အခန်း (၅၇၇)
Vol. 39 Ch. 577
“အခြားသူတစ်ယောက်ယောက်က ဒီမေးခွန်းကိုမေးပြီးပြီလား။ “
ကျန်းမင်သည် အမှတ်မထင်ဆိုသလိုပင် သူမေးသည့် မေးခွန်းကို အခြားတစ်ယောက်ယောက်မေးဖူးလား ဆိုပြီး သိချင်စိတ် ပေါက်သွားသည်။ သို့ပေမဲ့ ထပ်မံ ကုန်ကျနိုင်သည်ကို တွေးမိပြီးနောက် ထိုမေးခွန်းကို ပယ်ချလိုက်သည်။ “အဲတာ ဖြေစရာမလိုပါဘူး စီနီယာ”
သေသေချာချာ စဉ်းစားပြီးနောက်တွင် ကျန်းမင်သည် အံကိုကြိတ်ကာဖြင့် နောက်ထပ် အန္တိမအဆင့်ပစ္စည်းတစ်ခု ကိုထုတ်ကာ ပေးလိုက်၏။ “စီနီယာ ကျေးဇူးပြုပြီး ဉာဏ်အလင်း ပြပေးပါအုံး။“
“သေချာတာပေါ့”
လီယွင်သည် ခေါင်းညိတ်ကာ ဆက်လက် ပြောဆိုလိုက်သည်။
“နက်နဲအလင်းလောကရဲ့ ရောရုဝပြည်နယ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေက ကောင်းကင်လျှို့ဝှက်နန်းဆောင် နဲ့ဘာမှမဆိုင်ဘူး။ ပုံမှန်အားဖြင့် ခင်ဗျားအနေနဲ့ ရောရုဝပြည်နဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ကောင်းကင် လျှို့ဝှက်နန်းဆောင်က ကျိန်းသေပေါက် ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။”
ထိုစကားကိုကြားရသည့်အချိန်မှာတော့ မူလအားဖြင့် စိတ်လှုပ်ရှားနေသည့် ကျန်းမင်သည် ရေအေး နှင့် ပက်ခံလိုက်ရသလိုပင် အေးခဲသွား၏။ သူ၏ နှလုံးသားတစ်ခုလုံးသည် တုန်ယင်နေ၏။ သူသည် လီယွင်ပြောမည့် စကားကို ဆက်လက်ကာ စောင့်ဆိုင်းနေမိ၏။
“ဒါပေမဲ့ တစ်စုံတစ်ယောက်က လက်ရှိ အခြေအနေကို ဖျက်ဆီးပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို လာရှုပ်မယ်ဆိုရင်တော့ …. ဖြစ်လာနိုင်တဲ့ရလဒ်က....”
လီယွင်၏ စကားလုံးများသည် ထိုနေရာတွင် ရပ်တန့်သွားခဲ့၏။ ဆက်လက် ပြောဆိုလိုသော အဓိပ္ပာယ်သည် ရှင်းလင်းနေပြီဖြစ်၏။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ကြိုက်သည့်တိုက်ပွဲကို ကြိုက်သလိုတိုက်ခိုက်နိုင်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ပါဝင်ပတ်သက်နေလိမ့်မည် မဟုတ်ချေ။
တစ်စုံတစ်ယောက် အနေနှင့် ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီသို့ သတင်း အချက်အလက် လာရောက် ဝယ်ယူမည် ဆိုပါက မည်သူ့ကိုမှ ငြင်းပယ်နေလိမ့်မည် မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဒုက္ခပေးနိုင်သည့် သတင်းအချက်အလက် မဟုတ်ပါက သူသည် မည်သူ့ကိုပဲဖြစ်ဖြစ် ရောင်းချမှာဖြစ်၏။ ထိုကိစ္စနှင့် ပတ်သက်ပြီး သူ့ကို အပြစ်မတင်ရန်ပင်။
“ဒီလိုဆိုရင်”
ကျန်းမင်သည် ခေါင်းကိုငုံ့လိုက်၏။ သူ၏ မျက်လုံးများထဲတွင် စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက်နေ၏။ သူသည် စိတ်ထဲတွင် အပြိုင်အဆိုင် နှင့် တွက်ချက်နေ၏။ ကြည့်ရသည်မှာ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် သည် ကောင်းမွန်သည့်စိတ်ထား၊ မကောင်းမွန်သည့် စိတ်ထားဟူ၍ ရောရုဝပြည်အပေါ်တွင် တည်ရှိပုံ မပေါ်ချေ။
