မဟာဧကရီ တမလွန်ကိုးဘုံ
Vol. 170 Ch. 2540
သူတို့နှစ်ယောက်မတုံ့ပြန်နိုင်ခင်မှာပင် ဧရာမမဟူရာပုဆိန်က နောက်တစ်ဖန် ခုတ်ပိုင်းကျဆင်းလာ၏။ ထိုအရာသည် သူတို့နှစ်ယောက်မသေမချင်း ရပ်တန့်လိမ့်မည်မဟုတ်သည့်အလားပင်။
ဘုန်း...
ကျယ်လောင်သောမြည်သံနှင့်အတူ တွဲဖက်၍ ငရဲဖိနှိမ်မီးဖို၏ လက်ကိုင်က ခေါင်းတလား၏ အောက်ခြေကို ထိုးဖောက်ပြီး မြေပြင်ပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာ၏။
သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိတို့၏ ခန္ဓာကိုယ်များက ရုတ်တရက်နိမ့်ကျသွား၏။
ဟမ်...
သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွား၏။
ဤအဆောက်အအုံက မြေပြင်ပေါ်မှာမဟုတ်ဘဲ အောက်ဘက်မှာနောက်ထပ်လောကတစ်ခုရှိနေပုံရသည်ကို သူက နားလည်သဘောပေါက်လိုက်၏။
ဧရာမမဟူရာပုဆိန်က အချိန်မရွေး နောက်တစ်ဖန်ခုတ်ပိုင်းကျဆင်းလာနိုင်၏။ သိုင်းတာအိုပင်မခန္ဓာက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ၏ ခြေထောက်ဆီသို့ ခွန်အားကိုပို့လွှတ်ပြီး ဆောင့်နင်းချလိုက်၏။
ဘန်း... ဘုန်း...
သူ့ခြေဖဝါးအာက်ရှိမြေပြင်သည် ငရဲဖိနှိမ်မီးဖိုကြောင့် ကြေမွနေခဲ့ပြီးသားဖြစ်၏။ ယခု... သိုင်းတာအိုပင်မခန္ဓာက ခြေဖြင့်ပေါက်ချလိုက်ပြီး ၎င်းက ချက်ချင်းပင်ပြိုကျကာ သူတို့နှစ်ယောက်နှင့် ငရဲဖိနှိမ်မီးဖိုက အောက်သို့ လျင်မြန်စွာကျဆင်းသွား၏။
ဘေးပတ်ဝန်းကျင်က မှောင်မည်းနေသည်။
သို့သော်လည်း ဤနေရာလွတ်သို့ဝင်ရောက်လာပြီးနောက် အစက သူတို့၏ အမြုတေစိတ်ဝိညာဥ်များအပေါ် ဖိနှိမ်ထားသည့်စွမ်းအားက ပျက်ပြယ်သွားသည်ကို သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိတို့က တစ်ချိန်တည်းမှာ သတိထားမိလိုက်ကြ၏။
ခန်းမ၏ အောက်ဘက်မှာရှိသော လေဟာနယ်သည် ဧကရာဇ်ဂူသင်္ချိုင်း၏ အဝန်းအဝိုင်းကနေလွတ်မြောက်လာပုံရပြီး နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ပြန်လည်ထုတ်ဖော်နိုင်ပြီဖြစ်၏။
သူတို့နှစ်ယောက်သည် သူတို့ကိုယ်သူတို့ အလောတကြီးဟန်ချက်ထိန်းပြီး သိုင်းတာအိုပင်မခန္ဓာက စိတ်သက်သာရာရသွား၏။
သူသည် မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်း၏ အချုပ်အနှောင်ကနေ လွတ်မြောက်နိုင်သည်နှင့် သူသည် ငရဲဖိနှိမ်မီးဖိုကိုအသုံးချကာ လေဟာနယ်ကိုချိုးဖျက်ပြီး နတ်ဆိုးမကျိနှင့်အတူ ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်သည်။
