အစားအသောက်စံနှုန်း မြင့်တတ်ခြင်း
Vol. 114 Ch. 1747
အနက်ရောင်ကြာပန်းပေါ်မှ လူပုလေး၏ မျက်လုံးထဲတွင် ရွှေရောင်အလင်း ရုတ်တရက် ထွန်းလင်းလာသည်။
၎င်းက မွေးရာပါနတ်ဘုရားတစ်ပါး မဟုတ်ပေ။ ၎င်း၏ ကလန်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါးရှိသော်လည်း ၎င်း၏ ကလန်က စစ်မှန်သော နတ်ဘုရားမျိုးနွယ်စုတစ်ခု မဟုတ်ပေ။ သို့သော်လည်း ၎င်းတို့က ဤအဆင့်အတန်းကို ရရှိရန် ကြိုးစားနိုင်ခဲ့ကြသည်။
ယင်းက အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရားစနစ်က သတ်မှတ်ထားသောအရာ ဖြစ်သည်။
နတ်ဘုရားတစ်ပါး၏ ကြီးထွားမှုအရင်းအမြစ်သည် ကြယ်တာရာစက်ဝန်းထံမှ စွမ်းအင်စုပ်ယူခြင်းအပြင် တခြားနည်းလမ်းတစ်ခု ရှိသေးသည်။
ယင်းက ယုံကြည်မှုထံမှ စွမ်းအင်စုပ်ယူခြင်း ဖြစ်သည်။
သို့ဖြစ်၍ နတ်ဘုရားတစ်ပါး ပိုပြီးသန်မာလာရန် ၎င်းအပေါ် သက်ဝင်ယုံကြည်သူများကို ယဇ်ပူဇော်မှုများ ဆောင်ရွက်ခိုင်းရန် လိုအပ်သည်။ ထို့အတူ ၎င်း၏ ကလန်သည်လည်း ယဇ်ပူဇော်မှုများကို ဆောင်ရွက်ရလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် နတ်ဘုရားများက ကမ္ဘာငယ်အများအပြားထံသို့ ကျူးကျော်ဝင်ရောက်ကြခြင်း ဖြစ်သည်။
၎င်းတို့က ပိုမိုများပြားသော ကျေးကျွန်များကို လိုအပ်ပြီး သက်ရှိများကို နတ်ဘုရားယုံကြည်ကိုးကွယ်သူများအဖြစ် ပြုလုပ်ချင်ကြသည်။
ဥပမာ အစောနက ရွှီချင်းသိမ်းပိုက်ခဲ့သော ထာဝရကပ်ဘေးလိပ်ပြာသည် အကြေးခွံနွားသိုးကလန်နှင့် မည်သည့်သွေးမျိုးဆက်တော်စပ်မှုမှ မရှိပေ။ သို့သော်လည်း အကြေးခွံနွားသိုးများ၏ ကိုးကွယ်ပူဇော်မှုများက ၎င်းအတွက် နတ်ဘုရားအခြေခံအုတ်မြစ် ဖြစ်လာသည်။
အမှန်မှာ ထိုသို့ကိုးကွယ်ပူဇော်မှုများ ပြုလုပ်ကြသည်မှာ အကြေးခွံနွားသိုးကလန်တစ်ခုတည်း မဟုတ်ပေ။ တခြားကြယ်ဂြိုလ်များမှ ကမ္ဘာငယ်များထဲတွင်လည်း အလားတူကလန်များက ကိုးကွယ်ပူဇော်မှုများကို ပြုလုပ်ကြသည်။
အကယ်၍ ထာဝရကပ်ဘေးလိပ်ပြာသာ မသေဆုံးဘဲ ကံကြမ္မာကောင်းဖြင့် တွေ့ဆုံပြီး အစစ်အမှန်နတ်ဘုရားအဆင့်သို့ အဆင့်ချိုးဖြတ်နိုင်ခဲ့မည်ဆိုလျှင် ၎င်းကို ကိုးကွယ်ပူဇော်ကြသော ကလန်များက ကြီးမားသော အကျိုးအမြတ်ကို ခံစားကြရလိမ့်မည်။
အကြေးခွံနွားသိုးကလန်အပါအဝင် တခြားကလန်များက နတ်ဘုရားမျိုးနွယ်စုအဖြစ် အဆင့်မြင့်တတ်သွားပြီး ၎င်းတို့၏ ကလန်နာမည်မှာ ‘ ကျန်း ’ဟူသော ဘွဲ့ကို ထည့်သွင်းနိုင်လာကြလိမ့်မည်။
ထို့ပြင် ထိုကလန်များ၏ နယ်နိမိတ်များက ကိုယ်ပိုင်ဒေသကြီးများအဖြစ် ကျယ်ပြန့်သွားကြလိမ့်မည်။
သို့တိုင် အနှစ်သာရအားဖြင့်ဆိုရသော် ၎င်းတို့က သာမန်သက်ရှိများသာ ဖြစ်နေကြဆဲပင်။ ၎င်းတို့က နတ်ဘုရားများ မဟုတ်ကြပေ။
သို့သော်လည်း ၎င်းတို့က အစစ်အမှန်နတ်ဘုရားတစ်ပါးကို ကိုးကွယ်ပူဇော်ကြပြီး ၎င်းတို့၏ ကလန်နာမည်ထဲမှာ ‘ ကျန်း ’ဟူသော စကားလုံးပါရှိသောကြောင့် ၎င်းတို့က နတ်ဘုရားစွမ်းအင်ကို အလွယ်တကူ စုဆောင်းနိုင်ကြသည်။ ထို့ပြင် ၎င်းတို့က အစစ်အမှန်နတ်ဘုရားထံမှ နတ်ဘုရားကောင်းချီးကို ရရှိကြပြီး နတ်ဘုရားမီးတောက်ကို ထွန်းညှိကာ နတ်ဘုရားအဖြစ်သို့ တတ်လှမ်းနိုင်ကြသည်။
