← Chapters

တစ္ဆေအင်မော်တယ်

Vol. 170 Ch. 2541

တစ္ဆေအင်မော်တယ်

Vol. 170 Ch. 2541

မကောင်းဆိုးဝါးဆန်ဆန်အသံနှင့်အတူတွဲဖက်၍ နတ်ဆိုးမကျိ၏ နောက်ဘက် အမှောင်ထုထဲမှာ ကြောက်စရာကောင်းသော မျက်နှာတစ်ခုက တဖြည်းဖြည်းပေါ်ထွက်လာ၏။

သိုင်းတာအိုပင်မခန္ဓာက ထိတ်လန့်သွားပြီး စဥ်းစားနေဖို့အချိန်မရပေ။ သူက နတ်ဆိုးမကျိကိုလှမ်းဆွဲပြီး သူ၏ နောက်မှာ ကာပေးကာ အမှောင်ထဲမှာ ဖြည်းဖြည်းချင်းပေါ်ထွက်လာသော ထိုပုံရိပ်ကို သုန်မှုန်နေသောအမူအရာဖြင့် စိုက်ကြည့်လိုက်၏။

သူသည် သွေးများပေကျံနေသည့် အဖိုးအိုတစ်ယောက်နှင့်တူလေသည်။ သူ၏ မျက်နှာက ဖြူဖျော့နေပြီး သူ့မှာ မည်သည့်အသက်ဓာတ်မှမရှိဘဲ ဆိုးယုတ်တစ္ဆေတစ်ကောင်နှင့်တူနေသည်။

အဖိုးအို၏ နောက်ခံက မည်သို့ပင်ဖြစ်စေ သူသည် သိုင်းတာအိုပင်မခန္ဓာ၏ အာရုံခံသတိစိတ်ကနေ ဖုံးကွယ်နိုင်သည့်အချက်သည် သူ့ကိုတုန်လှုပ်ပြီး သတိထားလာစေဖို့ လုံလောက်လေသည်။

“ကလေးနှစ်ယောက်က ဒီနေရာကို ရောက်လာတာပဲ ဟီးဟီးဟီးဟီး”

အဖိုးအိုက မနှစ်မြို့စရာကောင်းသောအသံဖြင့် နောက်တစ်ဖန်ရယ်မောလိုက်၏။

သူ၏ ပါးစပ်ပေါက်က သူ၏ နားလောက်ထိ ဆန့်ထွက်သွားပြီး သူ၏ ဦးခေါင်းတစ်ခုလုံးကို နှစ်ပိုင်းပြတ်ကျစေတော့မည့်အလားပင်။

“တစ္ဆေအင်မော်တယ်တစ်ကောင်လား”

နတ်ဆိုးမကျိက တဖြည်းဖြည်းတည်ငြိမ်လာပြီး တုန်ယင်နေသောအသံဖြင့်ပြောလိုက်၏။

“တစ္ဆေအင်မော်တယ်လား”

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။

ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အလွန်တရာစွမ်းအားကြီးမားသော တစ္ဆေအင်မော်တယ်တစ်ကောင်နှင့် ကြုံတွေ့ပြီး ထိုနေရာမှာ သေလုမတတ်ဖြစ်ခဲ့ရ၏။ ကံကောင်းထောက်မစွာဖြင့် သူသည် ဝိညာဥ်မီးအိမ်၏ အကူအညီနှင့်အတူ ရှင်သန်နိုင်ခဲ့၏။

နတ်ဆိုးမကျိက ဆက်ပြောလိုက်၏။

“ဒါပေမဲ့... မဟာဧကရီတမလွန်ကိုးဘုံရဲ့ အမွေအနှစ်မှတ်ဉာဏ်တွေအရဆိုရင် တစ္ဆေအင်မော်တယ်တွေဖြစ်လာဖို့ အခြေအနေက အရမ်းကိုထူးခြားတယ်... အနဲဆုံးတော့ ဧကရာဇ်တစ်ပါးသေဆုံးထားရမယ်”

ဧကရာဇ်များ၏ စွမ်းအားကြီးမားသော နာကျည်းမှုများကသာလျှင် တစ္ဆေအင်မော်တယ်များကို ဖြစ်ပေါ်လာစေနိုင်၏။

အရင်တုန်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မဟူရာအင်မော်တယ်နယ်ပယ်မှာသာရှိခဲ့ပြီး တစ္ဆေအင်မော်တယ်များအကြောင်း ကောင်းကောင်းမသိခဲ့ပေ။ သူရရှိခဲ့သည့် သတင်းအချက်အလက်သည် လုံလောက်အောင်တိကျမှုမရှိဘဲ သူသည် ဖုန့်ကျစ်ရီထံမှ အနည်းအကျဥ်းမျှ ကြားဖူးခဲ့ရုံသာဖြစ်သည်။

