မိစ္ဆာဧကရာဇ်တစ်ပါးသေဆုံးခြင်း
Vol. 170 Ch. 2544
မိစ္ဆာဧကရာဇ်နှစ်ပါးက တေ့တေ့ဆိုင်ဆိုင်ရပ်နေကြ၏။
မိစ္ဆာဧကရာဇ်လင်းရှောင်က တွေဝေတုံ့ဆိုင်းနေဆဲဖြစ်လေသည်။
သူသည် နောက်ဆုတ်ချင်သော်လည်း သူက လှည့်စားခံရမှာကို စိုးနေ၏။ မည်သို့ပင်ဆိုစေ မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး နှစ်ပေါင်းသန်းဆယ်ချီကြာအောင် ရှင်သန်နေခဲ့သည့်အချက်သည် အရမ်းကိုမယုံကြည်နိုင်စရာကောင်းနေ၏။
ထိုစဥ်မှာပင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက သူ၏ ခေါင်းကိုဖြည်းဖြည်းချင်းမော့ပြီး လေထဲမှာရှိသော မိစ္ဆာဧကရာဇ်လင်းရှောင်ကိုကြည့်လိုက်၏။
“ရှင်သန်နိုင်မယ့် မင်းရဲ့နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားပြီ”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက သူ၏ လက်ဖဝါးကို ဝေ့ယမ်းလိုက်၏။
မြေပြင်ပေါ်မှာ ထိုးစိုက်နေသော စစ်မီးတောက်လှံက ရုတ်တရက်လေထုကိုဆုတ်ဖြဲပြီး မိစ္ဆာဧကရာဇ်လင်းရှောင်ရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာ၏။
ဤတိုက်ခိုက်မှုသည် စောစောက စစ်မီးတောက်လှံ၏ ရိုက်ခတ်မှုထက် ပို၍ကြမ်းကြုတ်ခက်ထန်ပြီး ပို၍ကြောက်စရာကောင်းနေ၏။
ထိုအခိုက်အတန့်မှာ မိစ္ဆာဧကရာဇ်လင်းရှောင်သည် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသွားပြီဖြစ်သည်။
တစ်ဘက်လူသည် လွန်ခဲ့သည့်နှစ်ပေါင်းသန်းဆယ်ချီကာလက ရက်စက်ကြမ်းတမ်းခဲ့သော မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးဖြစ်သည်ကို သူသေချာသိရှိသွားပြီဖြစ်သည်။
ဝှစ်...
မိစ္ဆာဧကရာဇ်လင်းရှောင်က တွေဝေတုံ့ဆိုင်းမနေရဲဘဲ လောက၏ တစ်စိတ်တစ်ဒေသကို ဖွင့်လှစ်လိုက်၏။ သူသည် သူ၏ နောက်ဘက်ရှိလောကနှင့် တစ်သားတည်းကျရှိသွားသည့်အလား သူ၏ လက်နှစ်ဖက်နှင့် သူ၏ ဆေဘာကို ဆုပ်ကိုင်ပြီး စစ်မီးတောက်လှံကို ခုတ်ပိုင်းချလိုက်၏။
ကျယ်လောင်သော မြည်ဟည်းသံက ထွက်ပေါ်လာသည်။
မိစ္ဆာဧကရာဇ်လင်းရှောင်က ဆတ်ခနဲတုန်ယင်သွားပြီး ယခုတင်သူထုတ်ဖော်လိုက်သည့်လောကက ယိမ်းထိုးသွား၏။ ထိုအရာက လဲပြိုကျတော့မည့်လက္ခဏာများ ပြသလာလေသည်။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးထံမှ သာမန်ကာလျှံကာတိုက်ခိုက်မှုတစ်ရပ်သည် ဤမျှအထိ ကြောက်စရာကောင်းနေပြီဖြစ်ပြီး တားဆီး၍မရနိုင်ပေ။
ဝုန်း...
