အခန်း (၅၇၂)
Vol. 39 Ch. 572
“စီနီယာ.. ကျုပ်တို့ ဘာလုပ်ကြမလဲ” ထာဝရ အစစ်အမှန် အင်မော်တယ်သည် တိုင်ချူးဘက်သို့ လှည့်ကာဖြင့် မေးမြန်းလိုက်၏။ သူသည် ဖြေရှင်းမှုကို မျှော်လင့်တောင့်တနေခြင်းပင်။
တိုင်ချူးမှာ တိတ်ဆိတ်ငြိမ်သက်နေမိ၏။ လက်ရှိအခြေအနေတွင် အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူကိုယ်တိုင်ပင်လျှင် ဘာပြောရမှန်း မသိချေ။ ခဏလောက် ကြာပြီးသည့်နောက် တိုင်ချူးက တီးတိုး ရေရွတ်လိုက်၏။ “ကျုပ်တို့ စီနီယာနန်းဆောင်သခင်ဆီ သွားပြီးမေးတာပဲ ကောင်းမယ်။ ဘယ်သူမှ သူ့ရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းမွန်မွန် မခန့်မှန်းနိုင်ဘူးလေ။ တခြားလောကတွေနဲ့ အတင်းပေါင်းစပ်ပြီး အားလုံးကို ချောင်ပိတ်ရိုက်အောင် လုပ်နေတာတော့ မဟုတ်လောက်ဘူး”
“...........”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် ပြောဆိုရန် တုံ့နှေးလို့ နေခဲ့၏။ သူပြောချင်၏။ သို့ပေမဲ့ မပြောရဲချေ။ လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် စီနီယာနန်းဆောင်သခင်သည် တခြားသော လောကများနှင့် ပေါင်းစပ်ပြီး သူတို့ကို ထောင့်တစ်ခုဆီသို့ တွန်းပို့နေသည်ကတော့ သေချာသည်။။
ရောရုဝအရှင်နှင့် ပတ်သက်သည့် ကိစ္စရပ်ကိုပင် သူတို့ သေသေချာချာ ဖြေရှင်းနိုင်ခြင်း မရှိကြသေးချေ။ ယခု လောကအသစ် တစ်ခု ရောက်ရှိလာခဲ့ပြီဖြစ်၏။ ဤလောကအသစ်တစ်ခုသည် ဘာမှန်း မသိချေ။ သို့ပေမဲ့ ယခင်ကကဲ့သို့ အန္တရာယ်များ ပေါ်ပေါက်လာခဲ့ပါက ကျိန်းသေပေါက် ကြီးမားသည့် တိုက်ပွဲများကို ဆက်လက်ကာ တိုက်ခိုက်ရပေဦးမည်။
ဤအခွင့်အရေးကို အရယူပြီးသည့်နောက် ရောရုဝအရှင်သည် ပြန်လည်ကာ အားမွေးနိုင်သည့် အခွင့်အရေးကို ပိုင်ဆိုင်သွားပေလိမ့်မည်။ ရောရုဝအရှင် ပြန်လာသည် ဆိုသည်နှင့် မည်သူမှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
“ဒါကို စိတ်ပူစရာ မလိုဘူး။ ဒီလောကကြီးနဲ့ ပတ်သက်ပြီး ကျုပ် အနည်းငယ် နားလည်မှု ရှိနေတဲ့ပုံပဲ။ ဘာလို့လဲ ဆိုတော့ ကျုပ်သိတဲ့ အော်ရာတွေ ဖြစ်နေလို့ပဲ” တိုင်ချူး၏ အကြည့်သည် တည်နေရာကို ဖြတ်သန်းကာဖြင့် အဝေးဆီသို့ ရောက်ရှိနေ၏။ သူသည် ကျယ်ပြောလှသည့် လောကကြီးကို တစ်ချက် သေချာကြည့်ရှု ပြီးနောက် သေချာသွားခဲ့၏။
“ကျုပ်ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီလောကကြီးက အရင်နက်နဲမီးတောက်လောကကြီးဆီကနေပြီးတော့ သုံးပိုင်းကွဲသွားတဲ့ အပိုင်းသုံးပိုင်းထဲက တစ်ခုပဲ။ နက်နဲအလင်းလောကကြီးနဲ့ တူညီတဲ့ မူလအရင်းအမြစ်ကနေ ခွဲထွက်သွားတဲ့ လောကကြီးတစ်ခုပဲ”
