← Chapters

အဝေးမှ မိတ်ဆွေတစ်ဦး

Vol. 114 Ch. 1749

အဝေးမှ မိတ်ဆွေတစ်ဦး

Vol. 114 Ch. 1749

ကမ္ဘာငယ်၏ အပြင်ဘက်တွင် မိုးကောင်းကင်နှင့် မြေပြင်က အပြင်းအထန် တိုက်ခိုက်နေသည်။

ကောင်းကင်ပေါ်မှ ရွာသွန်းလာသော သွေးမိုးက ပုံရိပ်ငယ်အများအပြားကို ဖန်တီးလိုက်ပြီး သစ်ပင်များနှင့် တောင်တန်းများကို အကြင်နာမဲ့စွာ ဖျက်ဆီးလိုက်ကြသည်။

မြေပြင်က တုန်ယင်သွားပြီး တောင်တန်းများက ဟိန်းဟောက်လိုက်ကြသည်။ သစ်ပင်ခြောက်များက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး မိုးကောင်းကင်ကို တိုက်ခိုက်လိုက်ကြသည်။

ထိုစဉ် ကမ္ဘာငယ်ထဲမှာလည်း သွေးမိုးရွာသွန်းနေပြီး သတ်ဖြတ်ပွဲတော်က စတင်နေသည်။

အော်ဟစ်ညည်းညူသံများက နားဝင်စူးရှစွာ ပဲ့တင်ထပ်နေစဉ် ကျယ်လောင်သော ပေါက်ကွဲသံများက အရပ်မျက်နှာပေါင်းစုံမှာ ပျံ့လွင့်နေသည်။ နတ်ဘုရားအတတ်ပညာများထံမှ အားလှိုင်းဂယက်များသည်လည်း ဤလောကကို ရောင်စုံပန်းချီကားအဖြစ် ပြောင်းလဲပစ်နေသည်။

ယင်းက အပေးအယူဖြစ်သည်။

ထိုအပေးအယူအတွက် လိုအပ်ချက်က နတ်ဘုရားအားလုံးကို သုတ်သင်ရှင်းလင်းပစ်ရန် ဖြစ်သည်။

သို့မှသာလျှင် အစောနက လမ်းညွှန်မှုနှင့် ပျောက်ဆုံးနေသော အပိုင်းအစများက ပြန်ပေါ်လာလိမ့်မည်။

ရွှီချင်း၏ အမြင်မှာ ဤကိစ္စက အလိမ်အညာတစ်ခုဖြစ်ရန် ဖြစ်နိုင်ခြေ ရှိသည်။ သို့တိုင် သူက နတ်ဘုရားများကို သုတ်သင်ရှင်းလင်းရန် ရွေးချယ်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ရွှေကြွက်လေး၏ နိုးထမှုက မတော်တဆမှုတစ်ခု မဖြစ်နိုင်ပေ။

သို့ဖြစ်၍ ကမ္ဘာငယ်ထဲမှ သွေးမိုးက ပိုပြီးသည်းထန်လာသည်။

နတ်ဘုရားအလောင်းများက ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြပြီး မြေကြီးထဲသို့ နစ်မြုပ်သွားကြသည်။ ယင်းက ဖုန်မှုန့်များကို ကောင်းကင်ပေါ်သို့ တလိပ်လိပ် မြှောက်တတ်စေသည်။ လေထဲမှာ ဖုန်မှုန့်များက သွေးမိုးမှ ဖွဲ့စည်းသွားသော အနီရောင်မြူခိုးဖြင့် ရောနှောသွားသည်။

တအိအိလှုပ်ခတ်နေသော မြူခိုးကြားထဲတွင် ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းက မြန်ဆန်စွာ ရွေ့လျားနေသည်။

မြူခိုးထဲတွင် ယခင်က အဓိက သူအာရုံစိုက်ခဲ့သော နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားသုံးပါးကိုလည်း မြင်နိုင်ပေသည်။ ၎င်းတို့က ကြေးနီရောင်မျက်လုံး၊ အဖွားအိုနှင့် အနီရောင်သစ်ပင်နတ်ဘုရားတို့ ဖြစ်ကြသည်။

ဤအခိုက်အတန့်မှာ ၎င်းတို့က ၎င်းတို့၏ နတ်ဘုရားအခွင့်အာဏာများကို ထုတ်လွှတ်လိုက်ကြသည်။

သူငယ်အိမ်ထဲတွင် ကြေးခေါင်းလောင်းတစ်ခုရှိသော ထိုဧရာမမျက်လုံးက ရွှီချင်းကို ကျိုးကျန်းလီ၏ အာဏာစက်အား အမှတ်ရစေသည်။

