှင့်အမျှ ပိုမိုများပြားသော နတ်ဘုရားများက စုဝေးရောက်ရှိလာကြသည်။ အများစုက တခြားကြယ်ဂြိုလ်များထံမှ ဖြစ်ကြသည်။ ရွှီချင်းသိမ်းပိုက်ထားသော လိပ်ပြာနတ်ဘုရားကဲ့သို့ ဤကြယ်ဂြိုလ်ပေါ်မှ ဒေသခံနတ်ဘုရားများသည်တော့ အနည်းငယ်သာ ရှိကြသည်။
၎င်းတို့ထဲတွင် လူသားသက်ရှိများ ကိုးကွယ်ပူဇော်ကြသော မိုးကြိုးနတ်ဘုရားနှင့် စတေးခံမှိုပင်မျိုးနွယ်ထံမှ နတ်ဘုရားလည်း ပါရှိကြသည်။
တစ်ချိန်တည်းမှာ ဤသုံးရက်အတောအတွင်းတွင် အစစ်အမှန်နတ်ဘုရားများထံမှ နတ်ဘုရားစိတ်အာရုံများက အပြင်ဘက်မှ မကြာခဏ ရောက်လာလေ့ ရှိသည်။
ရွှီချင်းကို နှလုံးတုန်လှုပ်စေခဲ့သည့် တစ်ကြိမ်မှာ အစစ်အမှန်နတ်ဘုရားသုံးပါးထံမှ နတ်ဘုရားစိတ်အာရုံများက အတူတူစုဝေး၍ ရောက်ရှိလာသည့်အချိန် ဖြစ်သည်။
ရွှီချင်းက နှလုံးတုန်လှုပ်သွားခဲ့သော်လည်း ရွှံ့မြေခွေး၏ အတတ်ပညာက အမှန်တကယ် အလုပ်ဖြစ်ခဲ့သည်။ ထိုနတ်ဘုရားစိတ်အာရုံများက ရွှီချင်း၏ ဖုံးကွယ်မှုကို မရှာဖွေနိုင်ခဲ့ကြပေ။
ဤနေရာမှ တခြားနတ်ဘုရားများသည်တော့ ၎င်းတို့က ဤအတောအတွင်းမှာ အစစ်အမှန်နတ်ဘုရားများ၏ စစ်ဆေးရှာဖွေမှုနှင့်ပတ်သက်ပြီး ကျင့်သားရသွားကြဟန် ရသည်။ သို့ဖြစ်၍ ၎င်းတို့က မထူးမခြားနား ဆက်ရှိနေကြသည်။
“ ဒီနေရာကို အစစ်အမှန်နတ်ဘုရားငါးပါးထက်ပိုပြီး လာမစစ်ဆေးသရွေ့ လျှို့ဝှက်အတတ်ပညာက ငါတို့ကို ဖုံးကွယ်ပေးနိုင်လိမ့်မယ်… နောက်နှစ်ရက်ကြာပြီးလို့… အဲ့ဒီနတ်ဘုရားတွေ ထွက်သွားတဲ့အချိန်ကျရင် ဒီကနေ ငါထွက်သွားမယ် ”
ရွှီချင်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
နောက်နှစ်ရက်က ပုံမှန်ထက် အလွန်နှေးကွေးစွာ ကုန်ဆုံးသွားဟန် ရ၏။ သို့သော်လည်း ကံကောင်းစွာဖြင့် အရာအားလုံးက အဆင်ပြေချောမွေ့ခဲ့သည်။ ဤအတောအတွင်းမှာ နတ်ဘုရားစိတ်အာရုံအများအပြားက လာစစ်ဆေးခဲ့သော်လည်း ၎င်းတို့က ရွှီချင်း၏ ဖုံးကွယ်မှုအကန့်အသတ်ထက် မကျော်လွန်ခဲ့ပေ။
ယနေ့က သတ်မှတ်ထားသော နေ့ဖြစ်သည်။
အချိန်ကျရောက်လာသည့်အခိုက် ဤနေရာမှ နတ်ဘုရားအားလုံးက ၎င်းတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။ အနက်ရောင်ကြာပန်းပေါ်မှာ တင်ပျဉ်ခွေထိုင်နေသော လူပုလေးက မျက်လုံးဖွင့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ အနက်ရောင်ကျောက်တုံးများက လေထဲမှာ ပြန့်ကျဲသွားကြပြီး နတ်ဘုရားတစ်ပါးစီ၏ အရှေ့သို့ ကျရောက်သွားကြသည်။ နတ်ဘုရားများသည် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် အနက်ရောင်ကျောက်တုံးကို သိမ်းဆည်းလိုက်ကြသည်။