“စီနီယာ.. ဒီလောကကြီးအကြောင်းကို သိတယ်လား” ထာဝရ အစစ်အမှန် အင်မော်တယ်၏ မျက်လုံးများက တောက်ပသွားခဲ့၏။ သူ၏ အကြီးမားဆုံးသော ကြောက်လန့်မှုသည် ယခု ပေါင်းစပ်လာသည့် လောကကြီးနှင့် ပတ်သက်၍ ဘာမှ မသိရှိခြင်းပင်။ တစ်ဖက်လူများ၌ မည်ကဲ့သို့ စိတ်ထားများ တည်ရှိမည်ကို မသိရှိခြင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေပင် ဖြစ်၏။ ရောရုဝပြည်၏ အလုံးစုံ ထိန်းချုပ်မှုကို ခံယူထားသော နက်နဲအလင်းလောကကြီးကဲ့သို့ ဖြစ်တည်လာသည် ဆိုပါက သူတို့သည် ကျိန်းသေပေါက် ဒုက္ခရောက်ပေဦးမည်။
“အင်း... အကန့်အသတ်တော့ရှိတယ်”
တိုင်ချူးသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကျုပ်သာ မမှားဘူးဆိုရင် ဒီလောကကြီးက နက်နဲလျှို့ဝှက် လောကပဲ။ ကျုပ် တည်နေရာလမ်းကြောင်းကို ပတ်ပြီး လျှောက်သွားတဲ့အချိန်တုန်းက အမှတ်မထင် နက်နဲလျှို့ဝှက်လောကကြီးထဲ ဝင်ရောက်ခဲ့ဖူးတယ်။ ဒီတော့ သူတို့ရဲ့ သမိုင်းကိုလည်း ကောင်းကောင်း လေ့လာ သင်ယူခဲ့ဖူးတယ်”
“လောကနှစ်ခုက တူညီတဲ့ အရင်းအမြစ်တွေကနေပြီးတော့ မျှဝေရယူခဲ့တယ်။ သူတို့ရဲ့ အလုံးစုံသော အားအင် အဆင့်က တူညီတယ်လို့ ပြောရမယ်။ ရောရုဝပြည် ရုတ်တရက် နက်နဲအလင်းလောကထဲမှာ ပေါ်လာတဲ့အချိန်မှာ နက်နဲအလင်းလောကရဲ့ လူပေါင်းများစွာတို့က နက်နဲလျှို့ဝှက်လောကကို သွားပြီး အကူအညီတောင်းကြတယ်”
“ဒါပေမဲ့ ကံဆိုးစွာနဲ့ အကူအညီ သွားတောင်းတဲ့ လူတွေအကုန်လုံးက တည်နေရာလမ်းကြောင်းထဲမှာ ပျောက်ကွယ် သွားခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ရောရုဝပြည်က လူတွေက သတ်ဖြတ်ပစ်လိုက်ကြလို့ပဲ။ ရလဒ်အားဖြင့် နက်နဲလျှို့ဝှက်လောကက နက်နဲအလင်းလောကနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပေါ့”
“ဪ”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် မျက်ခုံးကို ပင့်လိုက်မိ၏။ သူသည် စိတ်သက်သာရာ ရသလို ခံစားနေမိ၏။ လောကနှစ်ခုသည် တကယ့်ကို နက်ရှိုင်းသည့် အခြေအနေတွင် တည်ရှိနေခဲ့၏။ နက်နဲလျှို့ဝှက် လောကသည် ရောရုဝပြည်၏ လူများအပေါ်တွင် ကောင်းမွန်သည့် စိတ်ထားများ ရှိပုံမပေါ်ချေ။
“အမှန်ပဲ”
တိုင်ချူးသည် လေးနက်တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးနောက် ပြောဆိုလိုက်သည်။ “ရောရုဝပြည်က အသင်္ချေများပြားတဲ့ လောကတွေထဲမှာ ရန်သူတွေရှိတယ်။ နက်နဲလျှို့ဝှက်လောကက ကျိန်းသေပေါက် သူတို့ကို မကြိုက်ကြဘူး”
