အခန်း (၅၇၈)
Vol. 39 Ch. 578
ပထမတုန်းက တွန့်ဆုတ်လျက် ရှိနေသည့် ကျန်းမင်သည် လီယွင်၏ စကားများကို ကြားရချိန်မှာတော့ မျက်လုံးများ လင်းလက်သွားခဲ့၏။ သူသည် မယုံကြည်နိုင်စွာဖြင့် ပြန်လည်ကာ မေးမြန်းလိုက်၏။ "စီနီယာ ကျုပ်တို့ရဲ့ သခင်လေးက ငရဲလောကရဲ့ အမွေအနှစ်တွေကို ရယူနိုင်တယ်လို့ ဆိုလိုချင်တာလား။ "
"အင်း သူ အဆင့်တက်နိုင်ဖို့ အခွင့်အကောင်းကို ရကောင်း ရလိမ့်မယ်။ "
"ရကောင်း ရနိုင်မှာလား" သူက ထပ်မံကာ မေးမြန်းလိုက်သည်။
“ဟားဟား”
လီယွင်က ရယ်မောလိုက်၏။ “အတိတ်တုန်းက ငရဲလောကမှာ အင်မော်တယ် အင်ပါယာတစ်ယောက် ရှိခဲ့တယ်။ သူ့ဆီမှာ ပြည့်စုံတဲ့ ကျင့်ကြံခြင်း နည်းစနစ်တစ်ခု ရှိတယ်။ ခင်ဗျားရဲ့ သခင်လေး ဒါတွေကို ရမယ်ဆိုရင် ကျိန်းသေပေါက် တိုးတက်သွားလိမ့်မယ်။”
လီယွင်သည် ကျန်းမင်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "ကျုပ်ပြောချင်တာက ငရဲလောကရဲ့ ပြည့်စုံတဲ့ အမွေအနှစ်တွေအကြောင်း ပြောနေတာ။ ဒါတွေကို ခင်ဗျား တွေးတောင် တွေးထားမိမှာ မဟုတ်ဘူး။ ထပ်ပြီး စုံစမ်းချင်တယ်ဆိုရင်လည်း ခင်ဗျား မတတ်နိုင်ဘူး။ "
အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းသည် မယုံနိုင်အောင်ပင် တန်ဖိုးကြီးမားလှ၏။ သို့ပေမဲ့ ဘာပဲဖြစ်ဖြစ် ရောရုဝပြည်အရှင်တွင် တည်ရှိနေသည့် အမွေအနှစ်အားလုံးတို့သည် အင်မော်တယ်ဘုရင်အဆင့်ထက်ပင် ပိုမိုကာ သာလွန်မှာ သေချာ၏။
ဘေးတစ်ဖက်တွင်တော့ ကျန်းမင်သည် စဉ်းစားလျက် ရှိနေ၏။ သူသည် လက်သီးကိုဆုပ်ကာဖြင့် လီယွင့်ကို နှုတ်ဆက်လိုက်၏။ ပြီးနောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်မှ အသာလျှောက်ထွက်သွား၏။ လက်တစ်ဖက်ကို ယမ်းခါလိုက်ချိန်မှာတော့ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်ပေါက်လာသည်။ သူသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ သူ၏သခင်လေးဆီသို့ သတင်းပေးပို့လိုက်သည်။
အစစ်အမှန် သိုင်းလောက …… အင်ပါရီယန်လျှိုကလန်ထဲတွင် ကျင့်ကြံနေသည့် လူငယ်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့၏။ ပြီးနောက် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုသည် လူငယ်၏ နှုတ်ခမ်းပါးထက်တွင် ပေါ်ပေါက်လာ၏။
"ဒီလိုသတင်းမျိုးလည်း ရှိသေးတာလား။ ကျန်းမင်ရဲ့ လုပ်ဆောင်ချက်တွေက တကယ်ကို တော်တာပဲ။"
