← Chapters

အခန်း (၁၃၀၀-၁၃၀၂)

Vol. 87 Ch. 1300-1302

အခန်း (၁၃၀၀-၁၃၀၂)

Vol. 87 Ch. 1300-1302

အခန်း(၁၃၀၀)

"အားလုံးသေသွားပြီလား"

ဤအချိန်တွင် လေထုထဲ၌ ရှောင်တုလီ၏ နယ်မြေထပ်ဆင့် ပေါင်းစည်းစွမ်းအားကြောင့် ဖိနှိပ်ခံထားရသော ဖုန်းရွှယ်ယန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်နှာပျက်သွားခဲ့သည်။

သိပ်မကြာခင်ကလည်း မြို့တော်ငါးခုသည် နတ်သန္ဓေအင်ပါယာ သုံးပါးကို အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသို့ စေလွှတ်ခဲ့သေး၏။

သို့သော်လည်း ၎င်းတို့အားလုံးသည် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးခဲ့ကြသည်။

ဤတစ်ခေါက်တွင်လည်း သူဦးဆောင်သော နတ်သန္ဓေအင်ပါယာ ငါးပါးသည် ကျန်းချန်ကို ဖမ်းဆီးရန် ဆိတ်ငြိမ်နယ်မြေ၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ကျန်းချန်က သူမှလွဲ၍ ကျန်နတ်သန္ဓေအင်ပါယာ နယ်ပယ် လေးပါးလုံးကို အလွယ်တကူ သတ်ဖြတ်ပစ်လိုက်မည်ဟု ဖုန်းရွှယ်ယန် မည်သို့မျှ မထင်ထားခဲ့ပေ။

ကျုံးကျိုးကုန်းမြေသို့ ကျန်းချန် ပြန်ရောက်ပြီး နှစ်လမပြည့်မီမှာပင် မြို့တော်ငါးခု၏ နတ်သန္ဓေအင်ပါယာနယ်ပယ် ခုနစ်ပါးသည် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးခဲ့ကြရသည်။

ဤသို့သော အခြေအနေသည် ဖုန်းရွှယ်ယန် စိတ်ကူးထားသည်ထက်ပင် လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သိထားရမည်မှာ မြို့တော်ငါးခု၏ နတ်သန္ဓေအင်ပါယာ အရေအတွက် စုစုပေါင်းသည် အယောက်(၂၀)ကျော်သာ ရှိ၏။

ယခု(၇)ယောက် ကျဆုံးသွားခဲ့ပြီ ဖြစ်ရာ ဤအရေအတွက်သည် မြို့တော်ငါးခုမှ နတ်သန္ဓေအင်ပါယာ အရေအတွက်၏ သုံးပုံတစ်ပုံ နီးပါး ရှိနေခဲ့ပြီ မဟုတ်ပါလော။

ဤကဲ့သို့ ဆုံးရှုံးမှုသည် မြို့တော်ငါးခု၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေရန် လုံလောက်နေပြီ ဖြစ်သည်။

နှစ်ပေါင်း(၁၀၀၀၀)နီးပါး သမိုင်း တစ်လျှောက်လုံးတွင် ဤမျှ များပြားသော နတ်သန္ဓေအင်ပါယာများ မကျဆုံးခဲ့ဖူးပေ။

"ဒီတစ်ကြိမ်တော့ မြို့တော်ငါးခု ပြဿနာတက်ပြီ"

ဖုန်းရွှယ်ယန်သည် သူ၏ရင်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။

မူလက သူတို့၏ မျက်လုံးထဲတွင် ကျန်းချန်သည် အသက်(၂၀)အရွယ် မလောက်လေး မလောက်စားကောင်လေး တစ်ယောက်မျှသာ ဖြစ်၏။

နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီက နောက်ကွယ်ကနေ ထောက်ပံ့နေလျှင်ပင် ထိုကောင်လေးသည် သူတို့ငါးယောက်ရှေ့တွင် ဘာမှ လှုပ်ရှားနိုင်မည်မဟုတ်ဟု ထင်မြင်ခဲ့သည်။

ထို့ကြောင့်လည်း ကျန်းချန်တို့ ဆရာတပည့် နှစ်ယောက်ကို ကိုင်တွယ်ရန် ရောက်ရှိလာခဲ့ကြခြင်းပင် ဖြစ်၏။

သို့သော်လည်း ဤအချိန်တွင် ဖုန်းရွှယ်ယန်သည် ကျန်းချန်ကို သူတို့က အထင်သေးခဲ့မိမှန်း သဘောပေါက်သွားခဲ့သည်။

ရှောင်တုလီတို့ ဆရာတပည့် နှစ်ယောက်စလုံးသည် ပါရမီထူးချွန်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

အသက်(၁၀၀)ပင် မပြည့်သေးသော ရှောင်တုလီသည် နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အစောပိုင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီး တိုက်ခိုက်ရေးစွမ်းအင်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်ထက် မနိမ့်ကျပေ။

ကျန်းချန်သည် ရှောင်တုလီထက်ပင် ပို၍ပင် ကြောက်စရာကောင်း၏။

အသက်(၂၀)ကျော် အရွယ်မှာပင် နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့်ကို ရောက်ရှိနေခဲ့ပြီ ချေပြီ။

ထို့ပြင် ရုပ်ပိုင်းဆိုင်ရာကိုပါ ကျင့်ကြံထားပြီး ရုပ်ပိုင်းဆိုင်ရာသီးသန့်ဖြင့်ပင် နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့်ကို အလွယ်တကူ သတ်ဖြတ်နိုင်သော စွမ်းရည်ရှိသည်။

၎င်းက ကိုယ်ခံပညာ မျိုးစုံကိုလည်း တစ်ဖက်ကမ်းခတ်နားလည်ပြီး ဓားနယ်မြေတွင် အလယ်အလတ် နယ်မြေအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။

တိုက်ခိုက်ရေးစွမ်းအင် အနေဖြင့် ဆိုရလျှင် ကျန်းချန်သည် ရှောင်တုလီထက်ပင် ပိုမို အားကောင်းနိုင်ခြေ ရှိသည်။

ထိုဆရာတပည့်နှစ်ယောက်သာ ပူးပေါင်းလိုက်လျှင် နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူပင် အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုအတွေးများ တွေးမိလိုက်သည်နှင့် ဖုန်းရွှယ်ယန်၏ ရင်ထဲတွင် ထွက်ပြေးရန် ရည်ရွယ်ချက် တစ်ခုသာ ရှိတော့သည်။

နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ တစ်ယောက်တည်းကပင် သူ့အတွက် အလွန်တရာ ခက်ခဲနေခဲ့ပြီ ဖြစ်သည်။

ကျန်းချန်ကပါ ရှောင်တုလီနှင့် အတူ ပူးပေါင်းလိုက်လျှင် သူ့အနေဖြင့် ကျဆုံးနိုင်သော အန္တရာယ်ပင် ရှိနေပြီ မဟုတ်ပါလော။

သူတို့ မြို့တော်ငါးခုသည် ကျန်းချန်နှင့် ရှောင်တုလီ တို့ကို အလွယ်တကူ ကိုင်တွယ်နိုင်တော့မည် မဟုတ်ချေ။