ထိုသို့အသစ်မွေးဖွားလာသော နတ်ဘုရားများက ၎င်းတို့ကိုးကွယ်ပူဇော်သော အစစ်အမှန်နတ်ဘုရား၏ လက်အောက်ခံနတ်ဘုရားများအဖြစ် အဆင့်တိုးမြှင့်သွားကြလိမ့်မည်။ ထို့နောက် ၎င်းတို့က အပြင်လောကသို့ စွန့်စားသွားလာရန် အရည်အချင်းပြည့်မီသွားပြီး နောက်ထပ် နတ်ဘုရားယုံကြည်သက်ဝင်သူများကို ရှာဖွေစုဆောင်းကြလိမ့်မည်။
နောက်ပိုင်းတွင် ယင်းတို့က သစ်ပင်၏ အမြစ်များသဖွယ် ပိုမိုပျံ့ပွားသွားပြီး ကျယ်ပြန့်သွားလိမ့်မည်။
ကျန်းရီကလန်က ထိုအတိုင်း ဖြစ်သည်။
၎င်းတို့က ၎င်းတို့၏ အစစ်အမှန်နတ်ဘုရားကို ကိုးကွယ်ပူဇော်ကြသည့် ကလန်များအနက် တစ်ခုဖြစ်ပြီး ၎င်းတို့၏ ကလန်နာမည်မှာ ‘ ကျန်း ’ဟူသော ဘွဲ့ကို ပိုင်ဆိုင်သွားပြီးနောက် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုက အလွန်ကျယ်ပြောသွားသည်။ ၎င်းတို့၏ အထွတ်အထိပ်ကာလမှာ ၎င်းတို့က စကြာဝဠာအများအပြားကို အုပ်ချုပ်နိုင်ခဲ့ကြသည်။
သို့သော်လည်း ဂုဏ်သိက္ခာမြင့်မားဟန်ရသော ထိုသို့နတ်ဘုရားကလန်များသည် အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားကလန်များထဲတွင် အဆင့်အနိမ့်ဆုံး ဖြစ်ကြသည်။
နောက်တစ်ဆင့်သို့ တတ်လှမ်းရန် ကလန်တစ်ခုလုံးမှ အဖွဲ့သားအားလုံးက နတ်ဘုရားများ ဖြစ်လာကြရမည်။ သို့မှာသာလျှင် ၎င်းတို့ကို စစ်မှန်သော နတ်ဘုရားကလန်တစ်ခုအဖြစ် သတ်မှတ်နိုင်လိမ့်မည်။
အမှတ်လေးကြယ်တာရာစက်ဝန်းထဲတွင် နတ်ဘုရားကလန်အများစုက ထိုအုပ်စုနှစ်ခုထဲမှာ ရှိကြသည်။
အကယ်၍ ဒုတိယအုပ်စုထဲမှ နတ်ဘုရားကလန်များတွင် အစစ်အမှန်နတ်ဘုရားများ၏ အရေအတွက်က တဖြည်းဖြည်း တိုးပွားလာပြီး နောက်ဆုံးမှာ နတ်ဘုရားအရှင်သခင်တစ်ပါး ပေါ်ထွန်းလာမည်ဆိုလျှင် ၎င်း၏ လက်အောက်မှ နတ်ဘုရားသက်ဝင်ယုံကြည်ကြသော မျိုးနွယ်စုအားလုံးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားလိမ့်မည်။ ထို့နောက် ထိုနတ်ဘုရားကလန်၏ အဆင့်က နောက်တစ်ကြိမ် မြင့်တတ်သွားလိမ့်မည်။
ထိုအခါ ၎င်းက တော်ဝင်ကလန်တစ်ခု ဖြစ်လာလိမ့်မည်။
ထိုလုပ်ငန်းစဉ်က အလွန်အမင်း ခက်ခဲလေရာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်ဆုံးသွားခဲ့သည့်တိုင် အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ တော်ဝင်ကလန်အနည်းစုသာ ထွက်ပေါ်လာခဲ့ကြသည်။
သို့ဖြစ်၍ ဤအခိုက်အတန့်မှာ မွေးရာပါနတ်ဘုရားမဟုတ်သော လူပုလေးက ရွှီချင်းကို မြင်သွားသည့်အခိုက် နတ်ဧကရာဇ်ချီအူဇီ ထုတ်ပြန်ထားသော အလိုရှိဝရမ်းကို စဉ်းစားမိသွားပြီး မျက်လုံးတောက်ပသွားသည်။ ၎င်းက ပြင်းထန်သော စိတ်ခံစားချက်လှိုင်းများနှင့်အတူ နှလုံးခုန်မြန်လာသည်။
ယင်းက ၎င်း၏ နတ်ဘုရားကံကြမ္မာကို ပြောင်းလဲပစ်နိုင်မည့် မဟာအခွင့်အရေးကြီးဖြစ်ကြောင်း ရှင်းလင်းစွာ သိသည်။
