အခန်း (၅၇၀)
Vol. 39 Ch. 570
“ဘာကိစ္စရှိလို့ပါလဲ” မုန့်ရှင်းကျီသည် အမြူတေကို အသာသိမ်းဆည်းပြီးသည့်နောက် လက်သီးကို ဆုပ်ကာဖြင့် မေးမြန်းလိုက်၏။
“ဘာမှ မဟုတ်ပါဘူး”
တိုင်ချူးသည် လက်သီးကို ဆုပ်ကာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ်တို့ ခင်ဗျားဆီကို လာတာက အချိန်ကိုက်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း လာပြောတာပါ။ ခင်ဗျား ဖန်တီးခဲ့တဲ့ အစီအရင်သာ မရှိဘူးဆိုရင် ကျုပ်တို့နှစ်ယောက်က ကြီးကြီးမားမား ဒုက္ခရောက်နေပြီ”
“အင်း.. ကျုပ် နားလည်ပါပြီ”
မုန့်ရှင်းကျီသည် သူ၏လက်ကို မြှောက်လိုက်၏။ ပြီးသည့်နောက် မုတ်ဆိတ်မွှေးများကို ပွတ်သပ်လိုက်လေ၏။ ရှက်ရွံမှု အနည်းငယ်ကို ခံစားရသည် ဆိုလျှင်တောင်မှ သူက ထပ်မံကာ ပြောဆိုလိုက်၏။ “စီနီယာနန်းဆောင်သခင်ဆီက အစီအရင်နဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို ရရှိခဲ့တာ ကံကောင်းခြင်း တစ်ခုပါပဲ။ စီနီယာရဲ့ ကူညီပေးမှုသာ မရှိဘူးဆိုရင် ကျုပ် ဒီနေရာကို လာခဲ့မယ်ဆိုရင်တောင်မှ ကျိန်းသေပေါက် အသက်ဝိညာဉ် ကင်းမဲ့သွားလိမ့်မယ်။ ခင်ဗျားတို့ရဲ့ ကြင်နာတဲ့ စကားအတွက် ကျေးဇူးတင်ပါတယ်”
ထိုစကားကို ကြားသည့်အချိန်မှာတော့ တိုင်ချူးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်တို့သည် တစ်ယောက် နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိကြ၏။ စီနီယာနန်းဆောင်သခင်သည် အမှောင်ထဲမှ သူတို့ကို ကူညီလျက်ရှိကြောင်း သူတို့က သံသယရှိခဲ့၏။ သို့ပေမဲ့ ယနေ့ အခြေအနေများကို ကြည့်ရှုပြီးသည့်နောက် သူတို့၏ သံသယများသည် မှန်ကန်ကြောင်း နားလည်လိုက်မိသည်။
လက်ရှိ လောကကြီးထဲတွင် လူကိုယ်တိုင် ပေါ်မလာဘဲနှင့် ရောရုဝအရှင်အား ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိအောင် ပြုလုပ်နိုင်သူဟူ၍ စီနီယာ နန်းဆောင်သခင်သာလျှင် ရှိပေလိမ့်မည်။
“ကြည့်ရတာ ဒီနေ့ လုပ်ခဲ့တဲ့ အရာတွေအားလုံးက စီနီယာနန်းဆောင်သခင် တွက်ချက်ပြီးသား အရာတွေပဲ ဖြစ်ရမယ်။ ကျုပ်တို့က နည်းနည်း အလောတကြီး နိုင်လွန်းခဲ့တယ်” တိုင်ချူးသည် ခေါင်းကို ခါယမ်းကာဖြင့် ခြောက်ကပ်ကပ် ပြုံးလိုက်မိ၏။ သူ့အနေနှင့် ဤနေရာသို့ ရောက်ရှိလာသည့် နေရာတွင် အသက်ကို စတေးရန်ပါ စဉ်းစားထားပြီး ဖြစ်သည်။
ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့များကို ဖျက်ဆီးခဲ့ပြီးသည့်နောက် သူသည် အလွန်တရာ ကံကောင်းခဲ့ဖြင်း ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ ယခုကဲ့သို့ အသက်ရှင်ရက် ထွက်ခွာနိုင်လိမ့်မည်ဟု တစ်ချက်ကလေး တောင် တွေးမထားမိခဲ့ချေ။ ရောရုဝ ဆိုသည်မှာ ရှာဖွေတွေ့ရှိသည် ဆိုလျှင်တောင်မှ လွယ်လွယ်ကူကူ ဝင်ထွက် သွားလာ၍ ရသည့်အရာမျိုး မဟုတ်ချေ။
“စီနီယာနန်းဆောင်သခင်က အရာအားလုံးကို ကြိုပြီးသိခဲ့တယ်”
မုန့်ရှင်းကျီသည် လေးလေးစားစားဖြင့် အသိအမှတ်ပြုလိုက်၏။ ပြီးနောက် သူသည် အနီးအနားတွင် ရှိနေသည့် အပျက်အစီးပုံကြီးကို လှမ်းကာ ကြည့်ရှုရင်း ရယ်မောလိုက်၏။ “ကျုပ်ဆီမှာ လုပ်စရာတွေ ရှိပါသေးတယ်။ ခင်ဗျားတို့ နှစ်ယောက်နဲ့ ကြာကြာ မနေနိုင်တော့ဘူး”
“တာအိုရောင်းရင်း”
ထိုအချိန်မှာတော့ ထာဝရ အစစ်အမှန် အင်မော်တယ်သည် အရှေ့ဆီသို့ လှမ်းတက် လာခဲ့ပြီးသည့်နောက် မုန့်ရှင်းကျီကို တားဆီးကာ ပြောလိုက်၏။ “ရောရုဝက ဖျက်ဆီးခံလိုက်ရတယ် ဆိုပေမဲ့ ရောရုဝအရှင်ကတော့ အသက်ရှင်လျက် ရှိနေသေးတယ်။ ပြီးတော့ ရောရုဝပြည်ထဲမှာ အစီအရင်တွေ အများကြီး တည်ရှိနေနိုင်တယ်။ တာအိုရောင်းရင်းအနေနဲ့ သတိအပြည့် ထားသင့်တယ်”
“ကျုပ်နားလည်ပါပြီ” မုန့်ရှင်းကျီက ခေါင်းညိတ်လိုက်၏။ သူ့အနေနှင့် ဤအခြေအနေ တစ်ခုလုံးကို သေသေချာချာ နားလည်ပြီးသား ဖြစ်၏။ သတ်ဖြတ်ခြင်း အစီအရင်ကို မဖယ်ရှားရသေးသည်မှာ ဤကဲ့သို့သော အကြောင်းအရာကြောင့် ဖြစ်၏။ ဤတည်နေရာတွင် သတ်ဖြတ်ခြင်း အစီအရင်ကြီးသာ တည်ရှိသည်ဆိုပါက ရောရုဝပြည်အား သူ၏အိမ်တစ်ခုကဲ့သို့ပင် ခံစားရစေ၏။ ထို့အပြင် သူသည် ဤထဲတွင် နေထိုင်ခြင်းအားဖြင့် သေဆုံးသွားမည်ကို စိုးရိမ်စရာ မလိုအပ်ချေ။
“ဒါနဲ့ ....”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၏။ ထို့ကြောင့် ထပ်မံကာ မေးမြန်းလိုက်သည်။ “တာအိုရောင်းရင်း... ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကို တွေ့မိသေးလား။ စီနီယာ တိုင်ချူးနဲ့ ကျုပ်က ခြောက်ခုကို ဖျက်ဆီးခဲ့ပြီးပြီ။ ဒါပေမဲ့ ရောရုဝပြည်မှာ စုစုပေါင်း ခုနှစ်ခု ရှိတာမို့ တစ်ခု ကျန်နေသေးတယ်။ ဒီပုတီးလုံးက အလောင်းကောင်တွေကို ပြန်ပြီး ရှင်သန်အောင် လုပ်နိုင်တယ်။ ဒီတော့ အစစ်အမှန် အင်မော်တယ်တွေကိုတောင်မှ ကိုယ့်အတွက် တိုက်ခိုက်ခိုင်းစေနိုင်တယ်။ တကယ့်ကို ကြီးမားတဲ့ အန္တရာယ်ကြီး တစ်ခုပဲ။ ဒါကိုသာ ဖျက်ဆီးပစ်လိုက်နိုင်မယ်ဆိုရင် လောကကြီးတစ်ခုလုံးမှာ ဖြစ်လာမယ့် အန္တရာယ်ကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်”