သူက မြို့တော်ငါးခုကို အရင်ပြန်ကာ ၎င်းတို့ကို ကိုင်တွယ်ရန် ရေရှည် အစီအစဥ်များကို ပြုလုပ်ရမည် ဖြစ်၏။

ထိုသို့ မဟုတ်လျှင် မြို့တော်ငါးခုသည် အမှန်တကယ်ပင် ပျက်စီးခြင်း အန္တရာယ်ကို ကြုံတွေ့ရနိုင်ပေသည်။

ဖုန်းရွှယ်ယန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

သူက ချက်ချင်းပင် သုံးပေ အရွယ်အစားရှိသည့် နေရာလွတ်လိုဏ်ခေါင်း တစ်ခုကို ဖွင့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။

"ဟားဟား ဖုန်းရွှယ်ယန် ထွက်ပြေးတော့မလို့လား.. စိတ်မကောင်းစရာက မင်းဘယ်လိုမှ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး..ဒီနေ့ ငါရှောင်တုလီက မင်းကို နင်းချေပြီး အထွတ်အထိပ်နတ်သန္ဓေအင်ပါယာ စာရင်းထဲ ဝင်ဖို့ ဆုံးဖြတ်ထားပြီးပြီ"

"မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်း"

ရှောင်တုလီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက်တွင် သူ၏အားထားရသော တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။

ပေ၁၀၀ကျော်ခန့် ရှည်လျားသော မီးလျှံဓားကြီးသည် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းဆိုသလိုပင် လေထုကို ပိုင်းဖြတ်လိုက်သည်။

လေထုထဲတွင် ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ဖုန်းရွှယ်ယန်ဖွင့်လှစ်ထားသည့် နေရာလွတ် လိုဏ်ခေါင်းသည် ချက်ချင်းဆိုသလိုပင် ပြိုကျသွားခဲ့သည်။

သူဖွင့်လှစ်ထားသည့် နေရာလွတ်လိုဏ်ခေါင်း ပြိုကျသွားသည်ကို မြင်လျှင် ဖုန်းရွှယ်ယန်သည် ရှောင်တုလီကို ဒေါသတကြီး ကြည့်လိုက်သည်။

သူက သွားများကို အံကြိတ်လိုက်ပြီး ရှောင်တုလီကို သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူနှစ်ဦးကြား တိုက်ပွဲသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး လေထုထဲတွင် ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့သည်။

ကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်းစွမ်းအင် မုန်တိုင်းများသည်လည်း ကောင်းကင်ယံတွင် ဆက်တိုက်ဆိုသလို တိုက်ခိုက်နေခဲ့သည်။

"ဒီဖုန်းမိသားစုဘိုးဘေးက ဆရာ့ရဲ့ပြိုင်ဘက် မဟုတ်လောက်ဘူး"

တိုက်ပွဲကနေ ဖြစ်ပေါ်လာသော ဖျက်ဆီးခြင်းစွမ်းအင် မုန်တိုင်းကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် လေထုထဲတွင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်၏။

သူက အပေါ်စီးကနေ တိုက်ခိုက်နေသော ရှောင်တုလီကို ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ့ဆရာ ရှောင်တုလီသည် အသက်(၁၀၀)ပင် မပြည့်သေးဘဲ နတ်သန္ဓေ အင်ပါယာနယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

ထို့အပြင် သူ့ဆရာသည် အလွန်ပါရမီထူးချွန်သူ ဖြစ်၍ နယ်မြေနှစ်ခု၏ စွမ်းအားကို နားလည်ခဲ့ပြီး အဆင့်တူ အတွင်း မရှုံးနိမ့်နိုင်သလောက် ဖြစ်သည်။

ထို့ကြောင့် ဖုန်းရွှယ်ယန်သည် ကျင့်ကြံခြင်းအဆင့်တွင် နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း ရှောင်တုလီကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

ဆယ်ကွက်ခန့် ထပ်မံတိုက်ခံပြီးနောက်တွင် ဖုန်းရွှယ်ယန်သည် ရှောင်တုလီ၏ ဆက်တိုက် ထိုးစစ်များကြောင့် အဆုံးသတ်တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ပြီး လုံးဝကို ရှုံးနိမ့်သွားခဲ့သည်။

သေခြင်းတရားနှင့် ထိပ်တိုက်ကြုံတွေ့ရသည့် အခိုက်တန့်တွင် ဖုန်းရွှယ်ယန်၏ မျက်လုံးထဲ၌ ရူးသွပ်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက အသက်စွမ်းအင် ပင်လယ်မှ နတ်သန္ဓေကို ကိုယ်တိုင်ဖောက်ခွဲကာ ရှောင်တုလီကို ပြန်လည် တွန်းလှန်ခဲ့၏။

ခန္ဓာကိုယ်ပျက်စီးပြီး တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဥ်သည် ဤအခွင့်အရေးကို ယူကာ ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော် ဖုန်းရွှယ်ယန် ထွက်မပြေးခင်မှာပင် သူ၏ ဝိညာဥ်ကို တုန်လှုပ်စေသော ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားတစ်ခုသည် သူ၏ ဦးခေါင်းအထက်ရှိ လေထုထဲတွင် ပေါ်လာခဲ့သည်။

ဖုန်းရွှယ်ယန်က ရုတ်တရက် ခေါင်းမော့၍ ကြည့်လိုက်ရာ ဆန်းကြယ်သော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ် တစ်ခုသည် သူ့ထံသို့ ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။

"မသတ်ပါနဲ့"

ဤအချိန်တွင် ဖုန်းရွှယ်ယန်၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်ခြင်းနဲ့ ကြောက်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေသော်လည်း အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် သူ့ကို တုံ့ပြန်ရန်ပင် အချိန်မပေးဘဲ သူ၏ဝိညာဥ်ကို တိုက်ရိုက်ပင် ဝါးမျိုပစ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ဖုန်းရွှယ်ယန်၏ ဝိညာဥ်သည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်၏ အောက်တွင် လုံးဝကို ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤသို့ဖြင့် ရှန်းဖုန်းမြို့တော်၏ ဘိုးဘေးဖြစ်ပြီး အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် အဆင့်(၉၃) ရှိသည့် ဖုန်းရွှယ်ယန်သည် ကျဆုံးသွားခဲ့ရသည်။

ကျန်းချန်နှင့် ရှောင်တုလီတို့ ဖုန်းရွှယ်ယန်ကို သတ်ဖြတ်လိုက်ချိန်တွင် ကျန်းချန်၏ အမိန့်ကို ရရှိ၍လိုက်လာကြသော ဖုန်းဝူယင်းတို့သည် ထိုတုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို တွေ့မြင်ခဲ့ကြသည်။

အထူးသဖြင့် ရှန်းဖုန်းမြို့တော်တွင် မွေးဖွားခဲ့သော ဖုန်းဝူယင်းသည် ဤအချိန်တွင် ပို၍ပင် ထိတ်လန့် တုန်လှုပ်နေခဲ့သည်။

