← Chapters

အခန်း (၁၂၉၇-၁၂၉၉)

Vol. 87 Ch. 1297-1299

အခန်း (၁၂၉၇-၁၂၉၉)

Vol. 87 Ch. 1297-1299

အခန်း(၁၂၉၇)

ယွဲ့ချန်ကျွင်း၏ စကားကိုကြားလျှင် ကျန်းချန်သည် မျက်ခုံးပင့်လိုက်သည်။

"မြို့တော်ငါးခုရဲ့ လူတွေက မင်းကို ထပ်လာရှာကြပြန်ပြီလား"

"ဟုတ်တယ် အရှင်မင်းသား.. လွန်ခဲ့တဲ့ သုံးရက်လောက်က မြို့တော်ငါးခုကနေ နိဗ္ဗာန်မြို့တော်ဆီ သံတမန်တွေ စေလွှတ်ခဲ့ပေမဲ့ ကျွန်တော်သူတို့ကို ပြန်လွှတ်လိုက်တယ်.. မြို့တော်ငါးခုက ကျွန်‌တော် သူတို့ကို မကူညီဘူးဆိုတာ သိပုံပဲ.. ဒါကြောင့် ဆိတ်ငြိမ်နယ်မြေရဲ့ ထွက်ပေါက်မှာ အင်အားကြီးမားတဲ့ကျင့်ကြံသူတွေကို စေလွှတ်ထားတယ်.. သေချာတာကတော့ အရှင်မင်းသားကို သတ်ဖြတ်ဖို့ အစီအစဥ်ရှိနေတာပဲ ဖြစ်ရမယ်"

ယွဲ့ချန်ကျွင်းက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"မြို့တော်ငါးခုက ငါ့ကို သတ်ပစ်ချင်နေတာလား"

ကျန်းချန်၏မျက်လုံးများတွင် အေးစက်သောအလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

"ဆိတ်ငြိမ်နယ်မြေရဲ့ ဝင်ပေါက်မှာ မြို့တော်ငါးခုက ဘယ်သူတွေကို စေလွှတ်ထားတာလဲ"

အင်ပါယာအမွေအနှစ် နယ်မြေကနေ ထွက်လာစဥ်က သူ့ဆရာရှောင်တုလီ၏ လျင်မြန်သော တုံ့ပြန်မှုကြောင့်သာ ကျုံးကျိုးကုန်းမြေကနေ ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် သူ့အနေဖြင့် မြို့တော်ငါးခု၏ လက်ထဲသို့ ကျရောက်သွားလောက်ပြီ ဖြစ်၏။

သူ ကျုံးကျိုးကုန်းမြေကနေ ထွက်ခွာလာပြီးနောက်တွင် မြို့တော်ငါးခုသည် သူ့ဆရာ ရှောင်တုလီကို ဖမ်းမိန့်ထုတ်ခဲ့ပြီး သူနှင့် ပတ်သက်မှုရှိသော သူများအားလုံးကို ဆင်းရဲဒုက္ခ ရောက်စေခဲ့သည်။

ထိုအထဲတွင် စန်းလန် မဟာမိတ်အဖွဲ့အစည်း၊ နဂါးနက်ကုန်သွယ်ရေးအဖွဲ့နှင့် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းတို့ ပါဝင်ခဲ့သည်။

သူသာ အချိန်မီ ကျုံးကျိုးကုန်းမြေသို့ ပြန်ရောက်မလာခဲ့လျှင် သူနှင့် ဆက်ဆံရေးများရှိသော ထိုမိတ်ဆွေဟောင်းများ အားလုံး၏ ကံကြမ္မာသည် မည်မျှ ဆိုးရွားမည်ကို စိတ်ပင်မကူးရဲပေ။

ဤတစ်ကြိမ် မြို့တော်ငါးခုထံကနေ အတိုးတချို့ကို ယူရမည့် အချိန်ကာလပင် ဖြစ်၏။

မြို့တော်ငါးခုက သူ့ကို ဆိတ်ငြိမ်နယ်မြေ၏ အပြင်ဘက်တွင် ကျင့်ကြံသူများ စေလွှတ်ပြီး ပိတ်ဆို့သတ်ဖြတ်ရန် စီစဥ်စေကာမူ သူသည် ဤတစ်ကြိမ်တွင် မြို့တော်ငါးခု၏ ကျင့်ကြံသူများကို သေချာပေါက် သင်ခန်းစာပေးရလိမ့်မည် ဖြစ်၏။

"အရှင်မင်းသား.. မြို့တော်ငါးခုက နတ်သန္ဓေအင်ပါယာ ငါးပါးကို စေလွှတ်လိုက်တယ်.. သူတို့ထဲက အစွမ်းထက်ဆုံးသူကတော့ ရှန်းဖုန်းမြို့တော်ရဲ့ ဘိုးဘေး ဖုန်းရွှယ်ယန်ပဲ.. ဖုန်းရွှယ်ယန်က နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်တဲ့အပြင် အထွတ်အထိပ် နတ်သန္ဓေ အင်ပါယာစာရင်းမှာ အဆင့်(၉၃) နေရာမှာ ရှိတဲ့ကျင့်ကြံသူပဲ.. ကျန်တဲ့ လေးယောက်ကတော့ မြို့တော်ငါးခုရဲ့ နာမည်ကျော် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူတွေပဲ.. သူတို့ထဲက တစ်ယောက်က နတ်သန္ဓေအင်ပါယာ စတုတ္ထအဆင့် ဖြစ်ပြီး ကျန်သုံးယောက်က တတိယအဆင့် ကျင့်ကြံသူတွေ ဖြစ်တယ်"

ယွဲ့ချန်ကျွင်းသည် မြို့တော်ငါးခုမှ စေလွှတ်ထားသောသူများကို ကောင်းစွာ သိရှိနေခဲ့သည်။

"အရှင်မင်းသား ကျွန်တော်တို့ သွားပြီး နှိမ်နင်းလိုက်ရအောင်"

"မင်းနဲ့ငါရဲ့ကြားက ဆက်ဆံရေးကို လောလောဆယ် မဖော်ထုတ်ဖို့ လိုအပ်တယ်.. လူသားဧကရာဇ် နန်းတော်ကို ထူထောင်တဲ့ အခါကျမှပဲ မြို့တော်ငါးခုကို အံ့သြအောင်လုပ်ကြရတာပေါ့"

ထို့နောက်တွင် ကျန်းချန်က ဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်သည်။

"နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ ငါးယောက်လောက်ကတော့ ငါနဲ့ငါ့ဆရာ အေးအေးဆေးဆေး ရှင်းပစ်နိုင်ပါတယ်..မင်းဝင်ပါစရာ ဘာလို့ လိုအပ်မှာလဲ"

ယွဲ့ချန်ကျွင်းသည် ကျန်းချန်ထံမှ မောက်မာသောစကားများကို ကြားလျှင် အံ့အားသင့်သွားခဲ့သည်။