ယခု ကြေးနီရောင်မျက်လုံးက မျက်မှောင်ကြုတ်လိုက်သည့်အခါ ကျယ်လောင်သော ခေါင်းလောင်းမြည်သံက ပဲ့တင်ထပ်သွားသည်။

ရူးသွပ်ဖွယ်ကောင်းသော ထိုနတ်ဘုရားအသံက ရွှီချင်း၏ ဝိညာဉ်ကို အေးခဲပစ်ရန် ကြိုးစားလိုက်သည်။

ကြေးနီရောင်အလင်းက မြန်ဆန်စွာ ပျံ့ပွားသွားပြီး သွေးမြူခိုးနှင့် ရွှီချင်း၏ အသွေးအသားကို ယိုယွင်းတိုက်စားပစ်လိုက်သည်။

တစ်ချိန်တည်းမှာ ကြယ်အမှုန်အမွှားများဖြင့် ရောနှောနေသော နတ်ဘုရားမှော်သင်္ကေတများက ၎င်း၏ မျက်တောင်မွှေးများကြားထဲမှ ကျဆင်းလာကြပြီး မြစ်တစ်စင်းအဖြစ် ဖွဲ့စည်းသွားသည်။ ကြယ်မှုန်နတ်ဘုရားမြစ်က ရွှီချင်း၏ လမ်းကြောင်းကို တားဆီးပိတ်ဆို့လိုက်သည်။

ထိုမျှတင်မကသေးပေ။ ၎င်း၏ ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ဗုဒ္ဓလက်ဝါးများက ရွှီချင်း၏ ခန္ဓာကိုယ်ကို စုပ်ယူဝါးမျိုရန် အလွန်ပြင်းထန်သော ဆွဲငင်အားကို ထုတ်လွှတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာ အဖွားအိုနှင့် အနီရောင်သစ်ပင်နတ်ဘုရားက ၎င်းတို့၏ နတ်ဘုရားအစွမ်းများကို အသီးသီးထုတ်လွှတ်လိုက်ကြသည်။

သွေးမြူခိုးကြားထဲတွင် ရွှီချင်း၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ အချိန်က သူ့အတွက် အလွန်တန်ဖိုးရှိသည်။

ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မြန်နိုင်သမျှမြန်မြန် အဆုံးသတ်နိုင်လေ သူ့အတွက် ပိုပြီးကောင်းမွန်လေ ဖြစ်သည်။

ထိုသို့တွေးမိသောအခါ ရွှီချင်းက စိတ်ဓာတ်ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။ ပြင်းထန်သော ထိုဆွဲငင်အားအောက်မှာ သူက မည်သည့်ခုခံမှုမှ မပြုလုပ်ဘဲ သူ၏ ခန္ဓာကိုယ်ကို ကြေးနီရောင်မျက်လုံးဆီသို့ ချဉ်းကပ်သွားရန် ခွင့်ပြုလိုက်သည်။ အမှန်မှာ သူက သူ့ကိုယ်သူ တွန်းကန်၍ ထပ်မံ အရှိန်မြှင့်လိုက်သေးသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သွေးမြူခိုးက ပရမ်းပတာ လှုပ်ခတ်သွားပြီး စိတ်အာရုံများကို ပိတ်ဆို့လိုက်သည်။ တစ်စုံတစ်ယောက်သည် မြူခိုးအတွင်းမှ တိုက်ခိုက်သံများနှင့် ပေါက်ကွဲသံများကိုသာ ကြားနိုင်ပေသည်။

ခေါင်းလောင်းသံက တချွင်ချွင်မြည်နေစဉ် ရွှီချင်းက ခပ်အုပ်အုပ် ညည်းညူလိုက်သည်။

တစ်ခဏကြာပြီးနောက် မြူခိုးပါးလွှာသောနေရာသို့ ရောက်ရှိသွားသည့်အခါ ရွှီချင်း၏ ပုံရိပ်က မျက်လုံးနတ်ဘုရား၏ အရှေ့မှာ ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်က သွေးဖြင့် ရွှဲစိုနေသော်လည်း သူက လုံးဝ တုံ့ဆိုင်းမနေပေ။ သူက လက်ထဲမှ သံတုတ်ဖြင့် ဧရာမမျက်လုံး၏ သူငယ်အိမ်ကို ထိုးစိုက်လိုက်သည်။

ကြေးခေါင်းလောင်းက တုန်ယင်သွားပြီး နာကျင်သော အော်ဟစ်ညည်းညူသံကို ထုတ်လွှတ်လိုက်သည်။

ခေါင်းလောင်း၏ မျက်နှာပြင်ပေါ်မှာ တွယ်ကပ်နေသော မရေမတွက်နိုင်သည့် မျက်နှာများက နာကျင်စွာ တွန့်ရှုံ့သွားကြသည်။ ၎င်းတို့၏ အော်ဟစ်သံများက သွေးကျိန်စာစာလုံးများအဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။

