ဧကရာဇ်များ၏ ဂူသင်္ချိုင်း
Vol. 170 Ch. 2542
ရှောင်တိမ်းဖို့ အနည်းငယ်နှေးကွေးသွားသော တစ္ဆေအင်မော်တယ်တချို့သည် ဝိညာဥ်မီးအိမ်၏ ရွှေရောင်အလင်းဖြင့် သက်ရောက်ခံလိုက်ရပြီး ရွှေရောင်မီးတောက်များက သူတို့၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းကာ သိပ်မကြာခင် ပြာကျသွား၏။
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
သူသည်စောစောက သတိထားသည့်အနေဖြင့် အမှောင်ထဲကို အကဲစမ်းကြည့်လိုက်ရုံမျှသာဖြစ်သည်။ ဤနေရာမှာ တစ္ဆေအင်မော်တယ်များစွာ တကယ်ပင်ရှိနေသည်ဆိုတော့...။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သုန်မှုန်တည်တံ့လာပြီး ဝိညာဥ်မီးအိမ်ကို သဲ့ယူကာ ဘေးပတ်ဝန်းကျင်အမှောင်ထုကို ထောက်လှမ်းကြည့်လိုက်၏။
“အား... အား... အား...”
ချက်ချင်းပင် ဘေးပတ်ဝန်းကျင်အမှောင်ထုထဲမှာ စူးစူးဝါးဝါးအော်သံများက ထွက်ပေါ်လာ၏။
တစ္ဆေပုံရိပ်များသည် ဘက်ပေါင်းစုံကနေထွက်ပေါ်လာပြီး ဝိညာဥ်မီးအိမ်၏ အရောင်အဝါကနေ လွတ်ရာကျွတ်ရာကို ထွက်ပြေးနေကြလေသည်။
ဟာ...
ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာပင်လျှင် ကျောရိုးတစ်လျှောက်ချမ်းစိမ့်၍ ကြက်သီးမွေးညင်းများထလာ၏။
စောစောက ဝိညာဥ်မီးအိမ်ကို လှည့်ပတ်ဝေ့ယမ်းပြီးနောက် သူသည် တစ္ဆေအင်မော်တယ်ရာချီကိုတွေ့မြင်ခဲ့ရ၏။
သူတို့နှစ်ယောက်၏ ဘေးပတ်လည် အမှောင်ထုထဲမှာ ဤမျှများပြားသည့် တစ္ဆေအင်မော်တယ်များ ပုန်းကွယ်နေသည်ကို စဥ်းစားကြည့်ဖို့ခက်ခဲလေသည်။
သူ့လက်ထဲရှိ ဝိညာဥ်မီးအိမ်ကြောင့်မဟုတ်လျှင် သူတို့နှစ်ယောက်သည် စောစောက တစ္ဆေအင်မော်တယ်များ၏ အပိုင်းပိုင်းဆုတ်ဖြဲခြင်း ခံရပေလိမ့်မည်။
အဲဒါထက် သူတုန်လှုပ်၍အံ့အားသင့်သွားသည်မှာ ဤမျှများပြားသည့် တစ္ဆေအင်မော်တယ်များကို မွေးထုတ်ပေးနိုင်ရန် ခန်းမ၏ အောက်ဘက်ရှိ ဤနေရာက ဘယ်လိုနေရာမျိုးဖြစ်နေမလဲ။
တစ္ဆေအင်မော်တယ်ရာချီသည် ဧကရာဇ်များ၏ သေဆုံးမှုကနေ ဖြစ်ပေါ်လာတာလား။
ခန်းမ၏ အောက်ဘက်မှာ ဧကရာဇ်ရာချီက မြှုပ်နှံခံထားရတာလား။
ထိုထင်မြင်ယူဆချက်က အရမ်းကိုကြောက်စရာကောင်းလွန်း၏။ သိုင်းတာအိုပင်မခန္ဓာပင်လျှင် ထိုအကြောင်းကိုတွေးမိစဥ် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။
ဘေးတစ်ဘက်မှာ နတ်ဆိုးမကျိက ကြက်သေသေ၍ ဆွံ့အနေပြီဖြစ်သည်။