မိစ္ဆာဧကရာဇ်လင်းရှောင်က အသက်မရှုနိုင်ခင်မှာပင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ ကြီးမားသောခန္ဓာကိုယ်က ရုတ်တရက် မြေပြင်ပေါ်ကနေ ခုန်တက်လာပြီး ဧရာမမဟူရာပုဆိန်နှင့်အတူ မိစ္ဆာဧကရာဇ်လင်းရှောင်ကို ခုတ်ပိုင်းချလိုက်၏။
တစ်ချိန်တည်းမှာပင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ နောက်ဘက်မှာ ဧရာမတွင်းနက်တစ်ခုက ပေါ်ထွက်လာ၏။ စစ်မီးတောက်များက အပြင်ဘက်မှာရစ်ဝဲနေပြီး အတွင်းမှာ မိစ္ဆာချီများက တလိပ်လိပ်ထိုးတက်နေ၏။ ဤအရာသည် သူစုဖွဲ့ထားသည့်လောက ကမ္ဘာဖျက်မိစ္ဆာလိုဏ်ဂူဖြစ်လေသည်။
မိစ္ဆာဧကရာဇ်လင်းရှောင်သည် နောက်ဆုတ်စရာနေရာမရှိတော့ဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်ကိုသာ ရူးသွပ်စွာလှည့်ပတ်လိုက်ရ၏။ သူသည် ကောင်းကင်နှင့်မြေကြီးကို စုစည်းပြီး ခုခံဖို့အတွက် သူ၏ မိစ္ဆာဆေဘာကို သူ၏ ဦးခေါင်းထက်သို့ မြှောက်တင်လိုက်၏။
ဘုန်း...
မိစ္ဆာဧကရာဇ်လင်းရှောင်၏ လောကက ထိုအရာကိုလုံးဝခံနိုင်ရည်မရှိဘဲ ရှုံးနိမ့်၍ ကမ္ဘာဖျက်မိစ္ဆာလိုဏ်ဂူ၏ ဝါးမျိုခြင်းခံရလုမတတ်ပင်။
ဖောက်...
မရေမတွက်နိုင်သောအကြည့်များအောက်မှာပင် ဖျက်ဆီးခြင်းပုဆိန်က မိစ္ဆာဆေဘာကိုဆုတ်ဖြဲပြီး မိစ္ဆာဧကရာဇ်လင်းရှောင်၏ ဦးခေါင်းကို ထိခတ်သွား၏။ ရပ်တန့်ခြင်းမရှိဘဲ ၎င်းက ခေါင်းကနေခြေဖျားထိ သူ့ကို ထိုးခွဲလိုက်လေသည်။
လောကက ချက်ချင်းပင်တိတ်ဆိတ်ငြိမ်သက်သွား၏။
ဧကရာဇ်၏ သွေးက မိုးကောင်းကင်တစ်ဝက်ကို နီစွေးသွားစေသည်။
ဖျက်ဆီးခြင်းပုဆိန်သည် မိစ္ဆာဧကရာဇ်လင်းရှောင်၏ ခန္ဓာကိုယ်ကို ထိုးခွဲလိုက်ရုံသာမက ၎င်းသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကိုပါ ချက်ချင်းသက်ဖြတ်လိုက်၏။
ဤလူသည် မိစ္ဆာမဟာနယ်မြေမှာ အသန်မာဆုံးအဖွဲ့စည်းကိုတည်ထောင်ပြီး နှစ်ပေါင်းများစွာကြာအောင် စိုးမိုးခြယ်လှယ်ခဲ့သော မိစ္ဆာဧကရာဇ်တစ်ပါးဖြစ်လေသည်။ သို့သော်လည်း သူသည် ယနေ့ပေါ်ထွက်လာသည့်ခဏမှာပင် သေဆုံးသွားရပြီဖြစ်သည်။
တကယ်ဆို... မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ ပြန်လည်ပေါ်ထွက်လာမှုက အတော်လေးကြီးမားသည့် ဂယက်တစ်ခုကိုဖြစ်စေခဲ့လေပြီ။ မိစ္ဆာမဟာနယ်မြေမှာ အစကငြိမ်သက်နေသည့်အခြားသော မိစ္ဆာဧကရာဇ်များကလည်း ထိတ်လန့်ကာ သတိထားမိလာကြပြီဖြစ်၏။
