အခန်း (၅၇၅)
Vol. 39 Ch. 575
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ကျန်းမင်၏ နှလုံးသားတစ်ခုလုံးသည် တုန်ခါလျက် ရှိနေ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် သူ၏ တာဝန်ကို မည်ကဲ့သို့သိရှိသနည်း။ သခင်လေး၏ ညွှန်ကြားချက်ကို သူရရှိသည့် အချိန်တွင် သူတို့နှစ်ယောက်တည်းသာလျှင် သိရှိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အဘယ်ကြောင့် သိရှိခဲ့သနည်း။
ကံကြမ္မာ တွက်ချက်ခဲ့သောကြောင့်လား။ သူတို့ ပြောဆိုနေခဲ့သော စကားလုံး အသေးစိတ် အချက်အလက်များ ကိုပင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က သိရှိနေသည့်ပုံပေါ်၏။ စိုးရိမ်ပူပန်မှု၊ မယုံကြည်နိုင်မှုများ နှင့် စိတ်တစ်ခုလုံး ရောထွေးလျက် ရှိနေတုန်းမှာပဲ ကျန်းမင်သည် စိတ်ကို တည်ငြိမ်အောင် ပြန်လည် ကြိုးစားလိုက်၏။ “နန်းဆောင်သခင်က သတင်းအချက်အလက်တွေ အားလုံးကို ဘယ်လိုသိခဲ့တာလဲ”
လီယွင်သည် ပြန်လည်ကာ မေးခွန်းထုတ်လိုက်၏။ “ခင်ဗျား နှလုံးသားထဲမှာ အဖြေရှိပြီးသား မဟုတ်ဘူးလား”
“...........”
တိတ်ဆိတ်ငြိမ်သက်မှုသည် ကျန်းမင်ကို လွှမ်းခြုံသွားခဲ့၏။ သူ့အနေနှင့် ပြန်လည်ပြောဆိုရန်အတွက် တွန့်ဆုတ်နေမိ၏။ အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် ဤအတိုင်း ခပ်မဆိတ် နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။ သူ၏ ရည်ရွယ်ချက်ကို သိရှိနေပြီ ဖြစ်သောကြောင့် ဆက်လက်ကာ ဖုံးကွယ်နေလည်း မထူးတော့ချေ။ သူ၏ သခင်ဆီသို့ သူ၏အသက်ကို ပေးအပ်ပြီးသား ဖြစ်သည်။
ထို့ကြောင့် ကျိန်းသေပေါက် သခင်လေး၏ အမိန့်အတိုင်းသာ ဆက်လက်ကာ ပြုလုပ်ရပေတော့မည်။ ထိုအရာကို တွေးကြည့်ပြီးသည့်နောက် ကျန်းမင်သည် စိတ်နှလုံးသား တစ်ခုလုံး ငြိမ်းချမ်းသွား၏။
အနည်းဆုံး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူခန့်မှန်းထားသလို ကြမ်းကြမ်းတမ်းတမ်း လူတစ်ယောက် မဟုတ်ချေ။ တစ်ချက် ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ခန့်မှန်း၍ မရအောင် အားကောင်းလှသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိသာလှသော်လည်း ကြင်နာပြီး စိတ်နှလုံးသား နူးညံ့သည့် အသွင်အပြင် အမူအရာမျိုး တည်ရှိနေသည်။
တခြားသော တစ်စုံတစ်ယောက်၏ အသက်ကို အမှတ်တမဲ့နှင့် နှုတ်ယူမည့် လူမျိုး ဟုတ်ပုံမပေါ်ချေ။ ထို့အပြင် သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို အခုအချိန်အထိ ရန်မပြုမိသေးချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို စိတ်ဝင်တစားဖြင့် လာရောက်ကာ စုံစမ်းမိခြင်းသာ ဖြစ်၏။ ထို့အပြင် များပြားလွန်းသည့် လောကအသီးသီးတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ပတ်သက်၍ မသိချင်သည့်လူဟူ၍ ဘယ်နှစ်ယောက် ရှိသနည်း။
“..........”
