အခွင့်အရေးတစ်ခုရှိလာမှာပါ
Vol. 170 Ch. 2547
သိုင်းတာအိုပင်မခန္ဓာက ခေါင််းညိတ်ပြလိုက်၏။
ဤကိစ္စနှင့်ပတ်သက်၍ သူသည် မိုးကြိုးဧကရာဇ်နှင့် အတွေးချင်းတူလေသည်။
စိတ်ခံစားချက်ခုနှစ်မျိုးကြားမှာ နတ်ဆိုးမကျိတစ်ယောက်တည်းကသာ ရမ္မက်နေရာနှင့် ကိုက်ညီမှုရှိပေလိမ့်မည်။
ဒါ့အပြင် စောစောက သူမထုတ်ဖော်ပြသခဲ့သည့် လှုပ်ရှားကွက်နှင့်အတူ လူတိုင်းက သူမ၏ ခွန်အားကို လက်ခံယုံကြည်သွားစေဖို့ လုံလောက်လေသည်။
နတ်ဆိုးမကျိပါဝင်လာခြင်းနှင့်အတူ ယခုအခါ စိတ်ခံစားချက်ခုနှစ်မျိုးမိစ္တာတပ်မှူးများထဲ တပ်မှူးခြောက်ဦးရှိလာခဲ့ပြီဖြစ်သည်။
ယခုအချိန်မှာ ကြောက်ရွံ့ခြင်းနေရာအတွက်သာ သင့်လျော်မည့်သူကို ရှာမတွေ့သေးခြင်းဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက အလောတကြီးရှိမနေပေ။
စိတ်ခံစားချက်ခုနှစ်မျိုးမိစ္ဆာတပ်မှူးများကို အတင်းအကျပ်စုဆောင်းခြင်းသည် သူနှင့် ထျန်ဟွမ်ဂိုဏ်းအတွက် အဓိပ္ပါယ်မရှိပေ။
လက်ရှိမိစ္ဆာတပ်မှူးခြောက်ယောက်ထဲမှာ အခြားသူများထက် ကျင့်ကြံမှုနယ်ပယ် များစွာသာလွန်သော မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသကလွဲလျှင် ကျန်ငါးယောက်ကြားမှာ အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်အနေနှင့် နတ်ဆိုးမကျိက အမြင့်မားဆုံးဖြစ်နေသည်။
အခြားသောလေးယောက်လည်း သိပ်ပြီးနောက်ကျမကျန်ရစ်ခဲ့ပေ။ သူတို့အားလုံးသည် အဆင့်-၃ သို့မဟုတ် အဆင့်-၄ ကောင်းကင်အင်မော်တယ်များဖြစ်ကြသည်။
သူတို့၏ ပါရမီအလားအလာနှင့် အရည်အချင်းအရ သူတို့သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်များဖြစ်ဖို့ သို့မဟုတ် ပကတိဧကနယ်ပယ်သို့ တက်လှမ်းလာဖို့ အချိန်တစ်ခုသာယူရပေလိမ့်မည်။
လွမ်းဆွေးနေသောအမူအရာနှင့်အတူ ကူထုံယိုက ရုတ်တရက်မေးလိုက်၏။
“ဂိုဏ်းချုပ် ခင်ဗျားက မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်နဲ့ ရန်ငြိုးရန်စရှိခဲ့တယ်လို့ကြားတယ်... မိစ္ဆာဧကရာဇ်လင်းရှောင်ကတောင် ပေါ်ထွက်လာခဲ့တယ်ဆို အဲဒါအမှန်ပဲလား”
အခြားသောကျင့်ကြံသူများကလည်း ရင်တစ်ချက်ထိတ်သွားကြ၏။
ဤကိစ္စသည် ထျန်ဟွမ်ဂိုဏ်း၏ ဘေးသင့်နိုင်မှုနှင့်ပတ်သက်နေပြီး မည်သူကမှ ပေါ့ပေါ့ဆဆ မနေရဲပေ။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“မပူနဲ့... မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်က ပျက်စီးသွားပြီ... မိစ္ဆာဧကရာဇ်လင်းရှောင်လည်း သေသွားပြီ”
ဟာ...