ရှန်းဖုန်းမြို့တော်၏ အကြီးအကဲချုပ်တစ်ဦး အနေဖြင့် ဖုန်းဝူယင်းသည် ဖုန်းမိသားစု ဘိုးဘေး ဖုန်းရွှယ်ယန်၏ အရှိန်အဝါကို ကောင်းစွာ ရင်းနှီး၏။

ဤသည်မှာ သူတို့ ဖုန်းမိသားစု၏ ဘိုးဘေးနှစ်ပါးထဲမှ တစ်ပါးဖြစ်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေသူ ဖြစ်သည့်အပြင် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင်လည်း အဆင့်(၉၃)တွင် ရှိသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

မြို့တော်ငါးခုရှိ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ အားလုံးထဲမှာပင် ဖုန်းရွှယ်ယန်၏ ခွန်အားသည် ထိပ်ဆုံးနေရာတွင် ရှိ၏။

ဤကဲ့သို့ အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ နယ်ပယ်တစ်ပါးပင်လျှင် ကျန်းချန်တို့၏ လက်ထဲတွင် ကျဆုံးသွားခဲ့ချေပြီ။

"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဖုန်းဝူယင်းသည် ဤအချိန်တွင် သူ့မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ဖုန်းရွှယ်ယန်လို အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းထဲမှ ကျင့်ကြံသူပင် ကျဆုံးသွားခဲ့ပြီ ဖြစ်ရာ မြို့တော်ငါးခုတွင် ကျန်းချန်ကို မည်သူက တားဆီးနိုင်ပါဦးမည်နည်း။

ပို၍ပင် ကြောက်စရာကောင်းသည်မှာ ကျန်းချန်သည် နိဗ္ဗာန်မြို့တော်၏ အာဏာကိုပါ ထိန်းချုပ်ထားခြင်း ဖြစ်သည်။

လက်ရှိ ကျန်းချန်၏ ခွန်အားနှင့် နိဗ္ဗာန်မြို့တော်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားတို့သာ ပေါင်းစပ်လိုက်လျှင် မြို့တော်ငါးခု အနေဖြင့် ယှဥ်နိုင်ရန် ဘယ်လိုမှမဖြစ်နိုင်တော့ပေ။

ထိုအကြောင်းကို တွေးမိကာ ဖုန်းဝူယင်းသည် သူ၏ စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်မိသည်။

မြို့တော်ငါးခုအနေဖြင့် ကျန်းချန်နှင့် ငြိမ်းချမ်းရေး လုပ်မည်ဆိုလျှင် အချိန်မီနိုင်သေးသည်။

ထိုသို့မဟုတ်ဘဲ ကျန်းချန်ကို ဒေါသထွက်စေခဲ့လျှင် နှစ်ပေါင်းထောင်ချီ ကြာအောင် တည်တံ့ခဲ့သည့် မြို့တော်ငါးခု၏ အခြေခံ အုတ်မြစ်များသည် တစ်ခဏအတွင်း ပျက်စီးသွားနိုင်ပေသည်။

အခန်း(၁၃၀၀)ပြီး၏။

အခန်း(၁၃၀၁)

ဆိတ်ငြိမ်နယ်မြေ၏ အပြင်ဘက်တွင် ကျန်းချန်နှင့် ရှောင်တုလီတို့သည် ဖုန်းရွှယ်ယန် ဦးဆောင်သော နတ်သန္ဓေအင်ပါယာ ငါးပါးကို သတ်ဖြတ်ပစ်လိုက်သည်။

ထို့နောက်တွင် သူတို့သည် ခြေရာလက်ရာများကို မဖျောက်ဖျက်ဘဲ မြောက်ပိုင်းကမ်းရိုးတန်း ဒေသသို့ ပေါ်ပေါ်ထင်ထင်ပင် ခရီးနှင်ခဲ့ကြသည်။

ကျန်းချန်နှင့် ရှောင်တုလီတို့၏ ခွန်အားဖြင့်ဆိုလျှင် မြို့တော်ငါးခုရှိ မည်သည့် ကျင့်ကြံသူကိုမဆို ကြောက်ရွံ့စရာ မလိုတော့သဖြင့် ပုန်းလျှိုးကွယ်လျှိုး နေထိုင်စရာ မလိုအပ်တော့ပေ။

ထို့အပြင် ကျန်းချန်သည် ယခုအခါတွင် မြို့တော်ငါးခုနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်သော အင်အားကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် သူသည် မြို့တော်ငါးခုနှင့် သူနှင့်ကြားရှိ အမုန်းတရားများကို လုံးဝ အဆုံးသတ်ရန် ရည်ရွယ်ထားခဲ့သည်။

ကိုယ်ပိုင်ဝိသေသလက္ခာဏာရပ်ကို မဖုံးကွယ်ထားသောကြောင့် ခရီးလမ်းတစ်လျှောက်တွင် ကျန်းချန်တို့ကို စိတ်ဝင်တစား ကြည့်ရှုသူများစွာရှိခဲ့သည်။

ကျန်းချန်က သူ့ကို စိတ်ဝင်တစား ကြည့်ရှုနေကြသောသူများကို ဂရုမစိုက်ခဲ့ပေ။

သူက ထိုလူများကို အခွင့်ကောင်းယူကာ မြို့တော်ငါးခုကို ပွင့်ပွင့်လင်းလင်းပင် စိန်ခေါ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် ဖုန်းရွှယ်ယန် ဦးဆောင်သော နတ်သန္ဓေအင်ပါယာ ငါးပါးကို ဆိတ်ငြိမ်နယ်မြေ အပြင်ဘက်တွင် သတ်ဖြတ်ခဲ့ပြီး တစ်လအတွင်း လူသားဧကရာဇ်နန်းတော်ကို တည်ထောင်ကာ မြို့တော်ငါးခုနှင့် ထိပ်တိုက်ရင်ဆိုင်မည် ဟူသော သတင်းသည် မုန်တိုင်းသဖွယ် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းကို ကြားလျှင် ကျုံးကျိုးကုန်းမြေရှိ အင်အားကြီးမားသော အဖွဲ့အစည်း အားလုံးသည် တုန်လှုပ်သွားခဲ့ကြ၏။

သူတော်စင်မြို့တော် ငါးမြို့သည် ကျုံးကျိုးကုန်းမြေတွင် နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသည့် ကြယ်လေးပွင့်အဆင့်ရှိသည့် သူတော်စင်နယ်မြေများ ဖြစ်ကြသည်။

၎င်းတို့က ကြွယ်ဝသော အမွေအနှစ်များနှင့် မှန်းဆ၍ မရနိုင်သောခွန်အားများ ရှိ၏။

ကျုံးကျိုးကုန်းမြေရှိ ထိပ်တန်း အင်အားစုများပင် မြို့တော်ငါးခုကို စိန်ခေါ်ဝံ့သူ မရှိခဲ့ပေ။

"ဒီကျန်းချန် ဆိုတဲ့ကောင်လေးက မြို့တော်ငါးခုက ဖမ်းမိန့်ထုတ်ထားတဲ့ကောင်လေး မဟုတ်လား"

"ဟုတ်တယ် ဒီကောင်လေးက နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီရဲ့ တပည့်လို့လည်း ပြောကြတယ်.. အခုမှ အသက်(၂၀)ကျော်ပဲ ရှိသေးပေမဲ့ မြို့တော်ငါးခုက နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူတွေကို ခွေးသတ်သလို အေးအေးဆေးဆေး သတ်ပစ်နိုင်တဲ့အထိ အရမ်းအစွမ်းထက်တယ်"

"ဒီကောင်လေးက အရမ်းသန်မာတာပဲ...ငါတို့ ဒီကောင်လေးနဲ့ မငြိခဲ့တာ ကံကောင်းတယ်.. မဟုတ်ရင် ဘယ်လို သေလို့သေမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး"

"............"