“အရမ်းကောင်းတယ်”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် သူ၏စိတ်ထဲတွင် ရှိနေသည့် စိုးရိမ်မှုအားလုံး ပျောက်ကွယ်သွားခဲ့၏။ ရောရုဝပြည်၏ အရှင်သည် အသက်ရှင်လျက် ရှိနေသေးသည် ဆိုလျှင်တောင်မှ သူတို့သည် တူညီသည့် ရန်သူအဖြစ် သတ်မှတ်၍ ရနေ၏။ အတိုင်းအတာတိုအတွင်း နက်နဲလျှို့ဝှက်လောကမှ လူများသည် အလျင်စလိုနှင့် တိုက်ပွဲဖြစ်အောင် ဖန်တီးမည်ဆိုပါက ရောရုဝပြည်သည် ကြားထဲမှအခွင့်အရေး ရသွားပေလိမ့်မည်။ ထို့ကြောင့် နက်နဲလျှို့ဝှက်လောကသည် မိမိတို့၏ လောဘနှင့် တိုက်ချင်ခိုက်ချင် စိတ်များကို ထိန်းသိမ်းထားရပေလိမ့်မည်။
“အင်း...” တိုင်ချူးသည် ဤအခြေအနေကို စဉ်းစားမိပြီးသည့်နောက် မျက်နှာပေါ်တွင် ဇဝေဇဝါ အမူအရာများ ဖြစ်တည်လာခဲ့၏။
“စီနီယာ... ဘာလို့လဲ” ထာဝရ အစစ်အမှန် အင်မော်တယ်က စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။
“ဘာမှတော့ မဟုတ်ပါဘူး”
တိုင်ချူးက တီးတိုးရေရွတ်လိုက်မိ၏။ “နက်နဲမီးတောက်လောကကြီးက အစိတ်အပိုင်း သုံးခုအဖြစ် ကွဲသွားခဲ့တယ်။ အခု နက်နဲအလင်းလောကနဲ့ နက်နဲလျှို့ဝှက်လောကတို့ ပေါ်လာပြီဆိုတော့ လက်ကျန် သိုင်းလောကက ဘယ်ရောက်နေတာလဲ”
“စီနီယာ မနောက်ပါနဲ့။ နက်နဲအလင်းလောကနဲ့ နက်နဲလျှို့ဝှက်လောကတို့ ပေါ်ပေါက်လာတာနဲ့တင် ကြောက်မက်ဖွယ်ရာ ကောင်းနေပြီ။ နောက်ထပ် အဆင့်တူလောကတစ်ခု ထပ်ပြီး ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ကျိန်းသေပေါက်”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် တကိုယ်လုံး တုန်ယင်သွားမိ၏။ သို့ပေမဲ့ သူ ဆုံးအောင် မပြောလိုက်ရချေ။ ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်းတွင် စွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့သောကြောင့်ပင်။
အဝေးတစ်နေရာကို ကြည့်ရှုရမည်ဆိုလျှင် နောက်ထပ်ကြီးမားသည့် လောကကြီးတစ်ခုသည် သူတို့၏ အရှေ့တွင် ဖြည်းညှင်းစွာ ပေါ်ပေါက်လာခဲ့၏။ ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ထာဝရ အစစ်အမှန် အင်မော်တယ်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် အေးခဲသွား၏။ သူသည် အကူအညီမဲ့စွာဖြင့် တိုင်ချူးကို လှမ်းကာ ကြည့်ရှုလိုက်မိ၏။