တစ္ဆေအင်မော်တယ်ရာချီရှိနေခြင်းသည် ဤနေရာမှာ ဧကရာဇ်ရာချီသေဆုံးခဲ့သည်ဟု အဓိပ္ပါယ်ရနေ၏။ အဲဒါက ဘယ်လိုသဘောတရားမျိုးလဲ။
သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူအလျင်အမြန် ဣန္ဒြေဆယ်လိုက်၏။
မည်သို့ပင်ဆိုစေ သူသည် ဤတစ္ဆေအင်မော်တယ်များကို အရင်ဆုံးရှင်းထုတ်ပစ်ရပေမည်။
မဟုတ်ပါက အမှောင်ထုထဲမှာ သူတို့ကို ပုန်းကွယ်ခွင့်ပေးထားခြင်းသည် သူတို့နှစ်ယောက်အတွက် အလွန်ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာပေလိမ့်မည်။
ထိုသို့အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာက ဝိညာဥ်မီးအိမ်ကို သဲ့ယူပြီး သူ့ရှေ့မှာထားကာ မီးအိမ်ထဲရှိ လောင်စာဆီကို ပြင်းထန်စွာမှုတ်ထုတ်လိုက်၏။
ဝိညာဥ်မီးအိမ်၏ ဆီက အဘက်ဘက်သို့ ဖိတ်စင်ပြန့်ကျဲသွားပြီး ဘေးပတ်လည်မှာရှိသောအမှောင်ထုများကို ချက်ချင်းပင်ဖယ်ရှားလိုက်၏။
“ဝိညာဥ်မီးအိမ်”
“အဲဒါ ဝိညာဥ်မီးအိမ်ပဲ”
တစ္ဆေအင်မော်တယ်များက စူးစူးဝါးဝါးအော်ဟစ်ပြီး အမှောင်ထုထဲသို့ လှည့်ဝင်ပြေးလိုက်ကြ၏။
တစ္ဆေအင်မော်တယ်များစွာသည် ရွှေရောင်မီးတောက်ဖြင့် လွှမ်းခြုံခံရပြီး သိပ်မကြာခင် မည်သည့်အရာမှမကျန်အောင် လောင်ကျွမ်းခံရကာ လုံးလုံးလျားလျားပျောက်ကွယ်သွားကြ၏။
သိုင်းတာအိုပင်မခန္ဓာက နတ်ဆိုးမကျိကိုခေါ်ဆောင်ပြီး ဝိညာဥ်မီးအိမ်ကို လွှဲယမ်းကာ ကျန်ရှိနေသော တစ္ဆေအင်မော်တယ်များနောက်သို့ ပြေးလိုက်သွား၏။
သူတို့နှစ်ယောက်က တက်လှမ်းလာစဥ် ဝိညာဥ်မီးအိမ်၏ အလင်းရောင်က အမှောင်ထုကို ဖယ်ရှားရှင်းလင်းပေးလိုက်ပြီး သူတို့၏ ခြေဖဝါးအောက် မြေပြင်ပေါ်မှာ မို့မောက်နေသောမြေပုံများကို အတန်းလိုက်တွေ့မြင်လိုက်ရ၏။
ဤနေရာမှာ မည်သည့် ကမ္ပည်းကျောက်စာတိုင် သို့မဟုတ် မည်သည့်အမှတ်အသားမှမရှိသော်လည်း ထိုမြေပုံများက ရိုးရှင်းသောအုတ်ဂူများဖြစ်သည်ကို သူတို့နှစ်ယောက်ပြောနိုင်၏။
အုတ်ဂူများ၏ မြေကွက်က သိပ်ပြီးမကြီးမားဘဲ မြေပြင်အနေအထားက ရှည်လျားသော ခေါင်းတလားတစ်ခုပုံစံဖြစ်နေ၏။
တစ္ဆေအင်မော်တယ်ရာချီသည် ခေါင်းတလားပုံစံ ဂူသင်္ချိုင်းထဲမှာ ပုန်းကွယ်စရာနေရာမရှိတော့ပေ။ သိုင်းတာအိုပင်မခန္ဓာက သူတို့ကို လျင်မြန်စွာ လိုက်မီလာပြီး ဝိညာဥ်မီးအိမ်နှင့်အတူ သူတို့အားလုံးကို သတ်ဖြတ်ပစ်လိုက်၏။