သိုင်းတာအိုပင်မခန္ဓာ၏ လေသံက တည်ငြိမ်နေသော်လည်း သူပြောလိုက်သည့်စကားလုံးများက လူတိုင်းအတွက် ကမ္ဘာတုန်လောက်လေသည်။
မိစ္ဆာမဟာနယ်မြေမှာ အကြီးမားဆုံးအဖွဲ့အစည်းဖြစ်သော မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်က ပျက်စီးသွားခဲ့ပြီဖြစ်ပြီး မိစ္ဆာဧကရာဇ်လင်းရှောင်ပင်လျှင် သေသွားရပြီတဲ့လား။
“အဲဒါကို မင်းပဲပြောပြလိုက်”
သိုင်းတာအိုပင်မခန္ဓာက နတ်ဆိုးမကျိကို လှည့်ကြည့်လိုက်၏။
နတ်ဆိုးမကျိအနေနှင့် ထျန်ဟွမ်ဂိုဏ်းနှင့်အသားကျလာဖို့ ဤအခွင့်အရေးကို အသုံးချနိုင်လေသည်။
နတ်ဆိုးမကျိ၏ ချောမောလှပသောမျက်နှာကို ဖုံးအုပ်ထားသော်လည်း သူမ၏ အသံက နူးညံ့သိမ်မွေ့နေပြီး သာယာနာပျော်ဖွယ်ကောင်းကာ သူမသည် ပေယင်တောင်မှအဖြစ်အပျက်ကို ပြန်ပြောပြလိုက်၏။
လူတိုင်းသည် နတ်ဆိုးမကျိ၏ စကားမှာ နစ်မျောသွားကြသည်။
သူတို့သည် အဲဒါကို ကိုယ်တိုင်ကြုံတွေ့နေရသည့်အလား တုန်လှုပ်၍စိုးရိမ်ထိတ်လန့်ကာ အကြောအခြင်များ တောင့်တင်းလာကြ၏။
“အဲဒါမဖြစ်နိုင်ဘူး”
ကောင်းကင်ဘုံဝံပုလွေက ထိုစကားကို ကြားသောအခါ သူက ဝေခွဲမရဖြစ်သွား၏။
“မဟာဧကရာဇ်တစ်ပါးရဲ့ ဘဝသက်တမ်းကတောင် နှစ်ဆယ်သန်းဝန်းကျင်ပဲရှိတယ်... မဟာဧကရာဇ်ဒီဃာယုတောင်မှ နှစ်သန်းနှစ်ဆယ်ပဲ ရှင်သန်နေထိုင်နိုင်ခဲ့တယ်လို့ ငါကြားထားတယ်... မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက အခုချိန်ထိ ဘယ်လိုလုပ်ရှင်သန်နိုင်ဦးမှာလဲ”
သိုင်းတာအိုပင်မခန္ဓာကလည်း ထိုအကြောင်းအရာနှင့်ပတ်သက်၍ နားမလည်နိုင်ပေ။
“သူက... ပြန်ဝင်စားခြင်းကနေ ပြန်ပြီးမွေးဖွားလာတာလား”
ကောင်းကင်ဘုံဝံပုလွေက ထိုထင်မြင်ယူဆချက်ကို ပြောလိုက်သည့်ခဏမှာပင် သူ့ဘာသာသူခေါင်းခါပြီး ပယ်ချလိုက်၏။
“အဲဒါမဖြစ်နိုင်ဘူး... သူကပြန်ဝင်စားလာမယ်ဆိုရင်တောင် သူ့ကိုလမ်းညွှန်ပြသေပေးမယ့်သူ တစ်ယောက်ယောက်ရှိနေရမယ်”
“နောက်ပြီး သူ့အနေနဲ့ ပြန်ဝင်စားလာပြီးရင် ဒီလောက်ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရည်ခွန်အားကို ဆက်ပြီးပိုင်ဆိုင်ထားစရာအကြောင်းမရှိဘူး”
မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသက မေးလိုက်၏။
“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးမှာ ရက်စက်ကြမ်းတမ်းတဲ့ စိတ်နေစရိုက်ရှိတယ်... သူက တိုက်ခိုက်သိမ်းပိုက်ရတာကို ခုံမင်သဘောကျတယ်... သူသွားလေရာနေရာတိုင်းမှာ စစ်ပွဲတွေချည်းပဲ သူက ငါတို့ကို တိုက်ခိုက်လာမှာလား”