မကြာခင်မှာပင် ယွဲ့ချန်ကျွင်းသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို ဝင်ရောက်သွားသည်မှာ လဝက်ပင် မပြည့်သေးသော ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က နတ်သန္ဓေအင်ပါယာ နယ်ပယ် ပထမအဆင့်ကနေ တတိယအဆင့်အထိ ထိုးဖောက်သွားသည်ကို တွေ့ရှိသွားခဲ့သည်။

သိထားရမည့် အချက်မှာ ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်သည် အလွန်ပင် ပြိုင်ဘက်ကင်းခြင်းပင်။

နတ်သန္ဓေအင်ပါယာနယ်ပယ် ပထမအဆင့်တွင် ရှိနေစဥ်ကပင် တိုက်ပွဲဝင် စွမ်းရည်သည် ကောင်းကင်ကိုပင် ဆန့်ကျင်နေခဲ့ပြီဖြစ်၏။

ယခု တတိယအဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ ယဲ့ချန်ကျွင်းကိုယ်တိုင်ပင် ကျန်းချန်၏ စစ်မှန်သော ခွန်အားကို ခန့်မှန်းရခက်ခဲနေပြီ ဖြစ်သည်။

ယခုအခါတွင် ကျန်းချန်သာ လူသားဧကရာဇ် စည်းတံဆိပ်ကို အပြည့်အဝ ထုတ်ဖော်လျှင် သူ၏ နတ်သန္ဓေအင်ပါယာ နယ်ဆဋ္ဌမအဆင့် ခွန်အားဖြင့်ပင် ရပ်တန့်နိုင်မည် မဟုတ်လောက်ဟု ခံစားမိခဲ့သည်။

ထို့အပြင် ကျန်းချန် ရှာတွေ့ခဲ့သည့် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီသည်လည်း နတ်သ‌န္ဓေအင်ပါယာ နယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ပါး ဖြစ်နေခဲ့ချေပြီ။

ထိုဆရာတပည့်သာ ပူးပေါင်းလိုက်လျှင် နတ်သန္ဓေ အင်ပါယာနယ်ပယ် သတ္တမအဆင့် သို့မဟုတ် ထိုထက် ပိုမို မြင့်မားသည့် ကျင့်ကြံသူများက လွဲ၍ မည်သူက ဖိနှိပ်နိုင်ပါဦးမည်နည်း။

"အရှင်မင်းသား ဆုံးဖြတ်ပြီးပြီဆိုမှတော့ ကျွန်တော်မျိုးက နိဗ္ဗာန်မြို့တော်ကနေပဲ အရှင်မင်းသားရဲ့ သတင်းကောင်းကို စောင့်မျှော်နေပါတော့မယ်"

ယဲ့ချန်ကျွင်းက ပြုံးရွှင်စွာ ပြောလိုက်သည်။

ဆိတ်ငြိမ်နယ်မြေ အပြင်ဘက်ရှိ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူငါးဦးသည် ကျန်းချန်အား ခြိမ်းခြောက်ရန် မဖြစ်နိုင်သောကြောင့် သူ့အနေဖြင့် ဝင်ပါစရာ မလိုအပ်၍ ကျန်းချန်၏ စီစဥ်မှုကို လိုက်နာရန်သာ ပြင်ဆင်ခဲ့သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချိန်ခန်းနှင့် ယွဲ့စစ်ချင်း တို့ကို တစ်ချက် ကြည့်ကာ ယဲ့ချန်ကျွင်းကို ပြောလိုက်သည်။

"ချန်ကျွင်း.. သူတို့ကို ငါ့ကိုယ်စား မိစ္ဆာနက်ချိုင့်ဝှမ်းကို ပို့ပေးပါ.. ပြီးရင် ဖုန်းဝူယင်းနဲ့ ချိုးဟေးရှာတို့ကို ဆိတ်ငြိမ်နယ်မြေအပြင်ဘက်မှာ ငါနဲ့အမြန်ဆုံး လာတွေ့ဖို့ မှာလိုက်ပါ"

ကျန်းချန်သည် ယဲ့ချန်ကျွင်းနှင့် နိဗ္ဗာန်မြို့တော်၏ အင်အားကို လတ်တလောတွင် အသုံးမပြုရန် စီစဥ်ခဲ့သည်။

သို့သော်လည်း ဖုန်းဝူယင်းနှင့် ချိုးဟေးရှာ တို့ကိုမူ လူသားဧကရာဇ် နန်းတော်သို့ အရင်ခေါ်သွားရန် စီစဥ်ခဲ့၏။

ဆိုရလျှင် လူသားဧကရာဇ် နန်းတော်၏ လက်ရှိ အခြေခံ အုတ်မြစ်သည် အလွန်တရာပင် အားနည်းပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်သည့် စန်းဝူယာနှင့်လုံထျန်းဝူ တို့သာ လောက်လောက်လားလား ရှိသည်။

ဖုန်းဝူယင်းနှင့် ချိုးဟေးရှာတို့သာ ပူးပေါင်းလိုက်လျှင် လူသားဧကရာဇ် နန်းတော်သည် အင်အား မပြည့်စုံမှုကို ကြီးမားစွာ ဖြည့်တင်းနိုင်လိမ့်မည် ဖြစ်၏။

"အမိန့်အတိုင်းပါ"

စကားဆုံးသည်နှင့် ယဲ့ချန်ကျွင်းသည် ချက်ချင်းဆိုသလို ချိန်ခန်းနှင့် ယွဲ့စစ်ချင်း တို့ကို ခေါ်ကာ မိစ္ဆာနက်ချိုင့်ဝှမ်း ဆီသို့ သွားရောက်ခဲ့သည်။

ယဲ့ချန်ကျွင်း ထွက်သွားသည်နှင့် ကျန်းချန်သည် သူ့ဆရာရှောင်တုလီ ဘက်သို့လှည့်ကာ ပြုံး၍ ပြောလိုက်သည်။

"ဆရာ ကျွန်‌တော်တို့သွားကြစို့.. မြို့တော်ငါးခုရဲ့ ကျင့်ကြံသူတွေကို သင်ခန်းစာပေးရမဲ့အချိန် ရောက်ပြီ"

"ကောင်းပြီ အခုငါက နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်ကို ထိုးဖောက်သွားခဲ့ပြီ ဆိုတော့ ရှန်းဖုန်းမြို့‌တော်ရဲ့ ဖုန်းရွှယ်ယန်ကို ငါရင်ဆိုင်မယ်.. ဒီနေ့ပြီးတာနဲ့ ရှန်းဝူကုန်းမြေတိုက်ရဲ့ အထွတ်အထိပ် အင်ပါယာ စာရင်းမှာ ငါရှောင်တုလီရဲ့နာမည်ကို ရေးထိုးမယ်"