​တစ္ဆေအင်မော်တယ်များသည် သူတို့၏ မကျေမချမ်းမှုများကြောင့် ပြန်ဝင်စားခြင်းလမ်းကြောင်းသို့ ဝင်ရောက်ဖို့ငြင်းဆန်နေသော ဝိညာဥ်ပိုင်ရှင်များ၏ သေဆုံးမှုကနေ ဖြစ်လာသည်ကို သူတွေ့ခဲ့ရ၏။

ဒါ့အပြင် သူတို့က သူတို့ကိုယ်ပိုင်အသိစိတ်ကို ကျင့်ကြံထားကြ၏။

တစ္ဆေအင်မော်တယ်တစ်ပါးဖြစ်လာဖို့ မဖြစ်မနေလိုအပ်ချက်က ဧကရာဇ်တစ်ပါးသေဆုံးထားဖို့ဖြစ်နေသည်။

ထိုသို့ဆိုလျှင် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဤကဲ့သို့သော ​တစ္ဆေအင်မော်တယ်တစ်ပါးကို တွေ့မြင်ရသည်မှာ ယုတ္တိတန်လေသည်။

ဧကရာဇ်ဂူသင်္ချိုင်းဖြစ်ပေါ်လာပုံသည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ သေဆုံးမှုကြောင့်ဟုဆိုလေသည်။

နောက်ပိုင်းမှာ အခြားသောဧကရာဇ်များသည် ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ စွန့်စား၍ဝင်ရောက်ခဲ့ပြီး သူတို့က မလွဲမသွေကျိန်စာမိကာ ထိုနေရာမှာသေဆုံးခဲ့ကြလေသည်။

နတ်ဆိုးမကျိက ဆက်ပြောလိုက်၏။

“ဒါပေမဲ့... ဧကရာဇ်ပညာရှင်တွေကို အထက်ဘုံလောကရဲ့ အထွတ်အထိပ်တည်ရှိမှုတွေလို့ သတ်မှတ်နိုင်တယ်... သူတို့က ဆိုးဆိုးဝါးဝါးသေဆုံးသွားဖို့ဆိုတာ အင်မတန်ခဲယဥ်းတယ်... ဒီနေရာမှာ တစ္ဆေအင်မော်တယ်တစ်ကောင်က ဘယ်လိုလုပ်ပြီး...”

ထိုနေရာအရောက်တွင် နတ်ဆိုးမကျိ၏ စကားသံက ယတိပြတ်ရပ်တန့်သွား၏။

ရုတ်တရက် ဤနေရာမှာ ဧကရာဇ်တစ်ပါးကို တကယ်ပင်မြှုပ်နှံထားသည်ကို သူမက အမှတ်ရသွား၏။

မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး...။

ဤနေရာသည် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ နောက်ဆုံးအနားယူရာနေရာဖြစ်နေမလား။

သိုင်းတာအိုပင်မခန္ဓာကလည်း မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးကို ချက်ချင်းပင်တွေးမိသွား၏။ သို့သော်လည်း သူက တွေဝေရှုပ်ထွေးနေဆဲဖြစ်သည်။

မှောင်မည်းတိတ်ဆိတ်နေသော ဤနေရာလွတ်သည် အပေါ်မှာရှိသော ဧကရာဇ်ဂူသင်္ချိုင်းနှင့် မတူညီသောလောကနှစ်ခုဖြစ်သည့်အလား ကွဲလွဲဆန့်ကျင်နေသည်ဟု သူကခံစားရ၏။

ခန်းမ၏ အထက်မှာ မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်း၏ ဧရိယာအတွင်း ကောင်းကင်လိုဏ်ဂူများကို မထုတ်ဖော်နိုင်ဘဲ သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကလည်း ချိပ်ပိတ်ခံထားရ၏။

သို့သော်လည်း သူတို့နှစ်ယောက်သည် ဤနေရာမှာ သက်ရောက်ခံရမှု မရှိသလောက်နီးပါးပင်။

ထိုအခိုက်အတန့်မှာ သူတို့သည် ကောင်းကောင်းစဥ်းစားတွေးတောနေဖို့ အချိန်မရဘဲ သူတို့၏ ရှေ့မှာရှိသော တစ္ဆေအင်မော်တယ်က ရုတ်တရက် သူတို့နှစ်ယောက်ရှိရာဘက်သို့ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ စိတ်က လွင့်မျော၍ သူ၏ အမြုတေစိတ်ဝိညာဥ်သည် သူ၏ ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ခံရတော့မည့်အလား စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုကို ခံစားမိလိုက်၏။