မျက်လုံးက ထိုသွေးကျိန်စာစာလုံးများကို ထွေးထုတ်လိုက်ပြီး ရွှီချင်းကို လွှမ်းခြုံပစ်လိုက်သည်။

မျက်လုံး၏ အတွင်းဘက်ထဲမှ မရေမတွက်နိုင်သော လက်တံများသည်လည်း အပြင်းအထန် လှုပ်ယမ်းသွားကြပြီး ရွှီချင်းဆီသို့ ပျံသန်းသွားကြသည်။ ဤသည်မှာ ၎င်းက ရွှီချင်းကို အဝေးသို့ တွန်းထုတ်ပစ်ချင်နေဟန် ရသည်။

အဝေးတွင် တခြားနတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများက မြန်ဆန်စွာ ချဉ်းကပ်လာနေကြသည်။

ရွှီချင်း၏ အကြည့်ထဲမှာ ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်သွားသည်။ သူက လက်တံများကို သူ၏ ခန္ဓာကိုယ်အား ဖောက်ထွင်းသွားရန် ခွင့်ပြုလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဇကာပေါက်ဖြစ်သွားပြီး သွေးများ ဒလဟော စီးကျလာသော်လည်း ယင်းကို သူက လျစ်လျူရှုထားသည်။ ဤအခိုက်အတန့်မှာ သူက စွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်ပြီး သံတုတ်ဆီသို့ ပို့လွှတ်လိုက်သည်။

ကျယ်လောင်သော အက်ကွဲသံနှင့်အတူ သံတုတ်က ကြေးနီရောင်သူငယ်အိမ်ကို ထိုးဖောက်သွားသည်။

မျက်လုံးက အပြင်းအထန် တုန်ယင်သွားသည်။

ကြေးခေါင်းလောင်းက အက်ကွဲသွားပြီး စေးပျစ်သော ရွှေရောင်နတ်ဘုရားသွေးက စီးကျလာသည်။

ထို့နောက် ရွှီချင်းက သူ၏ အင်မော်တယ်သန္ဓေသားလောင်းမှ စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

မျက်လုံးက ပေါက်ကွဲသွားပြီး သွေးမိုးအဖြစ် အရပ်မျက်နှာအဘက်ဘက်မှာ ပြန့်ကျဲသွားသည်။

မြူခိုးကြားထဲမှ သွေးတစ်စက်စီတိုင်းမှာ ရွှီချင်း၏ ပုံရိပ်က ထင်ဟပ်လာသည်။ ယခု သူက ကျန်ရှိသော နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများနှင့် နတ်ဘုရားမီးတောက်အဆင့် နတ်ဘုရားများ၏ ဝန်းရံခံလိုက်ရသည်။

သွေးမိုးကြောင့် မြူခိုးက ပိုပြီးသိပ်သည်းသွားသည်။

အချိန်တစ်ခဏကြာပြီးနောက် အဖွားအို၏ ပုံရိပ်က မြူခိုးထဲမှ တစ်ဟုန်ထိုး ပြေးထွက်လာသည်။

၎င်း၏ အနောက်တွင် သွေးလွှမ်းနေသော ရွှီချင်း၏ အနီရောင်ပုံရိပ်က ပြန့်ကျဲနေသော အနီရောင်ပန်းပွင့်များကို တတ်နင်းလျက် မနားမနေ လိုက်ဖမ်းသည်။

သူ၏ ဒဏ်ရာများက အလွန်ဆိုးဝါးပြင်းထန်သော်လည်း သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မီးဟုန်းဟုန်းတောက်နေသည်။ ဤအခိုက်အတန့်မှာ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကမ္ဘာငယ်ထဲမှ သွေးမြူခိုးနှင့် အပြည့်အဝ ပေါင်းစပ်သွားသည်။

သူ၏ အနောက်တွင်တော့ အပိုင်းပိုင်းစုတ်ပြဲနေသော အနီရောင်သစ်ပင်နတ်ဘုရား၏ အလောင်းရှိသည်။ ယခု ၎င်း၏ ခန္ဓာကိုယ်တစ်ခြမ်းမှ အနီရောင်ပန်းပွင့်များက ညှိုးနွမ်းခြောက်သွေ့နေပြီး အခြားခန္ဓာကိုယ်တစ်ခြမ်းက လုံးဝ ပြာဖြစ်သွားသည်။

၎င်း၏ အသက်ဝိညာဉ်မီးအိမ်က ငြိမ်းသတ်သွားပြီး ၎င်း၏ စိတ်ဝိညာဉ်က ဖုန်မှုန့်အဖြစ် လွင့်ပြယ်သွားသည်။