ရှောင်တုလီက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ကျန်းချန်နှင့်အတူ အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲကာ ဆိတ်ငြိမ်နယ်မြေကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ဆိတ်ငြိမ်နယ်မြေရှိ ဝင်ပေါက်သည် မူလက အလွန်စည်ကားသည့် နေရာတစ်ခုဖြစ်ပြီး နေ့စဥ်နေ့တိုင်းတွင် ကိုယ်ခံပညာရှင်အများအပြားသည် ဆိတ်ငြိမ်နယ်မြေ ထဲသို့ ဝင်ရောက်ကာ အခွင့်အရေးများကို ရှာဖွေရန် ပြင်ဆင်နေတတ်ကြသည်။

သို့သော်လည်း မူလက အလွန်စည်ကားခဲ့သော ဤနေရာသည် ဤရက်ပိုင်းအတွင်း အလွန်တရာ တိတ်ဆိတ်သွားခဲ့၏။

ဤနေရာသို့ ရောက်လာကြသည့် ကျင့်ကြံသူများသည် ထိတ်လန့်တကြား ဖြစ်ကာ နေရာကနေ ထွက်ပြေးသွားခဲ့ကြသည်။

ထိုကျင့်ကြံသူများ ကြောက်ရွံ့နေကြသည့် အရင်းအမြစ်မှာ လေထဲတွင် ရပ်နေကြသည့် ပုံရိပ်ငါးခုကြောင့် ဖြစ်သည်။

ထိုပုံရိပ်ငါးခုထဲမှ တစ်ခုစီတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော နတ်သန္ဓေအင်ပါယာအဆင့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ကြသည်။

နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူငါးဦး စုဝေးနေခဲ့ကြ၍ ဤနေရာသို့ ရောက်ရှိလာသော နတ်ဝိညာဥ်ဘုရင် နဝမအဆင့် ကျင့်ကြံသူများပင် တုန်လှုပ် ခြောက်ခြားသွားခဲ့ကြသည်။

ထို့ကြောင့် မည်သူကမှ ဝင်ပေါက်နားတွင် ရှိမနေခဲ့ကြခြင်းဖြစ်သည်။

"အကြီးအကဲ ရွှယ်ယန်.. ကျွန်တော်တို့ ဒီမှာစောင့်နေတာ မဟုတ်သေးဘူးထင်တယ်.. ကျန်းချန်သာ ဆိတ်ငြိမ်နယ်မြေထဲကနေ ထွက်လာဖို့ ရည်ရွယ်ချက် မရှိဘူးဆိုရင် ကျွန်တော်တို့က အလဟဿ စောင့်နေသလို ဖြစ်သွားလိမ့်မယ်"

ထျန်းဝူမြို့၏ ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခေါင်းဆောင်ဖြစ်သည့် ဆံဖြူအဘိုးအိုကို ကြည့်ကာ စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။

ထိုလူမှာ ထျန်းဝူမြို့တော်၏ နတ်သန္ဓေအင်ပါယာ နယ်ပယ် တတိယအဆင့် ကျင့်ကြံသူ ဝူယွင်ရှောင် ဖြစ်သည်။

"ဟုတ်တယ် အကြီးအကဲရွှယ်ယန်.. ဘာလို့ ဆိတ်ငြိမ်နယ်မြေထဲကို တိုက်ရိုက်မဝင်တာလဲ.. သူတို့ရဲ့ စည်းမျဥ်းကို ချိုးဖောက်တယ်ဆိုပြီး နိဗ္ဗာန်မြို့တော်က ကျွန်တော်တို့ မြို့တော်ငါးခုကို ထိပ်တိုက် ရင်ဆိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး"

ကျင့်လဲ့မြို့တော်မှ ကျင့်ကြံသူဖြစ်သည့် သံမဏိရဲတိုက် ကဲ့သို့ သန်မာထွားကျိုင်းသော လူသန်ကြီး တစ်ယောက်သည် ကျယ်လောင်စွာ ရေရွတ်လိုက်သည်။

သို့သော် ယန်ဒီမြို့တော်မှ ရှောင်ရှင်းဟဲနှင့် လင်ရှီမြို့တော်မှ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် ထင်မြင်ချက်မှ မ‌ပေးခဲ့ကြပေ။

"မလောပါနဲ့ ငါတို့တွေ နိဗ္ဗာန်မြို့တော်သခင်နဲ့ အရင်ဆုံးဆွေးနွေးမှ ဖြစ်လိမ့်မယ်.. နိဗ္ဗာန်မြို့တော်ရဲ့ အင်အားက ခန့်မှန်းလို့မရဘူး.. ငါတို့က အကြောင်းကိစ္စ မရှိဘဲ နိဗ္ဗာန်မြို့တော်နဲ့ ရန်သူအဖြစ်ခံလို့ မဖြစ်ဘူး"

ဖုန်းရွှယ်ယန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဆွေးနွေးစရာမလိုတော့ပါဘူး သူတို့တွေ ရောက်လာခဲ့ပြီ"

ထိုအချိန်မှာပင် လင်ရှီမြို့တော်မှ အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်လုံးများသည် လင်းလက်သွားခဲ့သည်။

သူ၏ လေးနက်သော အသံသည် လူတိုင်း၏ နားထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

လင်ရှီမြို့တော်မှ အနက်ရောင်ဝတ် အဘိုးအို၏ လေသံ အဆုံးသတ်သွားသည်နှင့်အမျှ အဝေးရှိ ကောင်းကင်ယံကနေ နတ်သန္ဓေအင်ပါယာ နယ်ပယ် အဆင့် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်နှစ်ခုသည် သူတို့ဆီသို့ အလျင်အမြန် ‌ရောက်ရှိလာခဲ့သည်။

အခန်း(၁၂၉၇)ပြီး၏။

အခန်း(၁၂၉၈)

"ကျန်းချန်.. ရှောင်တုလီ.. မင်းတို့တွေ နောက်ဆုံးတော့ ဆိတ်ငြိမ်နယ်မြေကနေ ထွက်လာကြပြီပေါ့"

ဖုန်းရွှယ်ယန်က ကျန်းချန်နှင့် ရှောင်တုလီတို့ ဆိတ်ငြိမ်နယ်မြေထဲကနေ ထွက်လာသည်ကို စူးစိုက်၍ ကြည့်နေခဲ့သည်။

သူ၏ အိုမင်းသောမျက်ဝန်းထဲတွင် အေးစက်စက်အလင်းတန်း တစ်ခု ရုတ်တရက် လင်းလက်သွားခဲ့၏။

"ဟားဟား ဖုန်းရွှယ်ယန်.. ငါတို့ ဆရာတပည့် ထွက်လာတော့ရော ဘာဖြစ်လဲ မင်းတို့ငါးယောက်လောက်နဲ့ ငါတို့ဆရာတပည့်ကို သတ်ချင်နေတာက စိတ်ကူးယဥ်နေတာပဲ.. ငါရှောင်တုလီက ဒီနေ့ မင်းတို့ရဲ့ အလောင်းပေါ်မှာ နင်းလျှောက်ပြီး အထွတ်အထိပ် အင်ပါယာစာရင်းထဲမှာ နာမည်ရေးထိုးမယ်"