ကံကောင်းထောက်မစွာဖြင့် မာန်နတ်မျက်နှာဖုံး၏ စွမ်းအားက ပစ်လွင့်ထွက်ပေါ်လာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ပိတ်ဆို့တားဆီးကာ သူ၏ အသိစိတ်ကို ချက်ချင်းပင်ပြန်လည်ရရှိလာစေ၏။

သို့သော်လည်း နတ်ဆိုးမကျိ၏ ကျင့်ကြံမှုနယ်ပယ်က လုံလောက်မှုမရှိဘဲ သူမသည် ထိုဝါးမျိုစွမ်းအားကို လုံးဝမခုခံနိုင်ပေ။ သူမ၏ အမြုတေစိတ်ဝိညာဥ်အမျှင်တစ်စက သူမ၏ ဒွာရပေါက်ထဲကနေ ထွက်ခွာပြီး တစ္ဆေအင်မော်တယ်ရှိရာသို့ လွင့်မျောသွား၏။

ဤကဲ့သို့သော တစ္ဆေအင်မော်တယ်များနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာ၏ ဓမ္မတာအိုများထဲ မည်သည့်အရာကမှ သူ့အပေါ်ကို ပျက်စီးထိခိုက်မှုများစွာမဖြစ်စေနိုင်ပေ။

သို့သော်လည်း သူ့မှာ တစ္ဆေအင်မော်တယ်များကို သတ်ဖြတ်နိုင်သည့် ရတနာတစ်ခုရှိနေ၏။

သူ၏ ဝတ်ရုံစကိုသုံးပြီး သိုင်းတာအိုပင်မခန္ဓာက သူ၏ သိုလှောင်အိတ်ထဲကနေ မှေးမှိန်နေသော ကြေးမီးအိမ်တစ်လုံးကို ထုတ်ယူကာ သူ့ရှေ့မှာရှိသော တစ္ဆေအင်မော်တယ်ရှိရာသို့ ပစ်ပေါက်ချလိုက်၏။

“ဟီးဟီး”

အဖိုးအိုက ထူးဆန်းစွာရယ်မောပြီး သူ၏ ညှိုးခြောက်နေသော လ​က်ဖဝါးဖြင့် အိုဟောင်းနေသောကြေးမီးအိမ်ကို လှမ်းဆွဲလိုက်၏။

“ကောင်လေး... မင်းငါ့ကို ဘယ်လိုလုပ်ထိခိုက်အောင်... အား...”

အဖိုးအိုက စကားဆုံးအောင်မပြောရသေးခင်မှာပင် သူက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။

သူ့အနေဖြင့် ရှောင်တိမ်းဖို့က နောက်ကျသွားခဲ့ပြီဖြစ်ပြီး ဝိညာဥ်မီးအိမ်ကို အတင်းခါချနေ၏။

သိုင်းတာအိုပင်မထခန္ဓာ၏ ရှေ့မှောက်မှာပင် အဖိုးအိုသည် အလင်းစီးကြောင်းများအသွင်ပြောင်းလဲပြီး ကြေးမီးအိမ်ထဲသို့ဝင်ရောက်ကာ လုံးလုံးလျားလျား ပျောက်ကွယ်သွား၏။

ကြေးမီးအိမ်၏ အောက်​ခြေမှာ ဆီတစ်လွှာကို သိသိသာသာရရှိလာသည်။

အရင်တုန်းက ဧကရာဇ်ဂူသင်္ချိုင်းထဲမှ ​တစ္ဆေအင်မော်တယ်သည် ဝိညာဥ်မီးအိမ်ကို သူ၏ တောင်ဝှေးဖြင့်သာ ထိတွေ့ခဲ့ပြီး သူက သေသည့်တိုင်းအောင် စုပ်ယူခံရလုနီးပါးဖြစ်ခဲ့၏။

ထိုအရာကို သူ၏ လက်ဖြင့်လှမ်းဆွဲရဲသော ဤ​တစ္ဆေအင်မော်တယ်ကတော့ ထွက်ပြေးဖို့ပင် အခွင့်အရေးမရလိုက်ပေ။

နတ်ဆိုးမကျိ၏ အမြုတေစိတ်ဝိညာဥ်က သူမ၏ အသိစိတ်ထဲသို့နောက်တစ်ဖန်ပြန်လည်ရောက်ရှိလာ၏။ သူမက အဖိုးအိုပျောက်ကွယ်သွားရာဘက်ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေ၏။

