ကောင်းကင်သင်္ချိုင်း
Vol. 170 Ch. 2545
“ဖော်ပြလို့ မရဘူးလား”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။ ယခုအချိန်မှာ သူသိထားသည့် မဟာဧကရာဇ်အနန္တဖြစ်စေ၊ မဟာဧကရာဇ်ဒီဃာယုဖြစ်စေ၊ သူတို့ကို သမိုင်းစာအုပ်များထဲမှာ မှတ်တမ်းတင်ထားပြီး ဒဏ္ဍာရီပေါင်းများစွာ ကျန်ရစ်ခဲ့လေသည်။
မဟာဧကရာဇ် တမလွန်ကိုးဘုံပင် သူ့ကို စိုးရိမ်ပူပန်ရအောင် ဤမဟာဧကရာဇ်က ဘာတွေများ ထူးခြားနေလို့လဲ။
နတ်ဆိုးမကျိက အတန်ကြာအောင် တွေဝေတုံ့ဆိုင်းနေပြီးမှ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အဲဒီမဟာဧကရာဇ်ရဲ့ နာမည်က ကောင်းကင်သင်္ချိုင်း ဖြစ်လိမ့်မယ်”
ဝုန်း…
နတ်ဆိုးမကျိက သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်သော်လည်း ထိုစကားလုံးက သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီး ခဏမှာပင် ဘေးတစ်ဖက်မှာရှိသော ဧရာမကျောက်စာတိုင်က တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး စတင်၍ ပြင်းထန်စွာ တုန်ခါလာ၏။
နတ်ဆိုးမကျိက တုန်လှုပ်၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက လှည့်ကြည့်လိုက်ပြီး ကျောက်စာတိုင်၏ မျက်နှာပြင်ပေါ်မှာ ဖုန်များနှင့် ကျောက်များ၏ ထူထဲသော တစ်လွှာက ကွာကျလာသည်ကို တွေ့မြင်လိုက်ရ၏။ အဲဒါက စကားလုံးများဖြင့် ပြည့်နှက်လာလေသည်။
သိုင်းတာအိုပင်မခန္ဓာက သူ့လက်ထဲရှိ ဝိညာဉ်မီးအိမ်ကို အလောတကြီးမြှောက်တင်ပြီး ဝိညာဉ်မီးအိမ်မှ ဖြာထွက်နေသော အလင်းရောင်ဖြင့် ကျောက်စာတိုင်ကို လွှမ်းခြုံစေကာ အနီးကပ် တစ်ချက်ကြည့်လိုက်၏။
ကျောက်စာတိုင်၏ ဘက်ဘက်အစွန်ဆုံးအတန်းမှာ စကားလုံးသုံးလုံး ရှိနေ၏။
ကောင်းကင် သင်္ချိုင်း သုတ္တန်…။
“ကောင်းကင်သင်္ချိုင်းသုတ္တန်”
သိုင်းတာအိုပင်မခန္ဓာက အလိုလိုရွတ်ဆိုလိုက်၏။
ချိပ်စည်းတချို့က နှိုးဆွခံလိုက်ရသည့်အလား ကောင်းကင်သင်္ချိုင်းသုတ္တန်ဟူသော စကားလုံးများကို သိုင်းတာအိုပင်မခန္ဓာက ရွတ်ဆိုလိုက်သည့် ခဏမှာပင် ထိုစကားလုံးများကို မှတ်တမ်းတင်ထားသည့် ကျောက်စာတိုင်၏ တစ်စိတ်တစ်ပိုင်းက စတင်ကြေမွ၍ ကွာကျလာ၏။
ဒါ့အပြင် ဦးတည်ရာလမ်းကြောင်းက ဆက်လက်၍ ဖြန့်ကျက်သွားပြီး ကျောက်စာတိုင်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာ၏။
“အဲဒါက မဟာဧကရာဇ် ကောင်းကင်သင်္ချိုင်း ချန်ထားရစ်ခဲ့တဲ့ တဗူးဂမ္ဘီရကျင့်စဉ်ပဲ… အဲဒါကို မြန်မြန်မှတ်ထားလိုက်”
နတ်ဆိုးမကျိက ချက်ချင်းပင် တုံ့ပြန်၍ အလောတကြီးပြောလိုက်၏။
