← Chapters

စိတ်ခံစားချက်ခုနှစ်မျိုး

Vol. 170 Ch. 2546

စိတ်ခံစားချက်ခုနှစ်မျိုး

Vol. 170 Ch. 2546

မိစ္ဆာမဟာနယ်မြေ၊ ထျန်ဟွမ်ဂိုဏ်းမှာ....။

ဂိုဏ်းမှ အရေးပါသောကျင့်ကြံသူများသည် ထျန်ဟွမ်ခန်းမထဲမှာ စုဝေးရောက်ရှိနေကြသည်။ ယန်ပေးချန်၊ မင်းကျန်၊ ကူထုံယို၊ ချိုးစစ်လော၊ ဖုန့်ကျစ်ရီနှင့် ကောင်းကင်ဘုံဝံပုလွေတို့အပြင် အခြားသောကျင့်ကြံသူအချို့လည်း ရောက်ရှိနေကြသည်။

မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသက တည်တံ့သောအမူအရာဖြင့် လူတိုင်းကို ရုတ်တရက် စုဝေးစေလိုက်၏။ ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာဖြစ်ပွားခဲ့သည်ကို လူတိုင်းက သိရှိလိုက်ကြသည်။

“ပေယင်တောင်မှာ ကိစ္စတစ်ခုဖြစ်ခဲ့တယ်”

မိုးကြိုးဧကရာဇ်ကောင်းကင်ဘုံအမျက်ဒေါသက တွေဝေတုံ့ဆိုင်းစွာ ပြောလိုက်၏။

“ငါတို့ရဲ့ဂိုဏ်းချုပ်က သိပ်မကြာသေးခင်က အဲဒီမှာ ရှိနေခဲ့တယ်”

သိုင်းတာအိုပင်မခန္ဓာ၏ အစစ်အမှန်သရုပ်သကန်ကို သိရှိထားသောသူ များစွာမရှိကြပေ။ ထိုအရာက ဆူဇီမို၏ လျှို့ဝှက်ချက်ဖြစ်လေသည်။

ပုံမှန်အားဖြင့် ထျန်ဟွမ်ဂိုဏ်းမှာ အပြင်လူများရှိနေမည်ဆိုလျှင် မိုးကြိုးဧကရာဇ်နှင့်အခြားသူများသည် သိုင်းတာအိုပင်မခန္ဓာကို ဂိုဏ်းချုပ်အဖြစ်သာ ခေါ်ဆိုကြလေသည်။

“ဂိုဏ်းချုပ်တစ်ခုခုဖြစ်သွားလို့လား”

ကျင့်ကြံသူတစ်ယောက်က မနေနိုင်ဘဲမေးလိုက်၏။

မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသက ခေါင်းခါပြလိုက်၏။

“အခုချိန်တော့... ငါက တိကျတဲ့ဘာသတင်းကိုမှ မရသေးဘူး... ဒါပေမဲ့ မိစ္ဆာဧကရာဇ်တစ်ပါးရဲ့ ဂူသင်္ချိုင်းက ပေါ်ထွက်လာပြီး မိစ္ဆာဘုရင်များစွာကို ဆွဲဆောင်မိခဲ့တယ်လို့ ငါကြားထားတယ်... မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်ရဲ့ မိစ္ဆာဧကရာဇ်တောင် ပေါ်ထွက်လာခဲ့တယ်”

မိစ္ဆာဧကရာဇ်တစ်ပါးပင်လျှင် ပေါ်ထွက်လာခဲ့လေသည်။

လူတိုင်း၏ မျက်နှာက ပြောင်းလဲသွားပြီး ဤကိစ္စ၏ လေးနက်မှုကို နားလည်သဘောပေါက်လာကြ၏။

သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများကို လူတိုင်းက သိရှိထားကြသည်။ သူသည် ငရဲဖိနှိမ်မီးဖိုနှင့်အတူ မိစ္ဆာဘုရင်များကို အနိုင်မယူနိုင်လျှင်တောင် သူသည် လေဟာနယ်ကို အချိန်မရွေးချိုးဖျက်ကာ အဝီစိသို့ မထိမခိုက်ထွက်ပြေးပုန်းရှောင်​နိုင်လေသည်။