သိုင်းတာအိုပင်မခန္ဓာသည် သူ မထွက်ခွာခင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ အဓိပ္ပါယ်ပါသောအကြည့်ကို ပြန်လည်အမှတ်ရသွား၏။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက သူ့ကိုတိုက်ခိုက်လိုသည်ဆိုလျှင် ထိုစဥ်ကတည်းက တိုက်ခိုက်ဖို့အခွင့်အရေး သူ့မှာရှိခဲ့လေသည်။
“အနည်းဆုံးတော့ လောလောဆယ်မဟုတ်သေးဘူး”
သိုင်းတာအိုပင်မခန္ဓာက လေးနက်စွာပြောလိုက်၏။
“ထျန်ဟွမ်ဂိုဏ်းက မိစ္ဆာမဟာနယ်မြေရဲ့ အစွန်အဖျားဒေသမှာရှိတယ်... မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက မိစ္ဆာမဟာနယ်မြေကို အုပ်စိုးလိုတယ်ဆိုရင်တောင် သူက အချိန်တိုအတွင်းမှာ ဒီနေရာကို ရောက်လာမှာမဟုတ်သေးဘူး”
လူတိုင်းက အနည်းငယ် စိတ်သက်သာရာရသွား၏။
သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။
“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးရဲ့ပေါ်ထွက်လာမှုနဲ့ဆို မိစ္ဆာမဟာနယ်မြေက သေချာပေါက် ဝရုန်းသုန်းကား ဖြစ်လာပြီး မရေမတွက်နိုင်တဲ့အဖွဲ့အစည်းတွေက ရောပါငြိစွန်းခံရလိမ့်မယ်... ဒီနေ့ကစပြီး ထျန်ဟွမ်ဂိုဏ်းကို ဆက်ပြီးမချဲ့ထွင်နဲ့တော့... ငါတို့တွေက အခြေအနေဘယ်လိုရှိလဲပဲ စောင့်ကြည့်ရမယ်”
ထျန်ဟွမ်ဂိုဏ်းနှင့် အထီးကျန်သိုင်းသခင်၏ နာမည်သည် မိစ္ဆာမဟာနယ်မြေနှင့် ကောင်းကင်ဘုံကမ္ဘာမှာပင် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှ အခြားသောမိတ်ဆွေဟောင်းတစ်ယောက်ယောက် ရောက်ရှိလာမည်ဆိုလျှင် သူတို့သည် ထျန်ဟွမ်ဂိုဏ်းကို သေချာပေါက်ကြားသိမည်ဖြစ်ပြီး သူ့ကိုလာရှာပေလိမ့်မည်။
ထျန်ဟွမ်ဂိုဏ်းကို ဆက်လက်ချဲ့ထွင်မည်ဆိုလျှင် သူတို့သည် မိစ္ဆာမဟာနယ်မြေ၏ ဝရုန်းသုန်းကားအခြေအနေမှာ ရောပါငြိစွန်းခံရနိုင်ပြီး အဲဒါက ထိုက်တန်မှုလိမ့်မည်မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ချိုးစစ်လောအပေါ်ဆင်းသက်သွားပြီး သူက ရုတ်တရက်မေးလိုက်၏။
“မင်းအရင်က ဒဏ်ရာရခဲ့တာလား”
ချိုးစစ်လောက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“အခုတော့... အဆင်ပြေသွားပါပြီ... အချိန်တစ်ခုလောက်အနားယူအားဖြည့်ပြည့်ပြီးရင် ကျွန်မပြန်ကောင်းသွားမှာပါ”