ရွှီချင်းက မျက်လုံးနတ်ဘုရားကို အရင်ဆုံး ရှင်းထုတ်ပစ်ခဲ့ခြင်းမှာ တစ်ဖက်လူ၏ စွမ်းရည်က သူ့ကို အေးခဲပစ်နိုင်သောကြောင့် ဖြစ်သည်။

ဒုတိယပစ်မှတ်အနေနှင့် သူက အနီရောင်သစ်ပင်နတ်ဘုရားကို ရွေးချယ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ၏ နတ်ဘုရားအခွင့်အာဏာက သူ၏ အာဏာစက်ကို အာဟာရဖြည့်ပေးနိုင်သည်။

ယခု ရွှီချင်းက အဖွားအိုကို ပစ်မှတ်ထားလိုက်သည်။

ရွှီချင်းက မျက်လုံးနတ်ဘုရားနှင့် အနီရောင်သစ်ပင်နတ်ဘုရားအပါအဝင် တခြားနတ်ဘုရားဒါဇင်ခန့်ကို သုတ်သင်ရှင်းလင်းပစ်ခဲ့ကြောင်း အဖွားအို မျက်မြင်တွေ့သွားပြီးနောက် ၎င်း၏ ပင်ကိုယ်ဗီဇတုံ့ပြန်မှုမှ အကြောက်တရားက ၎င်း၏ အသိစိတ်ကို ဖုံးလွှမ်းသွားသည်။

ထို့ကြောင့် ၎င်းက ထွက်ပြေးသည်။

၎င်းက ဤတိုက်ပွဲမှာ နောက်ထပ် မပါဝင်ချင်တော့ပေ။

သို့သော်လည်း တလိပ်လိပ် မြှောက်တတ်လာနေသော သွေးမြူခိုးက ၎င်းကို နောက်တစ်ကြိမ် ဝါးမျိုသွားသည်။

မကြာမီ နားဝင်စူးရှသော အော်ဟစ်သံက သွေးမြူခိုးထဲမှာ ပဲ့တင်ထပ်သွားသည်။

အချိန်တစ်ခဏကြာပြီးနောက် သွေးမြူခိုးက လွင့်ပြယ်သွားသည့်အခါ အနီရောင်ကောင်းကင်က ထွက်ပေါ်လာသည်။

အဖွားအိုသည် အလွန်ဆိုးဝါးသော အခြေအနေဖြင့် ပြန်ထွက်ပေါ်လာသည်။

၎င်း၏ အနောက်နှင့် အနီရောင်ကောင်းကင်အောက်၌ ရွှီချင်းက လေထဲမှာ မတ်တတ်ရပ်နေသည်။ သူ၏ တာအိုဝတ်စုံက မဟူရာရွှေနတ်ဘုရားသွေးဖြင့် စိုရွှဲနေသည်။ လူသားမျက်နှာရှိသော ကြယ်သုံးသောင်းခြောက်ထောင်က ၎င်း၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်နေကြသည်။ ယင်းတို့က အက်ကွဲနေသော်လည်း ယင်းတို့၏ အတွင်းပိုင်းအမြူတေများထဲမှ နတ်ဘုရားမီးတောက်များက မှိတ်တုတ်မှိတ်တုတ် ထွန်းလင်းနေဆဲပင်။

အောက်ဘက်မှ မြေပြင်ပေါ်တွင်တော့ နတ်ဘုရားအလောင်းများက တောင်ပုံရာပုံ စုပုံနေသည်။

ရွှီချင်းက သူ၏ နှုတ်ခမ်းပေါ်မှာ ကပ်နေသော နတ်ဘုရားသွေးကို လျှာဖြင့် သပ်လိုက်သည်။ ထို့နောက် သူက အလွန်မြန်ဆန်သော အလျင်ဖြင့် ပျံသန်းသွားလေရာ လေထဲမှာ ကြွင်းကျန်ပုံရိပ်တစ်ခု ကျန်ရစ်ခဲ့သည်။

သူက ထွက်ပြေးနေသော အဖွားအို၏ ဘေးမှာ ထွက်ပေါ်လာသည်။

မည်သူမှ ၎င်းကို မကယ်တင်နိုင်ပေ။ အကြောက်တရားနှင့် စိတ်ပျက်အားလျော့မှုက ၎င်း၏ မျက်လုံးထဲမှာ ပြည့်နှက်သွားစဉ် ရွှီချင်း၏ လက်ချောင်းများက ၎င်း၏ လည်ချောင်းအတွင်းသို့ တိုးဝင်သွားသည်။

သူက အကြင်နာမဲ့စွာ ဖျစ်ညှစ်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်သန္ဓေသားလောင်း၏ အစွမ်းက ပေါ်လျှိုးလာသည်။

