အင်မော်တယ်များစုဝေးကြခြင်း
Vol. 170 Ch. 2550
ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို တောင်ကုန်းပေါ်မှာ တည်ဆောက်ထားပြီး ထိုနေရာမှာ တောင်ကုန်းများစွာရှိနေသည်။ အဆောက်အအုံများစွာကို တောင်ကြောရိုးပေါ်မှာ နိမ့်လိုက်မြင့်လိုက်ဖြင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားလေသည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ အပြင်ဘက်သို့ ပို့ဆောင်ခံလိုက်ရ၏။ တပည့်ဂိုဏ်းသားများစွာက မလှမ်းမကမ်းမှာရှိသော ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို မော့ကြည့်ပြီး တုန်လှုပ်သွားကြသည်။
ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲမတိုင်ခင် များပြားလှသောကျင့်ကြံသူများက ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ တောင်ခြေရင်းမှာ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။
သူတို့သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ဒေသအသီးသီးမှ ရောက်ရှိလာကြ၏။ တကယ်ဆို အခြားသောအင်မော်တယ်မဟာနယ်မြေများမှ ကျင့်ကြံသူအချို့ပင် ရောက်ရှိနေကြ၏။ ထိုသည်က အလွန်တရာ စည်ကားသိုက်မြိုက်စွာဖြင့် သက်ဝင်လှုပ်ရှားနေလေသည်။
“ဟိုမှာကြည့်စမ်း... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ကျင့်ကြံသူတွေရောက်လာကြပြီ”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်ဂိုဏ်းသားသိန်းချီဆင်းသက်လာမှုသည် အရမ်းကိုကြီးမားသည့် လူအုပ်ကြီးဖြစ်ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်အာရုံကိုဆွဲဆောင်မိသွား၏။
“ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်-၃ ဆူဇီမိုက သူတို့ထဲက ဘယ်သူလဲ”
“ဒုတိယတန်းမှာ ကြော့ရှင်းသန့်ပြန့်တဲ့သွင်ပြင်နဲ့ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့လူပဲ”
“သူ့ကိုကြည့်ရတာ နုနယ်တဲ့ စာပေသမားတစ်ယောက်လိုပဲ... သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးတစ်ဆယ်ထဲက ပညာရှင်ခြောက်ယောက်ကိုတောင် ဆန့်ကျင်တိုက်ခိုက်နိုင်အောင် သန်မာနေတယ်ဆိုတော့”
ဂမ္ဘီရမီးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှ ကျင့်ကြံသူများအားလုံးသည် ဆူဇီမို၏ နာမည်ကို ကြားဖူးသော်လည်း သူ့ကို အရင်က တွေ့မြင်ဖူးသည့်သူ များစွာမရှိပေ။
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဦးဆောင်လာတဲ့အမျိုးသမီးက တော်တော်ချောတာပဲ”
သူတို့ထဲမှတစ်ယောက်က ငေးငိုင်နေသောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။