ယန်ပေးချန်က ပြောလိုက်၏။
“မိစ္ဆာမဟာနယ်မြေက လူရမ်းကားတချို့က တာအိုရောင်းရင်းကူနဲ့ တာအိုရောင်းရင်းချိုးတို့ကို ပြဿနာလာရှာခဲ့တယ်... ကံကောင်းစွာနဲ့ပဲ စီနီယာမိုးကြိုးဧကရာဇ် အချိန်မီရောက်လာပြီး သူတို့ကို သတ်ဖြတ်လိုက်တယ်”
“သူတို့က ဘယ်ကျင့်ကြံမှုနယ်ပယ်တွေလဲ... လူဘယ်နှယောက်လဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“သူတို့က သိပ်မများဘူး”
ကူထုံယိုက ပြောလိုက်သည်။
“ပကတိမိစ္ဆာတစ်ယောက်နဲ့ အဆင့်-၉ ကောင်းကင်အက်မော်တယ်သုံးယောက်ပဲ”
“မင်းတို့တွေက အရင်တုန်းက ရန်ငြိုးရန်စတစ်ခုခုရှိခဲ့တာလား”
သိုင်းတာအိုပင်မခန္ဓာက ထပ်မံ၍မေးလိုက်၏။
ချိုးစစ်လောက သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“သူတို့လေးယောက်ကိုကြည့်ရတာ မရင်းနှီးဘူး... ကျွန်မ သူတို့ကို အရင်က တစ်ခါမှမတွေ့ဖူးဘူး”
မိုးကြိုးဧကရာဇ်က ပြောလိုက်၏။
“ငါက သူတို့ထဲကတစ်ယောက်ကို အသက်ရှင်လျက်ချန်ထားပြီး ဝိညာဥ်ရှာဖွေခဲ့တယ်... အဲဒီကနေတစ်ဆင့် တစ်ယောက်ယောက်က သူတို့ကို ညွှန်ကြားခိုင်းစေခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်တချို့ငါရခဲ့တယ်... ဒါပေမဲ့ သူတို့ကို စေခိုင်းလိုက်တဲ့သူက ဘယ်သူလဲဆိုတာကို ငါမဖော်ထုတ်နိုင်ခဲ့ဘူး”
ကူထုံယိုမှာ တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုရှိနေပြီး သူက မည်သည့်စကားမှ မဆိုပေ။
ချိုးစစ်လောကလည်း တစ်စုံတစ်ရာကို သိရှိထားပုံရသော်လည်း သူမ၏ နှုတ်ခမ်းကိုစေ့ကာ တိတ်တဆိတ်ရပ်နေ၏။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ငါထင်တာမမှားဘူးဆိုရင် အဲဒါ အင်မော်တယ်မဟာနယ်မြေက တစ်ယောက်ယောက်ဖြစ်လိမ့်မယ်... ထပ်ပြီးတော့ပြောရရင် အဲဒါက ဒုံမင်းအင်မော်တယ်ရဲ့လက်ချက်ဖြစ်ဖို့များတယ်”
ချိုးစစ်လောက ပြောလိုက်၏။
“ကျွန်မတို့နှစ်ယောက်လည်း သူပဲဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိတယ်... သူက ဝိညာဥ်ရိပ်သိမ်းဒုံမင်းနဲ့ ဝိညာဥ်ကျဆုံးပုလွေအတွက် ဒီနေရာကို သူတို့ကို စေလွှတ်လိုက်တာဖြစ်မယ်”
“သူ့ကိုတကယ်ပဲ... ခါချလို့ မရဘူးပဲ... သူက ဒီနေရာထိတောင် ဆက်လိုက်လာတယ်ဆိုတော့”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က အေးစက်လာပြီး သူ၏ လေသံက မကောင်းဆိုးဝါးဆန်နေ၏။