ပွက်ပွက်မြည်သံက အက်ကွဲသွားသော ၎င်း၏ လေပြွန်ထဲမှ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းက ၎င်း၏ မျက်လုံးထဲမှာ ထွန်းလင်းသွားသော်လည်း အင်မော်တယ်စွမ်းအင်၏ ယိုယွင်းတိုက်စားမှုအောက်မှာ ရွှေရောင်အလင်းက မြန်ဆန်စွာ မှိန်ဖျော့သွားသည်။

နောက်ဆုံးမှာတော့ ၎င်းက အလောင်းခြောက်တစ်ခု ဖြစ်လာသည်။

ရွှီချင်းက အလောင်းခြောက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ သူ၏ စိတ်ခံစားချက်ကင်းမဲ့သော စူးရှရှအကြည့်က အဝေးမှ ဟင်းလင်းပြင်တစ်နေရာပေါ်သို့ ကျရောက်သွားသည်။

ထိုအခါ ဟင်းလင်းပြင်က အက်ကွဲသွားပြီး ပုံပျက်တွန့်လိမ်သွားသည်။ လူပုလေးက ဟင်းလင်းပြင်ထဲမှ ဒယိမ်းဒယိုင် ထွက်ပေါ်လာပြီး သွေးအန်လိုက်သည်။

၎င်း၏ မျက်နှာက ဖြူဖျော့နေပြီး ၎င်းက အလွန်အားနည်းနေသည်။ ၎င်းက ကြောက်ရွံ့မှုနှင့်အတူ အပြင်းအထန် တုန်ယင်နေသည်။

အစောနက ၎င်းသည် သွေးမြူခိုးထဲမှာ တခြားနတ်ဘုရားများနှင့်အတူ ရွှီချင်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ၎င်းက ဒဏ်ရာအပြင်းအထန် ရရှိသွားပြီးနောက် အနောက်ဆုတ်သွားခဲ့သည်။ သို့တိုင် ၎င်းက ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေပြီး အခွင့်အရေးတစ်ခုကို ချောင်းမြောင်းနေခဲ့သည်။

အကယ်၍ သူသာ ကံကောင်းမည်ဆိုလျှင် ရွှီချင်းကို အရှင်ဖမ်းဆီးနိုင်လောက်သည်။

သို့သော်လည်း လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲကို မျက်မြင်တွေ့သွားပြီးနောက် ၎င်းက အပြင်းအထန် နှလုံးတုန်လှုပ်သွားခဲ့သည်။ ရွှီချင်း၏ တိုက်ပွဲစွမ်းအားက အံ့ဖွယ်ကောင်းကြောင်း ၎င်းသိထားသော်လည်း ထိုမျှအတိုင်းအတာအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ၎င်းမမျှော်လင့်ထားချေ။

အထူးသဖြင့် ယခု ရွှီချင်း၏ စူးရှသော အကြည့်က ၎င်းကို ပစ်မှတ်ထားလိုက်သည့်အခါ ဖြစ်သည်။ လူပုလေးက ၎င်း၏ မသိစိတ်မှ အလိုအလျောက် အနောက်ဆုတ်သွားသည်။

“ မိတ်… မိတ်ဆွေ… ငါတို့ရဲ့ အစစ်အမှန်နတ်ဘုရားရဲ့ ပြန်ရှင်သန်မှုက အခုချိန်မှာ အရေးကြီးဆုံးပါ… အစစ်အမှန်နတ်ဘုရားက မင်းကို ကတိပေးထားတယ်မလား… ငါတို့အတူတူ ထွက်သွားကြရအောင်… ငါမင်းအတွက် ထွက်ပေါက်ဖွင့်ပေးနိုင်ပါတယ် ”

၎င်းက အလျင်စလို ပြောသည်။ အမှန်မှာ ရွှီချင်း တဒင်္ဂ တုံ့ဆိုင်းသွားရန် ၎င်းက မျှော်လင့်နေသည်။

သို့သော်လည်း ၎င်း၏ အတွေး မပြီးဆုံးခင်မှာ ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ၎င်းက ချက်ချင်း ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ၎င်း၏ နတ်ဘုရားအသွင်သဏ္ဍာန်က အရည်ပျော်နေကြောင်း မြင်တွေ့သွားသည်။ ဤမတိုင်ခင်အထိ ၎င်းက အရည်ပျော်နေကြောင်း လုံးဝ သတိမထားမိခဲ့ပေ။

၎င်း၏ အရိုးအဆစ်နေရာတိုင်းမှာ အနက်ရောင်ချည်မျှင်များက ရစ်ထွေနေကြပြီး ၎င်း၏ အသွေးအသားများနှင့် ဝိညာဉ်ထဲသို့ ထိုးဖောက်နေကြသည်။

“ နတ်ဘုရားကျိန်စာ ”

လူပုလေးက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားပြီး လူပုလေး၏ အရှေ့မှာ တစ္ဆေတစ်ကောင်သဖွယ် ဘွားခနဲ ပေါ်လာသည်။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါနှင့်အတူ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ လက်ချောင်းများကို လူပုလေး၏ နဖူးထဲသို့ ထိုးစိုက်လိုက်သည်။