သူ၏ သခင်လေးသည် ရောရုဝပြည်၏ အမွေအနှစ်များကို ရရှိမည့်အခွင့်ရေးကို လွဲချော်မသွားသင့်ပေ။ တွေးကြည့်ပြီးသည့်နောက် သူသည် သတင်းအချက်အလက်အနည်းငယ်ကို စုဆောင်းပြီးဖြစ်ကြောင်း နားလည် လိုက်၏။ နက်နဲအလင်းလောကကြီး၏ ရောရုဝပြည်သည် လူပေါင်းများစွာတို့ကို ဒေါသထွက်စေခဲ့၏။ ထို့ကြောင့် တစ်ချို့သောသူတို့သည် ၎င်းတို့ကို သုတ်သင်ပစ်ရန်ကြိုးစားနေကြ၏။
သူတို့၏ ရည်ရွယ်ချက်ကလည်း ရောရုဝပြည်ကို သုတ်သင်ရှင်းလင်းရန်ပင်။ ထို့ကြောင့် အားလုံးသောသူတို့သည် တူညီသည့်ပန်းတိုင်ကို လျှောက်လှမ်းနေကြသည့်သူများဟု ပြောဆိုရပေလိမ့်မည် ။
ထို့အပြင် ပိုမို၍ အရေးကြီးမားသည်မှာ တခြားသောသူတို့သည် ဤကဲ့သို့ သုတ်သင်ရှင်းလင်းသည့် ကိစ္စရပ်ကို ပေါ်ပေါ်တင်တင် ပြုလုပ်ခဲ့ပြီးပြီဖြစ်၏။ သူတို့အနေနှင့် အမှောင်ထဲမှ တိတ်တဆိတ် ဆောင်ရွက်ရန်လိုအပ်၏။ ဘေးတစ်ဖက်မှ စောင့်ကြည့်၍ အကျိုးအမြတ်များကိုရရှိရန် စောင့်နေခြင်းသည် ကောင်းမွန်သည့် အရာမျိုး မဟုတ်ပေ။
“ရဲရဲဝံ့ဝံ့ မေးချင်ပါတယ်စီနီယာ”
ကျန်းမင်၏ နှလုံးသားတစ်ခုလုံးသည် စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက် လျက်ရှိ၏။ သူသည် ခေါင်းမော့ပြီးနောက် အလျင်စလိုဖြင့် မေးမြန်းလိုက်၏။
“နက်နဲအလင်းလောကကြီး၏ ရောရုဝပြည် အရှင်က ဘယ်နေရာမှာရှိလဲ ဆိုတာသိပါသလား။ “
နက်နဲအလင်းလောက၏ ရောရုဝပြည်သည် ပျက်စီးသွားခဲ့ပြီဖြစ်၏။ ၎င်းတို့၏ အရှင်သည် နောက်လိုက် အနည်းငယ်ကို ခေါ်ဆောင်ကာဖြင့် ထွက်ပြေးသွားခဲ့၏။ ဤအရာက လျှို့ဝှက်ချက် မဟုတ်ချေ။ ထိုအရှင်အနေနှင့် မကြာမီအတောအတွင်း အင်မော်တယ်ဘုရင်အဆင့်ဆီသို့တက်လှမ်းပြီး ပြန်လာမည့် အခြေနေတစ်ခု ကသာ စိုးရိမ်စရာရှိသည်။
သို့ပေမဲ့ လက်ရှိအခြေအနေတွင် လူပေါင်းများစွာတို့သည် ထိုအရှင် မည်သည့်နေရာတွင်ရှိသည် ကို ရှာဖွေပြီး သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လို့နေ၏။
“ခင်ဗျားအနေနဲ့ ရောရုဝအရှင်ကို တကယ်ပဲ ရင်ဆိုင်တိုက်ခိုက်ချင်တာလား။ ဒါက သတ္တိကောင်းလွန်းနေတယ်”
လီယွင်က အသာရယ်မောလိုက်၏။ သူ့အနေနှင့် ဤကဲ့သို့ဖြစ်ခြင်းနှင့် ပတ်သက်၍ အံ့အားသင့်မှုတော့ မရှိချေ။ ကျန်းမင်၏ နောက်ခံတွင် အင်မော်တယ်ဘုရင်တစ်ယောက် လိုအပ်လျက် ရှိနေသည် ဆိုသော်လည်း ၎င်း၏ သခင်လေးသည် ဘာတစ်ခုမှ ကြိုတင် ပြင်ဆင်ခြင်းမရှိဘဲ ပြန်လည်မွေးဖွားခြင်း အစီအစဉ်ကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ခဏတာ အင်မော်တယ်ဘုရင် အဆင့် စွမ်းအင်ကို ရရှိနိုင်သည့် ဝှက်ဖဲမျိုးကို ပိုင်ဆိုင်ပေလိမ့်မည်။
အင်မော်တယ်ဘုရင်အဆင့် အားအင်ကို အသက်ရှုရှိုက်စာအချိန်လောက် ရလျှင်ပင် ရောရုဝအရှင်ကို သတ်ဖြတ်ပစ်ရန် လုံလောက်ပြီဖြစ်သည်။
“စီနီယာ ….. ဒီသတင်းအချက်အလက်က ဘယ်လောက်ထိုက်တန်လဲ။ “ ကျန်းမင်သည် မျှော်လင့်တကြီးနှင့် မေးလိုက်၏။
“အများကြီးတော့မဟုတ်ပါဘူး။”