သို့သော်လည်း သူက အလောတကြီးရှိမနေပေ။ ထိုအစား သူကငရဲဖိနှိမ်မီးဖိုကိုရုပ်သိမ်းပြီး သူ၏ အထက် ခန်းမ၏ ဝင်ပေါက်ဝကို လှမ်းကြည့်လိုက်၏။
ထူးဆန်းသောအရာမှာ မနှိုင်းယှဥ်သာအောင် ကြမ်းကြုတ်ခက်ထန်သော ဧရာမမဟူရာပုဆိန်က သူတို့နောက်သို့ ဆက်လိုက်မလာတော့ဘဲ ရုတ်တရက်ရပ်တန့်သွား၏။
ခဏမျှရပ်တန့်ပြီးနောက် ဧရာမမဟူရာပုဆိန်က လှည့်ထွက်ကာပျောက်ကွယ်သွားလေသည်။
ဧရာမမဟူရာပုဆိန်၏ အပြုအမူသည် သိုင်းတာအိုပင်မခန္ဓာကို မျက်မှောင်ကြုတ်သွားစေ၏။
သူသည် တစ်စုံတစ်ရာလွဲမှားနေသည်ဟုခံစားရပြီး မအီမသာဖြစ်လာခဲ့၏။
ခန်းမ၏ အောက်ဘက်က ပိန်းပိတ်အောင်နက်မှောက်နေ၏။ သိုင်းတာအိုပင်မခန္ဓာ၏ အမြင်အာရုံနှင့်ပင်လျှင် သူသည် သူ့ရှေ့ဆယ်ပေပတ်လည်ကိုသာ တွေ့မြင်နိုင်၏။ သူသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်နိုင်သော်လည်း ထောက်လှမ်းမှုအတိုင်းအတာက ဆယ်ပေထက် မကျော်ပေ။
သူတို့နှစ်ယောက်သည် ဖြည်းဖြည်းချင်းဆင်းသက်လာပြီး သူတို့၏ ပတ်ပတ်လည်မှာ မည်သည့်အရာကိုမှ မတွေ့မြင်ရပေ။
ထိုအရာက အလွန်တရာတိတ်ဆိတ်ငြိမ်သက်နေ၏။
ကံကောင်းထောက်မစွာဖြင့် သိပ်မကြာခင် သူတို့နှစ်ယောက်သည် မြေပြင်ပေါ်သို့ နောက်တစ်ဖန်ဆင်းသက်သွားပြီး အနည်းငယ်စိတ်သက်သာရာရသွား၏။
“စောစောက ဖျက်ဆီးခြင်းပုဆိန်က ဘာသဘောလဲ”
နတ်ဆိုးမကျိက မေးလိုက်၏။
“အဲဒါက ချိပ်ပိတ်ခံထားရတာ နှစ်ပေါင်းသန်းဆယ်ချီကြာသွားခဲ့ပြီ... ဒါတောင် သူက ထွက်လာချင်းမှာပဲ ဒီလောက်ထိကြောက်စရာကောင်းတဲ့စွမ်းအားကို ထုတ်ဖော်နိုင်တယ်ဆိုတော့”
“အဲဒါက ကမ္ဘာဖျက်မိစ္ဆာကားချပ်နဲ့ ပတ်သက်နေလောက်တယ်”
သိုင်းတာအိုပင်မခန္ဓာက လေးနက်စွာပြောလိုက်၏။
“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက သေဆုံးသွားပြီး သူမသေခင် သူ့ရဲ့အရေပြားက ပြန့်ကျဲပြီး တစ်ပိုင်းတစ်ပျက်ကားချပ် ဆယ့်ရှစ်ခုဖြစ်လာတယ်လို့ နင်ပြောခဲ့တယ်မလား”
“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးရဲ့အော်ရာက မိစ္ဆာကားချပ်တွေပေါ်မှာ ရှိနေဦးမယ်လို့ ငါခန့်မှန်းမိတယ်... အဲဒါကြောင့်ပဲ ရှေးဟောင်းမြို့တော်ထဲမှာရှိတဲ့မြို့စောင့်တပ်သားတွေက ငါတို့ကို မတိုက်ခိုက်ရဲခဲ့တာပဲ”
