ကောင်းကင်အရှင်ဆဗြဟ္မ
Vol. 170 Ch. 2548
သုံးရက်ကြာပြီးနောက်... ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၊ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ။
လိုဏ်ဂူခန်းဝါထဲမှာ ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်၏။
ယခု... နတ်ဆိုးမကျိက အဆင်ပြေသွားပြီး သူက စိတ်သက်သာရာရသွားသည်။
နောက်ထပ် သူစိုးရိမ်ရသောလူမှာ ရှောင်းနင်ဖြစ်လေသည်။
မျောက်၊ ညဝိညာဥ်၊ ပေမင်ရွှယ်နှင့် လင်းရွှမ်ကျီတို့နှင့် မတူဘဲ ရှောင်းနင်က တိုက်ခိုက်ရည်ခွန်အားမှာ သန်မာမှုမရှိပေ။
ရှောင်းနင်သည် အထက်ဘုံလောက၏ ရက်စက်ကြမ်းတမ်းသောပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု ရှိချင်မှရှိပေလိမ့်မည်။
တကယ်တော့ ဆူဇီမို၏ လက်ရှိနာမည်ဂုဏ်သတင်းနှင့် အဖွဲ့အစည်းအရ သူသည် အလွန်ဆုံး ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာသာ လိုက်လံရှာဖွေနိုင်ပေလိမ့်မည်။ သူသည် အခြားသောအင်မော်တယ်မဟာနယ်မြေများမှာ ယခုအချိန်ထိ လွှမ်းမိုးမှုမရှိသေးပေ။
သူသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သို့မဟုတ် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ကျင့်ကြံပြီးမှသာ သူသည် ရှောင်းနင်ကိုရှာဖွေရန် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ သူ၏ သရုပ်သကန်နှင့် နာမည်ဂုဏ်သတင်းကို အသုံးချနိုင်ပေလိမ့်မည်။
တကယ်တော့... ရှောင်းနင်သည် ကောင်းကင်ဘုံကမ္ဘာသို့ ရောက်မလာတာလည်း ဖြစ်နိုင်လေသည်။ သူမသည် အခြားသောကမ္ဘာတစ်ခုသို့လည်း ရောက်သွားနိုင်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှလူများသည် မိစ္ဆာမဟာနယ်မြေမှာ ပြန်လည်ဆုံစည်းမိသောအခါ သိုင်းတာအိုပင်မခန္ဓာက တံခါးပိတ်ကျင့်ကြံခြင်းသို့ ချက်ချင်းမဝင်ရောက်ဘဲ မိုးကြိုးဧကရာဇ်၊ ယန်ပေးချန်၊ မင်းကျန်နှင့် နတ်ဆိုးမကျိတို့နှင့်အတူ အတိတ်ကာလအကြောင်းကို ပြန်ပြောင်းပြောဆိုကြရင်း တစ်ညလုံးကုန်ဆုံးခဲ့လေသည်။
မိုးကြိုးဧကရာဇ်သည် ကမ္ဘာဦးမျိုးနွယ်ကိုးစုနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ရသည့် ရှေးဟောင်းခေတ်စစ်ပွဲအကြောင်း ယန်ပေးချန်နှင့်အခြားသူများကို ပြန်ပြောပြနေ၏။
နတ်ဆိုးမကျိနှင့် အခြားသူများကလည်း ကမ္ဘာဦးမျိုးနွယ်ကိုးစုနှင့် ဆန့်ကျင်တိုက်ခိုက်ရသောတိုက်ပွဲနှင့် သည်ဘက်မျိုးဆက်၏ သွေးမိစ္ဆာကပ်ဘေးအကြောင်းကိုပင် မိုးကြိုးဧကရာဇ်ကို ပြန်ပြောပြနေ၏။
သူတို့သည် ဝမ်းသာအားရဖြင့် စကားများအပြန်အလှန်ပြောဆိုကြပြီး လွတ်လပ်ပေါ့ပါးစွာဖြင့် စိတ်ကျေနပ်အားရသည်အထိ လူတိုင်းက သောက်စားလိုက်ကြ၏။
သုံးရက်ကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန်ထွက်ခွာသွား၏။
ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ထျန်ဟွမ်ဂိုဏ်းမှာ တံခါးပိတ်ကျင့်ကြံဖို့ မရွေးချယ်ဘဲ အဝီစိသို့ သွားရောက်လိုက်လေသည်။
အဝီစိမှာ ပညာရှင်များစွာက မြှုပ်နှံခံထားရပြီး မရေမတွက်နိုင်သော အမွေအနှစ်များက ကျန်ရစ်ခဲ့သည်။
တဗူးဂမ္ဘီရကျင့်စဥ်ကိုရရှိပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် အဝီစိမှ ကျင့်ကြံရေးနည်းစနစ်များကို လေ့လာကြည့်ရှုကာ တစ်ချိန်တည်းမှာ တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်ဖို့ရည်ရွယ်ထား၏။
ဤတစ်ခေါက်မှာ သူသည် သိုင်းတာအိုကိုပြီးပြည့်စုံစေပြီးမှ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာဖို့ရည်ရွယ်ထားလေသည်။
အစစ်အမှန်သိုင်းတာအိုခန္ဓာကို အဆင့်မြင့်ကျွမ်းကျင်မှုရရှိသည်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး သိုင်းတာအိုကို ပြီးပြည့်စုံအောင်လုပ်ဖို့က ပင်မခန္ဓာအတွက် အရေးတကြီးကိစ္စဖြစ်လာခဲ့၏။
. . . . .