“ဂိုဏ်းချုပ် အဲဒါကို ထားလိုက်ပါတော့”
ချိုးစစ်လောက ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် သူ မအောင်မြင်ခဲ့ဘူးလေ... ဒီတစ်ခေါက်အရေးနိမ့်သွားပြီးရင် သူက တစ်ခုခုထပ်ပြီးလုပ်လိမ့်မယ်လို့တော့ ကျွန်မ မထင်တော့ပါဘူး”
“သူက ငါတို့ရဲ့တံခါးရှေ့ထိ သတ်ဖြတ်ဖို့ရောက်လာခဲ့ပြီးပြီ.... ငါတို့တွေက ဒီကိစ္စကို ဒီတိုင်းမထားနိုင်ဘူး”
ကောင်းကင်ဘုံဝံပုလွေက ဤကဲ့သို့ပင်အဆုံးမသတ်လိုဘဲ မကျေမနပ်အော်ပြောလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဥ်းစားတွေးတောပြီး ပြောလိုက်လေသည်။
“ငါက... ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို သွားမယ်ဆိုရင်... ငါ့မှာ အဲဒီမိန်းမကို သတ်ဖို့အခွင့်အရေးတစ်ခု တကယ်ပဲရှိတယ်... ဒါပေမဲ့...”
“ဂိုဏ်းချုပ်... ရှင် အဲဒီအန္တရာယ်ကို စွန့်စားစရာမလိုပါဘူး”
ချိုးစစ်လောက အလောတကြီးပြောလိုက်၏။
“ဒုံမင်းအင်မော်တယ်မုန့်ယောင်က မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ မင်းသမီးတစ်ပါးပဲ... သူက တစ်နှစ်ပတ်လုံး အင်မော်တယ်ပျံဂိုဏ်းမှာ ကျင့်ကြံနေတာ... သူ့ကိုသတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာခါပြီး ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်း မရှိပေ။
သူက ဒုံမင်းအင်မော်တယ်မုန့်ယောင်ကဲ့သို့ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်လိုက်မည်ဆိုလျှင် ထိုလုပ်ရပ်က သူမအတွက် သနားညှာတာလွန်းရာကျနေပေလိမ့်မည်။
သူမအတွက် အကြီးမားဆုံးအပြစ်ဒဏ်မှာ လူတိုင်း၏ ရှေ့မှောက်မှာပင် သူမ၏ ပလ္လင်ပေါ်ကနေ သူမကို တရွတ်တိုက်ဆွဲချပြီး သူမကို အရှက်ရစေကာ သူမ၏ ဂုဏ်ကျက်သရေသိက္ခာများအားလုံးကို ဖျက်ဆီးပစ်ဖို့ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာက ချိုးစစ်လောကိုကြည့်ကာ ရုတ်တရက်မေးလိုက်၏။
“ဒုံမင်းတာအိုမှာ မင်းရဲ့အောင်မြင်ပေါက်မြောက်မှုက မုန့်ယောင်နဲ့ယှဥ်ရင်ဘယ်လိုနေမလဲ”
“ကျွန်မက သူနဲ့တစ်ခါမှ မယှဥ်ပြိုင်ဖူးတဲ့အတွက် ဘယ်သူပိုသန်မာလဲဆိုတာ မသိဘူး”
ချိုးစစ်လောက သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
ကူထုံယိုက ပြောလိုက်၏။
“သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က မင်းထက်အများကြီးသာတယ်... ဒါပေမဲ့ မင်းက ဒုံမင်းတာအိုမှာဆိုရင် သူ့ကိုသေချာပေါက်နိုင်တယ်”