ရွှီချင်းသည်လည်း အနက်ရောင်ကျောက်တုံးတစ်တုံးကို ယူဆောင်လိုက်သည်။ ကျောက်တုံးကို သူထိတွေ့လိုက်သည့်အခိုက် ယင်းထဲမှာ အစစ်အမှန်နတ်ဘုရားတစ်ပါး၏ နတ်ဘုရားစွမ်းအင်အမြူတေမှ အမှတ်အသားများပါဝင်ကြောင်း သူနားလည်သွားသည်။ ထိုကျောက်တုံးက သူ့အတွက် အနည်းငယ်သာ တန်ဖိုးရှိသော်လည်း နတ်ဘုရားများအတွက်တော့ ယင်းက ၎င်းတို့၏ လက်ရှိအဆင့်မှ အဆင့်ချိုးဖြတ်နိုင်စေရန် ကူညီပေးနိုင်သည်။
“ အားလုံးပဲ… အဲ့ဒါက ငါကတိပေးထားတဲ့ အစစ်အမှန်နတ်ဘုရားကျောက်တုံးတွေပါ ”
“ လျှို့ဝှက်နယ်မြေကို စူးစမ်းဖော်ထုတ်ပြီးတဲ့အခါကျရင် ကျန်ရှိတဲ့ အစစ်အမှန်နတ်ဘုရားကျောက်တုံးတွေကို ငါပေးပါ့မယ် ”
“ အခု… ထွက်ခွာကြရအောင် ”
လူပုလေး၏ နဖူးပေါ်မှ ရွှေရောင်အလင်းစက်က ထွန်းလင်းတောက်ပလာပြီး ရွှေရောင်အလင်းအဖြစ် ပြောင်းလဲသွားကာ ၎င်း၏ မျက်လုံးထဲမှ မြစိမ်းရောင်အလင်းစက်ဝိုင်းများကို အလင်းပြန်ပေးလိုက်သည်။ ယင်းက အလင်းစက်ဝိုင်းများကို အပြင်ဘက်မှာ ဒြပ်ထည်ဖြစ်ပေါ်လာစေသည်။ မကြာမီ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်အတတ်အကျများက ထိုအလင်းစက်ဝိုင်းများထဲမှ ပေါ်လျှိုးလာသည်။
ချက်ချင်းဆိုသလို နတ်ဘုရားတချို့က အပြင်သို့ ပျံသန်းသွားကြပြီး အလင်းစက်ဝိုင်းများထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။
နတ်ဘုရားများ စတင်ထွက်ခွာသွားကြသည်နှင့် ရွှီချင်းက အစကတည်းက သူပြင်ဆင်ထားသော အစီအစဉ်ကို အကောင်အထည်ဖော်ရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အလွန်အားကောင်းသော အန္တရာယ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
ကြယ်တာရာကောင်းကင်ထဲတွင် သမုဒ္ဒရာကဲ့သို့ အလွန်ကျယ်ပြောသော နတ်ဘုရားစိတ်အာရုံက ဤကြယ်ဂြိုလ်တည်ရှိသော ကြယ်အဖွဲ့အစည်းထံသို့ ရွေ့လျားလာနေသည်။ ထိုနတ်ဘုရားစိတ်အာရုံအတွင်းမှ အစစ်အမှန်နတ်ဘုရားများက ဆယ်ယောက်ကျော်သည်။
ယင်းကို ရွှီချင်းအာရုံခံမိသောအခါ သူက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ နှလုံးခုန်သံက အလွန်မြန်လာသည်။
အကယ်၍ ထိုနတ်ဘုရားစိတ်အာရုံသာ ဤနေရာကို ဖြတ်သန်းသွားမည်ဆိုလျှင် သူ၏ ဖုံးကွယ်မှုက သေချာပေါက် ဖော်ထုတ်ခံရလိမ့်မည်ဖြစ်ကြောင်း ရွှီချင်း သိသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ သူက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက ထွက်သွားမည့် အစီအစဉ်ကို လက်လျော့လိုက်ပြီး အတောင်ပံတဖျပ်ဖျပ်ခတ်၍ မြစိမ်းရောင်အလင်းစက်ဝိုင်းဆီသို့ ဦးတည်သွားသည်။ နောက်အခိုက်အတန့်မှာ သူက ပျောက်ကွယ်သွားသည်။