← Chapters

အခန်း (၅၇၆)

Vol. 39 Ch. 576

အခန်း (၅၇၆)

Vol. 39 Ch. 576

“သြော်”

လီယွင်သည် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ပြီးသည့်နောက်အမှတ်မထင်ပဲ ပြန်လည် ပြောဆိုလိုက်သည်။ “ဒီမေးခွန်းက အရေးကြီးလား”

ကျန်းမင် ၏ တုံ့ပြန်မှုကို မစောင့်ဘဲ သူက ဆက်ပြောလိုက်၏။

“ခင်ဗျားသိချင်တယ်ဆိုမှတော့ ကျုပ် ခင်ဗျားကို ပြောကောင်း ပြောပြနိုင်တယ်။”

ကျန်းမင်သည် နားစိုက်၍ ထောင်လိုက်၏။ သူသည် လီယွင်၏ စကားလုံး တစ်ခုချင်းစီတိုင်းကို သေသေ ချာချာ နားထောင်နေသည်။

လီယွင်သည် တစ်ဖက်လူပြန်ဖြေသည်ကိုမစောင့်ဘဲ တိုက်ရိုက်ဆိုသလိုပြောဆိုလိုက်၏။ “အန္တိမကျင့်အဆင့် ပစ္စည်းနှစ်ခု”

ကျန်းမင်သည် မယုံကြည်နိုင်သည့် အရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ပင် သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ချက်ချင်းဆိုသလို အေးခဲသွားခဲ့သည်။ “အန္တိမအဆင့်ပစ္စည်း နှစ်ခု ဟုတ်လား။ “

“တခြားဘာရှိသေးလို့လဲ။”

လီယွင်က ခွန်းတုန့်ပြန်လိုက်၏။ သူ၏ နုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။

“ခင်ဗျား ဘယ်နေရာကိုရောက်နေတာလဲ ဆိုတာကို မေ့နေတာလား။ မေးခွန်းတိုင်းအတွက် တန်ကြေး ဆိုတာရှိတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ပိုက်ဆံမပေးဘဲ ဘာသတင်းအချက်လက်ကိုမှ မရဘူး။ အင်မော်တယ် အင်ပါယာ တစ်ယောက် ဆိုရင်တောင်ပေါ့...”

ကျန်းမင်သည် အလုံးစုံဆွံ့အသွားခဲ့လေ၏။ သူသည် လီယွင် ပြောဆိုခဲ့သည့်စကားလုံးများကို သေသေချာချာ ဂရုပြုမိပြီးဖြစ်လေသည်။ “အင်မော်တယ် အင်ပါယာဆိုရင်တောင်မှ ဟုတ်လား။ “

ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် အင်မော်တယ်အင်ပါယာကိုပင် ခေါင်းထဲမရှိသလို ပြောဆိုလျက် ရှိနေ၏။ ပြောရမည်ဆိုလျှင် ဤအရာမှာ မှန်ကန်သလားဆိုသည်ကို သူသေသေချာချာ မသိရှိချေ။ သူသည် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လျှင်တောင်မှ လက်ရှိ လီယွင်၏ အားအင်အဆင့်ကို မည်သို့မှ ကြည့်ရှု၍ မရနိုင်ချေ။

“ခင်ဗျား သိချင်တာလား”

လီယွင်၏ အကြည့်သည် ကျန်းမင်ဆီသို့ စူးစူးစိုက်စိုက် ရောက်လာခဲ့၏။ ကျန်းမင်၏ မျက်နှာသွင်ပြင်တစ်ခုလုံး သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ပြောင်းလဲသွား၏။ သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ သတင်း အချက်အလက်များကို စုံစမ်းရန်လာခဲ့ရ၏။

သို့ပေမဲ့ လာခဲ့ရသည့် ရည်ရွယ်ချက်ကို ပြည့်စုံအောင် မပြုလုပ်နိုင်သည့်အပြင် သူ၏ သခင်လေး အတွက် ကြောက်မက်ဖွယ်ရာ ရန်သူတစ်ယောက် ပေါ်လာကြောင်းသာ သိရှိလိုက်ရသည်။

သခင်လေးသည် ပြန်လည်မွေးဖွားလာသည့် အင်မော်တယ်ဘုရင် တစ်ယောက်ပင်ဖြစ်သည်။ သို့ပေမဲ့ နန်းဆောင်သခင်သည် အင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်နေနိုင်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလွန်းသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ကို တွေ့ရဖို့ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို သူတို့ အားကိုး၍ရသည်လား မသေချာပေ။ ထိုကဲ့သို့သောသူမျိုးသည် ကျိန်းသေပေါက် သူတို့ကို ကူညီပေးလိမ့်မည်ဟု တွက်ချက်၍ မဖြစ်နိုင်ချေ။ ထိုအရာကို တွေးပြီးနောက် ကျန်းမင်သည် အံကိုကြိတ်ကာဖြင့် အန္တိမအဆင့် ပစ္စည်းနှစ်ခု ပါဝင်သည့် သိုလှောင်လက်စွပ်ကိုထုတ်ယူကာ လီယွင်၏ ရှေ့သို့ ပေးလိုက်သည်။

“ကျေးဇူးပြုပြီး ဉာဏ်အလင်းပြပါလို့ စီနီယာကို တောင်းဆိုပါတယ်။ “

“အင်း”

လီယွင်သည် ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်၏။ “ကျုပ် ဒီကိစ္စတွေမှာ လုံးဝ မပါဝင်ဘူး။”