မည်သို့ဖြစ်ပါစေ နတ်ဧကရာဇ်ချီအူဇီ ထုတ်ပြန်ထားသော အလိုရှိဝရမ်းအတွက် ဆုလာဘ်များက အလွန်အံ့ဖွယ်ကောင်းသည်။
ပစ်မှတ်၏ တည်နေရာကို ရှာဖွေပေးနိုင်ရုံဖြင့် တစ်စုံတစ်ယောက်က မူလအနှစ်သာရ တစ်ရာယူနစ်ကို ဆုလာဘ်အဖြစ် ရရှိလိမ့်မည်။
ပစ်မှတ်ကို အရှင်ဖမ်းဆီးနိုင်လျှင်တော့ နတ်ဘုရားအရှင်သခင်အဆင့် တာအိုလက်နက်တစ်ခု ချီးမြှောက်ခံရလိမ့်မည်။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ လူပုလေးက ရုတ်တရက် လက်မြှောက်လိုက်ပြီး ကောင်းကင်ထံသို့ ဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းမှာ ၎င်း၏ နတ်ဘုရားအသံက ပဲ့တင်ထပ်သွားသည်။
“ လက်အောက်ခံနတ်ဘုရားတွေအားလုံး အမိန့်နားထောင်ကြမယ်… တာဝန်က ပြောင်းလဲသွားပြီ… အခု ဒီကျင့်ကြံသူကို ငါ့အတွက် ဝိုင်းဝန်းဖိနှိပ်ကြပါ ”
ထိုစကားသံ ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း ကောင်းကင်နှင့် မြေပြင်က အရောင်ပြောင်းလဲသွားသည်။
မြေပြင်ပေါ်တွင် သစ်ပင်များကို ခုတ်လှဲနေကြပြီး တောင်တန်းများကို ဖြိုချနေကြသော နတ်ဘုရားအားလုံးက ခေါင်းမော့လိုက်ကြသည်။ နောက်အခိုက်အတန့်မှာ ၎င်းတို့က ရွှီချင်းဆီသို့ တန်းမတ်စွာ ပြေးသွားကြသည်။
ကောင်းကင်ပေါ်မှ ဧရာမအသားပို၏ ဘေးပတ်ပတ်လည်တွင် တင်ပျဉ်ခွေထိုင်နေကြသော နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများက တုန်လှုပ်သွားကြသည်။ ၎င်းတို့အားလုံးက မြေပြင်ပေါ်မှ ရွှီချင်းကို စိုက်ကြည့်လိုက်ကြသည်။ သို့သော်လည်း ၎င်းတို့က မလှုပ်ရှားနိုင်ကြချေ။
အစစ်အမှန်နတ်ဘုရားက ၎င်းတို့ကို ထိုသို့လုပ်ဆောင်ရန် ခွင့်မပြုချေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ လူပုလေးက ယင်းကို ဂရုမစိုက်နိုင်ပေ။ ကလန်၏ အစစ်အမှန်နတ်ဘုရားကို ကူညီပေးခြင်းက အရေးကြီးသော်လည်း ယင်းက နတ်ဧကရာဇ်ချီအူဇီ ထုတ်ပြန်ထားသော အလိုရှိဝရမ်းမှ ဆုလာဘ်များနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။ ထိုဆုလာဘ်များဖြင့်ဆိုလျှင် ၎င်းက အစစ်အမှန်နတ်ဘုရားတစ်ပါးပင် ဖြစ်လာနိုင်လောက်၏။
ထို့ပြင် ကလန်၏ အစစ်အမှန်နတ်ဘုရားက ဤတိုက်ပွဲမှာ အသာစီးရရှိထားပြီးပြီ ဖြစ်သည်။ ၎င်း၏ ဝန်ထုပ်ဝန်ပိုးကို ကူလျော့ပေးလိမ့်မည့် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများဖြင့်ဆိုလျှင် အောင်မြင်နိုင်ခြေက အလွန်မြင့်မားသည်။ ထို့ကြောင့် ဤဝရမ်းပြေးကို အရင်ဖမ်းဆီးပြီးမှ ကလန်၏ အစစ်အမှန်နတ်ဘုရားကို ကူညီပေးခြင်းကလည်း သိပ်နောက်မကျပေ။
ထိုသို့တွေးမိသောအခါ လူပုလေး၏ ခန္ဓာကိုယ်က ဝှစ်ခနဲ လှုပ်ရှားသွားပြီး အနက်ရောင်ကြာပန်းပေါ်မှ ပျောက်သွားသည်။ ၎င်းက ရှေးဟောင်းအလောင်း(၃၆၀)နှင့်တကွ အရှေ့သို့ ပျံသန်းထွက်လာပြီး ၎င်း၏ အထွတ်အထိပ် နတ်ဘုရားယဇ်လ္လင်အဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း ယိုယွင်းပျက်စီးမှုက သဘာဝအတိုင်း လိုက်ပါလာလိမ့်မည်။ ၎င်း၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက ပုံပျက်တွန့်လိမ်နေစဉ် ၎င်း၏ အနောက်မှ ရှေးဟောင်းအလောင်း(၃၆၀)က ပါးစပ်ဟလိုက်ကြပြီး ချောက်ချားဖွယ်ကောင်းသော အသံကို မြည်ဟိန်းလိုက်ကြသည်။ ထိုအခါ သေခြင်းလေပွေက အရပ်ရှစ်မျက်နှာဆီသို့ တိုက်ခတ်သွားသည်။