နတ်ဆိုးမကျိက စိတ်သက်သာစွာ သက်ပြင်းချလိုက်လေသည်။

“ဒီနေရာမှာ တစ္ဆေအင်မော်တယ်တစ်ကောင်ရှိနေတာပဲ... မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက ဒီနေရာမှာ ဒီလောက်ထိနက်ရှိုင်းတဲ့နာကျည်းမှုတွေနဲ့ သေခဲ့ရအောင် ဘာတွေများဖြစ်ခဲ့တာပါလိမ့်”

“တစ်ခုခုလွဲနေတယ်”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ကြေးမီးအိမ်ကိုရုပ်သိမ်းပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဘာလို့လဲ”

နတ်ဆိုးမကျိက စဥ်းစားရခက်သွား၏။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်လေသည်။

“အပေါ်မှာရှိတဲ့ မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးရဲ့ ဂူသင်္ချိုင်းကို သေသေချာချာခင်းကျင်းတည်ဆောက်ထားတယ်... သူက ကြိုတင်ပြင်ဆင်ထားခဲ့တယ်ဆိုတာ သိသာနေတယ်... သူက ဆိုးဆိုးဝါးဝါးသေဆုံးခဲ့ရမယ်ဆိုရင် ဒီနေရာမှာ ဒီဂူသင်္ချိုင်းက ဘာလို့ရှိလာမှာလဲ”

သိုင်းတာအိုပင်မခန္ဓာက ထိုသို့ပြောလိုက်စဥ် သူက မျက်ဝန်းထောင့်ကနေတစ်ချက်လှမ်းကြည့်ပြီး နတ်ဆိုးမကျိက သူ၏ နောက်ဘက်သို့ ထိတ်လန့်တကြားအမူအရာဖြင့်ကြည့်နေသည်ကို သူက ရုတ်တရက်သတိထားမိလိုက်၏။

သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက် အမှောင်ထုထဲမှာ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းပေါ်ထွက်လာပြီး တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်တဆိတ်ချဥ်းကပ်လာနေ၏။

ထိုကြောက်စရာကောင်းသောမျက်နှာက တစ္ဆေအင်မော်တယ်တစ်ကောင်နှင့် ဆင်တူလေသည်။ သူက အမှောင်ထဲမှာ သူ၏ ပါးစပ်ကိုဖွင့်ဟပြီး သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းကို ဝါးမျိုချင်နေလေသည်။

နောက်ထပ် တစ္ဆေအင်မော်တယ်...။

ဖြစ်စဥ်တစ်လျှောက်လုံးမှာ သိုင်းတာအိုပင်မခန္ဓာ၏ အာရုံခံသတိစိတ်ကနေ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

“မြန်မြန်ပြေးတော့”

နတ်ဆိုးမကျိက ခပ်စူးစူးအော်ဟစ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက် အမှောင်ထုထဲရှိ တစ္ဆေအင်မော်တယ်ထံသို့ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ခုန်ဝင်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက နတ်ဆိုးမကျိ၏ မျက်နှာပေါ်မှ ထူးဆန်းသောအမူအရာကို သတိထားမိစဥ် သူက အန္တရာယ်ကြီးမားစွာကျရောက်နေပြီဆိုတာကို သိရှိလိုက်၏။

သူ၏ ဘေးပတ်ဝန်းကျင်က မှောင်မည်းနေပြီး သူက မည်သည့်နေရာမှာ ပုန်းကွယ်သည်ဖြစ်စေ ဘေးကင်းလုံခြုံလိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာ၏ တုံ့ပြန်မှုက အရမ်းကိုမြန်ဆန်၏။ သူ၏ အာရုံခံသတိစိတ်က လှုပ်ရှားသွားပြီး သူက သိုင်းစိတ်ဝိညာဥ်မီးတစ်စကို ထုတ်လွှတ်ကာ ဝိညာဥ်မီးအိမ်ထဲသို့ ဝင်ရောက်သွားစေ၏။

ရွှစ်...

ဝိညာဥ်မီးအိမ်က ချက်ချင်းပင်ထွန်းညှိလာပြီး သေးငယ်သောရွှေရောင်မီးတောက်တစ်ခုဖြင့် လောင်ကျွမ်းလာခဲ့၏။ အလင်းရောင်က ဖြန့်ကြက်ပြီး သူ၏ ဘေးပတ်လည်ကို လွှမ်းခြုံသွားသည်။

“အား...”