“အဲဒါ မဟာနတ်မိမယ်လေးပါးထဲကတစ်ပါး ပန်းချီအင်မော်တယ်မိုချင်လေ”
“ဘုရားရေ.. ပန်းချီအင်မော်တယ်မိုချင်ကလည်း ဒီကိုရောက်လာတာလား”
အစက ဆူဇီမိုအကြောင်း ဆွေးနွေးပြောဆိုနေသည့် ကျင့်ကြံသူအချို့သည် ပန်းချီအင်မော်တယ်ဟူသော အမည်ကိုကြားရချိန်မှာ သူတို့၏ စိတ်အာရုံက သူမထံသို့ ရောက်ရှိသွားကြ၏။
ပန်းချီအင်မော်တယ်မိုချင်သည် ချက်ချင်းပင် ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ အာရုံစိုက်စရာဖြစ်လာပြီး မရေမတွက်နိုင်သောအကြည့်များကို ဆွဲဆောင်မိသွားသည်။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၃ ဝင်သော ဆူဇီမိုနှင့်ယှဥ်လျှင် ပန်းချီအင်မော်တယ်က များစွာပိုမိုကျော်ကြားလေသည်။
ဒါ့အပြင် ပန်းချီအင်မော်တယ်မိုချင်သည် မဟာနတ်မိမယ်လေးပါးထဲမှ သိုသိုသိပ်သိပ်နှင့် လျှို့ဝှက်မှုအရှိဆုံးဖြစ်ပြီး ဤကဲ့သို့သော မဟာပွဲတော်တစ်ခုမှာ အရင်က တစ်ခါမှ ဝင်မပါခဲ့ဖူးပေ။
ယခု... သူမက ပေါ်ထွက်လာခဲ့ပြီး ကျင့်ကြံသူပေါင်းမြောက်မြားစွာက ကျေနပ်သဘောကျကာ သူတို့၏ မျက်လုံးများက ဝင်းလက်နေကြသည်။
“ပန်းချီအင်မော်တယ်မိုချင်က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာ ဘာကြောင့်ရုတ်တရက်ပေါ်ထွက်လာရတာလဲ”
“မင်းအဲဒါကို အခုထိ မသိသေးဘူးလား... ပန်းချီအင်မော်တယ်မိုချင်က ဆူဇီမိုနဲ့ အရမ်းကိုရင်းနှီးတယ်လို့ ငါကြားထားတယ်”
“အဲဒါက ကောလာဟလပဲနေမှာပါ... အရင်တုန်းက နတ်မိမယ်မိုချင်နဲ့ ယန်လောရှုက တစ်ခုခုပဲလို့ လူတွေကပြောခဲ့ကြတာပဲ... နောက်ဆုံးတော့အဲဒါက အလိမ်အညာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တာပဲ”
“နတ်မိမယ်မိုချင်နဲ့ ဆူဇီမိုရဲ့ ကောလာဟလတွေက အခြေအမြစ်မရှိတာတော့မဟုတ်ဘူး... ဒီနှစ်တွေအားလုံးမှာ နတ်မိမယ်မိုချင်က ဆူဇီမိုကြောင့် အများသူငှာရှေ့မှာ အကြိမ်ရေအနည်းငယ် ပေါ်ထွက်လာခဲ့တယ်”
အားအားယားယားလူများစွာက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်ကြ၏။
ဤကဲ့သို့သော ဆွေးနွေးပြောဆိုမှုများသည် ဓားအင်မော်တယ်ယွဲ့ဟွား၊ ပန်းချီအင်မော်တယ်နှင့် အခြားသူများထံမှ ဖုံးကွယ်မထားနိုင်ပေ။
ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ မျက်ဝန်းထောင့်ကနေ မိုချင်ကို တစ်ချက်ခိုးကြည့်လိုက်၏။ သူမက ကောလာဟလများကို အရေးမလုပ်သည့်အလား အတော်လေးတည်ငြိမ်နေ၏။
ဓားအင်မော်တယ်ယွဲ့ဟွား၏ မျက်လုံးအနက်ပိုင်းထဲတွင် သုန်မှုန်သောအကြည့်တစ်ခုဖျတ်ခနဲပေါ်ထွက်လာပြီး သူက ပို၍ပင် ပြတ်သားလာခဲ့သည်။