မရေမတွက်နိုင်သော လူအများအပြားက ထိုအကြောင်းကို ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

ထိုသတင်းက ကျုံးကျိုးကုန်းမြေရှိ မျိုးနွယ်စုကြီးများနှင့်ဂိုဏ်းများအားလုံးကို ပျံ့နှံ့သွားခဲ့၏။

သတင်းက တကယ်ကို အံ့သြစရာကောင်း၏။

မြို့တော်ငါးခုက ဖမ်းမိန့်ထုတ်ထားသည့် မလောက်လေး မလောက်စားကောင်လေး တစ်ယောက်သည် ကျုံးကျိုးကုန်းမြေကနေ ပျောက်ကွယ်သွားပြီး (၂)နှစ် အကြာတွင် အင်အားစု တစ်စုကို တည်ထောင်ကာ မြို့တော်ငါးခုနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်နေသည် မဟုတ်ပါလော။

"မြို့တော်ငါးခုနဲ့ ထိပ်တိုက် ရင်ဆိုင်တာက ကျုံးကျိုးကုန်းမြေရဲ့နှစ်ပေါင်း(၁၀၀၀၀) သမိုင်းအတွင်းမှာ ပထမဆုံးအကြိမ်ပဲ"

ကျင့်ကြံသူများသည် စိတ်ခံစားမှု အပြည့်ဖြင့် ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

"ကျန်းချန်က သူ့သေတွင်းကို သူတူးနေတာလို့ ငါထင်တယ် မြို့တော်ငါးခုလုံးက နှစ်ထောင်ချီ သမိုင်းအမွေအနှစ်တွေကို လက်ဆင့်ကမ်းလာတဲ့ ကြယ်လေးပွင့် သူတော်စင်နယ်မြေတွေပဲ.. ကျန်းချန်က ဘယ်လောက်ပဲ နတ်ဆိုးဆန်ပြီး ပါရမီရှိပါစေ မြို့တော်ငါးခုနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်ပြိုင်နိုင်မှာလဲ"

မြို့တော်ငါးခုကို ထောက်ခံသူတချို့သည် အထင်သေးစွာဖြင့် ပြောဆိုလိုက်ကြသည်။

"ငါတော့ အဲဒီလိုမထင်ဘူး.. ကျန်းချန်ကိုယ်တိုင်က နတ်ဆိုးဆန်ဆန် ပါရမီရှိတဲ့အပြင် သူ့ဆရာ နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီကလည်း တုနှိုင်းမဲ့ပါရမီရှင် တစ်ယောက်ပဲ.. ဖုန်းရွှယ်ယန် ဦးဆောင်တဲ့ နတ်သန္ဓေအင်ပါယာ နယ်ပယ်ငါးပါးတောင် သူတို့နှစ်ဦး လက်ထဲမှာ ကျရှုံးခဲ့တယ်လို့ ပြောကြတယ်.. ငါ့အထင်တော့ မြို့တော်ငါးခုရဲ့ ကျင့်ကြံသူတွေထဲမှာ သူတို့နှစ်ယောက်ကို ဘယ်သူမှ ဖိနှိပ်နိုင်မယ်လို့ မထင်ဘူး"

"မင်းပြောတာ ဖြစ်နိုင်တယ်.. ကျုံးကျိုးကုန်းမြေရဲ့ မပြောင်းလဲဘဲ တည်ရှိခဲ့တဲ့ နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းကို သူတို့နှစ်ယောက်က ပြန်လည် ရေးထိုးနိုင်တယ်"

အချို့သော ကျင့်ကြံသူများကလည်း မတူညီသော အမြင်များကို ဆွေးနွေးခဲ့ကြသည်။

ကျန်းချန်၏ စွမ်းဆောင်ချက်များသည် အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်၏။

နှစ်ပေါင်း(၁၀၀၀၀)တွင် တစ်ယောက်သာ ပေါ်ထွက်ခဲ့သည့် ပါရမီရှင် ကျန်းချန်သည် ကျုံးကျိုးကုန်းမြေ၏ သမိုင်းကြောင်းကို အသစ်တဖန် ရေးထိုးနိုင်စွမ်း ရှိပါမည်လော။

ပြင်ပကမ္ဘာတွင် ကျန်းချန်၏ နာမည်ကြောင့် အငြင်းအခုံများ ဖြစ်ပေါ်နေစဥ် မြို့တော်ငါးခုသည် ဒေါသထွက်နေခဲ့ကြသည်။

ကျင့်လဲ့မြို့တော်၏ နန်းတော်ထဲကနေ လျှပ်စီးမိုးကြိုးများလွှမ်းခြုံနေသော ဆံဖြူအဘိုးအို တစ်ယောက်သည် ရုတ်တရက် ကောင်းကင်ပေါ်သို့ ပျံတက်ခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးများကို ထုတ်လွှတ်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံးသည် ကမ္ဘာပျက်မတတ် ဖြစ်နေခဲ့သည်။

"ကျန်းချန်.. မင်းက ငါ့သားကိုသတ်ပစ်ခဲ့တယ်.. ငါမင်းကို ဘယ်နည်းနဲ့မှ ခွင့်မလွှတ်နိုင်ဘူး"

ထျန်းဝူမြို့တော်၏ မြေအောက် ပေသုံးဆယ်အကွာမှ လျှို့ဝှက်အခန်းတစ်ခန်းထဲတွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံဖြူအဘိုးအိုတစ်ဦးသည် တင်ပျဥ်ခွေထိုင်နေရာကနေ အဆုံးသတ်၌ ဖြည်းဖြည်းချင်း မျက်လုံးများကိုဖွင့်လိုက်သည်။

သူ၏ အိုမင်းသောမျက်လုံးများက အရာအားလုံးကို ဖြတ်တောက်နိုင်သော ကောင်းကင်ဓားတစ်လက်နှယ် ထက်ရှနေခဲ့၏။

"ကျန်းချန်က မြို့တော်ငါးခုရဲ့ နတ်သန္ဓေအင်ပါယာတွေကို သတ်ဖြတ်ပြီး မြို့တော်ငါးခုကို စစ်ကြေညာလိုက်တာလား.. ဘယ်သူပဲဖြစ်ဖြစ် ငါတို့ မြို့တော်ငါးခုရဲ့ အာဏာကို ထိပါးရဲရင်တော့ အသက်နဲ့ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်"