ကျန်းမင်သည် သေသေချာချာ တွေးတောပြီးသည့်နောက် ပြောဆိုရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူစုံစမ်းရန် ပြင်ဆင်လျက် ရှိနေတုန်းမှာပဲ လီယွင်က သူ့ကို တားဆီးလိုက်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ခင်ဗျားတို့နဲ့ သီးခြားဆီ ရပ်တည်မှာလား ဆိုတာကို မေးချင်တာလား။ ဒါမှမဟုတ် ကျုပ်ရဲ့ အားအင်အဆင့်ကို ခင်ဗျားက သိချင်တာလား” လီယွင်၏ နှုတ်ခမ်းထောင့်များသည် ကွေးတက် သွားခဲ့၏။ လက်ရှိအခြေအနေတွင် စနစ်ကို အားကိုးခြင်းမရှိဘူး ဆိုလျှင်တောင်မှ လီယွင်အနေနှင့် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး နားလည်လို့ နေသည်။
အားလုံးသော သူတို့သည် သူ၏ အားအင်အဆင့်နှင့်ပတ်သက်၍ အလွန်တရာ စိတ်ပါဝင်စားမှု တည်ရှိနေကြ၏။ သူ၏ စွမ်းအင်များကို ထုတ်ဖော်ပြသခဲ့သည့် အချိန်တိုင်း လူပေါင်းများစွာတို့သည် ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်ကြ၏။ လက်ရှိ လာရောက်လည်ပတ်သူ ကျန်းမင်သည်လည်း ခြွင်းချက် မရှိနိုင်ချေ။
ကျန်းမင်သည် ခေါင်းညိတ်ကာဖြင့် တုံ့ပြန်လိုက်၏။ ထိုအရာကို ဝန်ခံလိုက်သည့် အချိန်မှာပဲ ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲတွင် ရှိနေသည့် အပူချိန်က ရုတ်တရက် လျော့ပါးလာခဲ့၏။ ကြမ်းပြင်ပေါ်တွင် အေးစက်သည့် ရေခဲများ ဖြစ်တည်လာခဲ့ပြီး တည်နေရာကြီး တစ်ခုလုံးသည် ရေခဲချောက်ထဲသို့ ကျဆင်း သွားခဲ့သလိုပင်။
ဤနေရာတွင် ရှိနေသောလူသည် ကျိန်းသေပေါက် ချမ်းစိမ့်မှုကို ခံစားရသောကြောင့် ပခုံးများပင် တုန်လာမိ၏။ ကျန်းမင်ကဲ့သို့ ကျင့်ကြံခြင်းအဆင့်တစ်ခုလုံးကို နုတ်ယူခြင်း ခံထားရသောလူသည် ပိုမိုကာ ဆိုးရွားလှ၏။ သူသည် တဆတ်ဆတ်နှင့်ပင် တုန်ယင်လို့နေခဲ့၏။ အချိန်အတော်ကြာပြီးနောက် ကျန်းမင်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ ရုတ်တရက် ဒူးထောက်ထိုင်ချကာဖြင့် တောင်းပန်လိုက်မိ၏။
“ကျုပ်က သေဖို့ ထိုက်တန်ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ နန်းဆောင်သခင်”
လက်ရှိအချိန်မှာတော့ သူ၏ စုံစမ်းမှုသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ တားမြစ်ချက်ကို သွားရောက်ကာ ထိတွေ့ခဲ့သည် ဖြစ်ကြောင်း နားလည်လိုက်မိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်ကို သွားရောက်ကာ မေးမြန်းခြင်းဆိုသည်မှာ ကျိန်းသေပေါက် စိန်ခေါ်ခြင်းနှင့်ပင် ဆင်တူ၏။ နောက်ကွယ်မှ လှည့်စား တိုက်ခိုက်ရန် ကြံစည်နေသည်ဟု အဓိပ္ပာယ် သက်ရောက်နေသည် မဟုတ်ပါလား။
လီယွင်အနေနှင့် နောက်ကွယ်မှာ ချောင်းမြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်ခြင်း မရှိသည် ဆိုသော်လည်း တစ်စုံတစ်ယောက်၏ အတွေးမျိုးသည် သူ့အပေါ်၌ ဤကဲ့သို့ ပြုလုပ်နိုင်သည်ဟု သိရှိခံစားမိသည့် အချိန်မှာတော့ ဒေါသများ ထွက်လို့လာခဲ့သည်။
“ခင်ဗျား သိသင့်တဲ့ တချို့အကြောင်းအရာတွေ ရှိသေးတယ်”
လီယွင်က ပြောဆိုလိုက်၏။ သူသည် အသာ ထိုင်နေရင်းမှ ကျန်းမင်ကို ငုံ့ကြည့်လိုက်၏။ “တချို့အရာတွေက နည်းနည်းလေးမှ မေးမြန်းလို့ ရတာမျိုး မဟုတ်ဘူး။ နားလည်လား”
