← Chapters

အဆင့်-၈ ကောင်းကင်အင်မော်တယ်

Vol. 170 Ch. 2549

အဆင့်-၈ ကောင်းကင်အင်မော်တယ်

Vol. 170 Ch. 2549

တစ်ခဏချင်းမှာပင် နှစ်တစ်ထောင်က ကုန်ဆုံးသွားပြီး ရမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ပွဲသို့ ပိုမိုနီးကပ်လာ၏။

ဤနှစ်များမှာ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းများမှ ပြိုင်စံရှားများက တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာပြီး ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှ ကျင့်ကြံသူများက အဆက်မပြတ်ပြောင်းလဲနေ၏။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနှစ်ဆယ်ထဲမှာပင် လူတချို့က အစားထိုးခံလိုက်ရသည်။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲ နီးကပ်လာသည်နှင့်အမျှ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်အတွက် ပြိုင်ဆိုင်မှုများက ပို၍ပင် ကြမ်းတမ်းလာ၏။

သို့သော်လည်း ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးငါးယောက်က အဆူရာတိုက်ပွဲမြေမှ တိုက်ပွဲပြီးကတည်းက လုံးဝပြောင်းလဲသွားခြင်းမရှိပေ။

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ..

အဆင့်-၁ ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ယွင်ထင်။

အဆင့်-၂ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ ချင်ကူ။

အဆင့်-၃ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ဆူဇီမို။

အဆင့်-၄ အင်မော်တယ်ပျံဂိုဏ်းမှ ကျုံးဖေးယွီ။

အဆင့်-၅ ယန်ယန်အင်မော်တယ်နိုင်ငံမှ လေ့ရွှမ်။

သူတို့ငါးယောက်သည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးငါးနေရာကို အခိုင်အမာသိမ်းပိုက်ထားလေသည်။ နောက်ပိုင်းတိုက်ပွဲများက ​ဘယ်လောက်ပင်ပြင်းထန်ကြမ်းတမ်းလာသည်ဖြစ်စေ မည်သည့်အရာကမှ သူတို့၏ အဆင့်သတ်မှတ်ချက်များကို ပြောင်းလဲမပေးနိုင်ပေ။

ဒါ့အပြင် အဆူရာတိုက်ပွဲမြေမှ တိုက်ပွဲပြီးနောက် သူတို့ငါးယောက်သည် တံခါးပိတ်ကျင့်ကြံခဲ့ကြပြီး ပေါ်ထွက်မလာခဲ့ကြပေ။

“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဆူဇီမိုက တကယ့်ကိုစွမ်းအားကြီးမားတာပဲ... လွန်ခဲ့တဲ့နှစ်တစ်ထောင်ကတိုက်ပွဲက ယွင်ထင်နဲ့တခြားသူတွေအပေါ် ကြီးမားတဲ့ ဖိအားတစ်ရပ်ဖြစ်လာစေခဲ့တယ်... ဒီ​နှစ်တွေထဲမှာ သူတို့တွေက တံခါးပိတ်ကျင့်ကြံနေပြီး ရှေ့ကိုတက်လှမ်းဖို့ အသည်းအသန်ကြိုးစားနေကြတယ်”

“ဒီတစ်ခေါက် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်-၁ နေရာက ယွင်ထင်၊ ချင်ကူနဲ့ ဆူဇီမိုတို့ကြားက တစ်ယောက်ယောက်အတွက် ဖြစ်လိမ့်မယ်ထင်တယ်”

“ကျုံးဖေးယွီကလည်း အားမနည်းဘူး... ဘာပဲပြောပြော အဆူရာတိုက်ပွဲမြေမှာတုန်းက ဆိုးယုတ်သွေးကြောင့် သူက ချိပ်ပိတ်ခံထားရပြီး သူရဲ့ခွန်အားက လျော့ကျနေခဲ့တယ်”

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲနေ့ ချဥ်းကပ်လာသည်နှင့်အမျှ ကျင့်ကြံသူများစွာသည် တံခါးပိတ်ကျင့်ကြံရာကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာပြီး နှစ်ယောက်တစ်အုပ်စု သို့မဟုတ် သုံးယောက်တစ်အုပ်စု စုဝေးကာ ကောင်းကင်အဆင့်သတ်မှတ်အကြောင်း ဆွေးနွေးပြောဆိုနေကြ၏။

ခြုံပြီးပြောရလျှင် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ကောင်းကင်အဆင့် အဖွဲ့အစည်းခုနှစ်ခုရှိပြီး အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းဖြစ်လေသည်။