ဆံဖြူအဘိုးအိုက အေးစက်စက် ကြုံးဝါးလိုက်သည်။

စကားဆုံးသည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားအရိပ်မှ ထွက်ပေါ်လာသော ပြိုင်ဘက်ကင်း ဓားတစ်လက်ကဲ့သို့ ကောင်းကင်ပေါ် ပျံသန်းသွားခဲ့သည်။

ချက်ချင်း ဆိုသလိုပင် ယန်ဒီမြို့တော်နှင့် လင်ရှီမြို့တော်မှ ဘိုးဘေးများသည်လည်း ကျန်းချန်ကို ကမ္ဘာအဆုံးထိ လိုက်လံ သတ်ဖြတ်မည်ဟု ကျိန်ဆိုကာ အသီးသီး တုံ့ပြန်ခဲ့ကြသည်။

ကျုံးကျိုးကုန်းမြေရှိ မြို့တော်ငါးခုတွင် နံပါတ်တစ် မြို့တော်ဖြစ်သော ရှန်းဖုန်းမြို့တော်၏ ဗဟိုခန်းမ အတွင်း၌ ကြာပန်းနတ်ဧကရာဇ် ဖုန်းချင်းယာသည် ခေါင်းဆောင် ထိုင်သည့် ထိုင်ခုံတွင် ထိုင်နေခဲ့သည်။

သူ၏ အမူအရာက အလွန်ပင် သုန်မှုန်နေခဲ့၏။

ကျုံးကျိုးကုန်းမြေတွင် ကျန်းချန် ထွက်ပေါ်လာပြီးနောက်တွင် ရှန်းဖုန်းမြို့တော်သည် အံ့ဖွယ်တိမ်တိုက်ဂိုဏ်းသို့ နတ်သန္ဓေအင်ပါယာ နယ်ပယ် တတိယအဆင့် ဖုန်းဝူယင်းကို စေလွှတ်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသည်။

ဤတစ်ခေါက်တွင်လည်း သူတို့က ကျန်းချန်ကို ဆိတ်ငြိမ်နယ်မြေအပြင်ဘက်တွင် ကြားဖြတ် ဖမ်းဆီးရန် ကြိုးစားခဲ့သည်။

သို့သော် မအောင်မြင်ရုံသာမက နတ်သန္ဓေအင်ပါယာ နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်ရှိ ဖုန်းမျိုးနွယ်စု ဘိုးဘေး ဖုန်းရွှယ်ယန်ပင် ကျဆုံးသွားခဲ့ရသည်။

ဤသည်က သူတို့ ရှန်းဖုန်းမြို့၏ ကြီးမားသော ဆုံးရှုံးမှုကြီးလည်း ဖြစ်သည်။

"ကျန်းချန်ကို အရှင်ထားလို့ မဖြစ်ဘူး.. ဒီကောင့်ကို လုံးဝအမြစ်ဖြုတ်မှ ဖြစ်မယ်.. ဒီကောင်လေးကိုသာ လူသားဧကရာဇ်နန်းတော် တည်ထောင်ခွင့် ပေးလိုက်ရင် မြို့တော်ငါးခုရဲ့ စင်ပြိုင်အင်အားစု အနေနဲ့ ရပ်တည်လာမှာအသေအချာပဲ.. အဲဒီအချိန်ကျရင် ငါတို့ မြို့တော်ငါးခုက ကျုံးကျိုးကုန်းမြေမှာ ဘယ်လိုမျက်နှာနဲ့ ရပ်တည်နိုင်တော့မှာလဲ"

ရှန်းဖုန်းမြို့တော်မှ အကြီးအကဲ တစ်ဦးက ဒေါသတကြီးပြောဆိုလိုက်သည်။

"ကျန်းချန်နဲ့ ရှောင်တုလီက သွားထိချင်တိုင်း ထိလို့ရတဲ့သူတွေ မဟုတ်တော့ဘူး.. ဘိုးဘေးရွှယ်ယန်တောင်မှ သူတို့လက်ထဲမှာ ကျဆုံးသွားခဲ့ရပြီ.. ဘိုးဘေးရွှယ်ခွင်း ကိုယ်တိုင် မလှုပ်ရှားသရွေ့ သူတို့ကို ဘယ်သူမှ ရင်ဆိုင်နိုင်မယ်လို့ မထင်ဘူး"

နောက်ထပ် အကြီးအကဲတစ်ဦးက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှန်းဖုန်းမြို့တော်မှ အကြီးအကဲများစွာသည် ထိုအကြောင်းကို သုံးသပ် ဆွေးနွေးခဲ့ကြသည်။

"တော်ပြီ.. အရင်ဆုံး လူလွှတ်ပြီး ကျန်းချန်နဲ့ ရှောင်တုလီတို့ရဲ့ခွန်အားကို တိတိကျကျစုံစမ်းရမယ်.. ပြီးရင်တော့ တခြားသူတော်စင်မြို့တော်တွေနဲ့ ပူး‌ပေါင်းပြီး တစ်ချီတည်းနဲ့ လူသားဧကရာဇ်နန်းတော်ကို ဖျက်ဆီးပစ်မယ်"

ဖုန်းချင်းယာက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆွေးနွေးမှုများကို ရပ်တန့်ခိုင်းလိုက်ကာ သူ၏ ဆုံးဖြတ်ချက်ကို ထုတ်ပြောလိုက်သည်။

ထိုစကားကို ပြောနေသောအချိန်တွင် သူ၏ မျက်လုံးထဲ၌ အေးစက်သောအလင်းတန်းတစ်ခုလင်းလက်သွားခဲ့၏။

စစ်ပွဲတစ်ပွဲတွင် ရန်သူ၏ အခြေအနေကို သိထားလျှင် ဘယ်တော့မှ ရှုံးနိမ့်မည်မဟုတ်ပေ။

မြို့တော်ငါးခုအနေဖြင့် နှစ်ကြိမ်ဆက်တိုက် လှုပ်ရှားခဲ့သော်လည်း ကျရှုံးခဲ့ရခြင်းမှာ ကျန်းချန်တို့၏ ခွန်အားကို ရှင်းရှင်းလင်းလင်း နားလည်မှုမရှိခဲ့သောကြောင့် ဖြစ်သည်။

ဤတစ်ခေါက်တွင် ဖုန်းချင်းယာသည် ကျန်းချန်တို့ကို အမြစ်ပြတ် ဖယ်ရှားရန် ဆုံးဖြတ်ထားခဲ့သည်။

သူက ကျန်းချန်တို့ကို မိုးကြိုးကဲ့သို့ လျင်မြန်စွာ ဖယ်ရှားပြီး နောက်ထပ်ရပ်တည်ရန် အခွင့်အရေးပင် လုံးဝ ပေးမည်မဟုတ်ပေ။

"ခေါင်းဆောင် အထွတ်အထိပ် နတ်သန္ဓေ အင်ပါယာစာရင်းထဲက နတ်သန္ဓေ အင်ပါယာနှစ်ပါးရဲ့ အဆင့် သတ်မှတ်ချက်တွေကို ပြန်ပြင်လိုက်ပြီ.. ဒီစာရင်းထဲမှာ ရှောင်တုလီနဲ့ ကျန်းချန်တို့နှစ်ယောက်စလုံး ပါဝင်နေတယ်"