ရှောင်တုလီက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

ထို့နောက်တွင် သူက နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် စွမ်းအင်ကို လှုံ့ဆော်ကာ သူ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ မီးလျှံလက်ဝါး တစ်ခုသည် ဖုန်းရွှယ်ယန်ထံသို့ ဦးတည်၍ ရောက်ရှိသွားခဲ့သည်။

"နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်ပါလား"

ရှောင်တုလီ၏ ခန္ဓာကိုယ်မှ အရှိန်အဝါကို ခံစားမိလျှင် ဖုန်းရွှယ်ယန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ရှောင်တုလီကို ငါနဲ့လွှဲထားလိုက်.. မင်းတို့လေးယောက်က ဟိုကောင်လေးကို မြန်မြန်လေးသတ်ဖြတ်ပြီး ငါ့ကို ကူညီကြ"

"ရှောင်တုလီက နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်ကိုတောင် ထိုးဖောက်သွားပြီလား"

သူ၏ ရှေ့မှ မြင်ကွင်းကို မြင်လျှင် ရှောင်ရှင်းဟဲသည် အလွန်အမင်း မနာလို ဖြစ်လာခဲ့သည်။

ရှောင်ရှင်းဟဲက သူ၏ ကိုယ်ခံပညာကို ရှောင်တုလီထက် မနိမ့်ကျဟု ထင်ခဲ့သော်လည်း အချိန်တိုင်းတွင် ရှောင်တုလီ၏ ဖိနှိပ်ခြင်းကိုသာ အမြဲတစေ ခံခဲ့ရသည်။

ယခုဆိုလျှင် သူနဲ့ ရှောင်တုလီကြားမှ ကွာဟချက်သည် တဖြည်းဖြည်း ပို၍ ကြီးမားလာခဲ့ပြီ ဖြစ်သည်။

သူက နတ်သန္ဓေအင်ပါယာ နယ်ပယ် တတိယအဆင့်တွင်သာ ရှိသေးသော်လည်း ရှောင်တုလီကမူ နတ်သန္ဓေအင်ပါယာနယ်ပယ်၏ ပဉ္စမအဆင့်သို့ပင် ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီမဟုတ်ပါလော။

ထို့အပြင် ရှောင်တုလီသည် အလွန်အမင်း ပါရမီထူးချွန်ပြီး တိုက်ခိုက်‌ရေး စွမ်းအင်တွင်လည်း အဆင့်တူအတွင်း ပြိုင်ဘက်ကင်းဟုပင် ဆို၍ ရသည်။

ယခု နတ်သန္ဓေအင်ပါယာ နယ်ပယ် ပဉ္စမအဆင့်ကို ရောက်ရှိသွားပြီးနောက်တွင် ရှောင်တုလီ၏ တိုက်ခိုက်ရေးစွမ်းအင်သည် ရှောင်ယန်ဝူနှင့် ဖုံးရွှယ်ယန်တို့ ကဲ့သို့ နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်တွင် ရှိသည့် ကျင့်ကြံသူများထက် မနိမ့်ကျတော့ပေ။

ယနေ့တွင် ရှောင်တုလီသည် တကယ်ကို ကြောက်စရာကောင်းလာခဲ့ပြီ ဖြစ်သည်။

ရှောင်တုလီကိုသာ မဖယ်ရှားခဲ့လျှင် ယန်ဒီမြို့ကို ရှောင်တုလီ ပြန်ခွင့်ရရှိသွားသည်နှင့် ယန်ဒီမြို့တွင် သူ့အတွက် နေရာ ရှိနိုင်တော့မည် မဟုတ်ပေ။

လက်ရှိအချိန်တွင် ရှောင်ရှင်းဟဲသည် မည်သူ့ထက်မဆို ရှောင်တုလီနှင့် ကျန်းချန်တို့ကို ဖယ်ရှားလိုသော်လည်း သူတို့ငါးယောက် အနေဖြင့် ယနေ့တွင် ကျန်းချန်တို့ကို ဤနေရာ၌ ဖမ်းဆီးရန် ဆိုသည်မှာ မလွယ်ကူနိုင်မှန်း မည်သူ့ထက်မဆို ကောင်းစွာသိ၏။

အနည်းငယ် ဂရုမစိုက်မိခဲ့လျှင်ပင် သူတို့လူစုသည် ယနေ့တွင် ကျဆုံးနိုင်သည့် အန္တရာယ် ရှိနေခဲ့သည်။

သိထားရမည့်အချက်မှာ ရှောင်တုလီနှင့် ယှဥ်လျှင် ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်သည် ပို၍ ကြောက်မက်ဖွယ်ကောင်းခြင်း ဖြစ်သည်။

ကျန်းချန်သည် ယန်ဒီမြို့တော်ကို တစ်ကိုယ်တော် ဝင်မွှေခဲ့ပြီး ရှောင်မိသားစု၏ ဘိုးဘေး ရှောင်ယန်ဝူပင် ခေါင်းငုံ့ခဲ့ရသည်ကို ရှောင်ရှင်းဟဲ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။

ယခုအခါတွင် နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်ကိုထိုးဖောက် ဝင်ရောက်ခဲ့သော ရှောင်တုလီကို ဖုန်းရွှယ်ယန်က တစ်ဦးချင်း ရင်ဆိုင်လိုက်ပြီ ဖြစ်သည်။

ထို့ကြောင့် သူတို့လေးယောက် အနေဖြင့် ကျန်းချန်ကို ရင်ဆိုင်ရတော့မည် ဖြစ်၏။

သို့သော်လည်း သူ၏ စိတ်ထဲတွင် သူတို့လေးယောက် ပူးပေါင်းလျှင်ပင် ကျန်းချန်ကို ရင်ဆိုင်ရန် မလွယ်ကူမှန်း ကောင်းစွာသိခဲ့သည်။

"မိတ်ဆွေတို့.. ဒီကောင်လေးရဲ့ တိုက်ပွဲဝင်စွမ်းရည်က တုန်လှုပ်စရာပဲ.. ငါတို့ အတူတူ ပူးပေါင်းပြီး တိုက်ခိုက်ကြရအောင်.. ဒီလိုမှမဟုတ်ရင် ငါတို့တွေ ဘယ်သူမှ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"

ရှောင်ရှင်းဟဲက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ့နံဘေးမှ သုံးယောက်ကို အလျင်အမြန်ပင် သတိပေးလိုက်သည်။