လောကကြီး၏ သမိုင်းသည် မယုံကြည်နိုင်လောက်အောင် ရှည်လျားလှ၏။ မည်သူမှသည် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကြောင့် မည်မျှ များပြားသည့်လူများ ပြန်လည်ရှင်သန်လာမည် ဆိုခြင်းကို မည်သူမှ သေသေချာချာ မသိချေ။ သို့ပေမဲ့ အနည်းငယ်လောက်သောလူများကို ပြန်လည်ရှင်သန်အောင် ပြုလုပ်နိုင်မည် ဆိုလျှင်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေပြီဖြစ်၏။
အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများ မရှိသည် ဆိုလျှင်တောင်မှ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့သည် ထို၏အောက် စွမ်းအားမြင့် ကျင့်ကြံသူ အားလုံးကို ဆင့်ခေါ်နိုင်သည့် အရာပင် ဖြစ်၏။ ထို့ကြောင့် ခန့်မှန်း၍ မရနိုင်သည့် လက်နက်တစ်ခုဟု သုံးသပ်ရပေလိမ့်မည်။ ထာဝရ အစစ်အမှန် အင်မော်တယ်ကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူ၏ မျက်လုံးထဲတွင် ဤအရာသည် ကျိန်းသေပေါက် ချန်ထား၍ ရသည့်အရာမျိုး မဟုတ်ချေ။
“ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့လား” မုန့်ရှင်းကျီ၏ မျက်လုံးများက တောက်ပသွားခဲ့သည်။ သူသည် စောဏတုန်းက ကောက်ယူခဲ့သည့် အမြူတေလို အရာအကြောင်းကို ပြန်လည် တွေးတောလိုက်မိ၏။ သူ မနေနိုင်ဘဲ စဉ်းစားလိုက်မိသည်။ ဤအရာသည် ကျိန်းသေပေါက် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးစေ့သာလျှင် ဖြစ်ပေလိမ့်မည်။ မည်သည့်အချိန်က သူ၏ကံသည် သာမန်ထက်ပိုကာ ကောင်းမွန်နေရသနည်း။
“အင်း.. တကယ်လို့ တွေ့ခဲ့မယ်ဆိုရင် ဖျက်ဆီးဖို့အတွက် စီနီယာတိုင်ချူးကို ပေးပါ” ထာဝရ အစစ်အမှန် အင်မော်တယ်သည် လေးလေးနက်နက်နှင့် ပြောလိုက်၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
မုန့်ရှင်းကျီ၏ အမူအရာက ပြောင်းလဲသွား၏။ သူက ပြောလိုက်သည်။ “ကျုပ် ဒီလိုအရာမျိုးကို တွေ့ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ။ ရောရုဝပြည်က ဒီလိုအရာမျိုးကို တကယ့် အထင်ကရ နေရာမျိုးမှာပဲ သိမ်းဆည်းထားမှာလေ”
.........