သူတို့သည် သူတို့၏ ကိုယ်ပိုင်နယ်မြေများအသီးသီးကို အုပ်စိုးနေကြသည်။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်သည် အဖွဲ့အစည်းခုနှစ်ခုကြားမှာ မပါဝင်သော်လည်း ၎င်း၏ အဆင့်အတန်းက တစ်မူထူးခြားပြီး ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ အစစ်အမှန်ဗဟိုချက်လည်းဖြစ်လေသည်။

မည်သို့ပင်ဆိုစေ ကောင်းကင်အဆင့် အဖွဲ့အစည်းခုနှစ်ခုမှာ နောက်ခံပေးထားသည့် ဧကရာဇ်အဆင့် မည်သည့်ပညာရှင်မှ မရှိပေ။

သို့သော်လည်း ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာ ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် အင်မော်တယ်ဧကရာဇ်တစ်ပါးရှိ​နေသည်။

များသောအားဖြင့် ထူးခြားသောအခြေအနေတချို့ကလွဲလျှင် ဂမ္ဘီရမိုးကောင်းကင်နန်းတော်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ အရေးကိစ္စများမှာ တိုက်ရိုက်ဝင်ရောက်စွက်ဖက်လိမ့်မရှိပေ။ ထိုအစား သူတို့သည် အကျိုးအပြစ်များကို ချင့်ချိန်၍ ကိုင်တွယ်ထိန်းချုပ်ရန် အဲဒါကို ကောင်းကင်အဆင့်အဖွဲ့အစည်း ခုနှစ်ခုထံ လွှဲပေးထားပေလိမ့်မည်။

ကောင်းကင်အဆင့် အဖွဲ့အစည်းခုနှစ်ခုထဲမှာ အဖွဲ့အစည်းတစ်ခုက ဖျက်ဆီးခံရမည်ဆိုလျှင်တောင် အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က ပေါ်ထွက်လာချင်မှ ပေါ်ထွက်လာပေလိမ့်မည်။

အင်မော်တယ်နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်း၏ မြင့်မားခြင်း ကျဆင်းခြင်းက ဘဝသက်တမ်းရှည်လျားသော အင်မော်တယ်ဧကရာဇ်များကဲ့သို့ အထွတ်အထိပ်ပညာရှင်များအတွက် သာမန်ဖြစ်စဥ်တစ်ခုမျှသာ ဖြစ်လေသည်။

ထိုအရာသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို မခြိမ်းခြောက်သရွေ့ သို့မဟုတ် သူ၏ အဆင့်အတန်းကို မထိခိုက်သရွေ့ သူ့အနေဖြင့် ဝင်ပါစရာမလိုပေ။

နှစ်တစ်သိန်းတိုင်းမှာ တစ်ကြိမ်ကျင်းပ​သည့် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲကို ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အကြီးမားဆုံးပွဲတော်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

ဤမဟာပွဲတော်ကို ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ဧည့်ခံကျင်းပပေးလေသည်။ တစ်ချိန်တည်းမှာပင် ထိုပွဲတော်သည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာ ကိုင်လှုပ်၍မရနိုင်သည့် အဆင့်အတန်းတစ်ခုရှိသည်ကို ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ကျင့်ကြံသူများ၊ ဂိုဏ်းများနှင့် အဖွဲ့အစည်းများအားလုံးကို ပြသရာရောက်လေသည်။

ယနေ့သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲကိုရောက်ဖို့ တစ်ရက်သာလိုတော့သည့်နေ့ ဖြစ်လေသည်။ ယေဘုယျအားဖြင့်ပြောရလျှင် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများအားလုံးသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်သို့ တစ်ရက်စော၍ ရောက်ရှိလာကြပေလိမ့်မည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာသည် တက္ကသိုလ်မှ ပို့ဆောင်ရေးခန်းမ၏ အပြင်ဘက်မှာ စုဝေးရောက်ရှိနေကြပြီဖြစ်၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် လူတိုင်းသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်ဖို့ အခွင့်အရေးရကြလိမ့်မည်မဟုတ်ပေ။

များသောအားဖြင့် ဂိုဏ်းများနှင့်အဖွဲ့အစည်းများမှာ ပကတိအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်ပညာရှင်များကသာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်ဖို့အဆင့်မီလေသည်။