"ချီး.. ရှောင်ရှင်းဟဲ.. မင်းက တကယ်ကို အသက်ကြီးလာလေ ပိုပြီး ကြောက်တတ်တာပဲလေ.. နတ်သန္ဓေအင်ပါယာနယ်ပယ်တတိယအဆင့် ဖြစ်ပြီး ဒီလောက်ထိ ကြောက်တတ်လိမ့်မယ်လို့ ငါမထင်ထားမိဘူး.. ​ဒါက မလောက်လေး မလောက်စား ကောင်လေးတစ်ယောက်ပဲ.. ဘယ်လောက်ပဲ ပါရမီရှိနေပါစေ ငါ့ရဲ့ လက်သီးတစ်ချက်နဲ့ ဒီကောင့်ကို အမှုန့်ချေပစ်လိုက်လို့ရတယ်... ဘာလို့ ပူးပေါင်းပြီး တိုက်ခိုက်စရာ လိုအပ်မှာလဲ"

ထျန်းဝူမြို့တော်မှ ဝူယွင်ရှောင်သည် မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

ထို့နောက်တွင် သူက လေထဲတွင် ခြေတစ်ချက် ဆောင့်ကာ ကျန်းချန်ဆီသို့ ရုတ်တရက် ပြေးထွက်သွားခဲ့သည်။

ထိုသို့ ပြေးလွှားရင်း ဝူယွင်ရှောင်သည် ကြောက်မက်ဖွယ်ရာကောင်းသော ငွေရောင်လက်သီးချက်ကို ထုတ်ဖော်လိုက်၏။

ထိုလက်သီးချက်က အာကာပြင်ကိုပင် ကျိုးပျက်စေသော စွမ်းအားများကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ ‌ရောက်ရှိလာခဲ့သည်။

"နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ခွန်အားလောက်နဲ့များ ငါ့ကို လက်သီးတစ်ချက်တည်းနဲ့ ချေမှုန်းပစ်မယ်ဟုတ်လား.. ဘယ်သူက ချေမှုန်းပစ်မလဲ ဆိုတာ မင်းတို့ မကြာခင် သိလာလိမ့်မယ်"

ကျန်းချန်က အေးစက်စက်ပြုံးကာ ကြုံးဝါးလိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့၏။

နောက်ထပ် တစ်ခဏမှာပင် သူ၏ပုံရိပ်သည် ချက်ချင်းဆိုသလို ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး လေထဲတွင် ရွှေရောင်ခန္ဓာကိုယ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုရွှေရောင်ခန္ဓာကိုယ်၏ ကြွက်သားတိုင်းတွင် အနှိုင်းမဲ့ပေါက်ကွဲနိုင်သော စွမ်းအင်များ ခိုအောင်းနေသကဲ့သို့ပင်။

"အင်မော်တယ်ရွှေခန္ဓာကိုယ် ကျင့်စဥ်"

ကျန်းချန်က စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ ဝူယွင်ရှောင်ကို အေးစက်စက် ကြည့်လိုက်ပြီး လေထုထဲသို့ လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။

"ဝုန်း.."

သူ၏လက်သီးချက်က လေထုကို ချက်ချင်းပင် တုန်ခါသွားစေခဲ့သည်။

ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်လှုပ်စေခဲ့သော ကျန်းချန်၏ လက်သီးစွမ်းအားအောက်တွင် ဝူယွင်ရှောင်၏ လက်သီးသည် အားနည်းချက်များဖြင့် ပြည့်နှက်နေခဲ့၏။

"ဝုန်း"ဟူသော အသံတစ်ခုသာ ကြားလိုက်ရပြီးနောက်တွင် ဝူယွင်ရှောင်၏ လက်သီးချက်သည် လေထဲတွင် ပျက်စီးသွားခဲ့သည်။

ထို့အပြင် ကျန်းချန်ဆီသို့ ဝင်ရောက်လာသော ဝူယွင်ရှောင်၏ ပုံရိပ်သည်လည်း ကျန်းချန်၏ ရွှေရောင်လက်သီးချက်အောက်တွင် ချက်ချင်းပင် နစ်မြုပ်သွားခဲ့၏။

တစ်ခဏအတွင်းမှာပင် အရိုးကျိုးသံများ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာခဲ့ပြီး သွေးစက်ပေါင်း များစွာသည် မိုးသီးမိုးပေါက်များ ကျဆင်းနေသည့်နှယ် လေထဲကနေ ပြန့်ကျဲ၍ ကျဆင်းလာခဲ့၏။

ထို့နောက်တွင် ဝူယွင်ရှောင်၏ ပုံရိပ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ်‌ လေထဲကနေ နောက်ပြန် လွင့်စင်သွားခဲ့သည်။

ဤအချိန်တွင် ဝူယွင်ရှောင်၏ ရင်ဘတ်သည် ချိုင့်ဝင်နေခဲ့ပြီး အရိုးများ ကျိုးကြေနေခဲ့ပြီ ဖြစ်၏။

အတွင်းအင်္ဂါများက အပြင်းအထန် ထိခိုက်နေပြီး သွေးများကလည်း ရေပန်းကဲ့သို့ ဆက်တိုက် ဆိုသလို ပန်းထွက်နေခဲ့သည်။

ဝူယွင်ရှောင်၏ ဆိုးရွားသောဖြစ်အင်ကို မြင်လျှင် ရှောင်ရှင်းဟဲသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျန်းချန်ကို အနည်းငယ် အထင်သေးနေသော ကျင့်လဲ့မြို့မှ ကျင့်ကြံသူပင် မျက်နှာထက်၌ အံ့အားသင့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ကျင့်ကြံသူဖြစ်သည့် ဝူယွင်ရှောင်သည် ကျန်းချန်၏ လက်သီးချက်အောက်တွင် ရှုံးနိမ့်သွားခဲ့သည် မဟုတ်ပါလော။

"ဒါ.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"မြို့တော်ငါးခုက ငါနဲ့ ငါ့ဆရာကို ဖိအားပေးခဲ့ပြီး ငါ့ရဲ့ မိတ်ဆွေတွေကို ထိခိုက်စေခဲ့တယ်.. ဒီအကြွေးတွေကို မင်းတို့မြို့တော်ငါးခုနဲ့ ရှင်းဖို့ အချိန်တန်ပြီ.. မင်းက ပထမဆုံးပဲ"

ကျန်းချန်က အေးစက်စက် ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို နေရာကနေ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ပုံရိပ်သည် ဝူယွင်ရှောင်၏ ဦးခေါင်းအထက်တွင် ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့ပြီး ထိုက်စန်းတောင် ကျဆင်းလာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသောအင်အားကို သယ်ဆောင်ကာ ဝူယွင်ရှောင်၏ ခေါင်းကို ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်၏။

"မသတ်ပါနဲ့"

ကြောက်မက်ဖွယ် စွမ်းအင်များ ကိန်းအောင်းနေသည့် ကျန်းချန်၏ ခြေထောက်ကို ကြည့်ကာ ဝူယွင်ရှောင်၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်ခြင်းနှင့် ကြောက်မက်ဖွယ်ရာ ကောင်းသော အမူအရာများ ပေါ်ပေါက်လာခဲ့သည်။