ယင်းက ၎င်း၏ နတ်ဘုရားအခွင့်အာဏာ ဖြစ်သည်။
ယင်းက ယိုယွင်းပျက်စီးခြင်း၊ သေခြင်းလေပွေနှင့် ကပ်ဘေးစွမ်းအား ဖြစ်သည်။
ယင်းတို့အားလုံးက အတူတကွ ပေါင်းစည်းသွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော ဈာပနတေးသံက ကောင်းကင်နှင့် မြေပြင်ကြားမှာ ပဲ့တင်ထပ်သွားသည်။
နောက်အခိုက်အတန့်မှာ ဈာပနတေးသံမှ သံစဉ်များက ဒြပ်ထည်ရှိလာကြပြီး ရွှီချင်းထံသို့ တစ်ဟုန်ထိုး ပျံသန်းသွားကြသည်။
အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။ အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ ကံကို မျှော်ကိုး၍ ထွက်ပြေးပုန်းရှောင်ရန် မဖြစ်နိုင်ကြောင်း အစကတည်းက သူသိထားသည်။ ထို့ကြောင့် သူက ဖော်ထုတ်ခံရမည့် ဖြစ်နိုင်ခြေအတွက် ကြိုပြင်ဆင်ထားပြီးသား ဖြစ်သည်။
“ အပြင်မှာ ရှာဖွေခံရမယ့်အစား ဒီနေရာမှာ ဖော်ထုတ်ခံရတာက ပိုကောင်းပါတယ်… ဒါပေမဲ့ ဒီတိုက်ပွဲရဲ့ အဓိကသော့ချက်က ဒီကနေ ထွက်ခွာဖို့ပဲ ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ချက်ချင်း ဝေဝါးသွားသည်။
သူ၏ ဘေးပတ်ဝန်းကျင်တွင် ဖရိုဖရဲစီးကြောင်းတစ်ခု ပေါ်လျှိုးလာသည်။ ဤသည်မှာ အချိန်က ကမောက်ကမာ စီးဆင်းနေပြီး ဤလောကထဲမှ သီးခြားခွဲထွက်သွားသည့်အလားပင်။ ယင်းက လူပုလေး၏ ဘေးပတ်ဝန်းကျင်မှ ပုံပျက်တွန့်လိမ်မှုနှင့် အလားတူသော အခြေအနေတစ်ရပ်ကို ဖန်တီးလိုက်သည်။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ သူ့ဆီသို့ ပျံသန်းလာနေသော ဈာပနတေးသံက ယင်း၏ စည်းဝါးကို ဆုံးရှုံးသွားသည်။
တစ်ဆက်တည်းမှာ ဖရိုဖရဲအချိန်စီးကြောင်းထဲတွင် သံတုတ်က ပျံသန်းထွက်လာပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားသည်။ သံတုတ်ပေါ်လျှိုးလာသည်နှင့်တစ်ပြိုင်နက် ကြွပ်ဆတ်သော ခေါင်းလောင်းမြည်သံက ဘေးပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွားသည်။
ခေါင်းလောင်းမြည်သံ ပျံ့လွင့်သွားသည်နှင့် ကောင်းကင်နှင့် မြေပြင်က တိတ်ဆိတ်ငြိမ်သက်သွားပြီး နတ်ဘုရားအတတ်ပညာအားလုံးက ရပ်တန့်သွားသည်။
ရွှီချင်းဆီသို့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်တကွ ဦးတည်လာနေသော လူပုလေးက အံ့ဩသွားသည်။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအားက ၎င်း၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားပြီး ကစဉ့်ကလျားဖြစ်သွားကြောင်း ရှင်းလင်းစွာ ၎င်းအာရုံခံမိသွားသည်။
ထိုစဉ် သံတုတ်က အံ့ဖွယ်ကောင်းသော အလျင်ဖြင့် ၎င်းဆီသို့ ချဉ်းကပ်လာနေသည်။
ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးက ၎င်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ လူပုလေးက ၎င်း၏ လျှာကို ကိုက်လိုက်ပြီး အပြင်သို့ ထွေးထုတ်လိုက်သည်။
ပြတ်တောက်သွားသော လျှာက ရွှေရောင်နတ်ဘုရားသွေး၏ စွန်းထင်မှုအောက်မှာ အံ့မခန်း အရွယ်အစားကြီးမားလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာ ယင်းက ဧရာမအသားပိုအဖြစ် အသွင်ပြောင်းလဲသွားသည်။
ထိုအသားပိုက မိုးကောင်းကင်ပေါ်မှ ၎င်းကလန်၏ အစစ်အမှန်နတ်ဘုရား ဖွဲ့စည်းထားသော အနက်ရောင်ဧရာမအသားပိုနှင့် အတော်လေး ဆင်တူသည်။
နောက်အခိုက်အတန့်မှာ ယင်းတို့နှစ်ခုက သဏ္ဍာန်မဲ့စွာ ဆက်သွယ်သွားကြသည်။
၎င်းချေးငှားထားသော အစစ်အမှန်နတ်ဘုရား၏ စွမ်းအားက အသားပိုထဲမှ ပေါ်လျှိုးလာသည်။
လျှာဖြင့် ဖွဲ့စည်းထားသော အသားပိုက မျက်လုံးသဖွယ် ရုတ်တရက် ပွင့်သွားသည်။
အသားပိုက စူးရှသော အကြည့်နှင့်အတူ ၎င်းထံသို့ ချဉ်းကပ်လာနေသော သံတုတ်ကို ဖုံးလွှမ်းသွားပြီး ၎င်း၏ အတွင်းဘက်ထဲမှာ ချုပ်နှောင်လိုက်သည်။
တစ်ချိန်တည်းမှာ အသားပိုထံမှ နတ်ဘုရားအစွမ်းက ရွှီချင်း၏ ဖရိုဖရဲအချိန်စီးကြောင်းပေါ်သို့ ကျရောက်သွားပြီး ပုံပျက်တွန့်လိမ်ခြင်းကို ပုံမှန်ပြန်ဖြစ်စေသည်။ ထိုအခါ ရွှီချင်း၏ ဝေဝါးနေသော ပုံရိပ်က ပြန်ကြည်လင်လာသည်။
တစ်ဆက်တည်းမှာ လူပုလေးက ၎င်း၏ နတ်ဘုရားစွမ်းအားကို ပြန်လှည့်ပတ်နိုင်သွားသည်။ ၎င်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ၎င်း၏ ဝှက်ဖဲကတ်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ၎င်း၏ အနောက်မှ ရှေးဟောင်းအလောင်း(၃၆၀)က လောင်ကျွမ်းသွားကြပြီး ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားကြသည်။
ထို့နောက် ရွှီချင်း၏ ခြေဖဝါးအောက်မှ ဟင်းလင်းပြင်က ရုတ်တရက် အက်ကွဲသွားပြီး ရွှေရောင်မျဉ်းကြောင်းဒါဇင်ခန့် ထွက်ပေါ်လာကြသည်။
မျက်လုံးသုံးလုံးပါသော အလောင်းရုပ်တု(၃၆)ခုက ထိုအက်ကွဲကြောင်းများထဲမှ တိုးထွက်လာကြပြီး ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့က အစောနက လူပုလေး၏ မီးလောင်ကျွမ်းသွားကြသော ရှေးဟောင်းအလောင်း(၃၆၀)မှ ဖွဲ့စည်းသွားကြခြင်း ဖြစ်သည်။
အလောင်းရုပ်တုများ ဟင်းလင်းပြင်ထဲမှ ခုန်ထွက်လာကြသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်က အက်ကွဲသံများကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က အက်ကွဲနေသော ကြေးမုံအဖြစ် ပြောင်းလဲသွားသည့်အလားပင်။
ထို့နောက် ၎င်းတို့၏ နဖူးပေါ်မှ ဒေါင်လိုက်မျက်လုံးများက ပွင့်သွားကြပြီး မဟူရာရွှေနတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်ကြသည်။ အလွန်သိပ်သည်းသော မဟူရာရွှေနတ်ဘုရားအလင်းက ရေတံခွန်ပမာ ကျဆင်းလာပြီး ရွှီချင်းကို ဖုံးလွှမ်းသွားသည်။
အလင်းရောင်ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက မဟူရာရွှေရောင်ဖြင့် စွန်းထင်ခံလိုက်ရသည်။