သူသည် ပါဝင်သည့် အကြောင်းအရာများကို ကြည့်လိုက်၏။ ပိုမိုကာ ဖတ်ရှုလေ သူ၏ အမူအရာသည် ပိုမိုကာ စိတ်ဝင်တစားနှင့် ဖြစ်လာလေပင်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီမှ သတင်းအချက်အလက်များကို အသေးစိတ် မရသေးချေ။ သို့ပေမဲ့ သတင်းအချက်အလက်ကို ရရှိရန်အတွက် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းကို ပေးအပ်ရန်မှာ အရူးများသာလျှင် ပြုလုပ်မည့် အရာဖြစ်၏။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်း ဆိုသည်မှာ လမ်းဘေးမှ ဟင်းသီးဟင်းရွက်များ မဟုတ်ချေ။
"ရောရုဝအရှင် ဘယ်မှာရှိတယ်ဆိုတဲ့ သတင်းလား"
လူငယ်သည် စိတ်သဘောမတွေ့သလို ဖြစ်သွားခဲ့၏။ သို့ပေမဲ့ သူ၏ ထိုအတွေးများသည် ချက်ချင်းပျောက်ကွယ် သွားခဲ့၏။
"ရောရုဝအရှင်" သူသည် တီးတိုးရေရွတ်လိုက်သည်။
ဤလူသည် သူ့အတွက် အလွန်ပဲ အရေးကြီးလွန်း၏။ တစ်စုံတစ်ယောက်ကို စေလွှတ်ကာ ရှာဖွေခိုင်းလျှင်တောင်မှ ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်ခုကို အဆုံးရှုံးခံပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ပေးရမည်လား။ အကယ်၍ ရှာဖွေ မတွေ့ရှိသည့်အပြင် ရောရုဝပြည်၏ အရှင်သည်သာ အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တက်လှမ်းနိုင်ခဲ့သည် ဆိုပါက အနာဂတ်တွင် ၎င်း၏ အမွေအနှစ်များကို ရယူရန်မှာ ပိုမိုကာ ခက်ခဲသွားပေလိမ့်မည်။
သူ၏ လက်ရှိအားအင်အဆင့်သည် အန္တိမအဆင့်သာလျှင် ရှိ၏။ ထို့ကြောင့် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိရန်မှာ လမ်းအရှည်ကြီး လိုအပ်နေသေး၏။ အချို့သော လှည့်ကွက်များကို ပိုင်ဆိုင်သည် ဆိုလျှင်တောင်မှ များပြားလှသော အကန့်အသတ်များ တည်ရှိနေသောကြောင့် ထိုအရာကို အသုံးပြု၍ မရနိုင်ချေ။
"အင်း …. ကျန်းမင်လည်း ငါ့လို တွေဝေနေတာပဲ ဖြစ်ရမယ်" လူငယ်က မျက်မှောင်ကုတ်လိုက်၏။
ဘေးတစ်ဖက်ကို အသာပုတ်လိုက်တော့ ကျောက်စိမ်းသေတ္တာတစ်လုံး ပေါ်ပေါက်လာခဲ့၏။ ထိုထဲတွင် ကောင်းကင်ရှေးတာအို ဟု ရေးသားထားသော ရှေးစာအုပ်တစ်အုပ် ရှိနေ၏။ ဤအရာသည် ယခင်ဘဝက သူ၏ ကျင့်ကြံခြင်း နည်းစနစ်သာလျှင် ဖြစ်၏။ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်သည့် ကျင့်ကြံခြင်း စာအုပ်မျိုးပင်။
လက်ရှိအခြေအနေမှာတော့ သူ၏ ပစ္စည်းများကို မဆုံးရှုံးစေဘဲ ထုတ်ဖော်ပေးနိုင်သည့် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းဆိုလျှင် ထိုပစ္စည်းတစ်ခုတည်းသာ ရှိ၏။ သို့ပေမဲ့ ထိုအရာကို ပေးအပ်ရန် နှမျောနေမိသည်။