သို့သော်လည်း ကောင်းကင်အဆင့် အဖွဲ့အစည်းခုနှစ်ခုသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်ထံမှ ထူးခြားသောပြုမူဆက်ဆံမှုကို လက်ခံရရှိထား၏။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်သည် ကောင်းကင်အဆင့် အဖွဲ့အစည်းခုနှစ်ခုမှ ကမ္ဘာမြေအင်မော်တယ်တချို့ကို သူတို့၏ အသိပညာများ ချဲ့ထွင်ရန် တက်ရောက်ခွင့်ပေးထားလေသည်။

ဤတစ်ခေါက်မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အဖွဲ့ကို ဦးဆောင်ဖို့ ခေါင်းဆောင်နှစ်ယောက်ပေးထားလေသည်။ သူတို့သည် တက္ကသိုလ်ဂိုဏ်းချုပ်၏ တပည့်များဖြစ်သော ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ပန်းချီအင်မော်တယ်မိုချင် ဖြစ်လေသည်။

အစကတော့... ပန်းချီအင်မော်တယ်မိုချင်၏ စိတ်နေစရိုက်အရ သူမသည် ဤကဲ့သို့သော ပွဲတော်များမှာ ပါဝင်တက်ရောက်လိုစိတ်မရှိပေ။

သို့သော်လည်း ဤတစ်ခေါက်မှာ ပန်းချီအင်မော်တယ်မိုချင်က သူမဘက်က အရင်စတင်၍ တောင်းဆိုလာခဲ့၏။

လွန်ခဲ့သည့်နှစ်တစ်ထောင်က နတ်မိမယ်မိုချင်သည် စန်းယွင်တောင်မှ တစ်စုံတစ်ယောက်ကိုကယ်တင်ဖို့အတွက် ဆူဇီမိုကို ကူညီပေးခဲ့ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်တစ်ဦးကိုပင် သတ်ဖြတ်ခဲ့လေသည်။

ထို့ကြောင့် ဤနှစ်များမှာ နတ်မိမယ်မိုချင်နှင့် ဆူ​ဇီမိုကြား ကောလာဟလများက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။

နတ်မိမယ်မိုချင်သည် ဤတစ်ခေါက်ပွဲတောင်မှာ ပါဝင်ဖို့ စတင်၍ပြောလာခဲ့သည့်အချက်သည် လူတိုင်း၏ ခန့်မှန်းချက်အမျိုးမျိုးကို ထွက်ပေါ်လာစေ၏။

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားသိန်းချီက ပို့ဆောင်ရေးခန်းမ၏ ရှေ့မှာ စုဝေးရောက်ရှိနေကြ၏။ သူတို့ထဲမှအများစုက ကောင်းကင်အင်မော်တယ်များဖြစ်ကြသော်လည်း ထူးချွန်ထက်မြတ်သော ပါရမီအလားအလာနှင့် အပြင်ဂိုဏ်းသားများစွာလည်း ပါဝင်လာကြလေသည်။ သူတို့ကို ပိတ်ပင်တားမြစ်ထားသည့် ထူးခြားသောအခြေအနေအောက်မှာမရှိသရွေ့ နှစ်တစ်သိန်းတိုင်းမှာ တစ်ကြိမ်ကျင်းပသည့် ဤမဟာပွဲတော်ကို မည်သူကမှ လက်လွှတ်ခံလိုမည် မဟုတ်ပေ။

ဒါ့အပြင် တခြားသောအချိန်များမှာဆိုလျှင် သူတို့ထဲ မည်သူကမှ ဂမ္ဘီရမိုးကောင်းကင်နန်းတော်ထဲ ဝင်ရောက်ဖို့ အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။

ဤသည်က သူတို့လက်လွှတ်မခံနိုင်သည့် ရှားရှားပါးပါးအခွင့်အရေးတစ်ရပ်ဖြစ်သည်။

ထိုအခိုက်အတန့်မှာ ဂမ္ဘီရမိုးကောင်းကင်တွေ့ဆုံပွဲသို့ တက်ရောက်မည့် တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများအားလုံးနီးပါးသည် စုဝေးရောက်ရှိနေကြလေပြီ။

သို့သော်လည်း မည်သူကမှ မလှုပ်ရှားကြသေးပေ။

အကြောင်းမှာ ရောက်မလာသေးသည့် တခြားလူတစ်ယောက်ရှိနေသောကြောင့်ဖြစ်သည်။

ကျင့်ကြံသူသိန်းချီက လူတစ်ယောက်တည်းအတွက် စောင့်ဆိုင်းနေကြ၏။ သို့သော်လည်း တက္ကသိုလ်မှ ကျင့်ကြံသူအများစုသည် တည်ငြိမ်နေကြပြီး စောဒကတက်ခြင်းမရှိကြပေ။