“ဖျက်ဆီးခြင်းပုဆိန်က မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးရဲ့အော်ရာကို အာရုံခံမိပြီးမှ လုံးလုံးလျားလျားနိုးထလာခဲ့တာပဲ”
နတ်ဆ်ိုးမကျိက ဒွိဟဖြစ်နေသေးပြီး မေးလိုက်၏။
“ဒါပေမဲ့ ဖျက်ဆီးခြင်းပုဆိန်က ငါတို့ကို ဘာလို့တိုက်ခိုက်တာလဲ... ဒီတစ်ခေါက် ကမ္ဘာဖျက်မိစ္ဆာကားချပ်က ပြောင်းလဲသွားလို့ ငါတို့က ဒီနေရာကိုရောက်လာပြီး ဧကရာဇ်လက်နက်ကို နိုးထစေခဲ့တာမလား”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကိုခါယမ်းလိုက်၏။
ဤကိစ္စနဲ့ပတ်သက်၍ သူ၏ စိတ်ထဲမှာလည်း မေးခွန်းများစွာရှိနေသည်။
သို့သော်လည်း သူက အချက်တစ်ချက်ကို ခန့်မှန်းမိလိုက်၏။ သူထင်တာမမှားဘူးဆိုလျှင် မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်၏ ကမ္ဘာဖျက်မိစ္ဆာကားချပ်သည် နောက်ထပ်ဧကရာဇ်လက်နက်ဖြစ်သော စစ်ပွဲမီးတောက်လှံရှိရာသို့ သူတို့ကို လမ်းညွှန်ခေါ်ဆောင်သွားပေလိမ့်မည်။
ထိုမိစ္ဆာဘုရင်များကတော့ သူတို့သည် စစ်ပွဲမီးတောက်လှံဖြင့် တိုက်ခိုက်ခံရဖို့များလေသည်။
သူတို့နှစ်ယောက်က အတူတကွလျှောက်လှမ်းလာပြီး ဖြည်းဖြည်းချင်းရှေ့ကို ဆက်တက်လာကြ၏။
ရုတ်တရက် ဆူဇီမိုက တစ်စုံတစ်ရာကိုတွေးမိသွားကာ မေးလိုက်၏။
“ဒါနဲ့... နင့်ရဲ့လှုပ်ရှားမှုနည်းစနစ်က နဲနဲထူးခြားပြီး နင့်ရဲ့ညှို့ငင်ဖမ်းစားခြင်းနည်းစနစ်က အရင်ကထက်ပိုပြီး သန်မာလာတာကို ငါသတိထားမိတယ်... နင်က အခွင့်အလမ်းတချို့နဲ့ကြုံတွေ့ခဲ့ရတာလား”
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ တက်လှမ်းလာပြီးကတည်းက သူသည် အခွင့်အလမ်းပေါင်းများစွာကို ရရှိခဲ့ပြီးနောက် အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ကျင့်ကြံလာနိုင်ခဲ့၏။
နတ်ဆိုးမကျိကတော့ သူသည် တကယ်ပင် ယခုအချိန်မှာ အဆင့်-၅ ကောင်းကင်အက်မော်တယ်တစ်ယောက်ဖြစ်နေလေပြီ။
သူမသည် စဥ်းစားကြည့်၍မရနိုင်သော အခွင့်အလမ်းများကို ရရှိခဲ့သည်မှာ သိသာနေ၏။
တကယ်တော့ သိုင်းတာအိုပင်မခန္ဓာကို ပို၍ပင် အံအားသင့်သွားစေသည့်အရာမှာ နတ်ဆိုးမကျိ၏ လှုပ်ရှားမှုနည်းစနစ်သည် အစစ်အမှန်သိုင်းတာအို၏ ဒသမမြောက်ကပ်ဘေးကို သူဖြတ်ကျော်ခဲ့စဥ်က ကြုံတွေ့ခဲ့ရသော အနက်ရောင်ဝတ်အမျိုးသမီးနှင့် အလွန်တရာဆင်တူနေသည်။
နတ်ဆိုးမကျိက ခေါင်းညိတ်ပြလိုက်၏။
“ငါက... ရှေးဟောင်းမဟာဧကရာဇ်တစ်ပါးရဲ့ အမွေအနှစ်မှတ်ဉာဏ်တွေကိုရရှိခဲ့တယ်”
“ဘာဖြစ်တယ်...”