သူက ချက်ချင်ပင် သွေးစွမ်းအားနှင့် အသက်စွမ်းအင်များကို အစွမ်းကုန် လှုံ့ဆော်ကာ သူ၏ ဦးခေါင်းထက်တွင် ငွေရောင်အကာအရံ တစ်ခုကို စုဖွဲ့လိုက်ပြီး ကျန်းချန်၏ ခြေထောက်ကို ခုခံရန် ကြိုးစားခဲ့သည်။

ကျန်းချန်၏‌ ခြေထောက်နှင့် ထိမိပြီးနောက်တွင် မူလက ချောမွေ့နေသော ငွေရောင် အကာအရံပေါ်၌ ပင့်ကူမျှင် ကဲ့သို့ မျက်စိဖြင့် မြင်နိုင်သော အက်ကွဲကြောင်းများ ဆက်တိုက်ဆိုသလို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ငွေရောင် အကာအရံသည် လေထဲတွင် "ဝုန်းခနဲ"ဟူသော အသံနှင့်အတူ ကျိုးပျက်သွားခဲ့သည်။

ယင်းနောက်တွင် ကျန်းချန်၏ ခြေထောက်သည် ဝူယွင်ရှောင်၏ ဦးခေါင်းထက်သို့ ကျဆင်းလာခဲ့ပြီး ဝူယွင်ရှောင်ကို မီတာ၁၀၀ အမြင့်ကနေ မြေပြင်ပေါ်သို့ ပြုတ်ကျစေခဲ့သည်။

"ဝုန်း.."

မြေပြင်ပေါ်တွင် ဖုန်မှုန့်များ လွင့်စင်သွားခဲ့ပြီး ဆယ်မိုင်ပတ်ပတ်လည်ရှိ မြေပြင်သည် ငလျင်လှုပ်သကဲ့သို့ တုန်ခါနေခဲ့သည်။

အရာအားလုံး ငြိမ်သက်သွားပြီးနောက်တွင် ရှောင်ရှင်းဟဲနှင့်အခြားသူများသည် ဝူယွင်ရှောင်က ရုပ်ပျက်ဆင်းပျက်နှင့် သေဆုံးနေသည်ကို တွေ့လိုက်ရသည်။

ဝူယွင်ရှောင်၏ ဦးခေါင်းက လုံးဝကို ကျိုးကြေနေခဲ့ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများကလည်း မူလအတိုင်း မရှိတော့ပေ။

"ဝူယွင်ရှောင်က ဒီလိုပဲ သေဆုံးသွားခဲ့ပြီလား"

ရှောင်ရှင်းဟဲ၏ မျက်လုံးများက မှေးမှိန်နေခဲ့သည်။

သူက သူ့မျက်လုံးကိုပင် မယုံနိုင်ခဲ့ပေ။

သိထားရမည်မှာ ဝူယွင်ရှောင်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် လက်သီးတစ်ချက်နှင့် ကန်ချက် တစ်ချက်ကိုသာ အသုံးပြု၍ နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ဖြစ်သည့် ဝူယွင်ရှောင်၏ ခန္ဓာကိုယ်ကို ဝိညာဥ်ပါမကျန် ဖျက်ဆီးပစ်ခဲ့၏။

"တကယ်ကို ကြောက်ဖို့ကောင်းလိုက်တဲ့ တိုက်ပွဲဝင်စွမ်းရည်ပဲ"

ဤအချိန်တွင် ရှောင်ရှင်းဟဲတို့ သုံးယောက်စလုံးသည် ကျန်းချန်ကို ကြောက်လန့်တကြား ကြည့်နေခဲ့ကြသည်။

သူတို့သုံးယောက် လေထဲတွင် ဝင့်ကြွားစွာရပ်နေသော ရွှေရောင်ခန္ဓာကိုယ်ကို ထုတ်ဖော်ထားသည့် ကျန်းချန်ကို ကြည့်ကာ ရင်ထဲတွင် ရှင်းမပြနိုင်သော အေးစိမ့်စိမ့် ခံစားချက်များကို ရရှိလိုက်သည်။

အခန်း(၁၂၉၈)ပြီး၏။

အခန်း(၁၂၉၉)

"မင်းတို့ ဘာလုပ်နေကြတာလဲ.. မသေချင်ရင် အတူတူတက်ကြစို့"

ရှောင်ရှင်းဟဲက မှင်တက်ရာကနေ ပထမဆုံး သတိပြန်ဝင်လာခဲ့ပြီး ကြောက်လန့်တကြား အမူအရာဖြင့် သူ့နံဘေးရှိ နှစ်ယောက်ကို အလျင်အမြန် လှုံ့ဆော်လိုက်သည်။

သူတို့သုံးယောက်လုံးက ဝူယွင်ရှောင်ကို အေးအေးဆေးဆေးပင် သတ်ဖြတ်ပစ်လိုက်သည့် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ထိတ်လန့်တကြား ဖြစ်နေခဲ့ကြသည်။

သူတို့က အနည်းငယ်မျှပင် တုံ့ဆိုင်းရဲခြင်း မရှိဘဲ ရှောင်ရှင်းဟဲနှင့်အတူ ကျန်းချန်ကို အလျင်အမြန် တိုက်ခိုက်ခဲ့ကြ၏။

နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ကျင့်ကြံသူ နှစ်ယောက် ပူးပေါင်း၍ တိုက်ခိုက်လိုက်သောအခါ ကမ္ဘာကြီး၏ အရောင်ပင် ပြောင်းလဲသွားခဲ့သည်။

နတ်သန္ဓေအင်ပါယာနယ်ပယ် ကျင့်ကြံသူသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် တည်ငြိမ် အေးဆေးစွာ ရှိနေခဲ့သည်။

သူက သူ၏ ရွှေရောင်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြင်းထန်သော လက်သီးတစ်လုံးကို လေထဲသို့ ပစ်သွင်းလိုက်သည်။

"ဝုန်း.."

တောက်ပသော ရွှေ‌ရောင်လက်သီးချက်သည် ကောင်းကင်နှင့်မြေပြင်ကို ထိုးဖောက်သွားသော ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ထိုရွှေရောင်အလင်းတန်းသည် ရှောင်ရှင်းဟဲတို့ သုံးယောက်၏ ပူးပေါင်းစွမ်းအားနှင့် ထိပ်တိုက်ဆုံမိသွားခဲ့သည်။

"ဝုန်း.."