သို့သော်လည်း ထိုမိစ္ဆာဧကရာဇ်များက မဆင်မခြင်ပေါ်ထွက်မလာကြပေ။ ထိုအစားသူတို့က မိစ္ဆာမဟာနယ်မြေ၏ တစ်ထောင့်တစ်နေရာတိုင်းမှာ ပုန်းလျှိုး၍ အခြေအနေကို တိတ်တဆိတ်အကဲခတ်ကြည့်နေကြသည်။
မိစ္ဆာဧကရာဇ်လင်းရှောင်သည် ထွက်ပြေးဖို့အခွင့်အရေးမရဘဲ လှုပ်ရှားကွက်သုံးကွက်အတွင်း မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ သတ်ဖြတ်ခြင်းခံလိုက်ရလိမ့်မည်ဟု သူတို့ပင်လျှင် ထင်မှတ်မထားကြပေ။
လူတစ်ယောက်သည် ဧကရာဇ်နယ်ပယ်သို့ကျင့်ကြံပြီးသည်နှင့် သေရဖို့အင်မတန်ခဲယဥ်းလေသည်။
သူတို့၏ ခွန်အားကွာဟချက်က အရမ်းမကြီးမားသရွေ့…. ပေါ့။
မိစ္ဆာဧကရာဇ်လင်းရှောင်သည် လွန်ခဲ့သည့် နှစ််ပေါင်းသန်းဆယ်ချီကာလက နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော ရက်စက်ကြမ်းတမ်းလှသည့် လူရှေ့မှာ လှုပ်ရှားကွက်သုံးကွက်ပင် မခံနိုင်ဘဲ သေဆုံးသွားရ၏။
“သူကမိစ္ဆာတာအိုကို ကျင့်ကြံထားတယ်ဆိုမှတော့... အဖွဲ့အသည်းတစ်ခုခုကို တည်ထောင်မထားသင့်ဘူး... အဲဒါက သူ့ကို ကမ္မများစွာနဲ့ ရောထွေးငြိစွန်းစေလိမ့်မယ်... သူသာ သူ့သားအတွက်လက်စားချေဖို့ ပေါ်ထွက်မလာဘူးဆိုရင် သူက ဒီလိုမျိုးအခြေအနေနဲ့အဆုံးသတ်ရမှာမဟုတ်ဘူး”
“အဲဒါကံကြမ္မာပဲ... သူက ကမ္ဘာဖျက်မိစ္ဆာသုတ္တန်ကို ကျင့်ကြံပြီးမှ ဧကရာဇ်နယ်ပယ်ကို တက်လှမ်းလာနိုင်ခဲ့တာပဲ... သူက ကမ္ဘာဖျက်မိစ္ဆာသုတ္တန်ရဲ့ ဖန်တီးရှင်ကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ”
“သွားကြတာပေါ့... အခုဒီလူက ပြန်ပေါ်လာပြီဆိုတော့... မိစ္ဆာမဟာနယ်မြေက နောက်ပိုင်း သူ့အပိုင်ဖြစ်လာလိမ့်မယ်”
“ဟဲဟဲ... မိစ္ဆာမဟာနယ်မြေတင်ဘယ်ကမလဲ သုခဘုံသန့်စင်ကုန်းမြေနဲ့ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေကကော ဘယ်လိုလုပ်ချမ်းသာရာရပါ့မလဲ... အခု သူက ပြန်လည်ပေါ်ထွက်လာပြီဆိုတော့…”
“သူကသေချာပေါက်တစ်ကြော့ပြန်လာပြီး ကောင်းကင်ဘုံကို သိမ်းပိုက်လိမ့်မယ်... အဲဒီအချိန်ကျရင် မဟာလောကသုံးထောင်မှာတောင် စစ်မီးတောက်တွေနဲ့ ဝရုန်းသုန်းကားဖြစ်လာလိမ့်မယ်”
“ဒီနှစ်တွေထဲမှာ ကစဉ့်ကလျားတွေက ထပ်တလဲလဲဖြစ်ပွားပြီး ကပ်ဘေးတစ်ခုကျရောက်လာတော့မယ့် အရိပ်လက္ခဏာတွေအများကြီး ပြသခဲ့ပြီးပြီ... ငါတို့တွေက ဧကရာဇ်တွေဖြစ်ပေမယ့်… ငါတို့တောင်မှ ချမ်းသာရာရချင်မှရလိမ့်မယ်”
မိစ္ဆာမဟာနယ်မြေ၏ အမျိုးမျိုးသောအစိတ်အပိုင်းများမှာ ပုန်းကွယ်နေသည့် မိစ္ဆာဧကရာဇ်တချို့က တိတ်တဆိတ်အပြန်အလှန်စကားပြောဆိုပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်သွားကြ၏။ သူတို့သည် သူတို့၏ အော်ရာများကိုရုပ်သိမ်းပြီး ပျောက်ကွယ်သွားကြသည်။