သိုင်းတာအိုပင်မခန္ဓာက ဆွံအသွား၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ငရဲဖိနှိမ်မီးဖိုနှင့် ထိုအထဲမှ တဗူးဂမ္ဘီရကျင့်စဥ်ကိုသာ ရရှိခဲ့၏။ နတ်ဆိုးမကျိကတော့ သူမသည် ရှေးဟောင်းမဟာဧကရာဇ်တစ်ပါး၏ အမွေအနှစ်မှတ်ညဏ်များကို တိုက်ရိုက်ရရှိခဲ့လေသည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံနေပြီး မေးခွန်းများနှင့် မကြာခဏကြုံတွေ့ရတတ်၏။ ယခုအချိန်ထိကို သူ အပြည့်အဝနားလည်ဆင်ခြင်ရခြင်းမရှိသေးသည့် လျှို့ဝှက်အတတ်နှစ်ခုရှိနေ၏။
သို့သော်လည်း အဲဒါနှင့်ပတ်သက်၍ သူ့ကိုမည်သူကမှ ရှင်းမပြနိုင်ဘဲ သူက သူ၏ ကျင့်ကြံမှုကို သူ့ဘာသာသူသာ ပုံဖော်ရလေသည်။
နတ်ဆိုးမကျိ၏ ဘေးမှာတော့... မဟာဧကရာဇ်တစ်ပါးက ဓမ္မတာအိုကို ကိုယ်တိုင်သင်ကြားပြသပေးနေခြင်းနှင့်တူလေသည်။ သူမ၏ ကျင့်ကြံမှုက ဘယ်လိုလုပ်မမြန်ဆန်ဘဲနေပါတော့မည်လဲ။
“အဲဒါ ဘယ်မဟာဧကရာဇ်လဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
သမိုင်းတစ်လျှောက်မှာ မှတ်တမ်းတင်ခံထားရသော မဟာဧကရာဇ်များစွာမရှိပေ။ ယခုအချိန်ထိကို သူက မဟာဧကရာဇ်နှစ်ပါးကိုသာ ကြားဖူးထားလေသည်။
နတ်ဆိုးမကျိကပြောလိုက်၏။
“အဲဒီမဟာဧကရာဇ်ပြောပုံအရဆို သူက အရမ်းကိုရှေးကျတဲ့ခေတ်တစ်ခုကပဲ... နင်က သူ့နာမည်ကို ကြားဖူးချင်မှကြားဖူးလိမ့်မယ်... သူက မဟာဧကရာဇ်တမလွန်ကိုးဘုံဆိုပြီး ကျော်ကြားခဲ့တယ်”
“မဟာဧကရာတမလွန်ကိုးဘုံ”
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာတီးတိုးရေရွတ်ပြီး မေးလိုက်၏။
“အဲဒီမဟာဧကရာဇ်တမလွန်ကိုးဘုံက အမျိုးသမီးတစ်ယောက်လား”
“အင်း”
နတ်ဆိုးမကျိက ခေါင်းညိတ်ပြီး ဆူဇီမိုကို အံ့အားသင့်စွာကြည့်လိုက်၏။
မည်သို့ပင်ဆိုစေ မဟာဧကရာဇ်တမလွန်ကိုးဘုံဟူသောဘွဲ့နှင့် အမျိုးသမီးတစ်ယောက်ကို ဆက်စပ်ကြည့်ဖို့က ခဲယဥ်း၏။
သိုင်းတာအိုပင်မခန္ဓာက ထပ်မံ၍မေးလိုက်၏။
“အဲဒီအမျိုးသမီးက အနက်ရောင်ကိုဝတ်ဆင်ထားပြီး ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားတယ်မလား”
“နင်အဲဒါကိုဘယ်လိုသိလဲ”
နတ်ဆိုးမကျိ၏ မျက်နှာက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွား၏။
“တိုက်ဆိုင်မှုတချို့ကြောင့် ငါက အတိတ်ကာလတုန်းက အဲဒီစီနီယာရဲ့ဂုဏ်ကျက်သရေကို မြင်တွေ့ခွင့်ရခဲ့တယ်”
သိုင်းတာအိုပင်မခန္ဓာက အသေးစိတ်ကိုရှင်းကြမနေပေ။