ထိုဧကရာဇ်များ၏ ဝိညာဥ်များသည် ပျက်ပြယ်မသွားဘဲ မကျေမချမ်းမှုများကိုစုဆောင်းကာ တစ္ဆေအင်မော်တယ်များကဲ့သို့ ထူးဆန်းသည့် သက်ရှိများကို ဖြစ်ပေါ်လာစေ၏။ သူတို့သည် ဤနေရာမှာပိတ်မိနေပြီး တစ်နှစ်ပတ်လုံးအလင်းရောင်ကိုမတွေ့မြင်ရဘဲ ပြန်ဝင်စားခြင်းလမ်းကြောင်းသို့ မဝင်ရောက်နိုင်ကြပေ။
သူတို့အတွက်တော့ သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာသေဆုံးရခြင်းသည် လွတ်မြောက်ရာပုံစံတစ်ခုဖြစ်လေသည်။
တစ္ဆေအင်မော်တယ်များအားလုံးကို ရှင်းထုတ်ပြီးနောက် ဝိညာဥ်မီးအိမ်သည် ဝိညာဥ်အရေအတွက်များစွာကို စုပ်ယူခဲ့ပြီး အထဲမှာ ဆီများဖြင့် ပြည့်နှက်လာ၏။ အလင်းရောင်၏ ဖြန့်ကြက်မှုအတိုင်းအတာကလည်း သိသိသာသာကျယ်ပြန့်လာပြီး နေရာတစ်ခုလုံးကို ထိန်ထိန်လင်းသွားစေ၏။
သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိသည် နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူတို့လာရာလမ်းတစ်လျှောက်မှာ မထင်မရှားအုတ်ဂူများပြန့်ကျဲနေသည်ကို တွေ့မြင်လိုက်ရ၏။
သို့သော်လည်း သူတို့သည် ဖော်မပြတတ်သော စွမ်းပကားနှင့် တုန်လှုပ်မှုဖြင့် ပြည့်နှက်လာ၏။
အုတ်ဂူများ၏ မြေကွက်များက မကြီးမားသော်လည်း ဤနေရာမှာ မြှုပ်နှံထားသော အုတ်ဂူပေါင်းတစ်ထောင်ကျော်ရှိနေ၏။
ဒါ့အပြင် ထိုအုတ်ဂူများသည် ဧကရာဇ်များ၏ အုတ်ဂူများဖြစ်နိုင်လေသည်။
သူတို့သေဆုံးသွားပြီးနောက် ဧကရာဇ်များအားလုံးက တစ္ဆေအင်မော်တယ်များအဖြစ် ပြောင်းလဲလာလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဤနေရာမှာ ဧကရာဇ်အုတ်ဂူတစ်ထောင်ကျော်ရှိနေသော်လည်း တစ္ဆေအင်မော်တယ်ရာချီကိုသာ တွေ့မြင်ရခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင်တောင် ဤမြင်ကွင်းသည် သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိ၏ စိတ်ပိုင်းဆိုင်ရာအပေါ် ကြီးမားသည့်ရိုက်ချက်တစ်ခုဖြစ်လာ၏။
မိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းအောက်ဘက်မှာ ဤမျှများပြားသော ဧကရာဇ်အုတ်ဂူများ ရှိနေမည်ဟု ဘယ်သူက တွေးမိပါ့မလဲ။
ဧကရာဇ်တစ်ထောင်ကျော်ကို ဤနေရာမှာ သေဆုံးသွားစေအောင် အရင်တုန်းက ဘာတွေများဖြစ်ခဲ့တာလဲ။
ဤဧကရာဇ်ပညာရှင်များက တူညီသောခေတ်ကနေလာသည်ဆိုလျှင် ထိုခေတ်၏ ဧကရာဇ်အရေအတွက်ထက်ဝက်ကျော်က ဤနေရာမှာမြှုပ်နှံခံခဲ့ရသည်ဟု အဓိပ္ပါယ်ရနေသည်။