တက္ကသိုလ်၏ လိုဏ်ဂူခန်းဝါထဲမှာ...။
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံခြင်းမရှိခဲ့ပေ။ ထိုအစားသူသည် ဗောဓိစေ့ကိုဆုပ်ကိုင်ပြီး ကောင်းကင်သင်္ချိုင်းသုတ္တန်၏ ပါဝင်အကြောင်းအရာများကို နားလည်ဆင်ခြင်နေ၏။
ကောင်းကင်သင်္ချိုင်းသုတ္တန်သည် တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။ သုတ္တန်ထဲမှာပါဝင်သော စကားလုံးတစ်လုံးချင်းစီတွင် အဆုံးမဲ့ လေးနက်သိမ်မွေ့မှုတို့ရှိနေပြီး စာကြောင်းတစ်ကြောင်းချင်းစီက သူ့အနေဖြင့် အတန်ကြာ စဥ်းစားတွေးတောသွားစေဖို့ လုံလောက်လေသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဗောဓိစေ့ကိုရရှိထားပြီး ထိုအရာသည် ကျင့်ကြံရေးနည်းစနစ်များကို နားလည်ဆင်ခြင်ရာမှာ သူ့အတွက် သိသိသာသာ တိုးတက်လာစေ၏။
မဟုတ်ပါက ကောင်းကင်သင်္ချိုင်းသုတ္တန်မှ တစ်ခုခုကိုရရှိဖို့အတွက် သူသည် နှစ်ပေါင်းထောင်ချီအချိန်ယူရပေလိမ့်မည်။
ဆူဇီမိုသည် သူ၏ လက်ဖဝါးကိုဆန့်ထုတ်ပြီး ရှေ့တည့်တည့်ကို ဖြည်းဖြည်းချင်းဖိချလိုက်၏။
ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ထဲကနေ နက်မှောင်နေသော မိစ္ဆာချီများက ပစ်လွင့်ထွက်ပေါ်လာပြီး သူ၏ လက်ဖဝါးက အသက်ဓာတ်ကင်းမဲ့နေသော ဧရာမဂူကမ္ပည်းကျောက်စာတိုင်တစ်ခုအဖြစ် ခပ်ရေးရေးပြောင်းလဲသွား၏။
“အား...”