သို့သော်လည်း မိစ္ဆာဧကရာဇ်တစ်ပါး ပေါ်ထွက်လာမည်ဆိုလျှင် အခြေအနေက လုံးလုံးလျားလျား ကွဲပြားခြားနားသွားပေလိမ့်မည်။

ကျင့်ကြံသူတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဂိုဏ်းချုပ်နဲ့ မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်ရဲ့မင်းသားက မိစ္ဆာလိုဏ်ဂူအပြင်ဘက်မှာ ပဋိပက္ခတစ်ခုဖြစ်ပွားခဲ့တယ်လို့ ကျုပ်သတင်းရထားတယ်”

“မိစ္ဆာဧကရာဇ်လင်းရှောင်ပေါ်ထွက်လာတာက အဲဒါကြောင့်ဖြစ်ဖို့များမယ်”

နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။

“လက်ထောက်ဂိုဏ်းချုပ်... မိစ္ဆာဧကရာဇ်ပိုရွှင်းကို မြန်မြန်ဖိတ်ခေါ်ပေးပါ... အခုမိစ္ဆာဧကရာဇ်လင်းရှောင်ကို ရန်စမိသွားပြီဆိုတော့... ထျန်ဟွမ်ဂိုဏ်းက ချေမှုန်းသုတ်သင်ခံရမယ့် အန္တရာယ်ရှိလာပြီ”

“ဧကရာဇ်ပိုရွှင်း ဘယ်နေရာမှာရှိလဲ ငါမသိဘူး”

မိုးကြိုးဧကရာဇ်ကောင်းကင်ဘုံအမျက်ဒေါသက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“ဒီတစ်ခေါက် ငါမင်းတို့တွေကို ခေါ်လိုက်တယ်ဆိုတာ မင်းတို့တွေကို ကောင်းကင်ဘုံကမ္ဘာရဲ့အပြင်ကိုထွက်ပြီး ပုန်းရှောင်စရာဂြိုလ်တစ်ခု သွားရှာစေချင်လို့ပဲ”

“ခင်ဗျားက ဘယ်ကိုသွားမှာလဲ”

ကောင်းကင်ဘုံဝံပုလွေကမေးလိုက်၏။

မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသက ပြောလိုက်၏။

“ငါက... မိစ္ဆာမဟာနယ်မြေရဲ့ ဗဟိုချက်ဒေသကို တစ်ချက်သွားကြည့်ရမယ်”

“ကျုပ်လည်းလိုက်မယ်”

ယန်ပေးချန်က ချက်ချင်းပင် ပြောလိုက်၏။

မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသက ပြန်ပြောလိုက်သည်။

“မင်းရဲ့ကျင့်ကြံမှုက လုံလောက်အောင်မမြင့်မားသေးဘူး... မင်းလိုက်လာမယ်ဆိုရင်တောင် အလကားပဲ... မင်းရဲ့တာဝန်က ထျန်ဟွမ်ဂိုဏ်းကို အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ဖို့ပဲ”

“အဲဒါတွေလုပ်စရာမလိုတော့ဘူး”

ထိုစဥ်မှာပင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ခန်းမထဲသို့ ဝင်ရောက်လာကြသည်။

အမျိုးသားက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထားသည်။ ထိုသူက သိုင်းတာအိုပင်မခန္ဓာဖြစ်လေသည်။

အမျိုးသမီးက အဖြူရောင်ကိုဝတ်ဆင်ထားပြီး သူမသည် သက်ရှိများအားလုံးကို ညှို့ငင်ဖမ်းစားနိုင်သည့် ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထား၏။ သူမ၏ မျက်လုံးများက ရွှန်းလဲ့နေပြီး အထဲမှာဝဲဂယက်များ ဖြာထွက်နေပုံရလေသည်။