“နား... နားလည်ပါပြီ” ကျန်းမင်က အလောတကြီးနှင့် ခေါင်းညိတ်လိုက်၏။ သူ့အနေနှင့် သေဆုံးသွားတော့မည် ဟူသော ခံစားချက်များကို ရရှိခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူ့ကို ချက်ချင်းပဲ ဖိနှိပ်ကာ သတ်ဖြတ်ပစ်မလားဆိုသည်ကို သူကိုယ်တိုင်ပင် မသိချေ။ အကယ်၍ သေဆုံးသွားသည် ဆိုပါက သူ၏ နောက်ကွယ်တွင် ရှိနေသည့် ဂိုဏ်းဂဏများ အားလုံးသည် သူ့အတွက် လာရောက်ကာ လက်စားချေမည် မဟုတ်ချေ။
“ဒါပေမဲ့ ....” လီယွင်၏ လေသံက ပြောင်းလဲသွားခဲ့သည်။
ထိုလေသံ၏ ပြောင်းလဲမှုကို ကျန်းမင်က ကောင်းကောင်းကြီး ခံစားမိ၏။ သူသည် စိတ်သက်သာရာ ရသွားသလို နှလုံးသားထဲ၌လည်း မျှော်လင့်ချက်များ ဖြစ်တည်လာခဲ့၏။
“တချို့အရာတွေကတော့ ခင်ဗျားကို ပြောဖို့ ထိုက်တန်ပါတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က လောက အသီးသီးရဲ့ ကိစ္စရပ်တွေကို ဝင်ပြီး ရှုပ်ထွေးတာမျိုး မလုပ်ဘူး။ ခင်ဗျားရဲ့နောက်ကွယ်မှာ ရှိနေတဲ့ သခင်လေးရဲ့ ကိစ္စရပ်တွေ အပါအဝင်ပေါ့” လီယွင်က အမှတ်မထင် မှတ်ချက်ပြုလိုက်သည်။
“သူရဲ့ အားအင်အဆင့်က ကျုပ်မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး။ ပြန်လည်မွေးဖွားလာတဲ့ တစ်စုံတစ်ယောက် အနေနဲ့ သူက သူ့ရဲ့ ထိပ်ဆုံးအဆင့်အားအင်တွေကို ပြန်လည်ရရှိမယ်ဆိုရင်တောင်မှ ဘာမှ ကွာခြားမှာ မဟုတ်ဘူး”
ဤစကားစုကို ကြားရသည့် အချိန်မှာတော့ ကျန်းမင်သည် တည်တည်ငြိမ်ငြိမ်နှင့် မနေနိုင်ခဲ့ချေ။
“ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်က ဒီကိစ္စကို သိပြီးသားလား” သူက မေးမြန်းလိုက်၏။ အန္တိမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော သူသည် အင်ပါရီယာကလန်တစ်ခုဆီမှ သခင်လေးတစ်ယောက်၏ အမိန့်ကို ကျိန်းသေပေါက် နာခံလိမ့်မည် မဟုတ်ချေ။ ဂုဏ်သိက္ခာ ကြီးမားလှသည့် အန္တိမကျင့်ကြံသူ အင်မော်တယ် တစ်ယောက်သည် ကျိန်းသေပေါက် ကြီးမားသည့် ဂုဏ်သိက္ခာကို ခြွင်းချက်မဲ့ ပိုင်ဆိုင်ပေသည်။
ဤနေရာတွင် ကြီးမားသည့် ခြွင်းချက်တစ်ခုရှိ၏။ အနာဂတ် အလားအလာနှင့်ပတ်သက်၍ စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ကို တွေ့ရသည့် အချိန်မျိုးပင်။ လျှိုကလန်၏ သခင်လေး - ထိုသူသည် သာမန်ထက်ပိုသည့် လူတစ်ယောက်ပင် ဖြစ်လို့နေခဲ့၏။ ကျိန်းသေပေါက် ကြီးမားသည့် အလားအလာကို ပိုင်ဆိုင်သည့် လူငယ်တစ်ယောက်ဟု ညွှန်းဆိုရပေမည်။
ယခင်ဘဝတုန်းက အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်ခဲ့ပြီး ကြီးမားသည့် ကလန်တစ်ခုဆီမှ အကြီးအကဲတစ်ယောက်ပင်။ အဆင့်ချိုးဖြတ်နိုင်ရန် ရည်မှန်းချက်ဖြင့် ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ဝင်ရောက်ပြီး အစစ်အမှန်သိုင်းလောက၏ အင်ပါရီယာကလန်လေးတစ်ခုတွင် မွေးဖွားလာသူဖြစ်သည်။ ထိုအရာမှာ လျှို့ဝှက်ချက်ဖြစ်သည်။