လီယွင်သည် လက်ချောင်းကိုထောင်ကာ ပြောလိုက်သည်။ “အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်ခု”
“အင်မော်တယ်ဘုရင်ဟုတ်လား။”
ကျန်းမင်သည် နားကြားမှားသလားဟုပင် ခံစားလိုက်မိ၏။ သူ့၌ အန္တိမပစ္စည်းတစ်ခုပင် မကျန်တော့ပေ။ သတင်းအချက်အလက်များကို ရဲရဲဝံ့ဝံ့ နှင့်စုံစမ်းနေခြင်းမှာ သူ၏ သခင်လေးသည် အင်မော်တယ်ဘုရင် တစ်ယောက် အဖြစ် မားမားမတ်မတ် ရပ်တည်နေနိုင်သောကြောင့်ပင်။
တန်ကြေးကို မလိုက်နိုင်သည်ဆိုပါက ကျိန်းသေပေါက် သူတို့၏သခင်လေးဆီသို့ သွားရောက်ကာ အကူအညီ တောင်းရမ်းနိုင်သည်။ သို့ပေမဲ့ လီယွင်၏ တောင်းဆိုမှုသည် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်ခု ဖြစ်သော ကြောင့် သူ့အား အံ့အားကြီးစေခဲ့သည်။ ဤအရာသည် သူ၏ လုပ်ပိုင်ခွင့်ထက် သာလွန်လို့နေလေ၏။ သူတို့၏ သခင်လေးပင်လျှင် လွယ်လွယ်ကူကူ ထုတ်ပေးနိုင်လိမ့်မည် အရာမျိုးမဟုတ်ပေ။
အတိတ်တုန်းက အင်မော်တယ်ဘုရင်နှင့် ယခု အင်မော်တယ် ဘုရင်ကြားတွင် အရည်အသွေးအရ ကွာခြားချက်တွေ များပြားသွားခဲ့ပြီဖြစ်သည်။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းမျိုးကို လွယ်လွယ်ကူကူ ထုတ်ဖော်ဖို့ ဆိုသည်မှာ မလွယ်ကူတော့ပေ။ ထို့အပြင် ကောင်းကင်မူလလောကကြီး၊ မြေအင်မော်တယ်လောကကြီး မည်သည့်နေရာတွင် ဖြစ်ဖြစ် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းကို တွေ့ရလိမ့်မည် မဟုတ်ချေ။
ထိုလောကကြီးများတွင် အစစ်အမှန် အင်မော်တယ်ပစ္စည်း ဆိုပင်လျှင် ရွှေထက် ပိုမိုကာ တန်ဖိုးကြီးမားနေပြီဖြစ်၏။ ရတနာတိုင်း သည် လူပေါင်းများစွာတို့ ထိတွေ့ နိုင်သည့်အရာမျိုးမဟုတ်ချေ။ အင်မော်တယ်ဘုရင်အဆင့်ပစ္စည်းဆိုသည်မှာ ထိုကဲ့သို့သောအရာမျိုးပင်ဖြစ်၏။ ယခုကောင်းကင်လျှို့ဝှက် နန်းတော်သခင်သည် ကြီးမားသည့် ပမာဏကို တောင်းခံနေသောကြောင့် ကျန်းမင်သည် တွေဝေလျက် ရှိနေ၏။
ခဏလောက်စဉ်းစားပြီးနောက် သူကပြောလိုက်၏။ “စီနီယာ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းနဲ့ပတ်သက်ပြီးတော့ ကျုပ်ဆုံးဖြတ်ချက်ချလို့မရဘူး။ သခင်လေးဆီ သွားပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကိုမေးမှ ဖြစ်မယ်”
“ရတာပေါ့”
လီယွင်က ခေါင်းညိတ်လိုက်၏။ “ခင်ဗျားရဲ့သခင်လေးကိုပြောလိုက်။ ဒီအခွင့်အရေးကို လက်လွတ်သွားမယ်ဆိုရင် နောက်တစ်ခု မရနိုင်တော့ဘူး။ ရောရုဝပြည်ရဲ့အရှင်က အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရှိဖို့ သိပ်မလိုတော့ဘူး။ အချိန်မရွေး အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာနိုင်တယ်။ ပြီးတော့ ခင်ဗျားရဲ့ သခင်လေးက အတိတ်တုန်းက အင်မော်တယ်အင်ပါယာအဆင့်ကို မချိုးဖျက်နိုင်ခဲ့ဘူးလေ။ ငရဲလောကရဲ့ အမွေအနှစ်ကို ခုချိန်မှာ လွဲချော်သွားမယ်ဆိုရင် အနာဂတ်မှာ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာနိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာက မသေချာတော့ဘူး။”