အမျိုးသမီးသည် ထျန်ဟွမ်ဂိုဏ်းမှ ရင်းနှီးနေကျလူတချို့ကို တွေ့မြင်သောအခါ သူမက ဝမ်းသာအားရ​ဖြင့် ပြုံးလိုက်လေသည်။

အမျိုးသမီး၏ အပြုံးက လူတိုင်းကို မှင်တက်သွားစေ၏။

ခန်းမထဲရှိအခြားသောကျင့်ကြံသူများကို မပြောနှင့် ကောင်းကင်ဘုံဝံပုလွေပင်လျှင် သူ၏ နှုတ်ခမ်းထောင့်ကနေ သွားရည်များစီးကျနေသည်ကို သတိထားမိခြင်းမရှိဘဲ ကြောင်အ,မှင်တက်၍ သွားဖြီးထားလေသည်။

သူ၏ ငေးငိုင်ရာကနေ ပထမဆုံး နိုးထလာသူက မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသဖြစ်သည်။

မည်သို့ပင်ဆိုစေ သူက အင်မော်တယ်ဘုရင်တစ်ပါးဖြစ်ပြီး အထက်ဘုံလောကမှာ အလွန်ကြီးမားသည့်ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ထားခဲ့သည်။ နှစ်ပေါင်းသိန်းချီကြာအောင် အကျဥ်းချခံထားရပြီးနောက် သူ၏ တာအိုနှလုံးသားကို ချို့ယွင်းချက်မရှိသောအဆင့်ထိ မီးဆေးထားနိုင်ခဲ့ပြီဖြစ်လေသည်။

မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသက သူ၏ ငေးငိုင်ရာကနေ နိုးထလာစဥ်မှာပင် မင်းကျန်၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများက ကြည်လင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာကာ တရားစာတစ်ပုဒ်ကို ညင်သာစွာရွတ်ဆိုလိုက်၏။

မင်းကျန်သည် ကမ္ဘာ့ကွန်ချာဗောဓိသတ္တနှင့် ဧကရာဇ်အာနန္ဒာ၏ အမွေကို ဆက်ခံရရှိထား၏။ ကြည်လင်ရှင်းလင်းသောနှလုံးသားနှင့် ဗုဒ္ဓဝါဒအပေါ် လေးနက်သိမ်မွေ့သော နားလည်သဘောပေါက်မှုနှင့်အတူ သူသည် ညှို့ငင်ဖမ်းစားမှုကနေ သိပ်မကြာခင်ရုန်းထွက်လာနိုင်ခဲ့၏။

သူ၏ အသိစိတ်ကို ပြန်လည်ရရှိလာသည့် တတိယမြောက်လူက ယန်ပေးချန်ဖြစ်သည်။

သူသည် ဤအမျိုးသမီးကို တွေ့မြင်သည့်ခဏမှာ သူမသည် ချင်ဖျန်ယန်အဖြစ် အသွင်ပြောင်းလဲသွားပုံရပြီး သူ့ကိုပြုံးပြနေသည်ဟု ထင်ယောင်ထင်မှားမြင်မိခဲ့သည်။

သို့သော်လည်း သူသည် မိစ္ဆာဥပါဒါန်ဗုဒ္ဓကြမ္မာသုတ္တန်ကို ကျင့်ကြံထားပြီး ချင်ဖျန်ယန်က သေဆုံးသွားခဲ့ပြီဆိုတာကို အလျင်အမြန်နားလည်သဘောပေါက်သွား၏။ ထိုအရာသည် သူ၏ နှလုံးသားထဲရှိ စွဲလမ်းမှုတစ်ခုမျှသာဖြစ်သည်။

သူတို့နှစ်ယောက်စလုံးက အမျိုးသမီးများဖြစ်သော်လည်း ချိုးစစ်လောသည် ဤအမျိုးသမီး၏ အပြုံးမှာ ညှို့ငင်ဖမ်းစားခံရပြီး ယာယီအားဖြင့် ငေးမောမှင်တက်နေမိ၏။