“ဟမ် …. ပြီးသွားပြီလား။”

ကျန်းမင်သည် အနည်းငယ်တုံ့ပြန်ရန်ပင် တုံ့နှေးလို့နေ၏။ အန္တိမအဆင့် ပစ္စည်းနှစ်ခုနှင့် သတင်းအချက်လက် များကိုလဲလှယ်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ သတင်းအချက်အလက်ကို သိရှိခြင်း၊ မသိရှိခြင်းဘာတစ်ခုမှ မကွာခြားသလိုပင်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အရှုပ်အထွေးများထဲတွင် မပါဝင်ဟူသော စကားကိုသာ ပြောဆိုခဲ့သည်။ တခြားထူးခြားသော သတင်းအချက်အလက် တစ်ခုမှ မရှိချေ။ ကျန်းမင်သည် လက်ခံရန် ခက်ခဲလို့ နေလေ၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ပါဝင် မပတ်သက်ဘူး ဆိုလျှင် ကျိန်းသေပေါက် ကောင်းမွန်သည့် အကျိုးအမြတ်များကို ရရှိနိုင်၏။

နန်းဆောင်သခင်၏ အားအင်အဆင့်အား ကြည့်ရမည်ဆိုလျှင် ကုန်လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ကြောက်မက်ဖွယ်ရာ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။ ဤကဲ့သို့ မြင့်မြင့်မားမား ရပ်တည်နေထိုင်နေသော လူတစ်ယောက်ဖြစ်သောကြောင့် မည်သူ့ဘက်ကို မျက်နှာလိုက်နေမည်နည်း။

အသင်္ချေများပြားသည့် လောကအသီးသီး သို့မဟုတ် ရောရုဝပြည် ….. မည်သည့်ဘက်ကို မျက်နှာလိုက်မည်နည်း။

မည်သည့်ဘက်တွင်ရပ်တည်မလဲ ဆိုသည်မှာ မသေချာလှပေ။ ကျန်းမင်၏ အမူအရာတစ်ခုလုံးသည် ပျက်ယွင်း သွားခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ရန်ပြုရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်သလောက်ဖြစ်ကြောင်း သူကသိရှိ၏။ ထို့ကြောင့် ကျန်းမင်သည် ချဉ်းကပ်ပုံ ကိုပြောင်းလဲရန် ဆုံးဖြတ်လိုက်၏။ သူ၏ အတွေးများကို ပြန်လည်စုစည်းပြီးနောက် စိတ်ဝင်တစားနှင့် မေးမြန်းလိုက်သည်။

“စီနီယာ နက်နဲအလင်းလောကကြီးထဲမှာရှိတဲ့ ရောရုဝပြည်ရဲ့ အခြေအနေကို ဘယ်လိုထင်လဲ။ သူတို့က အသင်္ချေလောကအသီးသီးဆီ ချဲ့ထွင်ဖို့ ရှိနေတာလား။ “

အစပိုင်းတုန်းက နက်နဲအလင်းလောက၏ ရောရုဝပြည်သည် အလွန်အားကောင်းသည် ဆိုသော်လည်း အစစ်အမှန် သိုင်းလောကကိုတော့ ကြောက်ရွံ့ကြ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ရပ်တည်မှုကို သိရှိခြင်းဆိုသည်မှာ သံသယရှိစရာမလိုစွာဘဲ အကျိုးကျေးဇူးကို ရရှိမှာသေချာ၏။ အနည်းဆုံး သူတို့အနေနှင့် ကောင်းကင်လျှို့ဝှက် နန်းဆောင် နှင့် ပြဿနာဖြစ်ခြင်း မှ ရှောင်ရှားနိုင်သည်။

“ဒီကိစ္စက “

လီယွင်သည်ခဏလောက်စဉ်းစားလိုက်၏။ ပြီးသည့်နောက် ပြောလိုက်၏။ “အန္တိမအဆင့် ပစ္စည်းတစ်ခု....”

ထိုစကားကိုကြားရသည့်အချိန်မှာတော့ ကျန်းမင်၏ မျက်နှာတစ်ခုလုံးက ချက်ချင်းပြောင်းလဲသွားခဲ့၏။ အန္တိမ အဆင့် ပစ္စည်းနှစ်ခုကို ပေးအပ်ခဲ့ရသည့် မေးခွန်းဆီမှ ဘာမှ ထူးခြားသည့် သတင်းအချက်အလက်ကို မရရှိခဲ့ချေ။ သို့ပေမဲ့ နန်းဆောင်သခင်သည် ယခု အန္တိမအဆင့်ပစ္စည်းတစ်ခုကို ထပ်မံတောင်းဆိုလို့နေ၏။ ကျန်းမင်သည် ထိုအရာကိုအလွယ်တကူ နှင့်ထုတ်ဖော်ပေးနိုင်သည့် လူတစ်ဦးမဟုတ်ချေ။

“စိတ်ချပါ။”

လီယွင်သည် ကျန်းမင်၏ စိုးရိမ်ပူပန် မှုကိုသတိပြုမိ၏။ ထို့ကြောင့် အာမခံလိုက်သည်။ “ခင်ဗျားက အန္တိမပစ္စည်းတစ်ခုကို ပေးလိုက်မယ်ဆိုရင် ဆုံးရှုံးမှု လုံးဝမရှိစေရဘူး။ “

All Chapters