မလှမ်းမကမ်းမှာ ထောင်ယောင်နှင့်လျှိုဖျင်သည် အပြင်ဘက်သို့ထွက်၍ အတူတကွပြန်လည်ရောက်ရှိလာကြ၏။ ထိုသည်ကို တွေ့မြင်သောအခါ သူတို့က တုန်လှုပ်စွာဖြင့် အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် အလွန်တရာကြောက်စရာကောင်းသည့်ပုံပေါ်နေ၏။ သူ၏ အော်ရာက အေးစက်၍အုံ့မှိုင်းနေပြီး သူ့ရှေ့မှာရှိသော ကမ္ပည်းကျောက်စာတိုင်က ကောင်းကင်ဘုံများကိုပင် မြှုပ်နှံချင်ပုံရလေသည်။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ကောင်းကင်သင်္ချိုင်းသုတ္တန်၏ လျှို့ဝှက်အတတ်ကို အလောတကြီး ပယ်ဖျက်လိုက်၏။
ကောင်းကင်သင်္ချိုင်းသုတ္တန်သည် တကယ့်ကို ကြောက်စရာကောင်းပြီး စောစောက ထိုလျှို့ဝှက်အတတ်၏ စွမ်းအားသည် ကျားဖြူအလောင်းသိမ်းယူခြင်းထက် မနိမ့်ကျလောက်ပေ။
သို့သော်လည်း ထိုလျှို့ဝှက်အတတ် ထွက်ပေါ်လာသည့်ခဏမှာပင် မိစ္ဆာချီက ကျယ်ပြောလွန်းပြီး ဆူဇီမို၏ အော်ရာက ကြီးမားစွာပြောင်းလဲသွားခဲ့၏။ အဲဒါကို လေ့လာတွေ့ရှိသော မည်သူမဆို ထို့အရာသည် မိစ္ဆာဂိုဏ်းများ၏ ဓမ္မတာအိုဆိုတာကို မှတ်မိသိရှိနိုင်ပေလိမ့်မည်။
သူ့အနေဖြင့် ထိုအရာကို ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ သာမန်ကာလျှံကာထုတ်ဖော်ဖို့ မသင့်လျော်ပေ။
“အပြင်ဘက်က သတင်းတစ်ခုခုရလာလို့လား”
ဆူဇီမိုက ထောင်ယောင်နှင့်လျှိုဖျင်ကိုကြည့်ပြီး မေးလိုက်၏။
မိစ္ဆာမဟာနယ်မြေမှာ မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးပေါ်ထွက်လာသည်မှာ သုံးရက်ရှိသွားခဲ့ပြီဖြစ်သည်။
အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် ထိုအရာသည် ကောင်းကင်ဘုံကမ္ဘာ၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွားပေလိမ့်မည်။
လျှိုဖျင်က စိတ်လှုပ်ရှားတက်ကြွနေသောအမူအရာဖြင့် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးအကြောင်း သူရရှိထားသည့်သတင်းကို အလောတကြီး ပြန်ပြောပြလိုက်၏။
“ဧကရာဇ်တစ်ပါးတောင်မှ အသက်ခံခဲ့ရတယ်... မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက တော်တော်ကြောက်ဖို့ကောင်းတာပဲ”
လျှိုဖျင်က တုန်လှုပ်နေလေသည်။
ဆူဇီမိုက ခပ်ယဲ့ယဲ့ပြုံးလိုက်၏။
သတင်းအချို့က အနည်းငယ်သွေဖယ်သွားသော်လည်း သူက ငြင်းဆန်လိုခြင်းမရှိပေ။ ဥပမာအားဖြင့် မင်းသားလင်းရှန်သည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ သေခဲ့ရသည်ကို သိရှိသည့်သူ မရှိသလောက်နီးပါးပင်။
မိစ္ဆာဧကရာဇ်လင်းရှောင်၏ သေဆုံးမှုနှင့်ယှဥ်လျှင် မင်းသားလင်းရှန်ကို လျစ်လျူရှုမိကြပေလိမ့်မည်။
တစ်ယောက်ယောက်က အဲဒါကိုသတိထားမိမည်ဆိုလျှင်တောင် မင်းသားသည် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ လက်ထဲမှာ သေဆုံးခဲ့သည်ဟု သူတို့က အလိုလိုတွေးထင်ကြပေလိမ့်မည်။
မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်နှင့် အမှန်တရားကိုသိရှိထားသော အခြားသူများကတော့ သူတို့သည် ထိုအကြောင်းကို သူတို့ဘက်ကစတင်၍ လိုက်လံရှင်းပြနေမည် မဟုတ်ပေ။
ထိုအချိန်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာဘုရင်တစ်အုပ်စု၏ ကာကွယ်မှုအောက်ကနေ မင်းသားလင်းရှန်ကို မရမကသတ်ဖြတ်ခဲ့၏။