တိုင်ချူး ပြောဆိုခဲ့သည့်အရာသည် ရှင်းရှင်းလင်းလင်း ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။ ဆိုးလှချေသည်။ စီနီယာသည် တကယ့် ကိစ္စကြီးတစ်ခုကို ပြုလုပ်ခဲ့ပြီးပြီ ဖြစ်၏။ ဘာမှန်းမသိသည့် စိတ်နေစိတ်ထားနှင့် ကြောက်မက်ဖွယ်ရာ အားအင်အဆင့်ကို ပိုင်ဆိုင်သည့် လောကကြီးနှစ်ခုက ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။ မြေအင်မော်တယ်လောကသည် ကျိန်းသေပေါက် ကြီးမားသည့် အန္တရာယ်ထဲသို့ ကျရောက်ပေလိမ့်မည်။
ဟုတ်ပေသည်။ ကောင်းကင်မူလလောကကြီးသည် အဆင်ပြေကောင်း ပြေနိုင်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိသောကြောင့်ပင်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် မတည်ရှိသော တခြားသော လောကများက မည်သို့ ဖြစ်မည်နည်း။
“စိတ်ပူမနေနဲ့။ ဘာပဲဖြစ်ဖြစ် စီနီယာနန်းဆောင်သခင်က ငြိမ်ငြိမ်သက်သက် ထိုင်နေမှာမဟုတ်ပါဘူး”
တိုင်ချူးက အာမခံလိုက်၏။ သူသည် ထာဝရ အစစ်အမှန် အင်မော်တယ်ကို ကြည့်ရှုပြီး အဓိပ္ပာယ်ပါပါနှင့် ပြောဆိုလိုက်၏။ ပြီးသည့်နောက် ရောရုဝပြည်၏ အကြွင်းအကျန် တည်နေရာများဆီသို့ လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်၏။ “ဒီနေရာမှာ ဆက်ပြီးနေရတာ အဓိပ္ပာယ်ကင်းမဲ့လာပြီ။ ကျုပ်တို့ ပြန်သင့်ပြီ”
“ကောင်းပြီ”
ထာဝရ အစစ်အမှန် အင်မော်တယ်က ခေါင်းညိတ်လိုက်၏။ နက်နဲအလင်းလောကကြီးတွင် ဆက်လက်နေထိုင်ခြင်းသည် သူ့ကို စိုးရိမ်ပူပန်မိစေသည်။ အကယ်၍ လောကနှစ်ခုကြား တိုက်ပွဲဖြစ်ပွားပြီး သူတို့ ဤနေရာတွင် ရှိနေပါက ကျိန်းသေပေါက် ပဲလှော်ကြား ဆားညှပ်မှာ သေချာသည်။
သူတို့နှစ်ယောက် ထွက်ခွာသွားပြီး မကြာခင်မှာပဲ မုန့်ရှင်းကျီသည် လိုက်လံသိမ်းဆည်းနေမှုကို ရပ်တန့်လိုက်၏။ သူသည် စိတ်ကျေနပ်မှုကို ခံစားလျက် ရှိနေ၏။ ရောရုဝပြည်တွင် ရှိနေသည့် အရင်းအမြစ် အားလုံးနီးပါးတို့ကို သူက သိမ်းဆည်းခဲ့ပြီးပြီဖြစ်၏။ ထင်မှတ်ထားသည့်အတိုင်းပင်။ ဤခရီးစဉ်သို့ လာရာ၌ များပြားသည့် အကျိုးအမြတ်များကို ရရှိခဲ့၏။ ကောင်းကင်မူလလောကကြီးဆီသို့ ပြန်လည်ရောက်ရှိသည် ဆိုသည်နှင့် သူသည် ကျိန်းသေပေါက် ကြီးပွားတိုးတက်တော့မှာ ဖြစ်၏။
“အခု လောကအသစ်နှစ်ခုက ပေါ်ပေါက်လာပြီဆိုတော့ သူတို့ရဲ့ စိတ်နေစိတ်ထား ဘယ်လိုရှိမလဲ သိချင်လိုက်တာ” မုန့်ရှင်းကျီသည် နက်နဲလျှို့ဝှက်လောက တည်ရှိရာနေရာဆီသို့ လှမ်းကာကြည့်ရှုရင်း တီးတိုး ရေရွတ်လိုက်၏။ သူ၏ မျက်လုံးအတွင်းပိုင်းတွင်တော့ ရည်မှန်းချက်များနှင့် ပြည့်နှက်လျက်ရှိသည်။
သူ၏အတွေးသည် ထာဝရ အစစ်အမှန် အင်မော်တယ်နှင့် ခြားနားလို့ နေသည်။ သူ၏အမြင်အရဆိုလျှင် ကြီးမားသည့် ပဋိပက္ခများ ဖြစ်ပွားခြင်းက ကောင်း၏။ ထိုသို့ဆိုလျှင် ထိုပဋိပက္ခများကြားထဲမှ အခွင့်အရေးများကို ရယူနိုင်စွမ်း ရှိနေသောကြောင့်ပင်။