သိုင်းတာအိုပင်မခန္ဓာကလည်း ဤကိစ္စ၏ အရေးပါမှုကို နားလည်သဘောပေါက်ပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ဆင့်ခေါ်လိုက်၏။ သူသည် စိတ်ဝိညာဉ်ပနံသင့်ပညာရပ်ကို ချက်ချင်းပင် ထုတ်ဖော်ပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်လိုက်၏။
ဝေးကွာလွန်းသော ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျက်လုံးများထဲတွင် ဝဲဂယက်တစ်ခု ပေါ်ထွက်လာ၏။ သူသည် လေဟာနယ်များကို ဖြတ်ကျော်၍ မိစ္ဆာမဟာနယ်မြေ၏ ဗဟိုချက်ဒေသရှိ မြေအောက်အနက်ပိုင်းထဲမှ ကျောက်စာတိုင်ကို တွေ့မြင်သွားပုံရလေသည်။
အချိန်က အပူတပြင်းနိုင်နေပြီး ကျောက်စာတိုင်က အချိန်မရွေး ပျက်စီးသွားနိုင်၏။ အစစ်အမှန်ခန္ဓာနှစ်ခုက စိတ်ချင်းဆက်နေကြလေသည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက အပေါ်တစ်ပိုင်းကို တိတ်တဆိတ်မှတ်သားနေပြီး သိုင်းတာအိုပင်မခန္ဓာက ကျောက်စာတိုင်ပေါ်ရှိ ဒုတိယတစ်ပိုင်းကို သူ၏ စိတ်ထဲမှာ မှတ်သားနေ၏။
နတ်ဆိုးမကျိ၏ မျက်လုံးကလည်း ပြူးကျယ်နေပြီး သူမက ကျောက်စာတိုင်ပေါ်ရှိ သုတ္တန်များကို အတတ်နိုင်ဆုံး ဖတ်ရှုဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း သူမသည် စာနှစ်ကြောင်းကိုသာ ဖတ်ရှုရပြီး သူမ၏ မျက်လုံးများက ကျိန်းစပ်၍ မျက်ရည်များက အထိန်းအကွပ်မဲ့စွာ စီးကျလာ၏။ သူမက ဘာမှ မတတ်နိုင်ဘဲ လက်လျှော့လိုက်ရသည်။
ဝုန်း…
ဧရာမကျောက်စာတိုင်က သိပ်မကြာခင် လျင်မြန်စွာပြိုကျသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။
ထိုသုတ္တန်များသည် လောကမှာ ဘယ်တုန်းကမှ မပေါ်ထွက်ခဲ့သည့်အလားပင်။
ကောင်းကင်သင်္ချိုင်းသုတ္တန်၏ ပေါ်ထွက်လာမှုက တစ်ခဏမျှသာဖြစ်၏။ ကံကောင်းထောက်မစွာပင် အစစ်အမှန်ခန္ဓာနှစ်ခုက အတူပူပေါင်း၍ တဗူးဂမ္ဘီရကျင့်စဉ်ကို အပြည့်အဝ မှတ်သားလိုက်နိုင်ကြ၏။
အစစ်အမှန်ခန္ဓာနှစ်ခုက တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆက်သွယ်ပြောဆိုသည်နှင့် သူတို့သည် ပြီးပြည့်စုံသော ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ရရှိနိုင်ပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤတဗူးဂမ္ဘီရကျင့်စဉ်ကို ကျင့်ကြံလိမ့်မည် မဟုတ်ပေ။ သူလုပ်စရာရှိသည်မှာ ကောင်းကင်သင်္ချိုင်းသုတ္တန်၏ လေးနက်သိမ်မွေ့သော အမှန်တရားများကို အရည်ဖျော်ချပြီး သိုင်းတာအိုကို ပြီးပြည့်စုံစေရန် ဉာဏ်ကွန့်မြူးဖို့ဖြစ်လေသည်။
သို့သော်လည်း ဤတဗူးဂမ္ဘီရကျင့်စဉ်သည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာအတွက် အလွန်တရာ အရေးပါလေသည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် နောက်ထပ်တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုကို ကျင့်ကြံနိုင်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားက နောက်ထပ်တစ်ဆင့်ကို မြင့်တက်လာပေလိမ့်မည်။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာက ထိုအရာကို မှတ်သားနေစဉ် သူက အဲဒါကို အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်သည်။