ထိုအချိန်တွင် ဝင်ရောက် မဆွေးနွေးရသေးသည့် အကြီးအကဲတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ဖုန်းချင်းယာ၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။

"သူတို့နှစ်ယောက်ရဲ့ အဆင့်သတ်မှတ်ချက်က ဘယ်လောက်လဲ"

"သူတို့နှစ်ယောက်စလုံးက စာရင်းနှစ်ခုစလုံးမှာ ပါဝင်နေကြတယ်.. နှလုံးလောင်ကျွမ်းဓားအင်ပါယာရှောင်တုလီက ပါရမီရှင်နတ်သန္ဓေအင်ပါယာစာရင်းမှာ အဆင့်(၅)နေရာကို တက်လှမ်းခဲ့ပြီး အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းမှာတော့ ဘိုးဘေးရွှယ်ယန်ရဲ့ အဆင့်နေရာမှာ အစားထိုးရရှိသွားခဲ့တယ်.. ကျန်းချန်ကတော့ ပါရမီရှင်နတ်သန္ဓေအင်ပါယာစာရင်းမှာ ဟောင်ထျန်း သူတော်စင်နယ်မြေက ရှားယွမ်ဟောင်ရဲ့နံပါတ်(၁)နေရာကို အစားထိုးပြီး ထိပ်ဆုံးကို ရောက်ရှိသွားခဲ့တယ်.. အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းမှာတော့ ကျန်းချန်က အဆင့်(၇၈)ကိုတောင် ရောက်ရှိသွားခဲ့ပြီ"

ထိုအကြီးအကဲ၏စကား အဆုံးသတ်သည်နှင့် ခန်းမထဲရှိအဆင့်မြင့် အကြီးအကဲ အားလုံးသည် အသက်ရှူ ရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။

သူတို့အားလုံး၏ မျက်လုံးထဲတွင် ထိတ်လန့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်က နတ်ဆိုးဆန်စွာ ပါရမီရှိသူတစ်ယောက် ဖြစ်မှန်း သူတို့ သိထားသော်လည်း ဟောင်ထျန်းသူတော်စင်နယ်မြေ၏ နံပါတ်တစ်ကျင့်ကြံသူ ဖြစ်သည့် ရှားယွမ်ဟောင်၏ နေရာကို အစားထိုးသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ယခုအခါတွင် ကျန်းချန်သည် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းတွင် နံပါတ်(၁)နေရာ၌ ရပ်တည်နေသော တုနှိုင်းမဲ့ပါရမီရှင် ဖြစ်သည်။

"ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ကမ္ဘာကြီးရဲ့ ဖြစ်ရိုးဖြစ်စဥ်တွေကို ဆန့်ကျင်နေတဲ့အထိ ကြီးထွားလာနိုင်ရတာလဲ"

အခန်း(၁၃၀၁)ပြီး၏။

အခန်း(၁၃၀၂)

ရှန်းဖုန်းမြို့တော်မှ အဆင့်မြင့် အကြီးအကဲများစွာသည် အချိန်အတော်ကြာသည်အထိ မှင်တက်သွားခဲ့ကြသည်။

ဖုန်းချင်းယာ၏ အမူအရာသည်ပင် ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့၏။

ကောင်းကင်သူတော်စင်နယ်မြေသည် ရှန်းဝူတိုက်ကြီးရှိ လျှို့ဝှက်နယ်မြေရှစ်ခုထဲတွင် အနက်နဲဆုံး တည်ရှိမှု ဖြစ်သည်။

ကောင်းကင်သူတော်စင်နယ်မြေမှ စာရင်းပြုစုထားသော အဆင့်သတ်မှတ်ချက် စာရင်းသည် ကျုံးကျိုးကုန်းမြေတွင် အလွန်ပင် ကျော်ကြားသည်။

ဤတစ်ခေါက် ကောင်းကင် သူတော်စင်နယ်မြေမှ အသစ်တစ်ဖန် ထုတ်ပြန်လိုက်သော စာရင်းတွင် ကျန်းချန်နှင့်ရှောင်တုလီတို့ အဆင့်သတ်မှတ်ခံရလိမ့်မည်ဟု ဖုန်းချင်းယာမည်သို့မှ မတွေးမိခဲ့ပေ။

ရှောင်တုလီသည် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းတွင် ပဉ္စမနေရာကို ရောက်ရှိလာခဲ့ပြီး အထွတ်အထိပ် အင်ပါယာစာရင်းတွင် (၉၃)ယောက်မြောက် နေရာကို ရရှိခဲ့သည်။

ဤကဲ့သို့သော ခွန်အားသည် မြို့တော်ငါးမြို့ထဲမှာပင် ထိပ်ဆုံး သုံးနေရာသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီနေပြီဖြစ်သည်။

ကျန်းချန်သည် ရှောင်တုလီ၏တပည့် ဖြစ်သော်လည်း ဆရာထက်တပည့် ပို၍ အစွမ်းထက်သူတစ်ယောက် ဖြစ်သည်။

၎င်းက အသက်(၂၀)ကျော်အရွယ်မှာပင် ဟောင်ထျန်းသူတော်စင်နယ်မြေ၏ ရှားယွမ်ဟောင်ကို အနိုင်ယူကာ ပါရမီရှင်နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး အထွတ်အထိပ် အင်ပါယာစာရင်းတွင်လည်း အဆင့်(၇၈)နေရာအထိ ရရှိခဲ့သည်။

ဤအဆင့်သည် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းတွင် သိပ်မမြင့်မားဟု ထင်ရသော်လည်း တကယ်တမ်းတွင် အလွန်ကြောက်မက်ဖွယ်ရာကောင်းနေခဲ့ပြီဖြစ်သည်။

ဆိုရလျှင် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းတွင် ထိပ်ဆုံးငါးဆယ် စာရင်းဝင်သော ကျင့်ကြံသူများသည် လျှို့ဝှက်နယ်မြေရှစ်ခုမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူများနှင့် နှစ်ထောင်ချီကြာ အသက်ရှင်ခဲ့သော မွန်းစတားအိုကြီးများ ဖြစ်ကြသည်။

သိထားရမည့်အချက်မှာ ရှန်းဖုန်းမြို့၏ ဘိုးဘေး ရွှယ်ခွင်းသည် မြို့တော်ငါးမြို့၏ နံပါတ်တစ် ကျင့်ကြံသူဖြစ်သည့်တိုင် အထွတ်အထိပ်နတ်သန္ဓေအင်ပါယာစာရင်းတွင် အဆင့်(၇၇)နေရာတွင်သာ ရှိပြီး ကျန်းချန်ထက် တစ်ဆင့်သာ မြင့်မားခြင်း ဖြစ်သည်။

ဤသည်ကပင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က ရွှယ်ခွင်းနှင့် အတူတူဟု ဆိုလိုရာရောက်နေသည် မဟုတ်ပါလော။

"ခေါင်းဆောင်.. ကောင်းကင်သူ‌တော်စင်နယ်မြေရဲ့အဆင့်သတ်မှတ်ချက်တွေက အမြဲတစေ တိကျမှုရှိခဲ့တဲ့အတွက် ကျွန်တော်တို့တွေ ဂရုမစိုက်လို့မဖြစ်ဘူး.. အခုအချိန်မှာ ကျန်းချန်ကို ကိုင်တွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဘိုးဘေးရွှယ်ခွင်း ကိုယ်တိုင် ပါဝင်မှပဲ ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်"

နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် အကြီးအကဲတစ်ဦးက အဆုံးသတ်တွင် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းတွင် အဆင့်(၇၈)နေရာ ရရှိထားသည့် မြို့တော်ငါးခု၏နံပါတ်တစ်ကျင့်ကြံသူ ဖြစ်သည့် ဘိုးဘေးရွှယ်ခွင်းကလွဲလျှင် ကျန်းချန်ကို မည်သူမှ ဖိနှိပ်နိုင်မည်မဟုတ်ပေ။

"ဘိုးဘေးရွှယ်ခွင်းက တံခါးပိတ် ကျင့်ကြံနေတာကြောင့် ဒီအရေးကိစ္စမှာ ကူညီပါဝင်ခိုင်းဖို့ မသင့်တော်ဘူး.. လောလောဆယ်တော့ မြို့တော်ငါးခုက လူတွေကို မဆင်မခြင် မလှုပ်ရှားဖို့ အသေအချာမှာထားလိုက်ပါ"

ဖုန်းချင်းယာက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

"ဒါဆို ကျန်းချန်က လူသားဧကရာဇ် နန်းတော်ကို တည်ထောင်ပြီး ကျွန်တော်တို့မြို့တော် ငါးခုဆီ လာရောက် တိုက်ခိုက်မှာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့မှာလား"

အကြီးအကဲအချို့က မကျေမနပ်ပြောဆိုလိုက်ကြသည်။

"ငါတို့က ဘာလို့ ထိုင်ကြည့်နေရမှာလဲ"

ဤအချိန်တွင် ဖုန်းချင်းယာ၏ မျက်လုံးများသည် အေးစက်နေခဲ့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့၏။

"နောက်ထပ် တစ်လကြာရင် ဘိုးဘေးရွှယ်ခွင်းက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာလိမ့်မယ်.. ဒီကောင်လေးကို လောလောဆယ် တစ်လ‌လောက်တော့ လွှတ်ထားရမယ်.. တစ်လပြည့်တာနဲ့ ငါတို့မြို့တော်ငါးခုရဲ့ အင်အားကို စုစည်းပြီး ဒီကောင်လေးကို အမှုန့်ချေပစ်မယ်.. ဒီတစ်ကြိမ်တော့ ဒီကောင်လေးကို ဘယ်တော့မှ ထပ်မံ ရပ်တည်နိုင်အောင် အခွင့်အရေးပေးမှာမဟုတ်ဘူး"

ကောင်းကင်လျှို့ဝှက်နယ်မြေ၏ အသစ်ထုတ်ပြန်ထားသော အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်း ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ကျန်းချန်နှင့် ရှောင်တုလီတို့သည် ထိုစာရင်းထဲတွင် ပါဝင်ခဲ့ကြပြီး ကျုံးကျိုးကုန်းမြေကို တစ်ဖန် ဆူညံပွက်လောရိုက်စေခဲ့သည်။

မူလက ဒေါသထွက်နေသော မြို့တော်ငါးမြို့သည်ပင် ဘာအသံမှ မထွက်တော့ဘဲ တိတ်ဆိတ်သွားခဲ့သည်။

ဆိုရလျှင် အသစ်ထုတ်ပြန်ထားသော နတ်သန္ဓေအင်ပါယာစာရင်းတွင် ပါဝင်ခဲ့သော နတ်သန္ဓေအင်ပါယာ နှစ်ပါးသည် ရှန်းဖုန်းမြို့တော်၏ ဘိုးဘေး ဖုန်းရွှယ်ယန်ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော အစွမ်းထက်ကျင့်ကြံသူကိုပင် သတ်ပစ်နိုင်သော ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတော်စင်မြို့တော်ငါးခု ဖြစ်နေလျှင်ပင် ကျန်းချန်ရှိနေသည့် လူသားဧကရာဇ် နန်းတော်ကို မည်သူမှ အလွယ်တကူ မစော်ကားဝံ့တော့ပေ။

မြို့တော်ငါးခု၏ အဆီးအတားများ မရှိတော့သဖြင့် ကျန်းချန်တို့လူစုသည် လူသားဧကရာဇ် နန်းတော်သို့ အလွန်ချောမွေ့စွာပင် ပြန်ရောက်ခဲ့ကြသည်။

ကျန်းချန်နှင့် ရှောင်တုလီ တို့က အင်အားကောင်းသော အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ဘေးကင်းစွာ ပြန်‌ရောက်လာသည်ကိုမြင်လျှင် လုံထျန်းဝူနှင့် စန်းဝူဟန်တို့သည် ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုခဲ့ကြသည်။

ယနေ့တွင် လူသားဧကရာဇ်နန်းတော်၌ ကျန်းချန်နှင့်‌ရှောင်တုလီကဲ့သို့ အထွတ်အထိပ်နတ်သန္ဓေအင်ပါယာစာရင်းမှ နတ်သန္ဓေအင်ပါယာ နှစ်ပါးရှိနေခဲ့ပြီ ဖြစ်သည်။

မိစ္ဆာနက်ချိုင့်ဝှမ်းမှ လိုက်ပါလာကြသည့် နတ်ဝိညာဥ်ဘုရင်များနှင့်အတူ သူတို့ လူသားဧကရာဇ်နန်းတော်၏ ခွန်အားသည် ကျုံးကျိုးကုန်းမြေရှိ ကြယ်သုံးပွင့် အင်အားစုများထက် ကျော်လွန်သွားခဲ့ပြီး မြို့တော်ငါးခုနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်သည့် အခြေအနေသို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လူသားဧကရာဇ်နန်းတော်သို့ ပြန်ရောက်လာပြီးနောက်တွင် ကျန်းချန်၏ နေ့ရက်များသည် သံသယဖြစ်ဖွယ်ရာမရှိ ပိုမိုလွယ်ကူလာခဲ့၏။

ဤရက်ပိုင်းအတွင်း သူက လူသားဧကရာဇ် နန်းတော်ကို တည်ထောင်ရန် ပြင်ဆင်နေခဲ့သည်။

ဤသို့ဖြင့်ပင် မသိလိုက်မသိဘာသာဖြင့် တစ်လဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး လူသားဧကရာဇ်နန်းတော် တရားဝင် တည်ထောင်မည့်နေ့သို့ ရောက်ရှိလာခဲ့သည်။

ယနေ့တွင် မြောက်ပိုင်းကမ်းရိုးတန်းဒေသ၏ ကြယ်နှစ်ပွင့်အင်အားစု အားလုံးသည် လူသားဧကရာဇ်နန်းတော်အရှေ့ရှိ ဧရာမ ရင်ပြင်ဆီသို့ ၎င်းတို့၏ ကိုယ်စားလှယ်များကို စေလွှတ်ခဲ့ကြသည်။

အခြားသော ဒေသများမှ ကျင့်ကြံသူများစွာသည်လည်း သတင်း ကြားရှိပြီးနောက်တွင် ဤနေရာသို့ လာရောက်ကာ အခမ်းအနားကို ကြည့်ရှုခဲ့ကြ၏။

ဤအချိန်တွင် လူသားဧကရာဇ်နန်းတော်၏ အရှေ့ရှိ လူထောင်ပေါင်းများစွာ ဝင်ဆံ့သော ဧရာမရင်ပြင်ကြီးသည် အလွန်တရာပင် စည်ကားနေခဲ့သည်။

"ဒေါင်.."