လူပုလေးက မျက်နှာရှုံ့မဲ့သွားပြီး ခုခံရန် ကြိုးစားသည်။ သို့သော်လည်း ၎င်းက စောစောက မြူခိုးထဲမှာကတည်းက ဒဏ်ရာအပြင်းအထန်ရရှိထားလေရာ ယခု နတ်ဘုရားကျိန်စာ၏ သက်ရောက်မှုအောက်မှာ အလွန်အမင်း အားနည်းနေသည်။

ထို့ပြင် ခေါင်းလောင်းမြည်သံ၏ ပဲ့တင်ထပ်မှုကြောင့် ၎င်း၏ နတ်ဘုရားစွမ်းရည်အားလုံးက ရပ်တန့်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ၎င်း၏ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ယင်သွားပြီး မရေမတွက်နိုင်သော ရွှေရောင်သွေးချည်မျှင်များက ၎င်း၏ ဒွါရခုနစ်ပေါက်ထဲမှ တိုးထွက်လာကြသည်။ ထိုချည်မျှင်များက လေထဲသို့ တစ်ဟုန်ထိုး မြှောက်တတ်သွားပြီး သွေးမိုးအသစ်ဖြင့် ပေါင်းစပ်သွားသည်။

၎င်း၏ ခန္ဓာကိုယ်က ပြိုကွဲပျက်စီးသွားသည့်အခါ ၎င်း၏ နတ်ဘုရားသွေးက လောကတစ်ခွင်သို့ ပြန့်ကျဲသွားသည်။

ရွှီချင်းက လေထဲမှာ မတ်တတ်ရပ်နေလျက် သွေးမိုးကို သူ၏ ဒဏ်ရာများပေါ်သို့ စီးကျသွားစေသည်။

ဤတိုက်ပွဲက သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေသည်။ သို့သော်လည်း သူက နာကျင်မှုဝေဒနာကို အတင်းအဓမ္မ ဖိနှိပ်လိုက်သည်။ လမ်းညွှန်မှုက တဖန်ပြန်ပေါ်လာပြီး အပိုင်းအစ၏ တည်နေရာက ရှင်းလင်းလာသည့်အခါ ရွှီချင်းက ထိုနေရာဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

သူက ပျက်စီးနေသော ကမ္ဘာငယ်များကို ဖြတ်သန်းသွားသည်။ အချိန်အတန်ကြာပြီးနောက် သူက နောက်ဆုံးမှာ အပိုင်းအစ၏ တည်နေရာကို ရှင်းလင်းစွာ အာရုံခံမိသွားသည်။ တစ်ချိန်တည်းမှာ သူက ထိုအပျက်အစီးများကြားထဲမှ ရွှေကြွက်၏ တည်ရှိမှုကိုလည်း ရှာတွေ့သွားသည်။

မြေပြင်ပေါ်မှာ ကောက်ရိုးအမျှင်အပိုင်းအစများ ရှိသည်။

ယင်းတို့က ကြယ်တာရာစက်ဝန်းမြက်ပင်မှ ဖြစ်ပြီး ဤအခိုက်အတန့်မှာ တည်နေရာပြောင်းရွှေ့ခြင်း စည်းချအစီအရင်တစ်ခုကို ရက်လုပ်ထားသည်။

ထိုစည်းချအစီအရင်၏ တည်ဆောက်ပုံက ကျင့်ကြံသူတစ်ပါး သို့မဟုတ် နတ်ဘုရားတစ်ပါးနှင့် မသက်ဆိုင်ဟန် ရသည်။ ဤသည်မှာ ထိုစည်းချအစီအရင်က ရွှေကြွက်၏ မွေးရာပါစွမ်းရည်မှ ဖွဲ့စည်းသွားသည့်အလားပင်။

ထိုစည်းချအစီအရင်ကို ကြည့်နေရင်း ရွှီချင်းက နှုတ်ဆိတ်သွားသည်။ ထိုတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က မည်သည့်နေရာသို့ ဦးတည်နေကြောင်း သူမသိပေ။ သို့သော်လည်း ယင်းကို အသုံးပြုရန် အထူးအခြေအနေနှစ်ရပ်ကို လိုအပ်ကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။

ပထမတစ်ခုက ဇစ်မြစ်တူညီသော ကြယ်တာရာစက်ဝန်းမြက်ဖြစ်ပြီး ဒုတိယတစ်ခုက ပစ္စုပ္ပန်ခွဲခွာရှေးဟောင်းသားရဲဖြစ်သော ရွှေကြွက်၏ အရှိန်အဝါ ဖြစ်သည်။