ဤအရာသည် မိစ္ဆာတာအို၏ တဗူးဂမ္ဘီရကျင့်စဉ် မိစ္ဆာနည်းစနစ်တစ်ခုဖြစ်သည်ကို သူသေချာသလောက်နီးပါး ပြောနိုင်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤခရီးစဉ်မှာ နတ်ဆိုးမကျိကို ရှာဖွေနိုင်ခဲ့သည့်အတွက် ကျေနပ်အားရနေခဲ့ပြီးသားဖြစ်သည်။
သူသည် မိစ္ဆာဧကရာဇ် ဂူသင်္ချိုင်းအောက်မှာ တစ္ဆေအင်မော်တယ်များ၏ ချောင်းမြောင်းတိုက်ခိုက်ခံရပြီးနောက် ဝိညာဉ်မီးအိမ်ကို အသုံးချကာ သူတို့ကို သန့်စင်ပြီး ဝိညာဉ်မီးအိမ်က ဆီများဖြင့် ပြည့်နှက်လာ၏။
ဒါ့အပြင် ကြောက်စရာကောင်းသော တိုက်ဆိုင်မှုတချို့ဖြင့် သူသည် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုကိုပင် ရရှိလိုက်လေပြီ။
ဤအရာများက အလွန်ကြီးမားသည့် အခွင့်အလမ်းများဖြစ်သည်။
သူက ကမ္ဘာဖျက်မိစ္ဆာသုတ္တန်ကို မရနိုင်ဘူးဆိုတော့ရော ဘာဖြစ်လဲ။
ကမ္ဘာဖျက်မိစ္ဆာသုတ္တန်က စွမ်းအားကြီးမားသော်လည်း ထိုအရာသည် တဗူးဂမ္ဘီရကျင့်စဉ်များ၏ အဆင့်အထိ မရောက်ရှိသေးပေ။
သို့သော်လည်း ကောင်းကင်သင်္ချိုင်းသုတ္တန်ကို အစစ်အမှန် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။
မဟာဧကရာဇ် ကောင်းကင်သင်္ချိုင်းနှင့်အတူ ဧကရာဇ်တစ်ထောင်ကျော်ကို မြှုပ်နှံထားသည်။ ဤမဟာဧကရာဇ်သည် အရင်တုန်းက ဘယ်လောက်ကြောက်စရာကောင်းခဲ့သလဲ စဉ်းစားကြည့်နိုင်၏။
ကောင်းကင်သင်္ချိုင်းသုတ္တန်ဟူသော အမည်သက်သက်ကပင် ကြမ်းကြုတ်ခက်ထန်၍ မောက်မာဝင့်ကြွားသော အော်ရာတစ်ခုကို ထုတ်ပေးနေ၏။
ဤမဟာဧကရာဇ်သည် တစ်ခါတုန်းက ကောင်းကင်ဘုံများကိုပင် သင်္ချိုင်းအဖြစ် မြှုပ်နှံချင်ခဲ့တာလား။
ဧရာမ ကျောက်စာတိုင်က လဲပြိုကျသွားစဉ် မဟာဧကရာဇ် ဂူသင်္ချိုင်းကလည်း ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ အဆက်မပြတ် ယိမ်းထိုးလာ၏။ ၎င်းက အချိန်မရွေး လဲပြိုကျသွားနိုင်သည့်အလားပင်။
“ဒီနေရာကနေ အရင် ထွက်ကြတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ပြီး လေဟာနယ်ကို ချိုးဖျက်ကာ အာကာသဥမင်ထဲသို့ နတ်ဆိုးမကျိကို ဆွဲခေါ်သွား၏။
သူသည် ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ရရှိပြီးနောက် ကျေနပ်သဘောကျနေသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းသန်းဆယ်ချီက ကြောက်စရာကောင်းသည့် မိစ္ဆာဧကရာဇ်တစ်ပါးသည် အပြင်ဘက်မှာ စောင့်ကြပ်နေသည်ကို သူက မမေ့လျော့ပေ။
ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေက ထိုမိစ္ဆာဧကရာဇ်ကို သတိထားမိသွားစေနိုင်ပြီး သူက တတ်နိုင်သမျှ မြန်မြန်ထွက်ခွာရပေမည်။
သိုင်းတာအိုပင်မခန္ဓာမှာ မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးနှင့် ပတ်သက်၍ မေးခွန်းများစွာ ရှိနေဆဲဖြစ်၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောနေဖို့ အချိန်မရပေ။
သူတို့နှစ်ယောက်က အာကာသဥမင်ထဲသို့ ဝင်ရောက်သွားစဉ် သိုင်းတာအိုပင်မခန္ဓာက မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေး ရှိရာဘက်သို့ နောက်ပြန်လှည့်ကြည့်လိုက်၏။ ထိုအကြည့်မှာ သူက တုန်လှုပ်ချောက်ချားသွားရလေသည်။
ထိုအခိုက်အတန့်မှာ မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးကလည်း သူ့ကို စိုက်ကြည့်နေ၏။
သို့သော်လည်း မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးက တိုက်ခိုက်ခြင်းမရှိဘဲ သူ့ကို နက်ရှိုင်းစွာသာ တစ်ချက်ကြည့်ပြီး လျစ်လျူရှုလိုက်လေသည်။
သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာက နတ်ဆိုးမကျိကို အဝီစိသို့ ခေါ်ဆောင်သွား၏။
မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေး၏ နောက်ဆုံးအကြည့်ကို သူပြန်စဉ်းစားမိသောအခါ သိုင်းတာအိုပင်မခန္ဓာက အလေးအနက် စဉ်းစားတွေးတောသွားရ၏။
“နောက်ဆုံး နင့်ကို သူကြည့်လိုက်တဲ့ပုံက နည်းနည်း ထူးဆန်းနေတယ်”
နတ်ဆိုးမကျိကလည်း ဖြစ်ပျက်ခဲ့သည့်အရာကို သတိထားမိခဲ့ပြီး တွေဝေရှုပ်ထွေးစွာဖြင့် ပြောလိုက်၏။
ထိုနေရာမှာ မရေမတွက်နိုင်သော မိစ္ဆာများ ရှိနေခဲ့ပြီး သူတို့နှစ်ယောက်ကသာ မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးထံမှနေ ထွက်ပြေးလာကြ၏။
ထိုအပြုအမူက မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးကို ရန်စလိုက်ခြင်းနှင့် တူလေသည်။
သူတို့သည် ရှာဖွေတွေ့ရှိခြင်း ခံခဲ့ရပြီဖြစ်သောကြောင့် မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေး၏ စိတ်နေစိတ်ထားအရ သူသည် သူတို့နှစ်ယောက်ကို သေချာပေါက်တိုက်ခိုက်၍ နေရာမှာပင် သတ်ဖြတ်သင့်လေသည်။
သို့သော်လည်း မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးက မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူက သူတို့နှစ်ယောက်ကို ထွက်ခွာခွင့်ပေးခဲ့၏။
“သူက နင့်ကို နောက်ခံပေးထားတဲ့ ဧကရာဇ် ပိုရွှင်းကို ရှိန်နေတာကြောင့်များလား”
နတ်ဆိုးမကျိက မျက်မှောင် အနည်းငယ်ကြုတ်ပြီး အကဲစမ်းမေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ခေါင်းခါပြလိုက်၏။
“မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးက လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းဆယ်ချီကာလက ပညာရှင်တစ်ဦးပဲ… သူက ဧကရာဇ်ပိုရွှင်းကို လုံးဝ သိမှာတောင်မဟုတ်ဘူး”
“နောက်ပြီး သူရဲ့ စိတ်နေစရိုက်နဲ့ နည်းလမ်းတွေအရဆို သူက ဧကရာဇ်ပိုရွှင်းအကြောင်းကို သိထားမယ်ဆိုရင်တောင် ဘာထောက်ထားမှုမှ ရှိနေမှာမဟုတ်ဘူး”
နတ်ဆိုးမကျိက ခေါင်းညိတ်ပြလိုက်၏။
“ဒါပေမဲ့ သူကြည့်တဲ့ကြည့်ပုံက အတော်လေး ထူးဆန်းနေတယ်… အဲဒီမှာ ပိုပြီးနက်ရှိုင်းတဲ့ အဓိပ္ပာယ်တစ်ခု ရှိပုံပဲ”
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေပြီး အဖြေတစ်ခုကို ချက်ချင်းမစဉ်းစားနိုင်ပေ။
ပိုရွှင်းအကြောင်းပြောချိန်မှာ သူကလည်း တွေဝေငေးမောသွား၏။
ပိုရွှင်း ပေါ်ထွက်လာသည့် ခဏမှာပင် သူက ထူးဆန်းသောပုံစံဖြင့် နောက်တစ်ဖန် ပျောက်ကွယ်သွားခဲ့သည်။
ဤနှစ်များအားလုံးမှာ ဗုဒ္ဓနှင့်မိစ္ဆာတာအို နှစ်မျိုးစလုံး ကျင့်ကြံထားသည့် ဤဧကရာဇ်ထံမှ မည်သည့်သတင်းမှ ထွက်ပေါ်မလာခဲ့ပေ။ သူက တစ်စုံတစ်ရာဖြစ်သွားပြီး တစ်စွန်းတစ်စမကျန် လုံးလုံးလျားလျား ပျောက်ကွယ်သွားသည့်အလားပင်။
ဖြစ်ရပ်နှစ်ခုမှာ သိုင်းတာအိုပင်မခန္ဓာသည် အခြားသူများကို ခြိမ်းခြောက်ဖို့အတွက် သူ့နာမည်ကို အသုံးချခဲ့၏။
ဧကရာဇ်ပိုရွှင်းက အသက်ရှင်နေဦးမည်ဆိုလျှင် ထိုသူက သူ့ထံသို့ ရောက်ရှိလာသည်မှာ ကြာနေလောက်လေပြီ။
“သွားကြတာပေါ့… ငါနင့်ကို ထျန်ဟွမ်ဂိုဏ်းဆီ ခေါ်သွားပေးမယ်”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ထျန်ဟွမ်ဂိုဏ်းမှာ မိတ်ဆွေဟောင်းတချို့ ရှိနေတယ်… နင် ပြန်ရောက်လာတာကို တွေ့ရင် သူတို့ သေချာပေါက် အံ့အားသင့်သွားမှာပဲ”
“ကောင်းပြီလေ”
နတ်ဆိုးမကျိက သဘောတူလိုက်၏။
ယခု မိစ္ဆာဧကရာဇ်လင်းရှောင်က သေဆုံးသွားပြီဖြစ်ပြီး မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်၏ ခြိမ်းခြောက်မှုကလည်း မရှိတော့ပြီဖြစ်ကာ သူမသည် မည်သည့် ပြဿနာမှ မဖြစ်စေဘဲ ထျန်ဟွမ်ဂိုဏ်းသို့ ပေါ်ပေါ်ထင်ထင် ဝင်ရောက်နိုင်တော့မည်ဖြစ်သည်။
အတိအကျဆိုရလျှင် ဤနေ့မှစ၍ မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်က လုံးလုံးလျားလျား ဖယ်ရှားခံရနိုင်လေသည်။
ယခုအချိန်မှစ၍ ဧကရာဇ်ပိုရွှင်း ပြန်လည်ပေါ်ထွက်သရွေ့ ဤမိစ္ဆာမဟာနယ်မြေသည် မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေး၏ လောက ဖြစ်လာပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် နတ်ဆိုးမကျိနှင့်အတူ အဝီစိကနေ ထွက်ခွာပြီး မဟာထျဲဝေတောင် အနီးနားဝန်းကျင်မှာရှိသော ပို့ဆောင်ရေးဝင်္ကပါကို အသက်သွင်းကာ ထျန်ဟွမ်ဂိုဏ်းသို့ တိုက်ရိုက် ပြန်လည်ရောက်ရှိလာလေသည်။