ရုတ်တရက်ပုလွေသံတစ်သံက ထွက်ပေါ်လာသည်။

ကူထုံယိုသည် သူ၏ ငေးငိုင်ရာကနေ အရင်ဆုံးနိုးထလာပြီး ဝိညာဥ်ကျဆုံးပုလွေကို မှုတ်လိုက်လေသည်။

ချိုးစစ်လောက ရင်တစ်ချက်ထိတ်သွားပြီး သူမ၏ ငေးငိုင်ရာကနေ ချက်ချင်းပင်နိုးထလာခဲ့၏။ သူမက ကူထုံယိုကို ပြုံးပြပြီး သူမ၏ လက်ချောင်းများဖြင့် ဒုံမင်းကြိုးကို ညင်သာစွာတီးခတ်လိုက်၏။

ဒုံမင်းနှင့်ပုလွေသံက အတူတကွထွက်ပေါ်လာလေသည်။

ဖုန့်ကျစ်ရီသည် ဆတ်ခနဲတုန်ယင်သွားပြီး ဒုံမင်းနှင့်ပုလွေသံကြောင့် နိုးထလာ၏။

ခန်းမထဲရှိ ကောင်းကင်ဘုံဝံပုလွေနှင့် အခြားသူများကတော့ သူတို့သည် ယစ်မူးနေသောအမူအရာများနှင့်အတူ သူတို့၏ ထင်ယောင်ထင်မှားခံစားချက်များမှာ နစ်မျောနေဆဲဖြစ်ပြီး သူတို့ရောက်ရှိနေသည့်နေရာကိုပင် မေ့လျော့နေကြ၏။

သိုင်းတာအိုပင်မခန္ဓာက မည်သည့်အရာကိုမှ တားဆီးခြင်းမရှိပေ။ ခန်းမထဲရှိလူတိုင်းအနေဖြင့် နတ်ဆိုးမကျိ၏ အစွမ်းအစများကို မြင်တွေ့သွားခြင်းသည် ကောင်းသောအရာဖြစ်လေသည်။

ရုတ်တရက် နတ်ဆိုးမကျိက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီး သူမ၏ သိုလှောင်အိတ်ထဲကနေ မျက်နှာဖုံးတစ်ခုကို အလျင်အမြန်ထုတ်ယူကာ သူမ၏ မျက်နှာကို အုပ်လိုက်၏။

သူမသည် တဗူးဂမ္ဘီရကျင့်စဥ်ကိုကျင့်ကြံထားပြီး ၎င်း၏ လေးနက်သိမ်မွေ့မှုများက သူမ၏ ကိုယ်တွင်းမှာ ပေါင်းစဥ်းထားခဲ့ပြီဖြစ်သည်။

ကျင့်ကြံရေးနည်းစနစ်တစ်ခုခုကို ထုတ်ဖော်ခြင်းမရှိလျှင်တောင် သူမထံမှ မျက်မှောင်တစ်ချက် အပြုံးတစ်ချက်နှင့် အပြုအမူတစ်ခုချင်းစီတိုင်းက ညှို့ငင်ဖမ်းစားနိုင်ပြီး လူတိုင်း၏ နှလုံးသားကို ကိုင်လှုပ်နိုင်လေသည်။

ယခု... သူမသည် ရုတ်တရက် သူမ၏ မျက်နှာကို ဖုံးကွယ်လိုက်ပြီး အခြားသူများသည် သူတို့၏ ငေးငိုင်ရာကနေ နောက်ဆုံးမှာနိုးထလာကြ၏။

ကောင်းကင်ဘုံဝံပုလွေက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ခေါင်းကို အလိုလိုငုံ့လိုက်၏။

သူ၏ တံတွေးရည်များက သူ၏ ရှေ့မှာရေအိုင်တစ်ခု ဖြစ်ပေါ်နေလေပြီ။

“ရှက်ဖို့ကောင်းလိုက်တာကွာ”

ကောင်းကင်ဘုံဝံပုလွေက စိတ်ထဲကနေ သူ့ကိုယ်သူကျိန်ဆဲပြီး မြေပြင်ပေါ်မှာ တိတ်တဆိတ်ဝပ်ချကာ သူ၏ တံတွေးရည်များကို ဖုံးကွယ်၍ သိုင်းတာအိုပင်မခန္ဓာကို မလုံမလဲကြည့်လိုက်၏။