မိစ္ဆာဧကရာဇ်လင်းရှောင်က သေဆုံးသွားခဲ့လေပြီ။
ဤမြင်ကွင်းသည် လက်ရှိလူတိုင်းအတွက် စိတ်ပိုင်းဆိုင်ရာနှင့် အမြင်ပိုင်းဆိုင်ရာ ကြီးမားသောရိုက်ချက်တစ်ခုဖြစ်လာ၏။
သိုဝှက်လေဟာနယ်နှင့် အခြားသော မိစ္ဆာဘုရင်များ၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေကြ၏။
မိစ္ဆာဧကရာဇ်လင်းရှောင်ပင်လျှင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးထံမှ ပုဆိန်ချက်တစ်ချက်ကို မခုခံနိုင်ဘူးဆိုပါက ဤရက်စက်ကြမ်းတမ်းသောလူက သူတို့ကိုသတ်ဖြတ်လိုသည်ဆိုလျှင် ပုရွက်ဆိတ်များကို ဖိခြေရသလို ရိုးရှင်းပေလိမ့်မည်။
“မင်္ဂလာပါ မိစ္ဆာဧကရာဇ်... ကျုပ်က သိုဝှက်လေဟာနယ်ပါ.. ကျုပ်က အညံ့ခံလိုပါတယ်”
မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က အရင်ဆုံးတုံ့ပြန်လာပြီး သူ၏ နာခံမှုကိုဖော်ပြရန် မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်၏။
ယခု... မိစ္ဆာဧကရာဇ်လင်းရှောင်က သေဆုံးသွားပြီဖြစ်ပြီး မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ ဤပညာရှင်များက သူတို့၏ သစ္စာခံမှုကို ဆက်ထိန်းထားစရာ မလိုတော့ပေ။
မိစ္ဆာဘုရင်လုစန်းနှင့် အခြားသူများကလည်း ဒူးထောက်ချလိုက်ကြ၏။
မိစ္ဆာဘုရင်မဟူရာကောင်းကင်နှင့် အခြားသူများကဲ့သို့ မိစ္ဆာဘုရင်များမှာ သူတို့ကိုယ်ပိုင်ဂိုဏ်းအဖွဲ့အစည်းများရှိကြပြီး သူတို့က အညံ့ခံဖို့ကို အတော်လေး ဝန်လေးနေကြလေသည်။
သို့သော်လည်း မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက အရမ်းကိုကြမ်းကြုတ်ခက်ထန်လွန်းပြီး ပေါ်ထွက်လာသည့်ခဏမှာပင် ဧကရာဇ်တစ်ပါးကို သတ်ဖြတ်လိုက်၏။ သူတို့သည် တစ်စုံတစ်ရာကို လုံးဝဖော်ပြရဲခြင်း မရှိကြပေ။
မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်နှင့် အခြားသူများက အညံ့ခံသွားသည်ကို သူတို့တွေ့မြင်သောအခါ မိစ္ဆာဘုရင်မဟူရာကောင်းကင်နှင့် အခြားသူများ၏ အမူအရာများက ပျက်ယွင်းလာပြီး သူတို့က တွေဝေတုံ့ဆိုင်းနေကြ၏။
ထိုစဥ်မှာပင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက သူ၏ ခေါင်းကို အနည်းငယ်လှည့်ပြီး မိစ္ဆာဘုရင်မဟူရာကောင်းကင်နှင့် အခြားသူများကို မျက်ထောင့်နီဖြင့် ကြည့်လိုက်လေသည်။
အာ...