ချက်ချင်းဆိုသလိုပင် ရှောင်ရှင်းဟဲတို့ သုံးယောက်သည် ခန္ဓာကိုယ်များ တုန်ယင်သွားခဲ့ပြီး ဆယ်ပေကျော်ခန့်အထိ နောက်ဆုတ်လိုက်ရသည်။

"ဒီကောင်လေးက ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းနေရတာလဲ"

သုံးယောက်သားက သူတို့၏ ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်တစ်ခု ရှိနေခဲ့၏။

အထူးသဖြင့် ရှောင်ရှင်းဟဲ ဖြစ်သည်။

ထိုကောင်လေးသည် ယန်ဒီမြို့တော်တွင် ပေါ်ထွက်လာစဥ်ကထက်ပင် ယခုအခါ၌ အမှန်တကယ် အဆပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့ပြီ ဖြစ်၏။

သူတို့သုံးယောက်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့ရာတွင် မည်သည့် အသက်စွမ်းအင်ကိုမှ အသုံးမပြုခဲ့ပေ။

ဆိုရလျှင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ကျန်းချန်သည် သူတို့ လူစု တားဆီးနိုင်မည့်အရာ မဟုတ်ပေ။

"သေစမ်း"

ရှောင်ရှင်းဟဲ တို့ကို လက်သီးတစ်ချက်တည်းဖြင့် နောက်ဆုတ်စေခဲ့ပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် ကျင့်လဲ့မြို့မှ ကျင့်ကြံသူ၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့သည်။

ကျင့်လဲမြို့မှ ကျင့်ကြံသူသည် ရုတ်တရက် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး မိုးကြိုးနယ်မြေတစ်ခုကို ချက်ချင်းဆိုသလိုပင် ထုတ်ဖော်လိုက်သည်။

ထိုမိုကြိုးနယ်မြေကနေ ပေ၁၀၀ခန့် ရှည်လျားသော မိုးကြိုး ဓားရှည်တစ်လက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို ခုတ်ချလိုက်၏။

"ပျက်စီးစမ်း"

ကျန်းချန်က ထီမထင်ဟန်ဖြင့် စကားတစ်ခွန်းကို ခပ်အေးအေးသာ ရေရွတ်လိုက်ပြီးနောက်တွင် လက်သီးတစ်ချက်တည်းဖြင့် ချေမှုန်းလိုက်သည်။

"ဝုန်း.."

မိုးကြိုးဓားသည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားခဲ့၏။

ကျန်းချန်၏ လက်သီးချက်သည် ယခင်အတိုင်းပင် အစွမ်းထက်ပြီး ပြိုင်ဘက်ကင်းနေဆဲပင်။

ကျင့်လဲမြို့မှ ကျင့်ကြံသူ အကာအကွယ်ယူထားသော မိုးကြိုးနယ်မြေသည် ကျန်းချန်၏ လက်သီးချက်နှင့်အတူတူ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့သည်။

ကျင့်လဲ့မြို့မှ ကျင့်ကြံသူက ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပင် ကျန်းချန်၏ လက်သီးချက်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျ‌ရောက်လာခဲ့ပြီး အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့သည်။

ထျန်းဝူမြို့တော်မှ ဝူယွင်ရှောင်ကို သတ်ဖြတ်ပြီးနောက်တွင် ကျင့်လဲမြို့တော်မှ နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ကျင့်ကြံသူသည်လည်း ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။

"ရှောင်ရှင်းဟဲ ဒီတစ်ခေါက်က မင်းအလှည့်ပဲ.. ငါယန်ဒီမြို့ကို ရောက်လာစဥ်ကတည်းက ငါ့ကို အာရုံ‌လာမနောက်ပါနဲ့လို့ မင်းကို သတိပေးခဲ့ပြီးပြီ.. မင်းက အကောင်းအဆိုးကို နားမလည်မှတော့ သေဖို့သာ ပြင်ထားလိုက်တော့"

ကျင့်လဲမြို့မှ ကျင့်ကြံသူကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်က ရှောင်ရှင်းဟဲကို မထီမဲ့မြင် ကြည့်လိုက်သည်။

ထို့နောက်တွင် သူက လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ‌ရွှေရောင်လက်သီး အလင်းသည် ကောင်းကင်နှင့်မြေကြီးကို ချက်ချင်းပင် ဖြတ်သန်းသွားခဲ့ပြီး လေထုကို ဖြတ်ကျော်သွားခဲ့သည်။

ဤမရှုံးနိမ့်နိုင်သော လက်သီးစွမ်းအားအောက်တွင် လေထုသည်ပင် ရုတ်တရက် ပြိုကျသွားပုံရ၏။

ရှောင်ရှင်းဟဲ၏ အကာအရံအားလုံးသည် ထိုရွှေရောင်လက်သီးချက်၏ အောက်တွင် စက္ကူကဲ့သို့ စုတ်ပြတ်သတ်သွားခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး နောက်တွင် ‌ရှောင်ရှင်းဟဲ၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်တို့သည် ကျန်းချန်၏ လက်သီးချက်အောက်တွင် လုံးဝကို ကျိုးပျက်သွားခဲ့၏။

ကျန်းချန်က လက်သီးချက်သုံးချက်ဖြင့် မြို့တော်ငါးမြို့မှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ သုံးယောက်ကို လုံးဝ သတ်ဖြတ်လိုက်ပြီ ဖြစ်၏။

ထိုအချိန်တွင် ရှောင်တုလီနှင့် တိုက်ခိုက်နေသည့် ဖုန်းရွှယ်ယန်ပင် ၎င်း၏ အိုမင်းသောမျက်ဝန်းထဲ၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ ရှေ့မှ မြင်ကွင်းသည် ဖုန်းရွှယ်ယန်၏ အသိအမြင်အားလုံးကို အမှန်တကယ်ပင် ပြောင်းပြန်လှန်ပစ်လိုက်၏။

အသက်(၂၀)အရွယ် ကောင်လေးတစ်ယောက်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ် စတုတ္ထအဆင့်နှင့် တတိယအဆင့် ကျင့်ကြံသူ သုံးယောက်၏ ဝန်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ကာ အလွယ်တကူပင် ပြန်လည် သတ်ဖြတ်နိုင်ခဲ့သည်။

ထို့အပြင် နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့်ကျင့်ကြံသူကို လက်သီးတစ်ချက်ဖြင့်ပင် ခွေးတစ်ကောင် ကဲ့သို့ သတ်ဖြတ်ခဲ့သေးသည်။

ယင်းက မည်မျှပင် ကြောက်စရာ ကောင်းလိုက်ပါသနည်း။

ရှန်းဝူတိုက်၏ နံပါတ်တစ် ပါရမီရှင်ဟု သတ်မှတ်ခံရသည့် ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းမှ ရှားယွမ်ဟောင်ပင် ထိုထက်ပို၍ စွမ်းဆောင်နိုင်မည် မဟုတ်လောက်ပေ။

ရှောင်ရှင်းဟဲက ကျန်းချန်၏ တိုက်ခိုက်‌ရေးစွမ်းအင်ကို နတ်ဆိုးဆန်လွန်းသည်ဟု ပြောစဥ်တွင် ဖုန်းရွှယ်ယန်သည် လှောင်ပြောင်နေခဲ့သေးသည်။