“ကိုယ်တော်လေးမင်းကျန်နဲ့ အစ်ကိုယန်ပေးချန်... ရှင်တို့တွေလည်း ဒီမှာရောက်နေကြတာပဲ”

နတ်ဆိုးမကျိက ပြုံးရွှင်စွာဖြင့် သူတို့နှစ်ယောက်ကို ခေါ်လိုက်၏။

“အောမီထောဖော... အောမီထောဖော”

မင်းကျန်က သူ၏ ခေါင်းကိုငုံ့ပြီး သူ၏ စိတ်ကို အာရုံစိုက်ထား၏။ သူကလည်း နတ်ဆိုးမကျိကို ပြန်ပြုံးပြလိုက်၏။

“ဒကာမ... ကျန်းမာတော်မူပါစ”

ယန်ပေးချန်၏ နှလုံးသားထဲမှာ ချင်ဖျန်ယန်တစ်ယောက်သာရှိလေသည်။

သူက နတ်ဆိုးမကျိကို ခေါင်းညိတ်ပြလိုက်၏။

“ထျန်ဟွမ်ကုန်းမြေတိုက်က နောက်ထပ်မိတ်ဆွေဟောင်းတစ်ယောက်ပဲ... ငါတို့ ကောင်းကောင်းစကားပြောကြတာပေါ့”

နတ်ဆိုးမကျိ၏ အကြည့်က ချိုးစစ်လောနှင့် ကူထုံယိုအပေါ်မှာ ခဏမျှရပ်တန့်သွား၏။

သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ စိမ်းသလိုရှိပြီး သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်က မဟုတ်လောက်ပေ။

သို့သော်လည်း နတ်ဆိုးမကျိက သူတို့၏ သရုပ်သကန်ကို အလျင်အမြန်ခန့်မှန်းမိသွားပြီး ညင်သာစွာပြုံးပြလိုက်၏။

“ဒီနှစ်တွေအားလုံးမှာကျွန်မက ထျန်ဟွမ်ဂိုဏ်းက ဒုံမင်းမိိစ္ဆာနဲ့ ပုလွေမိစ္ဆာအကြောင်းကို ကြားဖူးထားတယ်... အခုကိုယ်တိုင်မြင်တွေ့မှပဲ သူတို့က သူတို့ရဲ့နာမည်ဂုဏ်သတင်းနဲ့ တကယ်ကိုလိုက်ဖက်နေတာပဲ”

“ရှင်တို့နှစ်ယောက်ရဲ့ ဒုံမင်းနဲ့ပုလွေက နားထောင်ရတာ တကယ့်ကို သာယာနာပျော်ဖွယ်ကောင်းတယ်... ကျွန်မနာမည်က ယောင်ယန်ပါ... နောက်ပိုင်းအခွင့်ရှိရင် ကျွန်မ ရှင်တို့ဆီကနေ သင်ယူချင်ပါသေးတယ်”

ချိုးစစ်လောနှင့် ကူထုံယိုက နှုတ်ဆက်သည့်အနေဖြင့် နတ်ဆိုးမကျိကို ခေါင်းညိတ်ပြလိုက်၏။

နတ်ဆိုးမကျိ၏ အကြည့်က နောက်ဆုံးမှာ မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသအပေါ် ဆင်းသက်ရောက်ရှိသွားပြီး တီးတိုးရေရွတ်လိုက်၏။

“သူက...”