သူ၏ နောက်ဘက်မှာရှိသော တစ္ဆေအင်မော်တယ်သည် ရွှေရောင်အလင်းကြောင့် ဒဏ်ရာ​အပြင်းအထန်ရရှိသွားပုံရပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ ရွှေရောင်မီးတောက်များက တလိပ်လိပ်တိုးထွက်ကာ ငြှိမ်းသက်၍မရနိုင်ဖြစ်နေ၏။

“ဝိညာဥ်...”

တစ္ဆေအင်မော်တယ်က စကားတစ်လုံးသာပြောလိုက်နိုင်ပြီး ရွှေရောင်မီးတောက်များဖြင့် လွှမ်းခြုံကာ ဝါးမျိုခံလိုက်ရ၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံလိုက်ရပြီး သူ၏ ဝိညာဥ်က ဘာမှမကျန်အောင် ပျက်ပြယ်သွား၏။

နတ်ဆိုးမကျိက သူမ၏ ခြေလှမ်းကိုရပ်တန့်ပြီး အရာရာတိုင်းကို တုန်လှုပ်စွာဖြင့်ကြည့်နေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲရှိ မထင်မရှားပုံစံနှင့် ကြေးမီးအိမ်က ဤမျှထိ စွမ်းအားကြီးမားနေလိမ့်မည်ဟု သူမထင်မှတ်မထားပေ။

တစ္ဆေအင်မော်တယ်များမှာ အစစ်အမှန်သင်္ကေတများ မရှိကြပေ။

တကယ်တော့... သူတို့သည် ဝိညာဥ်များနှင့် မကျေမချမ်းမှုကနေဖြစ်ပေါ်လာခြင်းပင်။

ဤရတနာ ဝိညာဥ်မီးအိမ်သည် ဤတစ္ဆေအင်မော်တယ်များအတွက် တန်ပြန်ဝိပါက်ဖြစ်နေ၏။

သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိ၏ အမြုတေစိတ်ဝိညာဥ်များက သူတို့၏ အသိစိတ်ထဲမှာရှိနေပြီး သူတို့၏ ခန္ဓာကိုယ်များက ကာကွယ်ပေးထား၏။ ဝိညာဥ်မီးအိမ်က ထွန်းညှိလာသောအခါ ၎င်းသည် ရွှေရောင်အရောင်အဝါတစ်ခုဖြင့် ပြည့်နှက်လာပြီး သူတို့ကို မည်သည့်ပျက်စီးထိခိုက်မှုမှ မဖြစ်စေပေ။

“ဘာတွေဖြစ်နေတာလဲ... ဒီနေရာမှာ တစ္ဆေအင်မော်တယ်နှစ်ကောင် ဘာလို့ရှိနေတာလဲ... ငါတို့တွေ မြန်မြန်ထွက်သွားကြတာကောင်းမယ်”

နတ်ဆိုးမကျိ၏ မျက်နှာက စာရွက်တစ်ရွက်လို ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သူမက ဤနေရာသည် ပို၍မကောင်းဆိုးဝါးဆန်လာသည်ဟု မအီမသာခံစားလာရ၏။

ဘေးပတ်ဝန်းကျင်၏ အမှောင်ထုသည် ဖော်မပြတတ်သော ကြောက်စရာကောင်းသည့်အော်ရာတစ်ခုဖြင့် ပြည့်နှက်နေပုံရ၏။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက သုန်မှုန်နေပြီး သူ၏ လက်ထဲမှာ ဝိညာဥ်မီးအိမ်ကို သဲ့ယူကာ ရုတ်တရက် ဘေးပတ်လည်အမှောင်ထုထဲသို့ ပစ်ထုတ်လိုက်၏။

“အား... အား... အား”

ရွှေရောင်အလင်းက အမှောင်ထုကို လွင့်ပျယ်သွားစေပြီး တစ္ဆေအင်မော်တယ်များစွာ ချက်ချင်းပင်ပေါ်ထွက်လာ၏။ သူတို့က စူးစူးဝါးဝါးအော်ဟစ်၍ ဝိညာဥ်မီးအိမ်၏ အလင်းရောင်ကို ရှောင်တိမ်းလိုပြီး နောက်သို့ဆုတ်ခွာသွားကြ၏။

ထိုသည်ကိုတွေ့မြင်သောအခါ နတ်ဆိုးမကျိ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူမက တုန်လှုပ်ချောက်ချားလာခဲ့၏။

ဤနေရာ အမှောင်ထုထဲမှာ ပုန်းကွယ်နေသော တစ္ဆေအင်မော်တယ်များစွာရှိနေလေသည်။

All Chapters