ဤဧကရာဇ်အုတ်ဂူများက ဘာသဘောကိုဆောင်နေသလဲ။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးသည် အပေါ်မှာရှိသော သူ၏ ဂူသင်္ချိုင်းကို တည်ဆောက်ခဲ့စဥ်က အောက်ဘက်မှာရှိသော ဤအခြေအနေကို သူသိခဲ့တာလား။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ သူသည် စာအုပ်အင်မော်တယ်ယွင်ကျူး ပြောခဲ့သည့် မဟာလောကသုံးထောင်ကို ရိုက်ခတ်စေခဲ့သည့် ဝရုန်းသုန်းကား အခြေအနေအကြောင်း ပြန်လည်အမှတ်ရသွား၏။
ထိုစဥ်တုန်းက ကစဉ့်ကလျားမှတ်တမ်းများ အားလုံးနီးပါးက ဖျောက်ဖျက်ခံထားရပြီး ဝိုးတိုးဝါးတားမှတ်တမ်းတချို့သာ ကျန်ရစ်ခဲ့ကာ ယွင်ကျူးက ကိစ္စများကို သေသေချာချာမပြောနိုင်ပေ။
ဧကရာဇ်များ၏ ဆိုးဆိုးဝါးဝါးသေဆုံးမှုသည် ထိုကစဉ့်ကလျားနှင့် တစ်နည်းတစ်ဖုံပတ်သက်နေမလား။
သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိ၏ စိတ်ထဲတွင် မရေမတွက်နိုင်သောမေးခွန်းများ တဖျပ်ဖျပ်ပေါ်ထွက်လာ၏။
သူတို့နှစ်ယောက်သည် နေရာမှာပင်အတန်ကြာအောက် မတ်တတ်ရပ်နေမိလေသည်။
နတ်ဆိုးမကျိက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး မျက်မှောင်ကြုတ်ကာ အတတ်နိုင်ဆုံးပြန်လည်စဥ်းစားနေ၏။
သိုင်းတာအိုပင်မခန္ဓာက တစ်ဘက်သို့လှည့်ကြည့်လိုက်ပြီး အုတ်ဂူများ၏ အခြားတစ်ဘက်စွန်းမှာ ဆယ်ပေကျော်မြင့်မားသည့် တုတ်ခိုင်သော ကျောက်စာတိုင်တစ်ခု စိုက်ထူထားသည်ကို တွေ့မြင်လိုက်ရ၏။
ကျောက်စာတိုင်သည် ရှေးကျ၍ သိပ်သည်းလေးလံနေပုံရပြီး အချိန်ကာလ၏ မရဏအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။ ၎င်းပေါ်မှာ မည်သည့်အရာမှမရှိဘဲ ဗလာကျင်းနေ၏။
ဧရာမကျောက်စာတိုင်ကို ကြည့်နေရင်း သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲတွင် အတွေးတစ်ခုဖျတ်ခနဲပေါ်ထွက်လာလေသည်။
ထိုကျောက်စာတိုင်ပေါ်မှာ မည်သည့်အမှတ်အသားမှမရှိသော်လည်း ထိုအရာသည် ဤနေရာကို ဖိနှိမ်ဖို့ အသုံးပြုထားသော ကမ္ပည်းကျောက်စာတိုင်တစ်ခုနှင့် ပို၍တူနေသည်ဟု သူကခံစားရသည်။
ထိုကမ္ပည်းကျောက်စာတိုင်ကို ဘယ်သူစိုက်ထူခဲ့သလဲ သူ မသိသော်လည်း သူ၏ စိတ်ထဲမှာ သံသယတစ်ခုကို ဖြေရှင်းလိုက်နိုင်၏။
တစ္ဆေအင်မော်တယ်ရာချီက ဤနေရာမှာဖိနှိမ်ခံထားရပြီး ထွက်မပြေးနိုင်သည်မှာ ထိုကမ္ပည်းကျောက်စာတိုင်ကြောင့် ဖြစ်နိုင်လေသည်။
ထိုစဥ်မှာပင် အပေါ်ဘက်မှာ ကြီးမားသည့်တိုက်ပွဲတစ်ခုပေါ်ထွက်လာသည့်အလား ခန်းမ၏ အရှေ့စူးစူးဘက်မှာ ကျယ်လောင်သောပေါက်ကွဲသံတစ်သံထွက်ပေါ်လာ၏။
ဘုန်း... ဘုန်း...