ရွှီချင်း၏ အနက်ရောင်ဝတ်စုံက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူ့ဆီသို့ မဟူရာရွှေနတ်ဘုရားအလင်း မရောက်လာမီ သူက ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ဖိချလိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာ အချိန်လေဟာနယ်အာဏာစက်က ပေါ်လျှိုးလာပြီး သူ၏ ဘေးပတ်ပတ်လည်မှ အကြွင်းအကျန် ဖရိုဖရဲအချိန်စီးကြောင်းဖြင့် ပေါင်းစပ်သွားသည်။ ယင်းက ဖရိုဖရဲအချိန်လေဟာနယ်မုန်တိုင်းတစ်ခုကို ဖွဲ့စည်းသွားသည်။
အချိန်လေဟာနယ်မုန်တိုင်း ထွက်ပေါ်လာသည့်အခါ ကောင်းကင်နှင့် မြေပြင်က ပရမ်းပတာ တုန်လှုပ်သွားသည်။ ထို့နောက် အချိန်လေဟာနယ်မုန်တိုင်းက ကောင်းကင်ပေါ်မှ လူပုလေးနှင့် မြေပြင်ပေါ်မှ မဟူရာရွှေနတ်ဘုရားအလင်းကို အကြမ်းပတမ်း ရိုက်ခတ်သွားသည်။
တစ်စုံတစ်ယောက်သည် ထိုမုန်တိုင်းထဲတွင် မရေမတွက်နိုင်သော အင်မော်တယ်ချိပ်တံဆိပ်များရှိကြောင်း မြင်တွေ့နိုင်ပေသည်။
ချက်ချင်းဆိုသလို မုန်တိုင်းက အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်သွားသည်။
ကျယ်လောင်သော မြည်ဟိန်းသံက ဤအခိုက်အတန့်မှာ ပေါက်ကွဲထွက်လာပြီး လောကကို တုန်လှုပ်သွားစေသည်။
မဟူရာရွှေနတ်ဘုရားအလင်းက ပြိုကွဲသွားပြီး အလောင်းရုပ်တု(၃၆)ခုက ပေါက်ကွဲသွားကြသည်။ တစ်ချိန်တည်းမှာ အလွန်သိပ်သည်းသော အနက်ရောင်မြူခိုးက အနောက်သို့ လွင့်စင်သွားပြီး အရပ်မျက်နှာပေါင်းစုံဆီသို့ ပြန့်ကျဲသွားသည်။ ကောင်းကင်ပေါ်မှ လူပုလေးသည်တော့ မျက်နှာပျက်ယွင်းသွားပြီး အမြန်အနောက်ဆုတ်သွားသည်။
သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်း၏ အစစ်အမှန်ခန္ဓာကိုယ်က လူပုလေး၏ အနောက်မှာ တိတ်တဆိတ် ထွက်ပေါ်လာပြီး ၎င်း၏ ဦးခေါင်းပေါ်သို့ လက်တင်လိုက်သည်။
တစ်ချိန်တည်းမှာ အသားပိုထဲ၌ ချုပ်နှောင်ခံထားရသော သံတုတ်က ထွန်းလင်းတောက်ပလာနေစဉ် ခေါင်းလောင်းမြည်သံက ပိုပြီးကျယ်လောင်လာသည်။ သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ သံတုတ်က အချုပ်အနှောင်ထဲမှ ရုန်းထွက်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားသည်။
လျှပ်တစ်ပြက်အတွင်းမှာ သံတုတ်က လူပုလေး၏ နှလုံးတည့်တည့်ကို ဖောက်ထွင်းသွားပြီး ရွှီချင်း၏ ဘေးမှာ ရပ်လိုက်သည်။
သို့သော် ရွှီချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ အရှေ့မှ လူပုလေးက တုန်ယင်သွားပြီး အနက်ရောင်ကြာပန်းအဖြစ် အသွင်ပြောင်းလဲသွားသည်။
အနက်ရောင်ကြာပန်းက ပြိုကွဲပျက်စီးသွားသည်။ ဤသည်မှာ ၎င်းက သေဆုံးမှုအစားထိုးခြင်းကို ဆောင်ရွက်နိုင်သည့်အလားပင်။
အဝေးမှ ဟင်းလင်းပြင်ထဲ၌ ပုန်းအောင်းနေသော လူပုလေး၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုတစ်စွန်းတစ်စ ထွက်ပေါ်လာသည်။ သို့သော်လည်း ၎င်းက အများကြီး မအံ့ဩပေ။
နတ်ဧကရာဇ်ချီအူဇီ အလိုရှိဝရမ်းထုတ်ထားသော တစ်စုံတစ်ယောက်က မည်သို့ကြောင့် အားနည်းနိုင်မည်နည်း။ ထို့ပြင် တစ်ဖက်လူက ဤအတောအတွင်းမှာ အစစ်အမှန်နတ်ဘုရားအများအပြား၏ လိုက်လံရှာဖွေမှုမှ ပုန်းအောင်းနိုင်ခဲ့သည်။