ချက်ချင်းပင် မိစ္ဆာဘုရင်မဟူရာကောင်းကင်နှင့် အခြားသောမိစ္ဆာဘုရင်များက ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာကြ၏။
သူတို့က ရင်တထိတ်ထိတ်ဖြစ်လာပြီး မိစ္ဆာဘုရင်များက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဒူးထောက်ချကာ မြေပြင်ပေါ်မှာ ဝပ်တွား၍ သစ္စာမခံဘဲ မနေရဲကြတော့ပေ။
မိစ္ဆာဘုရင်များပင်လျှင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ စွမ်းပကားကိုမခုခံနိုင်ဘူးဆိုပါက ပေယင်တောင်၏ ဘေးနားပတ်လည်မှာရှိသောမိစ္ဆာများအနေဖြင့် ထိုအရာကိုတောင့်ခံဖို့က ပို၍ပင်မဖြစ်နိုင်ပေ။
သူတို့သည် ဘယ်ဂိုဏ်းဘယ်အဖွဲ့အစည်းကလာသည်ဖြစ်စေ၊ သူတို့၏ ကျင့်ကြံမှုက ဘယ်အဆင့်မှာရှိသည်ဖြစ်စေ လက်ရှိမိစ္ဆာများသည် သူတို့၏ အညံ့ခံမှုကိုဖော်ပြဖို့အတွက် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချလိုက်ကြ၏။
တကယ်ဆို မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ မည်သူကမှထွက်မပြေးရဲကြပေ။
သိုင်းတာအိုပင်မခန္ဓာက ထိုသည်ကိုတွေ့မြင်သောအခါ အလေးအနက်စဥ်းစားတွေးတောနေ၏။
သိပ်မကြာသေးခင်က အန္တိမမိစ္ဆာဧကရာဇ်ပိုရွှင်းက ပြန်လည်ပေါ်ထွက်လာခဲ့၏။
ယနေ့မှာတော့ လွန်ခဲ့သည့် နှစ်ပေါင်းသန်းဆယ်ချီကာလက ရက်စက်ကြမ်းတမ်းသည့် နောက်ထပ်လူတစ်ယောက်က ပြန်လည်ပေါ်ထွက်လာခဲ့လေပြီ။
သူတို့နှစ်ယောက်က နောက်ပိုင်းမိစ္ဆာမဟာနယ်မြေ၏ ပိုင်နက်နယ်မြေများကို သိမ်းပိုက်လိုသည်ဆိုလျှင် သူတို့ကြားမှာ တိုက်ပွဲတစ်ခုသေချာပေါက်ဖြစ်ပွားလာပေလိမ့်မည်။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ ပေါ်ထွက်လာမှုသည် သူ့အပေါ် မိစ္ဆာဧကရာဇ်လင်းရှောင်၏ ကြီးမားသော ခြိမ်းခြောက်မှုကို မရည်ရွယ်ဘဲ ကူညီဖြေရှင်းပေးခဲ့လေသည်။
မိစ္ဆာဧကရာဇ်လင်းရှောင်သေဆုံးမှုနှင့်အတူ သူက မင်းသားလင်းရှန်ကို သတ်ဖြတ်လိုက်သည်ဆိုလျှင်တောင် မည်သူကမှ သူ့ကို ပြဿနာလာရှာတော့မည်မဟုတ်ပေ။