“ငါ ကောင်းကင်မူလလောကကြီးကို အရင်ပြန်ရမယ်။ စီနီယာနန်းဆောင်သခင်ကတော့ ဒီလောကကြီး နှစ်ခုအကြောင်းကို သေသေချာချာ ကောင်းကောင်းသိမှာပဲ။ ပြီးတော့ ငါရခဲ့တဲ့ အရင်းအမြစ်တွေ အရဆိုရင် အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာ ခဏအတွင်းပဲ ဖြစ်လိမ့်မယ်” မုန့်ရှင်းကျီက တွေးတောလိုက်မိ၏။
သူသည် နက်နဲလျှို့ဝှက်လောက တည်ရှိရာနေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူ၏ အကြည့်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ လက်တစ်ဖက်ကို ယမ်းခါပြီးသည့်နောက် အစီအရင်ကို သိမ်းဆည်းလိုက်၏။ အရှေ့သို့ ခြေတစ်လှမ်း လှမ်းတက်ပြီး အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ယံဆီသို့ ပျံတက်သွားလိုက်သည်။
ဤအတောအတွင်း အစစ်အမှန် သိုင်းလောက လျှိုအင်ပါရီယာကလန်အတွင်း ....
လက်ရှိအချိန်တွင် ခန်းဆောင်တစ်ခု၏ အတွင်းထဲမှာတော့ ကျောက်စိမ်းသရဖူကို ဆင်မြန်းထားသည့် လူငယ်တစ်ယောက်သည် ပြတင်းပေါက်မှတဆင့် အဝေးတစ်နေရာဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။ သူ၏ မျက်လုံးများသည် နက်နဲလှပြီး အတွေးလွန်ကာ အာရုံပျောက်နေပုံလည်းပေါ်၏။
“သခင်လေး... အခု သတင်းအချက်အလက်တွေကို စုံစမ်းခဲ့ပြီးပါပြီ” လေးလေးစားစားနှင့် ရိုကျိုးလှသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
လူငယ်သည် ခန္ဓာကိုယ်ကို အသာလှည့်ပြီးနောက် စကားလုံးတစ်ခုကိုသာလျှင် ရေရွတ်လိုက်၏။ “ပြော”
ခန်းဆောင်၏ အပြင်ဘက်မှာတော့ ကျေးကျွန်သည် ရရှိလာသည့် သတင်းအချက်အလက်များကို မြန်မြန်ဆန်ဆန် သတင်းပေးပို့လိုက်သည်။ “အစစ်အမှန် သိုင်းလောကက တခြားလောကတစ်ခုနဲ့ ပေါင်းစပ်နေခဲ့တယ်။ သခင်လေး ထင်မှတ်ထားတဲ့ အတိုင်းပါပဲ။ ရှုပ်ထွေးတဲ့ တည်နေရာလမ်းကြောင်းကနေ ဆွဲယူခြင်း ခံနေရတယ်။ တစ်စုံတစ်ယောက် က သာမန်ထက်ပိုတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့တာပဲ ဖြစ်မယ်။ ဒီလိုကိစ္စရပ်ကြီးကို ပြုလုပ်ခဲ့တဲ့လူက ကောင်းကင်မူလလောကကြီးရဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်တဲ့။ ဒီလူက ဆန်းကြယ်တဲ့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပဲ။ သူ့ရဲ့ အားအင်အဆင့်ကို သုံးသပ်လို့ မရနိုင်ဘူး။ လောကအသီးသီးကို လက်ရှိအချိန်မှာ ပေါင်းစပ်နေတယ်။ သူ့ရဲ့ အဓိက ရည်မှန်းချက်က ထူးခြားလှတဲ့ လောကကြီး တစ်ခုကို ဖန်တီးတည်ဆောက်ဖို့ ဖြစ်ပုံပဲ”