အပေါ်မှာရှိသော မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်းက ပြင်းထန်စွာလှုပ်ခါ၍ အချိန်မရွေးပြိုကျလာနိုင်၏။
သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိသည် အောက်ဘက်ရှိ နေရာလွတ်ထဲမှာရောက်ရှိနေပြီး သက်ရောက်ခြင်းမခံရပေ။
“ငါထင်တာမမှားဘူးဆိုရင် သိုဝှက်လေဟာနယ်နဲ့ တခြားသူတွေက စစ်ပွဲမီးတောက်လှံကို ရှာတွေ့သွားတာဖြစ်ရမယ်”
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာတီးတိုးရေရွတ်လိုက်၏။
ထိုစဥ်မှာပင် အပြင်ဘက်ရှိ မိုးကောင်းကင်ထက်မှာ နက်မှောင်သောတိမ်စိုင်များ စုဝေးလာပြီး မိစ္ဆာချီက ရစ်ခွေလာခဲ့၏။ ဧရာမမျက်လုံးတစ်စုံက တိမ်စိုင်များကြားမှာ ပုန်းကွယ်ပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ပေယင်တောင်ကို စိုက်ကြည့်နေ၏။
ပေယင်တောင်၏ ဘေးပတ်လည်မှာရှိသော မိစ္ဆာများက တုန်လှုပ်၍ မြေပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျကာ တဆတ်ဆတ်တုန်ယင်နေကြ၏။
မိုးကောင်းကင်ထက်မှအော်ရာကို အာရုံခံမိသော ကောင်းကင်လိုဏ်ဂူနယ်ပယ် မိစ္ဆာဘုရင်များပင်လျှင် တုံ့ဆိုင်းမနေရဲဘဲ ကြည်ညိုလေးစားသော အမူအရာများဖြင့် မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်၏။
သူတို့ပင်လျှင် ထိုဖိအားဒဏ်ကို မခုခံနိုင်ပေ။
မိစ္ဆာဧကရာဇ်တစ်ပါးပေါ်ထွက်လာခဲ့လေပြီ။
“ငါ့ သား ကို ဘယ်သူ သတ် လိုက် တာလဲ”
မိစ္ဆာဧကရာဇ်လင်းရှောင်၏ အသံက ဖိနှိမ်ထားသော အမျက်ဒေါသဖြင့် ပြည့်နှက်နေပြီး လူတိုင်းကို ရင်တလှပ်လှပ်ဖြစ်သွားစေ၏။
သူ၏ အသံက မိုးကြိုးထစ်ချုန်းသံကဲ့သို့ မိစ္ဆာမဟာနယ်မြေ၏ ကောင်းကင်ထက်မှာ ပဲ့တင်ထပ်သွား၏။
မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်းထဲမှာ မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်နှင့် အခြားသူများသည် ခန်းမတစ်ခုထဲသို့ ယခုတင်ဝင်ရောက်သွားခါစဖြစ်ပြီး တစ်စုံတစ်ရာက ဖြစ်ပွားလာ၏။ စစ်မီးတောက်လှံက ပေါ်ထွက်လာပြီး သူတို့ကို ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်လာလေသည်။
မိစ္ဆာဧကရာဇ်လင်းရှောင်၏ အကြည့်က မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်းကို ထိုးဖောက်၍ ထိုမြင်ကွင်းကို တွေ့မြင်သွားပုံရ၏။
ရုတ်တရက် တိမ်စိုင်များထက်ကနေ ဧရာမလက်ထဝါးတစ်ဖက် ဆန့်တန်းထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်အုပ်မိုးကာ မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်းကို ဖမ်းဆွဲလိုက်၏။
ဘုန်း...
မိစ္ဆာဧကရာဇ်လင်းရှောင်၏ လက်ဝါးရိုက်ချက်သည် ပေယောင်တောင်တစ်ခုလုံးကို ဆွဲနုတ်လုနီးပါးဖြစ်ပြီး ပျက်စီးတော့မည့်ဆဲဆဲ မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်းက ချက်ချင်းပင်လဲပြိုကျသွား၏။
မိစ္ဆာဧကရာဇ်တစ်ပါး၏ စွမ်းပကားက အလွန်တရာကြောက်စရာကောင်းလေသည်။