သို့သော် မိစ္ဆာဧကရာဇ်လင်းရှောင်၏ ခြိမ်းခြောက်မှုက ပယ်ရှားသွားသော်လည်း ပို၍ပင်ကြောက်စရာကောင်း၍ အန္တရာယ်များသောတည်ရှိမှုတစ်ခုက ပေါ်ထွက်လာသည်။
ဤတည်ရှိမှုသည် သူ သို့မဟုတ် ထျန်ဟွမ်ဂိုဏ်းအတွက် ကောင်းမွန်သောအရာတစ်ခုမဟုတ်လောက်ပေ။
သိုင်းတာအိုပင်မခန္ဓာက အလျင်စလိုမပြုမူပေ။
သူသည် မဟာဧကရာဇ်ဂူသင်္ချိုင်းထဲမှာ နတ်ဆိုးမကျိနှင့်အတူ ပုန်းကွယ်နေမည်ဆိုလျှင် သူတို့သည် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ ထောက်လှမ်းမှုကနေ ပုန်းကွယ်တိမ်းရှောင်နိုင်မည့် အခွင့်အရေးတစ်ခုရှိလေသည်။
သူက လေဟာနယ်ကိုချိုးဖျက်ပြီး ဤနေရာကနေမဆင်မခြင်ထွက်ပြေးမည်ဆိုလျှင် ထိုလုပ်ရပ်သည် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးကို သတိထားမိသွားစေပေလိမ့်မည်။
“ဒါနဲ့... ဒီဂူသင်္ချိုင်းက ဘယ်မဟာဧကရာဇ်ရဲ့ ဂူသင်္ချိုင်းဆိုတာ မင်းငါ့ကိုမပြောရသေးဘူးနော်”
သိုင်းတာအိုပင်မခန္ဓာက နတ်ဆိုးမကျိထံ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်ပြီး တိတ်တဆိတ်မေးမြန်းလိုက်၏။
စောစောက ဤအကြောင်းကို မေးမြန်းခဲ့စဥ်က နတ်ဆိုးမကျိက တွေဝေတုံ့ဆိုင်းနေခဲ့၏။
နောက်ပိုင်း အပေါ်ဘက်မှာ ကြီးမားအပြောင်းအလဲတစ်ရပ်ဖြစ်ပွားလာပြီး မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက ပေါ်ထွက်လာခဲ့၏။ သူတို့နှစ်ယောက်၏ စိတ်အာရုံက အပြင်ဘက်ကို ရောက်ရှိသွားခဲ့ကြသည်။
ထို့ကြောင့်ပင်လျှင် နတ်ဆိုးမကျိသည် မဟာဧကရာဇ်၏ အမည်ကို တစ်ချိန်လုံးပြောဆိုခဲ့ခြင်းမရှိပေ။
“အဲဒါ ငါနင့်ကို မပြောပြချင်လို့ မဟုတ်ဘူး”
နတ်ဆိုးမကျိက ပြောလိုက်၏။
“မဟာဧကရီတမလွန်ကိုးဘုံရဲ့မှတ်ဉာဏ်ထဲမှာ သူက ဒီမဟာဧကရာဇ်နဲ့ပတ်သက်ပြီး အရမ်းကိုသိုဝှက်ထားတယ်... ဒီမဟာဧကရာဇ်ရဲ့နာမည်က ဖော်ပြလို့မရတဲ့…. တဗူးတစ်ခုဖြစ်တဲ့ပုံပဲ။”