“ရှင်က ကျွန်မကို အမြဲတမ်းမြှောက်ပြောနေတာပဲ”
ချိုးစစ်လောက သူမ၏ ခေါင်းကို ခါယမ်းပြီး အဲဒါကို အတည်အတံ့မှတ်ယူခြင်းမရှိဘဲ ပြုံးပြလိုက်၏။
ရုတ်တရက်... သိုင်းတာအိုပင်မခန္ဓာက ယုံကြည်လက်ခံစွာဖြင့် ပြောလိုက်၏။
“မင်းက... မုန့်ယောင်ကို အနိုင်ယူနိုင်မယ်လို့ ငါလည်းယုံကြည်တယ်”
ချိုးစစ်လောက မှင်တက်သွား၏။
ကူထုံယိုက သူမကို နှစ်သိမ့်ပေးခြင်းမျှသာဖြစ်နိုင်သော်လည်း ဂိုဏ်းချုပ်က ထိုသို့ပြုလုပ်စရာအကြောင်းမရှိပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ချိုးစစ်လော၏ ဒုံမင်းသံကို အရင်က ကြားဖူးခဲ့၏။ တုန်ခါလှိုင်းနှင့် စိတ်ခံစားချက်များသည် ဝေးကွာလွန်းသော အောက်ဘုံလောကမှာရှိနေခဲ့သည့် သိုင်းတာအိုပင်မခန္ဓာ၏ နှလုံးသားကိုပင် ရိုက်ခတ်စေနိုင်ခဲ့သည်။
သူမသည် သူမမှာရှိသမျှအရာရာတိုင်းကို ဒုံမင်းတာအိုထဲပေါင်းစည်းထားခြင်းမဟုတ်လျှင် သူမ၏ ဒုံမင်းဒုံမင်းသံက ဤကဲ့သို့သောတန်းတစ်ခုထိ ရောက်ရှိလာစရာအကြောင်းမရှိပေ။
သိုင်းတာအိုပင်မခန္ဓာက မုန့်ယောင်၏ ဒုံမင်းသံကို တစ်ခါမှ မကြားဖူးခဲ့ပေ။ သို့သော်လည်း သူသည် မုန့်ယောင်၏ နှလုံးသားထဲရှိ ရုပ်ဆိုးအကျည်းတန်မှုနှင့် ရက်စက်ယုတ်မာမှုကို တွေ့မြင်ထားခဲ့၏။
ဒုံမင်းအင်မော်တယ်မှာ မကြည်လင်သောစိတ်နေစရိုက်တစ်ခုရှိလေသည်။ သူမ၏ ဒုံမင်းအတတ်က ပိုမိုသာလွန်မည်ဆိုလျှင်တောင် သူမသည် ရင်ထဲအသည်းထဲထိ ထိခတ်စေမည့်သီချင်းများကို တီးခတ်နိုင်လိမ့်မည် မဟုတ်ပေ။
ချိုးစစ်လောက ခါးသက်စွာရယ်မောပြီး သက်ပြင်းချလိုက်၏။
“သူက မြင့်မားပြီးတော့ စွမ်းပကားကြီးမားတဲ့ ဒုံမင်းအင်မော်တယ်ပဲ... ကျွန်မက အရင်တုန်းကဆို လူမသိသူမသိ သာမညတစ်ယောက်ပဲ.. ကျွန်မက သူနဲ့ လက်ရည်စမ်းဖို့နေနေသာ သူ့ကိုတွေ့ခွင့်ရဖို့တောင် ခက်ခဲတယ်”
နတ်ဆိုးမကျိက ပြောလိုက်၏။
“သူက ဒုံမင်းအင်မော်တယ်ဖြစ်သလို... ရှင်ကလည်း ဒုံမင်းမိစ္ဆာပဲ... ရှင်က သူနဲ့ တစ်တန်းတည်း ရပ်တည်နေနိုင်ခဲ့တာ ကြာခဲ့ပြီ”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က အေးစက်လာပြီး မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေရှိရာဘက်သို့ ကြည့်ကာ အဓိပ္ပါယ်ပါပါပြောလိုက်၏။
“အခွင့်အရေးတစ်ခု… ရှိလာမှာပါ”