“ ဒါပေမဲ့ ဒီနေရာက ငါ့ကလန်ရဲ့ အစစ်အမှန်နတ်ဘုရားရဲ့ နတ်ဘုရားတိုင်းပြည်ပဲ ”
လူပုလေးက စကားပြောလိုက်သည်နှင့် မီးလောင်ကျွမ်းနေသော အသားပိုကိုးခုက ရွှီချင်း၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာကြပြီး လှောင်ချိုင့်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ ထို့နောက် လှောင်ချိုင့်က သူ့အပေါ်သို့ ကျဆင်းသွားသည်။
တစ်ချိန်တည်းမှာ မြေပြင်ပေါ်မှ တခြားနတ်ဘုရားများက ရောက်ရှိလာကြပြီး ၎င်းတို့၏ နတ်ဘုရားအတတ်ပညာများကို အသီးသီး ထုတ်လွှတ်လိုက်ကြကာ ရွှီချင်းကို တိုက်ခိုက်လိုက်ကြသည်။
သို့သော်လည်း နတ်ဘုရားများက တိုက်ခိုက်လိုက်ကြပြီး မီးလောင်ကျွမ်းနေသော အသားပိုကိုးခုက လှောင်ချိုင့်ကို ဖွဲ့စည်းသွားသည်နှင့်တစ်ပြိုင်နက် ရွှီချင်း၏ ခန္ဓာကိုယ်က ရုတ်တရက် ဝေဝါးသွားပြီး သွေးလိပ်ပြာတစ်ထောင်အဖြစ် ခွဲထွက်သွားကြသည်။
ထို့နောက် သွေးလိပ်ပြာများက အရပ်မျက်နှာအသီးသီးသို့ ပျံသန်းသွားကြသည်။
ချောက်ချားဖွယ်ကောင်းသော ထိုသွေးလိပ်ပြာများ၏ အတောင်ပံများပေါ်တွင် မျက်လုံးသဏ္ဍာန် အစီအရင်များ ရှိသည်။ ၎င်းတို့ အတောင်ပံတစ်ချက်ခတ်လိုက်တိုင်း နတ်ဘုရားအတတ်ပညာတစ်ခုစီက ထိုမျက်လုံးအစီအရင်များ၏ ဝါးမျိုစုပ်ယူခြင်း ခံလိုက်ကြရလိမ့်မည်။
ပိုပြီးထူးခြားဆန်းကြယ်သည်မှာ ရွှီချင်းက သွေးလိပ်ပြာများအဖြစ် အသွင်ပြောင်းလဲသွားသည့်အခိုက် မြေပြင်ပေါ်မှ နတ်ဘုရားများကြားတွင် နတ်ဘုရားတချို့၏ မျက်လုံးများထဲမှာ အနီရောင်ပိုးတုံးလုံးများဖြင့် ပြည့်နှက်သွားကြသည်။
အသက်သုံးခါရှူချိန်အတွင်းမှာ ထိုနတ်ဘုရားများက နှလုံးကွဲကြေစွာ အော်ဟစ်ညည်းညူလိုက်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်က အင်းဆက်ပိုးအိမ်များအဖြစ် ကျုံ့သွားကြသည်။ ထို့နောက် ပိုမိုများပြားသော သွေးလိပ်ပြာများက ပိုးအိမ်များထဲမှ ပျံသန်းထွက်လာကြသည်။
ယင်းက ထာဝရကပ်ဘေးလိပ်ပြာထံမှ ရွှီချင်းသင်ယူခဲ့သော နတ်ဘုရားအတတ်ပညာဖြစ်သည်။
သို့သော်လည်း ရွှီချင်း၏ လက်ထဲမှာ ထိုအတတ်ပညာ၏ အစွမ်းအာနိသင်နှင့် သက်ရောက်မှုအကျယ်အဝန်းက လိပ်ပြာနတ်ဘုရားထက် အများကြီး သာလွန်ပေသည်။
ယခု သွေးလိပ်ပြာများက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားကြသည်။ ထိုထဲမှ လိပ်ပြာတစ်ဝက်က ကောင်းကင်ပေါ်မှ မီးလောင်ကျွမ်းနေသော အသားပိုကိုးခုဆီသို့ ပျံသန်းသွားကြစဉ် ကျန်တစ်ဝက်က အောက်ဘက်မှ နတ်ဘုရားများဆီသို့ ပျံသန်းသွားကြသည်။
နတ်ဘုရားမီးတောက်အဆင့်မှာသာ ရှိကြသေးသော နတ်ဘုရားများက ကြောက်လန့်တုန်လှုပ်သွားကြပြီး သွေးလိပ်ပြာများကို ရှောင်ရှားရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း ရွှီချင်း၏ ပုံရိပ်က အမျိုးသမီးနတ်ဘုရားတစ်ပါး၏ အနောက်မှာ တစ္ဆေတစ်ကောင်ပမာ ဘွားခနဲ ထွက်ပေါ်လာသည်။