ဤအကြောင်းအရာက ထွက်ပေါ်လာမည်ဆိုလျှင် သူတို့၏ နာမည်ဂုဏ်သတင်းအတွက် ကောင်းနိုင်စရာမရှိပေ။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးနိုးထလာခြင်းကြောင့် မိစ္ဆာဘုရင် သိုဝှက်လေဟာနယ်နှင့် သိုင်းတာအိုပင်မခန္ဓာအပါအဝင် အခြားသူများသည် လျစ်လျူရှုခံရသလောက်နီးပါးဖြစ်ပြီး သူတို့၏ အပြုအမူများကို မည်သူကမှ အာရုံမစိုက်ကြပေ။
ဤကိစ္စသည် ကောင်းကင်ဘုံကမ္ဘာမှာ ကြီးမားစွာ အုတ်အော်သောင်းနင်းဖြစ်သွားစေပြီး မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဧကရာဇ်များက တုန်လှုပ်ကုန်ကြ၏။
ထိုကဲ့သို့ဖြစ်သွားသည်မှာ ကောင်းကင်ဘုံကမ္ဘာတစ်ခုတည်းသာမဟုတ်ဘဲ အခြားသောကမ္ဘာများမှ ဧကရာဇ်များသည်လည်း ထိုအကြောင်းကို ကြားသိသည့်အခါ သူတို့သည် တုန်လှုပ်ကုန်ကြလေသည်။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးမှာ ကြင်နာတတ်သောနှလုံးသားမရှိပေ။
ဤလူသည် နေရာတိုင်းမှာ တိုက်ခိုက်ခဲ့ပြီး အလောင်းများစွာကို နင်းခြေတက်လှမ်းခဲ့သည်။ သူ၏ လက်များက မရေမတွက်နိုင်သောသွေးများဖြင့် စွန်းထင်းနေခဲ့ပြီးသားဖြစ်လေသည်။
သူသည် ဒီဘက်မျိုးဆက်မှာ နိုးထလာခါစဖြစ်ပြီး မိစ္ဆာဧကရာဇ်တစ်ပါးကို လွှမ်းမိုးခြယ်လှယ်စွာဖြင့် သတ်ဖြတ်ခဲ့၏။ သူသည် နောက်ပိုင်း ဘယ်လိုသွေးလွှမ်းတိုက်ပွဲများကိုဖြစ်စေမလဲ ဘယ်သူကမှ မသိနိုင်ပေ။
“တကယ်တော့... ကြောက်နေစရာတော့ သိပ်မလိုပါဘူး”
လျှိုဖျင်က ပြောလိုက်၏။
“သုခဘုံသန့်စင်ကုန်းမြေမှာ ကောင်းကင်ဘုံဘုရင်တစ်ပါးက ဧကရာဇ်နယ်ပယ်ကို အောင်အောင်မြင်မြင်ဝင်ရောက်သွားတယ်လို့ ကျုပ်ကြားထားတယ်... သူ့ရဲ့ဓမ္မဘွဲ့က ကောင်းကင်အရှင်ဆဗြဟ္မပဲ”
“သူက အစတုန်းက ကောင်းကင်ဘုရင်ဆဗြဟ္မ ဖြစ်တယ်လို့ပြောကြတယ်... ပိုရွှင်းပေါ်ထွက်လာတုန်းက သူက ကောင်းကင်ဘုရင်တချို့ကိုသတ်ဖြတ်ပြီး ပျောက်ကွယ်သွားခဲ့တယ်... ကောင်းကင်ဘုရင်ဆဗြဟ္မတစ်ယောက်ကပဲ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်နိုင်ခဲ့တယ်”
“အဲဒါသူ့အတွက် ကပ်ဘေးကြားက ကောင်းချီးမင်္ဂလာပဲ... အဲဒီကပ်ဘေးပြီးတဲ့နောက် ကောင်းကင်ဘုရင်ဆဗြဟ္မက ဉာဏ်အလင်းပွင့်မှုကိုရရှိပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်အကြာက ဧကရာဇ်တစ်ပါးဖြစ်လာခဲ့တယ်... အခုသူက ကောင်းကင်အရှင်ဆဗြဟ္မဆိုပြီး လူသိများနေပြီ”
“တကယ့်ရှားရှားပါးပါးပဲ”
ဆူဇီမိုက ပြောလိုက်၏။
သူ့အနေဖြင့် ဧကရာဇ်ပိုရွှင်း၏ လက်ထဲကနေ ရှင်သန်နိုင်ခဲ့သည်မှာ ထူးခြားသည့်အကြောင်းတစ်စုံတစ်ရာ သေချာပေါက်ရှိနေရပေမည်။
လျှိုဖျင်က ပြောလိုက်၏။
“ကောင်းကင်အရှင်ဆဗြဟ္မက ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်တဲ့အချိန်မှာပဲ သူက သုတ္တန်တွေကို ဟောကြားဖို့အတွက် ဆွေးနွေးကွင်းတစ်ခုကို ဖွင့်လှစ်ပြီး တာအိုကို သင်ကြားပေးနေတယ်လို့ ကျုပ်ကြားထားတယ်... အဲဒါက သုခဘုံသန့်စင်ကုန်းမြေက ကိုယ်တော်များစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး သူ့ရဲ့ဩဇာတိက္ကမက ကြီးမားလာပြီ... ကျုပ်တို့ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေက သုခဘုံသန့်စင်ကုန်းမြေနဲ့ သေချာပေါက်လက်တွဲလိမ့်မယ်”
လျှိုဖျင်က ဆက်ပြောလိုက်၏။