ရောရုဝအရှင်ကို အနိုင်ယူပြီး နောက်ဆုံးအဆင့်သို့ လှမ်းတက်နိုင်မလား၊ မနိုင်မလားမှာ မသေချာချေ။ အဆုံးသတ်တွင် အရာအားလုံး ဆုံးရှုံးသွားသည် ဆိုပါက မည်သို့လုပ်မည်နည်း။ ဆုံးဖြတ်ချက်ချရန် တွေဝေလျက် ရှိနေတုန်းမှာပဲ သူ၏ ကျောက်စိမ်းပြားက ထပ်မံကာ လင်းလက်လာခဲ့၏။ ကျန်းမင်ဆီမှ သတင်း ရောက်ရှိလာခြင်းပင်။
"သခင်လေး ဆုံးဖြတ်ပြီးသွားပြီလား။ စီနီယာနန်းဆောင်သခင် ပြောတာကတော့ ဒီအရာက သခင်လေးအတွက် အခွင့်အရေးတစ်ခုပဲ။ တကယ်လို့ ဒီအခွင့်အရေး လွဲချော်သွားရင် အနာဂတ်မှာ အဆင့်ချိုးဖျက်နိုင်ဖို့ မရှိတော့ဘူးတဲ့။ ပြီးတော့ ရောရုဝအရှင်က အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းဖို့ အရမ်း နီးကပ်နေပြီတဲ့လေ။ အချိန်မရွေး အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းသွားနိုင်တယ်။ အဆင့်ချိုးဖျက်သွားနိုင်ပြီ ဆိုရင် ကျုပ်တို့ ဘာပဲလုပ်လုပ် အဆင်ပြေတော့မှာ မဟုတ်ဘူး။ "
ရောရုဝပြည် ဖျက်ဆီးခံလိုက်ရသည် ဆိုလျှင်တောင်မှ ရောရုဝပြည်၏ အရှင်ကတော့ ရှိနေသေး၏။ သူရှိနေပါက ရောရုဝပြည်သည် တည်ရှိနေတုန်းဟု သတ်မှတ်ရမှာ ဖြစ်၏။ ၎င်းသည် အစစ်အမှန် သိုင်းလောကကြီး တစ်ခုလုံးကိုပင် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ ရောရုဝပြည်အရှင်အား ဆက်လက်ကာ ပြဿနာရှာဖို့ ဆိုသည်မှာ သေသေချာချာ စဉ်းစားရမည့် ကိစ္စရပ်ပင် ဖြစ်လာပေလိမ့်မည်။ အထူးသဖြင့် လျှိုကလန်အတွက်ပင်။
လူငယ်သည် အနီးနားတွင်ရှိနေသည့် နည်းနစ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤနည်းစနစ်သည် သူ၏ တစ်ဘဝလုံး အားစိုက်ကာ ဖန်တီးခဲ့ရသည့်အရာ ဖြစ်၏။ ယခု ရောရုဝပြည်၏ အမွေအနှစ်များကို ရယူရန်အတွက် သူ ထိုအရာကို လဲလှယ်ရပေလိမ့်မည်။
ထိုက်တန်ပါသည်လား။ ရောရုဝပြည်ဆိုသည်မှာ အင်မော်တယ်ဘုရင်တစ်ယောက်၏ တစ်သက်တာ စုဆောင်းမှုများဖြင့် ဖြစ်တည်လာခဲ့သည့်အရာပင် ဖြစ်၏။ ထိုအရာနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းဆိုသည်မှာ သာမန်သာလျှင် ဖြစ်၏။ ထိုအရာကို သိရှိနားလည်ပြီးသည့်နောက် ချက်ချင်းဆိုသလိုပဲ ကျောက်စိမ်းပြားမှတဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို လှမ်းကာ ပေးပို့လိုက်၏။ အပေါ်တွင် အကာအကွယ် အစီအရင်တစ်ခုကိုလည်း ထည့်သွင်းပေးလိုက်သည်။
တခြားသူများ ထိုအရာကို ကြည့်ရှုခွင့်မရစေရန် ကာကွယ်ထားခဲ့ခြင်းပင်။ နန်းဆောင်သခင် ထိုအရာကို မြင်နိုင်မလား ဆိုသည်က သူစဉ်းစားရမည့် အရာမဟုတ်ချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ လုပ်နိုင်စွမ်းအရဆိုလျှင် ထိုကဲ့သို့သော အစီအရင်တစ်ခုကို ဖျက်ဆီးရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။