နတ်ဆိုးမကျိက ပြောလိုက်၏။
“အဲဒီစီနီယာက အမျိုးသမီးတစ်ယောက်ပဲ... သူက မဟာဧကရာဇ်တစ်ပါးဖြစ်မလာခင် တမလွန်ကိုးဘုံစင်ကြယ်အပျိုစင်ဆိုပြီး ကျော်ကြားခဲ့တယ်... သူဖန်တီးခဲ့တဲ့ တမလွန်ကိုးဘုံ စင်ကြယ်အပျိုစင်သုတ္တန်က တဗူးဂမ္ဘီရကျင့်စဥ်တွေထဲက တစ်ခုပဲ”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။
နတ်ဆိုးမကျိသည် ထိုတဗူးဂမ္ဘီရကျင့်စဥ်ကို သင်ယူပြီးသွားပြီဖြစ်သည့်ပုံပင်။
ထိုစဥ်မှာပင် နတ်ဆိုးမကျိက အမှုမဲ့အမှတ်မဲ့ဖြင့် ခလုတ်တိုက်ကာ လဲကျလုမတတ်ဖြစ်သွား၏။
သိုင်းတာအိုပင်မခန္ဓာက သူမကို အလောတကြီးထိန်းပေးလိုက်သည်။
“ဘာလဲဟ”
နတ်ဆိုးမကျိက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ငုံ့ကြည့်လိုက်၏။
စောစောက... သူမသည် တစ်စုံတစ်ရာကို ကန်မိခဲ့သည်ဟု ခံစားခဲ့ရ၏။
သူမ၏ ခြေဖဝါးအောက်မှာ မို့မောက်နေသော ဝါကျင့်ကျင့်မြေပုံတစ်ခုရှိနေ၏။
နတ်ဆိုးမကျိက နှာတစ်ချက်မှုတ်ပြီး ပြင်းထန်စွာခြေနှစ်ချက်ဆောင့်ကာ မကျေမနပ်ဖြင့်ရေရွတ်လိုက်၏။
“နင်ငါ့ကိုဘယ်လိုတောင်တိုက်ရဲတာလဲ”
ထိုစဥ်မှာပင် နတ်ဆိုးမကျိက သူမ၏ အပြုအမူကိုရပ်တန့်ပြီး နေရာမှာပင် အေးခဲတောင့်တင်းကာ သူမ၏ ချောမောလှပသောမျက်နှာက ကြောက်ရွံ့မှုဖြင့်ပြည့်နှက်လာ၏။
“ဘာဖြစ်လို့လဲ”
သိုင်းတာအိုပင်မခန္ဓာက နတ်ဆိုးမကျိ၏ ထူးခြားမှုကို အာရုံခံမိသွားသော်လည်း သူက အဲဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေဘဲ သာမန်ကာလျှံကာမေးလိုက်၏။
မည်သို့ပင်ဆိုစေ နတ်ဆိုးမကျိမှာ တစ်မူထူးခြားသော စိတ်နေစရိုက်ရှိပြီး သူမက နောက်ပြောင်ကျီစယ်တတ်လေသည်။
သူမသည် တမင်သက်သက် ဟန်ဆောင်နေခြင်းဖြစ်နိုင်လေသည်။
“ဆူ.. ဆူဇီမို... ငါ..ငါ့ခေါင်းနောက်ကို အခုပဲတစ်ယောက်ယောက်ပွတ်တိုက်သွားတယ်”
နတ်ဆိုးမကျိ၏ အသံက တုန်ယင်နေပြီး သူမသည် ငိုချတော့မည့်မလိုရှိလေသည်။
သူမသည် အလွန်တရာထိတ်လန့်ကြောက်ရွံနေသည်မှာ သိသာပြီး သူမ၏ အမူအရာက အတုအယောင်ဟုတ်ပုံမရပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ဘေးပတ်ဝန်းကျင်မှ မည်သည့်အန္တရာယ်ကိုမှ အာရုံမခံမိသလို သူ၏ အာရုံခံသတိစိတ်ကလည်း သူ့ကို သတိပေးလာခြင်းမရှိပေ။
“ဟီးဟီးဟီး...”
ထိုစဥ်မှာပင် ရုတ်တရက် မကောင်းဆိုးဝါးဆန်ဆန် ရယ်မောသံတစ်သံက သူတို့၏ ဘေးကနေ ထွက်ပေါ်လာ၏။
“အမိ... နင်ငါ့ရဲ့အုတ်ဂူပေါ်ကို ခြေချထားတာပဲ”