သူ၏ ညာလက်မှ လက်ငါးချောင်းက ထိုနတ်ဘုရား၏ ဦးခေါင်းခွံကို နက်ရှိုင်းစွာ ထိုးဖောက်သွားပြီး ၎င်း၏ ကျောရိုးအထိ ဆန့်တန်းသွားသည်။ တစ်ချိန်တည်းမှာ သူ၏ ဘယ်လက်က ၎င်း၏ နတ်ဘုရားအရင်းအမြစ်ထဲမှ မှတ်ဉာဏ်အမြူတေကို ဆွဲထုတ်လိုက်သည်။
သူက အမြူတေကို အကြင်နာကင်းမဲ့စွာ ဖျစ်ညှစ်လိုက်သည်။
ထို့နောက် သူက နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်သည်။
ထိုအခါ ထိုနတ်ဘုရား၏ အပြာရောင်အရေပြားပေါ်မှာ အနက်ရောင်မျဉ်းကြောင်းများက ပင့်ကူအိမ်များသဖွယ် ထွက်ပေါ်လာကြပြီး ၎င်း၏ ခန္ဓာကိုယ်ထဲမှ မူလအနှစ်သာရအနည်းငယ်က ချက်ချင်း စုပ်ယူခံလိုက်ရသည်။
မူလအနှစ်သာရက ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည့်အခါ ထိုနတ်ဘုရားက အပြင်းအထန် တုန်ယင်သွားပြီး အလောင်းခြောက်အဖြစ် ပြောင်းလဲသွားသည်။
“ ဒီမူလအနှစ်သာရက အရမ်းရောနှောပြီး ပမာဏအရမ်းနည်းတယ် ”
ကြယ်တာရာမျက်လုံးနတ်သမီးထံမှ မူလအနှစ်သာရကို စားသုံးပြီးသည့်နောက် တခြားမူလအနှစ်သာရများက ရွှီချင်းအတွက် ကောင်းမွန်သော အရသာကို မပေးစွမ်းနိုင်တော့ပေ။
သူ၏ အစားအသောက်စံနှုန်းက အများကြီး မြင့်တတ်သွားခဲ့သည်။
သို့ဖြစ်၍ သူက လက်ဝှေ့ယမ်းလိုက်ပြီး အလောင်းခြောက်ကို အဝေးသို့ လွှတ်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာ အလောင်းခြောက်ဒါဇင်ခန့်က ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြသည်။
ထို့အတူ ပိုမိုများပြားသော ရွှီချင်း၏ ပုံရိပ်များက သွေးလိပ်ပြာများထံမှ ထွက်ပေါ်လာကြသည်။
ရွှီချင်းတစ်ယောက်ပြီးတစ်ယောက်က လေထဲမှာ ဆက်တိုက် ထွက်ပေါ်လာကြပြီး နတ်ဘုရားများထံမှ မူလအနှစ်သာရကို စုပ်ယူလိုက်ကြသည်။ ထိုမှတဖန် သူတို့အားလုံးက သူတို့စုပ်ယူထားသော မူလအနှစ်သာရကို ဟင်းလင်းပြင်ပေါ်မှာ မတ်တတ်ရပ်နေသော အစစ်အမှန်ရွှီချင်းထံသို့ ပို့လွှတ်လိုက်ကြသည်။
ရွှီချင်းက တည်ငြိမ်သော အမူအရာဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်နေသည်။ သူက ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ထဲသို့ လက်ဆန့်ထုတ်လိုက်ပြီး ထိုနေရာမှာ ပုန်းအောင်းနေသော နတ်ဘုရားတစ်ပါးကို ဖမ်းဆုပ်လိုက်သည်။ ထိုနတ်ဘုရား၏ ခန္ဓာကိုယ်က သလင်းကျောက်သဖွယ် ကြည်လင်တောက်ပသည်။
ထိုနတ်ဘုရား မည်သည့်စကားမှ မပြောနိုင်မီ ရွှီချင်းက ၎င်းကို ချေမွဖျက်ဆီးလိုက်ပြီး ပြန့်ကျဲနေသော သလင်းကျောက်အပိုင်းအစများအဖြစ် ပြောင်းလဲသွားစေသည်။
သလင်းကျောက်အပိုင်းအစတစ်ခုစီမှာ ကြောက်ရွံ့နေသော တခြားနတ်ဘုရားများ၏ မျက်နှာများက ပုံရိပ်ပြန်နေသည်။
ထိုမျက်နှာများထဲမှာ လေထဲမှ လူပုလေးလည်း ပါဝင်သည်။ ယခု ၎င်း၏ မျက်နှာက အလွန်တင်းမာခက်ထန်နေသည်။
“ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို ဖွင့်လှစ်ပြီး ငါ့ကို ထွက်သွားခွင့်ပေးဖို့ မင်းမှာ အချိန်ရှိသေးတယ် ”
ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။