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က တာအိုရောင်းရင်းတို့... စောင့်ဆိုင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ထိုစဥ်မှာပင် မလှမ်းမကမ်းကနေ အမျိုးသမီးတစ်ဦးက ပျံသန်းလာပြီး သူမ၏ ခါးပေါ်မှာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်တံဆိပ်ပြားကို ချိတ်ဆွဲထားလေသည်။ တစ်ခဏချင်းမှာပင် သူမက ရောက်ရှိလာပြီး ပြောလိုက်၏။
“ကျွန်မက ဂမ္ဘီရကြိုးကြာပါ... ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ရှင်တို့တွေအတွက် နေထိုင်ဖို့နေရာတစ်ခုပြင်ပေးထားပြီးပြီ... ကျေးဇူးပြုပြီး ကျွန်မနောက်ကနေလိုက်ခဲ့ပါ”
ဆူဇီမိုက နတ်မိမယ်ဂမ္ဘီရကြိုးကြာကို တွေ့မြင်သောအခါ အနည်းငယ်မှင်တက်သွား၏။
ဤအမျိုးသမီးသည် အဆူရာတိုက်ပွဲမြေမှာတုန်းက ကောင်းကင်ထက်မှုရှိနေသော လူခြောက်ယောက်ထဲမှတစ်ယောက် ဖြစ်ပုံရလေသည်။
“လက်စသတ်တော့ ခင်ဗျားပဲ... နတ်မိမယ်ဂမ္ဘီရကြိုးကြာ ကျန်းမာတော်မူပါစ”
ဓားအင်မော်တယ်ယွဲ့ဟွားက နတ်မိမယ်ဂမ္ဘီရကြိုးကြာထံ လက်နှစ်ဖက်ကို ယှက်ပြပြီး နှုတ်ဆက်လိုက်၏။
နတ်မိမယ်ဂမ္ဘီရကြိုးကြာက ခေါင်းညိတ်ပြီး ဓားအင်မော်တယ်ယွဲ့ဟွားကို ပြုံးပြလိုက်၏။
သူတို့နှစ်ယောက်သည် တစ်ခါသာ တွေ့ဆုံဖူးပြီး ပတ်သက်ဆက်နွယ်မှုများစွာမရှိပေ။ သူက သူမကို ဘယ်လိုလုပ် စိတ်ဝင်စားနိုင်ပါ့မလဲ။
တကယ်တော့... ထိုစကားက အလ္လာပသလ္လာပ ပြောဆိုခြင်းမျှသာဖြစ်သည်ကို သူမက သိရှိထားပြီး စိတ်ထဲမှာ ထည့်မှတ်မထားပေ။ သူမ၏ စိတ်အာရုံသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ နောက်ထပ်လူတစ်ယောက်အပေါ် ကျရောက်နေ၏။
သို့သော်လည်း ဓားအင်မော်တယ်ယွဲ့ဟွားက ထိုသည်ကို သတိမထားမိဘဲ ထပ်မံ၍မေးလိုက်၏။
“နတ်မိမယ်ဂမ္ဘီရကြိုးကြာ... ခင်ဗျားက ဒီတစ်ခေါက်ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ အကဲဖြတ်အဖွဲ့မှာ ပါတယ်လို့ ကျုပ်ကြားထားတယ်... အဲဒါဟုတ်လား”
နတ်မိမယ်ဂမ္ဘီရကြိုးကြာသည် မည်သို့ပင်ဆိုစေ ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ပကတိအင်မော်တယ်တစ်ဦးဖြစ်လေသည်။ သူသည် သူမနှင့် သိကျွမ်းထားမည်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။
နတ်မိမယ်ဂမ္ဘီရကြိုးကြာက မည်သည့်စကားကိုမှ မကြားရသည့်ပုံပင်။ သူမက ရှေ့ကနေလျှောက်လှမ်းရင်း ဓားအင်မော်တယ်ယွဲ့ဟွား၏ နောက်မှာရှိသော ဆူဇီမိုကိုလှည့်ကြည့်ကာ ပြုံးပြလိုက်၏။
“နင်ငါ့ကိုအရင်က တွေ့ဖူးတယ်မလား”
ဆူဇီမိုက ခဏမျှတွေဝေတုံ့ဆိုင်းနေပြီးနောက် မည်သည့်အရာကိုမှ ဖုံးကွယ်မထားပေ။ သူကခေါင်းညိတ်၍ပြောလိုက်၏။
“အင်း... အဆူရာတိုက်ပွဲမြေမှာတုန်းက အဝေးကနေတွေ့မြင်ဖူးတယ်... ဒါပေမဲ့ ကျုပ်ရှင်းရှင်းလင်းလင်း မတွေ့ခဲ့ရဘူး”