အကြောင်းမှာ ဤလူသည် တက္ကသိုလ်အတွက် ဂုဏ်ကျက်သရေများစွာကို ဆောင်ကျဥ်းပေးခဲ့သောကြောင့်ဖြစ်လေသည်။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ အဆင့်-၁၊ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်၏ အဆင့်-၃နှင့် အဆူရာတိုက်ပွဲမြေမှာ ကမ္ဘာတုန်လောက်ဖွယ်ရာတိုက်ပွဲကို ဖန်တီးခဲ့သူ။

ဓားအင်မော်တယ်ယွဲ့ဟွားသည် သူ၏ လက်နှစ်ဖက်ကိုနောက်ပစ်၍ မတ်တတ်ရပ်နေ၏။ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူက အမူအရာကင်းမဲ့နေလေသည်။

ဓားအင်မော်တယ်ယွဲ့ဟွားကို စိတ်ကျေနပ်စေဖို့အတွက် ပကတိအင်မော်တယ်တစ်ဦးက ရုတ်တရက် မကျေမနပ်ပြောလိုက်၏။

“ဘယ်လောက်တောင်မောက်မာလိုက်သလဲ... သူတစ်ယောက်တည်းအတွက် ငါတို့တွေအားလုံးက စောင့်ဆိုင်းနေရတယ်”

“ဆူဇီမိုက ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၁နေရာကို မရသေးသလို သူက တက္ကသိုလ်ရဲ့ အစစ်အမှန်အမွေခံတပည့်တစ်ယောက်လည်း မဟုတ်သေးပါဘူး”

ယန်လောရှုက လေးနက်စွာပြောလိုက်၏။

“သူက... အရေးကြီးတဲ့ကိစ္စတစ်ခုနဲ့ ကြုံတွေ့နေရတာဖြစ်မယ်... သူ့ရဲ့တာအိုကလေးငယ်တွေက ဝင်ပေါက်ဝမှာ စောင့်ကြပ်နေတယ်... အပြင်လူတွေကို ဝင်ခွင့်မပေးဘူး... သူက သူ့ရဲ့ကျင့်ကြံမှုမှာ အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေတစ်ခုနဲ့ကြုံတွေ့​နေပြီး စိတ်အာရုံပျက်ယွင်းမခံနိုင်တာဖြစ်ရမယ်”

ရုတ်တရက် မိုချင်က ပြောလိုက်၏။

“ငါတို့တွေက ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို တစ်ရက်စောပြီးရောက်ရင်အဆင်ပြေတာပဲ... နာရီအနည်းငယ်ကျန်ပါသေးတယ်... ငါတို့အဲဒီကို အချိန်မီ ရောက်နိုင်တယ်”

“ဒါပေမဲ့...”

ပကတိအင်မော်တယ်က တစ်စုံတစ်ရာကိုထပ်မံ၍ပြောချင်၏။

ရုတ်တရက် ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ဖြတ်ပြောလိုက်၏။

“နဲနဲလောက်ထပ်စောင့်ရလို့ ဘာမှမဖြစ်ပါဘူး... ဒီတစ်ခေါက် ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် ဂျူနီယာညီဆူရဲ့ ယှဥ်ပြိုင်တိုက်ခိုက်မှုက တက္ကသိုလ်အတွက် ကြီးမားတဲ့အကျိုးဆောင်မှုတစ်ရပ်လည်းဖြစ်တယ်... ငါတို့တွေက စိတ်ရှည်ရမယ်”

ချန်ရွှမ်က မှက်တက်သွား၏။

ဓားအင်မော်တယ်ယွဲ့ဟွားက ဆူဇီမိုနှင့် အတိုက်အခိုက်ဖြစ်ထားသည်မဟုတ်ပါလား။

သူက ရုတ်တရက် ဘာကြောင့်ဆူဇီမိုအတွက် ပြေးပေးလာရတာလဲ။

“ဟုတ်..ဟုတ်ကဲ့”

သူ့မှာမေးခွန်းများစွာရှိသော်လည်း ချန်ရွှမ်က သဘောတူလက်ခံစွာဖြင့် အလောတကြီးခေါင်းညိတ်ပြလိုက်၏။

ယန်လောရှုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ဓားအင်မော်တယ်ယွဲ့ဟွားကို လေးနက်စွာကြည့်လိုက်လေသည်။ သို့သော်လည်း ထိုသူ၏ အမူအရာက တည်ငြိမ်နေပြီး မည်သည့်ဟာကွက်ကိုမှ ထုတ်ဖော်ပြသမထားပေ။