သူမသည် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှာရှိနေခဲ့သော်လည်း သူမသည် ကောင်းကင်ဘုံအမျက်ဒေါသအကြောင်းကို ကြားဖူးထားခဲ့၏။

“ငါက... ဖုန့်စန်းထျန်ပဲ.. ငါကလည်း ထျန်ဟွမ်ကုန်း​မြေတိုက်ကလာတာ”

မိုးကြိုးဧကရာဇ်က ပြုံးပြပြီး မတ်တတ်ထရပ်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်လေသည်။

“ထျန်ဟွမ်ကုန်း​မြေတိုက်မှာတုန်းက အစ်ကိုဖုန့်ရဲ့နာမည်ကို မင်းကြားဖူးမှာပါ... သူက ဧကရာဇ်တွေထဲကတစ်ပါး မိုးကြိုးဧကရာဇ်လေ”

“အာ..”

နတ်ဆိုးမကျိက ညင်သာစွာ အံ့အားတသင့်ရေရွတ်ပြီး တည်ကြည်လေးနက်သောအမူအရာဖြင့် အလောတကြီးဦးညွှတ်လိုက်၏။

“ကျွန်မ... နှိမ်ချစွာနဲ့အရိုအသေပေးပါတယ်... စီနီယာမိုးကြိုးဧကရာဇ်”

ဆူဇီမိုဖြစ်စေ၊ နတ်ဆိုးမကျိဖြစ်စေ... သူတို့သည် ရှေးဟောင်းဧကရာဇ်များအပေါ် အလွန်တရာရိုသေလေးစားမှုရှိကြလေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်၏ ရက်စက်ကြမ်းတမ်းသော ခေတ်ကာလမှာ သေရမည်ကိုမကြောက်ရွံ့ဘဲ ရဲဝင့်စွာတိုက်ခိုက်ခဲ့ကြသော ရှေးဟောင်းဧကရာဇ်များကဲ့သို့ လူသားမျိုးနွယ်၏ စီနီယာများ​ကြောင့်သာ ကမ္ဘာဦးမျိုးနွယ်ကိုးစုကို ဖိနှိမ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်၏ ချောင်ကြိုချောင်ကြားသို့ မောင်းထုတ်ကာ လူသားမျိုးနွယ်ပိုင်ဆိုင်သည့် ဂုဏ်ကျက်သရေထွန်းတောက်သော ခေတ်ကာလတသ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

“ဓလေ့ထုံးတမ်းတွေ မလိုပါဘူး”

မိုးကြိုးဧကရာဇ်က လက်ကာပြလိုက်၏။

“မင်းက ဂျူနီယာတစ်ယောက်ဆိုပေမယ့် မင်းရဲ့မိစ္ဆာနည်းစနစ်က တကယ့်ကိုစွမ်းအားကြီးမားတယ်”

နတ်ဆိုးမကျိက တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုကို ကျင့်ကြံထားသည်ကို မိုးကြိုးဧကရာဇ်က မသိရှိသော်လည်း သူ၏ အမြင်အာရုံက ထက်ရှပြီး အတွေ့အကြုံကြွယ်ဝလေသည်။ နတ်ဆိုးမကျိသည် အလွန်တရာ ပါရမီအရည်အချင်းရှိပြီး သူမသည် မင်းကျန်၊ ယန်ပေးချန်နှင့် အခြားသူများထက် သေချာပေါက်မနိမ့်ကျသည်ကို သူကပြောနိုင်၏။

မိုးကြိုးဧကရာဇ်က ခဏမျှစဥ်းစားတွေးတောပြီး ပြောလိုက်၏။

“ဂိုဏ်းချုပ်က စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေကို တစ်ခါကဖွဲ့စည်းခဲ့တယ်... ငါက သူတို့ထဲက အဖွဲ့ဝင်တစ်ယောက်ပဲ... မင်းစိတ်ရှိမယ်ဆိုရင် မင်းအတွက်သင့်လျော်မယ့် နေရာတစ်ခုရှိနေတယ်”

“အို...”

နတ်ဆိုးမကျိ၏ လှပသောမျက်လုံးများက တဖျတ်ဖျတ်ဖြစ်သွားပြီး သိုင်းတာအိုပင်မခန္ဓာကိုကြည့်ကာ ပြုံး၍မေးလိုက်၏။

“အဲဒါက... စိတ်ခံစားချက်ခုနှစ်မျိုးထဲက ရမ္မက်များလား”

All Chapters