တစ်စုံတစ်ယောက်သည် ထိုပစ္စည်းနှစ်ခုမရှိဘဲ ဤတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသုံးမပြုနိုင်ပေ။

တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က ထိုပစ္စည်းနှစ်ခု၏ အရှိန်အဝါကို တစ်ပြိုင်နက်တည်း အာရုံခံမိမှသာ အသက်ဝင်လာလိမ့်မည်။

ယင်းက ရွှီချင်းကို မျက်လုံးမှေးကျဉ်းသွားစေသည်။

“ အတိတ်မှာ… ဝမ်ကူးကုန်းမြေရဲ့ အပြင်ပိုင်းပင်လယ်ထဲမှာ ရွှေကြွက်ကို လိုက်ဖမ်းနေတဲ့ အင်မော်တယ်ဘုရင်နဲ့ ငါတွေ့ဆုံခဲ့တယ်… သူက ငါ့ကို အမှတ်ငါးကြယ်တာရာစက်ဝန်းဆီ လမ်းညွှန်ပြခဲ့တယ် ”

“ အဲ့ဒါကြောင့် အမှတ်ငါးကြယ်တာရာစက်ဝန်းဆီ ငါရောက်လာခဲ့တယ် ”

“ ပြီးတော့… စစ်မြေပြင်မှာ ငါတည်နေရာပြောင်းရွှေ့ခဲ့ပြီး အမှတ်လေးကြယ်တာရာစက်ဝန်းဆီကို မတော်တဆ ရောက်လာခဲ့တယ် ”

“ အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ ငါအားဖြည့်နေတုန်း အစစ်အမှန်နတ်ဘုရားတွေရဲ့ နတ်ဘုရားစိတ်အာရုံတွေကြောင့် တခြားရွေးချယ်စရာမရှိဘဲ ဒီလျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ခဲ့တယ်… တိုက်ဆိုင်စွာပဲ ဒီနေရာမှာ အစစ်အမှန်နတ်ဘုရားနှစ်ပါးက တိုက်ပွဲဖြစ်နေတယ် ”

“ ပိုပြီးတိုက်ဆိုင်တာက ဒီကမ္ဘာငယ်ထဲမှာ ရွှေကြွက်လေးက နိုးထလာပြီး သူ့ရဲ့ အမျိုးအနွယ်ကို အာရုံခံမိခဲ့တယ် ”

“ အဲ့ဒီနောက် ကြယ်တာရာစက်ဝန်းမြက်နဲ့ ရက်လုပ်ထားတဲ့ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို ဒီနေရာမှာ ငါရှာတွေ့သွားတယ်… တိုက်ဆိုင်စွာပဲ ဒီတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသုံးပြုဖို့အတွက် အင်မော်တယ်ဘုရင် ငါ့ကို ပေးထားတဲ့ ကြယ်တာရာစက်ဝန်းမြက်ကို လိုအပ်တယ် ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။

“ မင်းက ငါ့ကို ကယ်တင်နေတာလား… ဒါမှမဟုတ် အစကတည်းက ဒီနေရာကို ငါရောက်လာအောင်လို့ အားလုံးကို မင်းစီစဉ်ထားတာလား ”

ရွှီချင်းက သူ့အရှေ့မှ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို ကြည့်လိုက်ပြီး ကိုယ့်ဘာသာ တီးတိုးရေရွတ်လိုက်သည်။

တစ်ခဏကြာပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ မည်သို့ဖြစ်ပါစေ ယခုအချိန်မှာ ယင်းက သူ့အတွက် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သည်။ သို့ဖြစ်၍ သူက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ပေါ်သို့ ခြေချရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ…

ရှေးဟောင်းအသံက ကမ္ဘာငယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မိတ်ဆွေလေး… ဒုတိယအပေးအယူတစ်ခု ရှိသေးတယ်… မင်းစိတ်ဝင်စားလား ”

“ မကြာခင် ကျန်းရီအစစ်အမှန်နတ်ဘုရားက အချိန်မရွေး ငါ့ကို ဝါးမျိုနိုင်တော့မယ်… ငါ့မှာ လျှို့ဝှက်အတတ်ပညာတစ်ခု ရှိတယ်… အဲ့ဒါက မင်းကို ကျန်းရီအစစ်အမှန်နတ်ဘုရားကို စုပ်ယူနိုင်စေလိမ့်မယ်… အဲ့ဒီအခါ မင်းက မူလအနှစ်သာရအများကြီးကို ရရှိလိမ့်မယ်… ငါကတော့ တိုက်ပွဲကို ပြောင်းပြန်လှန်ပြီး အနိုင်ယူနိုင်လိမ့်မယ် ”

ရွှီချင်း၏ ခြေလှမ်းက တုံ့ခနဲ ရပ်တန့်သွားသည်။ သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