မထင်မှတ်ထားလောက်အောင်ဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ဆန်းကြယ်သည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အရာအားလုံးကို သိရှိလို့နေ၏။ သူတို့ သခင်လေး၏ ကြီးမားသည့် လျှို့ဝှက်ချက်ကိုပါ သိရှိနေ၏။ ဤအခြေအနေသည် ကြောင်တောင်တောင် နိုင်လွန်းလှ၏။
“ဘာကြောင့်လဲ။ ခင်ဗျားတို့ သခင်လေးရဲ့ လှုပ်ရှားမှုတွေမှာ ပြစ်ချက်တွေ ရှိနေတယ်လို့ ထင်လို့လား”
လီယွင်က အသာပြောလိုက်၏။ “ကျုပ်အထင်အရဆိုရင် သူက ရောရုဝပြည်ရဲ့ အမွေအနှစ်တွေကို အာရုံစိုက်နေတာပဲ။ ဒါမှ ရှေ့ကို တစ်လှမ်း လှမ်းနိုင်မယ်လို့ မျှော်လင့်နေတဲ့ပုံပေါ်တယ်”
ကျန်းမင်က ဆွံ့အသွားမိ၏။ အချိန်အတော်ကြာ ပြီးသည့်နောက် သူက တီးတိုးရေရွတ်လိုက်သည်။ “စီနီယာ... စီနီယာနန်းဆောင်သခင် ခင်ဗျားပြောတာ မှန်ပါတယ်”
ထိုကဲ့သို့ ပြောဆိုလိုက်သည် ဆိုသော်လည်း ကျိန်းသေပေါက် သူသည် ခေါင်းထဲတွင် လေးလေးနက်နက်နှင့် တွေးတောလျက် ရှိနေ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အမှန်တရားကို သိရှိခဲ့ပြီးပြီဖြစ်၏။ သူ၏ သခင်လေးသည် ယခင်ဘဝ၏ နောက်ဆုံးခြေလှမ်းတွင် တစ်လို့နေခဲ့၏။ အဆင့်မချိုးဖြတ်နိုင်ခဲ့ချေ။ ထို့ကြောင့်ပင်လျှင် ပြန်လည် မွေးဖွားပြီးသည့်နောက် ဘဝသစ် စတင်ရန် ရွေးချယ်ခဲ့ခြင်းပင်။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ သခင်လေးသည် ပြန်လည် မွေးဖွားလာသည့်အချိန်တွင် ရောရုဝပြည်၏ အမွေအနှစ်များ အကြောင်းကို သတင်း ရရှိခဲ့သည်။
ယခင်က အင်မော်တယ်ဘုရင်တစ်ယောက်သည် ရောရုဝပြည်၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အမွေအနှစ်များကို ရယူချင်စိတ် ဖြစ်လာခဲ့၏။ ထိုအရာများကို ရရှိသည်ဆိုပါက သံသယရှိစရာ မလိုအောင်ဘဲ နောက်ဆုံးခြေလှမ်းကို လှမ်းတက်ပြီး အင်မော်တယ် အင်ပါယာအဆင့်ဆီသို့ ရောက်ရှိနိုင်လိမ့်မည်ဟု ယုံကြည်မိ၏။
နက်နဲအလင်းလောကထဲတွင် တည်ရှိနေသည့် ရောရုဝပြည်၏ အရှင်သည် သူ၏ ပထမဦးဆုံး ပစ်မှတ်ဖြစ်ခဲ့၏။ သို့ပေမဲ့ သူပင် မလှုပ်ရှားရသေးချေ။ နက်နဲအလင်းလောကကြီး၏ ရောရုဝပြည်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ရောရုဝပြည်၏ သတင်းကို လေ့လာစုံစမ်းခဲ့သည့် အချိန်မှာတော့ ရောရုဝပြည် တစ်ခုလုံးသည် သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရသည်ဟူသော စကားကိုသာ ကြားခဲ့ရသည်။
“စီနီယာ.. ငရဲလောက နဲ့ လောကအသီးသီးတို့ကြား တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ဖူးတာလား” ကျန်းမင်သည် သတိ အပြည့်နှင့် မေးမြန်းလိုက်၏။
ဤသတင်းအချက်အလက်သည် အရေးကြီးလို့ နေခဲ့၏။ ငရဲလောက ကျရှုံးခဲ့သည် လောအသီးသီးတိုက်ပွဲတွင် တိုက်ခိုက်ခဲ့သော တစ်စုံတစ်ယောက်သည် ယနေ့အထိ အသက်ရှင်လျက် ရှိနေသေးသည်ဆိုလျှင် .......
ကျိန်းသေပေါက် ထိုစဉ်အခါက သေးငယ်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့လျှင်တောင်မှ လက်ရှိအခြေအနေတွင် ခန့်မှန်း၍ မရအောင် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထိုကဲ့သို့သောလူမျိုး ဖြစ်သောကြောင့် ကြီးမားသည့် စွမ်းအင် အဆင့်ကို ပိုင်ဆိုင်နေသည်လား။