လူသားဧကရာဇ်နန်းတော်၏ အထက်မှ သာယာနာပျော်ဖွယ်ကောင်းသော ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန့်ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ပုံရိပ်ဆယ်ခုကျော်သည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

ထိုပုံရိပ်ဆယ်ခုတွင် ဦးဆောင်သူမှာ ခန့်ညားသော ဝတ်စုံကိုဝတ်ဆင်ထားပြီး အစွမ်းထက် နတ်သန္ဓေအင်ပါယာ အရှိန်အဝါများ ထုတ်လွှတ်နေသော လူငယ်တစ်ဦး ဖြစ်သည်။

ထိုလူငယ်၏ ဘေးတစ်ဖက်တစ်ချက်တွင် သူရဲကောင်းအသွင်အပြင်ရှိသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးနှင့် အဘိုးအိုတစ်ဦးတို့ ရပ်နေကြ၏။

ထိုနှစ်ဦးစလုံး၏ ခန္ဓာကိုယ်ကနေ နတ်သန္ဓေအင်ပါယာအဆင့်၏ အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

သူတို့သုံးဦး၏ နောက်ဘက်တွင်မူ အင်အားကောင်းမွန်သော နတ်ဝိညာဥ်ဘုရင် အဖွဲတစ်ဖွဲ့ ရှိသည်။

"အရှေ့ဆုံးက လူငယ်လေးက ရွှယ်ပင်းနန်းတော်ကို တစ်ယောက်တည်း နှိမ်နင်းခဲ့တဲ့ ကျန်းချန်လား.. သူက အရမ်းငယ်သေးတာပဲ"

"ဟားဟား..ကျန်းချန် တည်ထောင်တဲ့ လူသားဧကရာဇ်နန်းတော်မှာ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူသုံးဦး ပါဝင်နေလိမ့်မယ်လို့ တကယ်မထင်ထားမိဘူး.. လူသားဧကရာဇ် နန်းတော်က ငါထင်ထားတာထက် ပိုပြီး အားကောင်းနေပုံပဲ"

"............."

လူတိုင်းသည် လေထုထဲတွင် ရပ်တန့်နေကြသည့် ကျန်းချန်တို့လူစုကို ကြည့်ကာ မအံ့သြဘဲ မနေနိုင်ခဲ့ကြပေ။

"ဒီနေ့ ငါကျန်းချန်က လူသားဧကရာဇ်နန်းတော်ကို ဒီနေရာမှာ တည်ထောင်တယ်.. မြောက်ပိုင်းကမ်းရိုးတန်း ဒေသတစ်ခုလုံးက အခုအချိန်ကစပြီး လူသားဧကရာဇ် နန်းတော်ကို အညံ့ခံရမယ်.. ဘယ်သူ ကန့်ကွက်ချင်လဲ"

လူတိုင်းက အချင်းချင်း အပြန်အလှန် ဆွေးနွေးနေကြစဥ်မှာပင် ကျန်းချန်သည် ရင်ပြင်တစ်ဝိုက်ကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ မောက်မာသောအသံသည် လေထုထဲတွင် ဖြည်းညှင်းစွာ ပဲ့တင်ထပ်လာခဲ့၏။

"လယ်ယွဲ့ဂိုဏ်းက လူသားဧကရာဇ် နန်းတော်ထဲမှာ ပါဝင်ဖို့ဆန္ဒရှိပါတယ်"

"ချင်းမန်ဂိုဏ်းကလည်း ဘာမှ ကန့်ကွက်စရာမရှိပါဘူး.. လူသားဧကရာဇ်နန်းတော်ထဲမှာ ပါဝင်ဖို့ ဆန္ဒရှိပါတယ်"

"............"

ကျန်းချန်၏ စကားသံဆုံးသည်နှင့် လူသားဧကရာဇ် နန်းတော်ကို ခိုလှုံရန်ဆုံးဖြတ်ထားပြီးသောအင်အားစုများစွာသည် လူသားဧကရာဇ် နန်းတော်ကို မြောက်ပိုင်းကမ်းရိုးတန်းဒေသ၏ အာဏာရှင်အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။

မူလက လူသားဧကရာဇ်နန်းတော်ထဲ မဝင်ရောက်ရန် ဆုံးဖြတ်ထားသော အင်အားစုတချို့ပင် ဤအချိန်၌ လူသားဧကရာဇ်နန်းတော်ထဲ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

နတ်သန္ဓေအင်ပါယာသုံးပါးရှိသည့် လူသားဧကရာဇ်နန်းတော်သည် ရွှယ်ပင်းနန်းတော်ထက်ပင် အဆပေါင်းများစွာ ပိုမိုအားကောင်း၏။

ထို့ကြောင့် လူသားဧကရာဇ် နန်းတော်၏ အမိန့်ကိုမလိုက်နာဘဲ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ပုန်ကန်ခြင်းသည် သေခြင်းတရားကို ရှာဖွေနေသည်နှင့် မခြားပေ။

"ဝုန်း.."

လူသားဧကရာဇ်နန်းတော်မှ နတ်သန္ဓေအင်ပါယာသုံးပါး၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် လူတိုင်းက အံ့အားသင့်နေစဥ်မှာပင် လေထုထဲ၌ ရုတ်တရက် ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် လေထုထဲ၌ မီတာ၁၀၀ခန့် ကျယ်ပြန့်သော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်ကို လူတိုင်းက အံ့အားသင့်စွာ တွေ့ရှိလိုက်ကြသည်။

ထို့နောက်တွင် ထိုဝဲဂယက်ထဲကနေ အင်အားကြီးမားသော နတ်သန္ဓေအင်ပါယာ အရှိန်အဝါများ ပျံ့နှံ့လာခဲ့၏။

ချက်ချင်းဆိုသလိုပင် အေးစက်စက် ကြုံးဝါးသံတစ်သံသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုအသံက ကောင်းကင်နှင့် မြေကြီးတစ်ခွင်ကို လုံးဝပဲ့တင်ထပ်သွားခဲ့၏။

"ကျန်းချန် လူသားဧကရာဇ်နန်းတော်ကို တည်ထောင်ချင်ရင် ငါတို့ မြို့တော်ငါးခုက သဘောတူမတူ အရင်မေးရမယ်"

"နောက်ဆုံးတော့ မင်းတို့မြို့တော်ငါးခုက လူတွေ ရောက်လာကြပြီပေါ့"

ကျန်းချန်က သူ၏ရှေ့မှ အာကာပြင် ဝဲဂယက်ကို စူးစိုက်၍ ကြည့်လိုက်သည်။

သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

အခန်း(၁၃၀၂)ပြီး၏။

All Chapters