“အရင်တုန်းက မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနဲ့ သုခဘုံသန့်စင်ကုန်းမြေက ဧကရာဇ်တွေက ပိုရွှင်းကိုသတ်ဖြတ်ဖို့အတွက် အတူပူးပေါင်းခဲ့ကြတယ်... ဒီဘက်မျိုးဆက်မှာ ပိုရွှင်းနဲ့ ကမ္ဘာဖျက်ကပ်ဘေး နှစ်ယောက်က ပြန်ပေါ်လာခဲ့ပြီဆိုတော့ အခြေအနေက အသည်းအသန်ဖြစ်လာပြီ... မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနဲ့ သုခဘုံသန့်စင်ကုန်းမြေက ဧကရာဇ်တွေက သေချာပေါက်အသေခံရဖို့ စောင့်နေကြမှာမဟုတ်ဘူး”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေက အတူပူးပေါင်းဖို့အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်လေသည်။
အစကတော့ ဤပွဲတော်ကို မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်တွေ့ဆုံပွဲဟု ခေါ်ဆိုခဲ့ကြသည်။
သို့သော်လည်း နောက်ပိုင်းမှာ ပိုရွှင်းကိုသတ်ဖြတ်ဖို့အတွက် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေက ပူးပေါင်းခဲ့ကြသည်။
ထိုကောင်းကင်ဘုံကပ်ဘေးအတွက် မရေမတွက်နိုင်သော အင်မော်တယ်ကျင့်ကြံသူများနှင့် ဗုဒ္ဓကျင့်ကြံသူများသည် အတူတကွစုစည်းကာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်အတွက် ယှဥ်ပြိုင်ကြရန် ဤမဟာပွဲတော်ကိုကျင်းပခဲ့ကြ၏။ ထိုပွဲတော်က မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲဟု ကျော်ကြားလာခဲ့လေသည်။
အင်မော်တယ်နှင့် ဗုဒ္ဓအဖွဲ့အစည်းများသည် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်တို့ကို ယှဥ်ပြိုင်စေဖို့အတွက် ပြန်လည်ပေါင်းစည်းခဲ့သည်မှာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်သော်လည်း မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲဟူသော အမည်ကို ယခုအချိန်ထိ ဆက်ထားခဲ့လေသည်။
ပိုရွှင်းနှင့် ကမ္ဘာဖျက်ကပ်ဘေးက ပြန်လည်ပေါ်ထွက်လာကြပြီဖြစ်သည်။
အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် အင်မော်တယ်အဖွဲ့အစည်းများနှင့် ဗုဒ္ဓအဖွဲ့အစည်းများသည် အတိတ်ကာလတုန်းက မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို အတုယူကာ အတူတကွမြင့်မားတိုးတက်အောင် ဆက်လက်၍ကြံစည်ဆောင်ရွက်ကြပေလိမ့်မည်။
ထိုအချိန်ကျလျှင် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ ပြန်ဝင်စားမွန်းစတားများ ပေါ်ထွက်လာရုံသာမက သုခဘုံသန့်စင်ကုန်းမြေမှ ပြိုင်စံရှားကိုယ်တော်များကလည်း ပေါ်ထွက်လာပေလိမ့်မည်။
အင်မော်တယ်နှင့် ဗုဒ္ဓကျောင်းမှ ကိုယ်တော်များသည် ထိုအခွင့်အလမ်းကိုချိန်ဆကာ အတူတကွစုရုံး၍ ဤကိစ္စကို ဆွေးနွေးကြပေမည်။
ဤကိစ္စများသည် လောလောဆယ်မှာ ဆူဇီမိုနှင့် ဘာမှမသက်ဆိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာကတော့ သူသည် အဝီစိမှာကျင့်ကြံနေပြီး သိုင်းတာအို၏ ကျင့်ကြံရေးနည်းစနစ်များကို ကောက်ချက်ချနေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကတော့ တံခါးပိတ်ကျင့်ကြံခြင်းသို့ နောက်တစ်ဖန်ဝင်ရောက်သွား၏။
သူသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်တွေ့ဆုံပွဲမတိုင်ခင် နောက်ထပ်တစ်ဆင့်သို့ တက်လှမ်းပြီး အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ထားလေသည်။