သိပ်မကြာခင် အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်သည် အတွင်းဂိုဏ်းရှိရာဘက်ကနေ ပြေးလွှားလာပြီး တစ်ခဏချင်းမှာပင် သူတို့ရှေ့ကိုရောက်ရှိလာ၏။

ထိုသူက ဆူဇီမိုဖြစ်လေသည်။

“အဆင့်-၈ ကောင်းကင်အင်မော်တယ်... စီနီယာအစ်ကိုဆူက နောက်တစ်ခါထပ်ပြီး အဆင့်ချိုးဖျက်တက်လှမ်းသွားပြန်ပြီ”

စူးစမ်းလိုစိတ်ဖြင့် အတွင်းဂိုဏ်းတပည့်တစ်ယောက်က သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ဆူဇီမိုကို စစ်ဆေးကြည့်ရှုပြီးနောက် တုန်လှုပ်စွာဖြင့် အံအားတသင့်ရေရွတ်လိုက်၏။

ချက်ချင်းပင် စိတ်ဝိညာဥ်အသိစိတ်ပေါင်းများစွာက ဆူဇီမိုပေါ်သို့ ကျရောက်လာ၏။

လူတိုင်းက တုန်လှုပ်သွားကြလေသည်။

ဆူဇီမိုသည် အဆူရာတိုက်ပွဲမြေမှာတုန်းကမှသာ အဆင့် ၇ ကောင်းကင်အင်မော်တယ်အဖြစ် ချိုးဖျက်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်လေသည်။

နှစ်တစ်ထောင်မကြာသေးခင်မှာပင် သူသည် နောက်ထပ်အဆင့်တစ်ခုကိုတက်လှမ်းပြီး အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့လေပြီ။

တက္ကသိုလ်မှ တပည့်ဂိုဏ်သားသိန်းချီသည် ကောင်းကင်အင်မော်တယ်နယ်ပယ်၏ နောက်ပိုင်းသို့ ရောက်လာလေလေ ပိုပို၍ခက်ခဲလာသည်ကို သူတို့၏ ရင်ထဲမှာ သိရှိထားကြ၏။

သူတို့ကြားမှာ နှစ်ပေါင်းသောင်းချီကြာပြီးတာတောင် အဆင့်-၇ ကောင်းကင်အင်မော်တယ်မှာ တစ်နေသည့် လူများစွာရှိလေသည်။

ဆူဇီမိုသည် တက္ကသိုလ်၏ အတွင်းဂိုဏ်းသို့ ဝင်ရောက်လာသည်မှာ နှစ်ငါးထောင်မပြည့်သေးဘဲ သူက အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အဆင့်ထိ ကျင့်ကြံခဲ့ပြီးလေပြီ။

“စီနီယာအစ်ကိုဆူရဲ့ ကျင့်ကြံမှုက နောက်တစ်ဖန်ချိုးဖျက်တက်လှမ်းသွားပြီ... ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ သူ့ရဲ့အဆင့်ရပ်တည်ချက်က ချင်ကူရဲ့အထက်မှာ ရှိသင့်တယ်... သူက အခုဆိုရင် အဆင့်-၂ ဖြစ်သင့်နေပြီ”

“မရတော့ဘူး... ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်ရပ်တည်ချက်တွေကို ထပ်ပြီးတော့ ပြင်ဆင်မွမ်းမံမှာမဟုတ်တော့ဘူး”

“အခု စီနီယာအစ်ကိုဆူက အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာပြီ... ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့်-၁ နေရာကိုရယူမယ့် သူ့ရဲ့အခွင့်အရေးကလည်း ပိုပြီးမြင့်မားလာပြီ”

တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးပြောဆိုလိုက်ကြ၏။

ယန်လောရှုက ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်ထံ အသံတစ်ခုကို ပို့လွှတ်ပြီး တိတ်တဆိတ်သတိပေးလိုက်၏။

“ညီကိုဆူ... ယွဲ့ဟွားကို သတိထား... သူတစ်ခုခုမူမမှန်ဘူးလို့ ငါခံစားနေရတယ်”

ဆူဇီမိုက တိတ်တဆိတ်ခေါင်း​ညိတ်ပြလိုက်၏။

“သွားကြတာပေါ့”

ဓားအင်မော်တယ်ယွဲ့ဟွားက ဆူဇီမိုကို တစ်ချက်ကြည့်ပြီးနောက် ပို့ဆောင်ရေးခန်းမရှိရာသို့ အရင်စတင်လျှောက်လှမ်းသွားလေသည်။

All Chapters