သို့သော် ဤအချိန်တွင်မူ သူ့အနေဖြင့် ယုံရပေတော့မည်။

သူ့ရှေ့မှ ကျန်းချန်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူကို ချေမှုန်းနိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်နေခဲ့ပြီမဟုတ်ပါလော။

"ဟားဟား ဖုန်းရွှယ်ယန် မင်းနဲ့အတူ ပါလာတဲ့ နတ်သန္ဓေအင်ပါယာနယ်ပယ်တွေ သတ်ဖြတ်ခံနေရတာကို ရှုစားရတာ ဘယ်လိုခံစားရလဲ.. အခု မင်းကိုယ်တိုင်တောင် ကာကွယ်ဖို့ခက်ခဲနေပြီ မဟုတ်လား.. ငါ့လက်ထဲမှာ မသေအောင် ဂရုစိုက်ပါ"

ရှောင်တုလီက ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး သူ၏ဓားနယ်မြေနှင့် မီးလျှံနယ်မြေကို တိုက်ရိုက် ပေါင်းစည်းကာ ဖုန်းရွှယ်ယန်ကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။

ဖုန်းရွှယ်ယန်က ကျန်းချန်ကို ဆက်လက် အာရုံမထားနိုင်တော့ဘဲ ရှောင်တုလီ၏ နယ်မြေထပ်ဆင့် စွမ်းအားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ထိုအချိန်တွင် လင်ရှီမြို့တော်မှ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် သူ၏ မျက်စိရှေ့မှ မြင်ကွင်းကြောင့် သေမတတ် ကြောက်လန့်နေခဲ့ပြီ ဖြစ်သည်။

သူ့ထံတွင် ကျန်းချန်နှင့် တိုက်ခိုက်ရဲသောသတ္တိ လုံးဝ ဆုံးရှုံးသွားခဲ့ချေပြီ။

သူက ချက်ချင်းပင် အနက်ရောင်အလင်း အဖြစ်သို့ ပြောင်းလဲကာ ထိတ်လန့်တကြား အဝေးသို့ ထွက်ပြေးသွားခဲ့သည်။

သူ့အတွက် ကျန်းချန်သည် မရှုံးနိမ့်နိင်သည့် သတ်ဖြတ်ခြင်းနတ်ဘုရားကဲ့သို့ ဖြစ်နေခဲ့သည်မဟုတ်ပါလော။

သူ၏ တစ်ခုတည်းသော အတွေးမှာ တတ်နိုင်သမျှ ဝေးဝေးသို့ ပြေးကာ ကျန်းချန်၏ ရှေ့တွင် ထပ်မံ ထွက်ပေါ်မလာရန် ဖြစ်၏။

"ထွက်ပြေးချင်တယ်လား"

ကျန်းချန်က အေးစက်စက်ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် အင်မော်တယ်ရွှေခန္ဓာကိုယ်ကို ရုတ်သိမ်းလိုက်သည်။

ထို့နောက်တွင် သူက မီတာ၃၀၀ ပတ်လည်ရှိ မီးလျှံနယ်မြေ တစ်ခုကို လေထုထဲတွင် ချက်ချင်းပင် ဖော်ထုတ်လိုက်၏။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ပေ၁၀၀ပင် မရောက်သေးခင်မှာပင် မီးလျှံနယ်မြေ၏ လွှမ်းမိုးခြင်းကို ချက်ချင်းပင် ခံလိုက်ရသည်။

"အလယ်အလတ်အဆင့်နယ်မြေစွမ်းအားပါလား"

အနက်ရောင်ဝတ်အဘိုးအို၏ မျက်လုံးထဲတွင် ကြောက်ရွံ့သောအရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။

သူက ကျန်းချန်နှင့် ပေ၁၀၀နီးပါး ကွာဝေးနေပြီ ဖြစ်၍ သာမန်နယ်မြေစွမ်းအားသည် သူ့ကိုလွှမ်းခြုံနိုင်မည်မဟုတ်ပေ။

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကျန်းချန်၏ဓားနယ်မြေသည် အလယ်အလတ်နယ်မြေအဆင့်သို့ ရောက်ရှိနေခြင်းပင်ဖြစ်သည်။

အလယ်အလတ်နယ်မြေသည် ပေ၃၀၀ပတ်လည်ကို ဖုံးလွှမ်းနိုင်သည်မဟုတ်ပါလော။

အနက်ရောင်ဝတ်အဘိုးအိုက သွားများကို အံကြိတ်လိုက်ပြီး မျက်လုံးထဲတွင် ရူးသွပ်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအားများကို အစွမ်းကုန်လှုံ့ဆော်ကာ သူ၏သွေးအဆီအနှစ်ကို မီးရှို့၍ ကျန်းချန်၏ဓားနယ်မြေကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။

သို့သော်လည်း နတ်သန္ဓေအင်ပါယာနယ်ပယ်တတိယအဆင့်ခွန်အားနှင့် အလယ်အလတ် နယ်မြေစွမ်းအားတို့ ပေါင်းစပ်ထားသော ကျန်းချန်ကို နတ်သန္ဓေအင်ပါယာနယ်ပယ်စတုတ္ထအဆင့်အစောပိုင်းကျင့်ကြံသူဖြစ်သည့် အနက်ရောင်ဝတ်အဘိုးအိုသည် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်လောင်ကျွမ်းဓားနယ်မြေရှိ ဓားအရှိန်အဝါထောင်‌ပေါင်းများစွာဖြင့် ချေမှုန်းခံလိုက်ရပြီး ဘာမှမကျန်ရှိတော့ပေ။

ယခုအခါ မြို့တော်ငါးခု၏ နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ကျင့်ကြံသူသုံးယောက်နှင့် စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ယောက်သည် ကျန်းချန်၏လက်ထဲတွင် ကျရှုံးသွားခဲ့ကြပြီဖြစ်သည်။

ထို့အပြင် ထိုလေးဦးစလုံးကို ကျန်းချန်သည် တစ်ကွက်၊နှစ်ကွက်ဖြင့်ပင် သတ်ဖြတ်ခဲ့ပြီး လုပ်ငန်းစဥ် တစ်ခုလုံးသည် စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

အသက်(၂၀)အရွယ် ကောင်လေးတစ်ယောက်က နတ်သန္ဓေ အင်ပါယာနယ်ပယ် ကျင့်ကြံသူ လေးယောက်ကို အလွယ်တကူ သတ်ဖြတ်လိုက်သော မှတ်တမ်းမျိုးသည် ကြောက်မက်ဖွယ်ရာ မှတ်တမ်းဟုပင် ဖော်ပြနိုင်တော့မည်ဖြစ်သည်။

ဤစံချိန်မှတ်တမ်းသည် ရှန်းဝူတိုက်ကြီး တစ်ခုလုံးနှင့်ယှဥ်လျှင်ပင် ထူးခြားမည်မှာ ဧကန်မုချပင်။

အခန်း(၁၂၉၉)ပြီး၏။

All Chapters