“ မင်းက ငါ့ကို ယုံကြည်ချက်ရှိရှိ အထဲ ပေးဝင်ခဲ့တယ်… ဒီကမ္မက မင်းရဲ့ နတ်ဘုရားတိုင်းပြည်ထဲမှာ ရှိနေတာကို အစကတည်းက မင်းကြိုသိထားတယ်ဆိုတာ ရှင်းလင်းတယ် ”

“ ဒါဆိုရင် မင်းဘာသာမင်း ဒီအပေးအယူကို တောင်းဆိုတာလား… ဒါမှမဟုတ် တည်ရှိမှုတစ်ခုက မင်းကို အဲ့ဒီလိုလုပ်ဖို့ စေခိုင်းခဲ့တာလား ”

“ နောက်ဆုံးအနေနဲ့ ငါသိချင်တာက… မင်းက နတ်ဘုရားလား ဒါမှမဟုတ် အင်မော်တယ်လား ”

ရွှီချင်းက တည်ငြိမ်သော အကြည့်ဖြင့် ဖြည်းညင်းစွာ စကားပြောသည်။

…..

တစ်ချိန်တည်းမှာ…

အမှတ်‌လေးကြယ်တာရာစက်ဝန်းနှင့် အလွန်ဝေးကွာသော အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ အလယ်ဗဟိုမှ ဝမ်ကူးကုန်းမြေထဲတွင်…

ကြယ်တာရာကောင်းကင်ပေါ်မှ ရှေးခေတ်အင်မော်တယ်၏ ဖိအားက တစ်နေ့ထက်တစ်နေ့ ပိုပြီးအားကောင်းလာသည်။ ထို့အတူ ဝမ်ကူးကုန်းမြေထဲမှ သက်ရှိအားလုံး၏ နှလုံးသားထဲမှ စိုးရိမ်ကြောင့်ကြမှုသည်လည်း တစ်စတစ်စ ပိုပြီးတိုးပွားလာသည်။

ဝမ်ကူးကုန်းမြေ၏ အောက်ဘက်၌ ရှေးခေတ်အင်မော်တယ်များကြောင့် ချိပ်ပိတ်ခံထားရသော ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် တည်ရှိသည့် အဆုံးမဲ့မြေအောက်လောကထဲဝယ်…

ချောင်ကျသော တစ်နေရာတွင် ယိုယွင်းပျက်စီးနေသော ဘုရားကျောင်းပျက်တစ်ခု ရှိသည်။

ဘုရားကျောင်းထဲတွင် မည်သည့်နတ်ဘုရားရုပ်တုမှ မရှိပေ။ သို့သော်လည်း ဘုရားကျောင်း၏ ထောင့်တစ်နေရာတွင် ဦးခေါင်းတစ်လုံးက လဲလျောင်းနေသည်။ ၎င်းက ဘုရားကျောင်း၏ မျက်နှာကြက်ပေါ်သို့ ခေါင်းမော့ထားလျက် ကျိန်ဆဲနေသည်။

“ အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် အလောင်းတစ်ခုကို ခိုးရုံပဲ မဟုတ်ဘူးလား… ဘာလို့ ငါ့နောက်ကို သဲကြီးမဲကြီး လိုက်ဖမ်းနေတာလဲ… မင်းစောင့်နေစမ်းပါ ”

ဦးခေါင်းက အံကြိတ်လိုက်ပြီး ဒေါသတကြီး ပြောသည်။ တစ်ခဏကြာပြီးနောက် အလွန်အရုပ်ဆိုးပြီး အမွှေးအမျှင်ကင်းမဲ့သော ကြွက်တစ်ကောင်က အနီးနားရှိ အပျက်အစီးပုံထဲမှ တော့နဲ့ထော့နဲ့ တိုးထွက်လာသည်။ ၎င်းက ဦးခေါင်းနားသို့ ချဉ်းကပ်လာပြီး တကျွီကျွီမြည်သံကို ပျင်းရိလေးဖင့်စွာ ထုတ်ဖော်လိုက်သည်။

ဦးခေါင်းက ဘေးသို့ အနည်းငယ် လှိမ့်လိုက်ပြီး ၎င်း၏ မျက်လုံးထောင့်ကို ချိန်ညှိလိုက်သည်။ သို့မှသာ ၎င်း၏ အကြည့်က ကြွက်စုတ်ပေါ်သို့ ကောင်းမွန်စွာ ကျရောက်သွားသည်။

ထို့နောက် ၎င်း၏ အမူအရာက အံ့ဩထိတ်လန့်မှုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

“ ဘာလဲဟ ”

“ ဒီနေရာမှာ တာဝေးတည်နေရာပြောင်းရွှေ့ခြင်း အစီအရင်တစ်ခုကို တကယ်ကြီး ငါအာရုံခံမိတာလား ”

All Chapters