“ခင်ဗျားတို့နှစ်ယောက် သွားပြီး ရှာချင်သေးလား”
မုန့်ရှင်းကျီသည် လွယ်လွယ်ကူကူ ဆိုသလိုပဲ ဝိညာဉ် ဆင့်ခေါ်ခြင်း ပုတီးလုံးနှင့်ပတ်သက်၍ စကားလမ်းကြောင်းကို ပြောင်းလိုက်၏။ စီနီယာ တိုင်ချူးနှင့် တခြားသောသူများသည် ထိုအရာကို အလုံးစုံ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိလို့နေ၏။ ထို့ကြောင့် မုန့်ရှင်းကျီသည် သူ၏အရာများကို မပေးအပ်ချင်ပေ။
သူသည်သာ ထိုအရာကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ပေးအပ်မည်ဆိုပါက အန္တိမကျင့်ကြံခြင်း အဆင့်သို တက်လှမ်းနိုင်မည့် အခွင့်အရေးကို ဝယ်ယူကောင်း ဝယ်ယူနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ အားအင် တိုးတက်ရန်အတွက် အကျိုးရှိကောင်း အကျိုးရှိပေလိမ့်မည်။ ဤအတိုင်း ဖျက်ဆီးလိုက်ခြင်းသည် မိုက်မဲသည့် ကိစ္စရပ်ဖြစ်ပြီး အရာအားလုံး ဆုံးရှုံးမှုဆီသို့ ရောက်ရှိသွားနိုင်သည့် အရာလည်း ဖြစ်လို့နေ၏။
“ဒီလိုဆိုရင် ကျုပ်တို့နှစ်ယောက် သွားရှာလိုက်အုံးမယ်”
ထာဝရ အစစ်အမှန် အင်မော်တယ်က ပြောလိုက်၏။ ပြီးသည့်နောက် အသာလှည့်ကာ ထွက်ခွာသွား၏။ သို့ပေမဲ့ ရုတ်တရက် ဆိုသလိုပဲ သူသည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် အကြံပေးလိုက်သည်။
“တာအိုရောင်းရင်း.. ဒီနေရာက မလုံခြုံဘူးနော်။ ပြီးတော့ နှစ်ပေါင်းများစွာ ရောရုဝပြည်ရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရှိခဲ့တဲ့နယ်မြေတစ်ခုလေ။ ရောရုဝအရှင်က အချိန်မရွေး ပြန်လာနိုင်တယ်။ ဒီတော့ မြန်မြန် ထွက်ခွာသွားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်”
မိမိကိုယ်ပိုင် အားအင်အဆင့်ကို သိရှိနားလည်ရပေလိမ့်မည်။ အစီအရင်၏ အကာအကွယ် တည်ရှိနေသည် ဆိုလျှင်တောင်မှ မုန့်ရှင်းကျီသည် ထိုအရာကို နားလည်၏။ ထို့ကြောင့် ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။ “ကျုပ် နားလည်ပါတယ်။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”
“အင်း”
ထာဝရ အစစ်အမှန် အင်မော်တယ်က ခေါင်းညိတ်လိုက်၏။ သူသည် မုန့်ရှင်းကျီကို လေးလေးနက်နက် ကြည့်ရှုပြီးသည့်နောက် မည်သည့်စကားမှ ထပ်မပြောတော့ချေ။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကို ရှာဖွေရန်အတွက် တခြားသော တည်နေရာများဆီသို့ လှည့်ကာ ထွက်ခွာသွားခဲ့သည်။
ကံဆိုးစွာဖြင့် ရောရုဝပြည် တစ်ခုလုံးကို ပြောင်းပြန်လှန်ကာ ရှာဖွေခဲ့သည် ဆိုလျှင်တောင်မှ သူတို့သည် များပြားလှသည့် ရတနာများကိုသာ ရရှိခဲ့၏။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးနှင့်ပတ်သက်သည့် အရိပ်အယောင်များကို နည်းနည်းလေးမှ မမြင်ခဲ့ရချေ။ လက်ရှိအခြေအနေမှာတော့ နှစ်ယောက်သားတို့၏ နှလုံးသားထဲတွင် ဆို့နင့်လျက် ရှိနေကြ၏။