“အဲဒါကတင် အတော်လေးအထင်ကြီးစရာကောင်းနေပြီ”
နတ်မိမယ်ဂမ္ဘီရကြိုးကြာက ပြုံးပြလိုက်၏။
“နင်က ရေကန်အောက်ခြေကနေမထွက်လာခင်ကတည်းက ငါကနင့်ကို မြင့်မြင့်မားမားသတ်မှတ်ထားတာ... နောက်ပိုင်း ငါထင်ထားတဲ့အတိုင်းပဲ”
“နင်က... အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်တောင် ဖြစ်လာပြီလား... ဘယ်လောက်တောင်မြန်ဆန်လိုက်တဲ့ ကျင့်ကြံမှုလဲ”
သူတို့နှစ်ယောက်က ဓားအင်မော်တယ်ယွဲ့ဟွားကို ဘေးမှာထားကာ အေးအေးဆေးဆေးစကားပြောဆိုနေကြ၏။
တက္ကသိုလ်မှ ဂိုဏ်းသားရောင်းရင်းများစွာ ရှိနေခြင်းနှင့်အတူ ဓားအင်မော်တယ်ယွဲ့ဟွားသည် လျစ်လျုရှုခံရသည့်အခါ မချင့်မရဲခံစားလာရ၏။
သူ၏ အမူအရာက အနည်းငယ်သုန်မှုန်သွားလေသည်။
‘ဘာပဲဖြစ်ဖြစ်.... မင်းသိပ်ကြာကြာရှင်နိုင်တော့မှာ မဟုတ်ပါဘူး။’
ဓားအင်မော်တယ်ယွဲ့ဟွားက စိတ်ထဲကနေကြိတ်ပြီး လှောင်ရယ်လိုက်သည်။
သိပ်မကြာခင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်ဂိုဏ်းသားများသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်သို့ ဝင်ရောက်သွားပြီး လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားလေသည်။
“မဟာနတ်မိမယ်လေးပါးထဲမှာ ဒုံမင်းအင်မော်တယ်နဲ့ ပန်းချီအင်မော်တယ်က ဒီကိုရောက်လာပြီ... နောက်ထပ်နှစ်ယောက်ဖြစ်တဲ့ စာအုပ်အင်မော်တယ်နဲ့ စစ်တုရင်အင်မော်တယ်ကိုလည်း ငါတို့တွေ့မြင်ရမလားမသိဘူး”
“စာအုပ်အင်မော်တယ်က လာလောက်တယ်... ဘာပဲပြောပြော ယွင်ထင်က စာအုပ်အင်မော်တယ်ယွင်ကျူးရဲ့ မောင်ငယ်ပဲ”
“မဟာနတ်မိမယ်လေးပါးသာ တကယ်တမ်းစုဝေးမိမယ်ဆိုရင် အဲဒါက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ မကြုံစဖူး ထူးထူးခြားခြား မဟာပွဲတော်တစ်ခုဖြစ်လာလိမ့်မယ်”
မဟာနတ်မိမယ်လေးပါးသည် ကောင်းကင်ဘုံကမ္ဘာတစ်ဝန်း ကျော်ကြားနေခဲ့ပြီဖြစ်သည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူတို့လေးယောက်သည် တစ်နေရာတည်းမှာ တစ်ခါမှမဆုံဖူးပေ။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်ဂိုဏ်းသားများသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကနေ စီစဥ်ပေးထားသည့် ဂေဟာသို့ ရောက်ရှိလာကြ၏။ သူတို့ထဲမှများစွာက စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာပြီး ပတ်ဝန်းကျင်အသစ်ကို စူးစမ်းလေ့လာလိုက်ကြသည်။
ပန်းချီအင်မော်တယ်မိုချင်က တိတ်တဆိတ်နေရသည်ကို နှစ်သက်သဘောကျပြီး လှည့်ပတ်လျှောက်သွားနေခြင်း မရှိပေ။
ယန်လောရှုက ဓားအင်မော်တယ်ယွဲ့ဟွား တစ်ခုခုပြုလုပ်မည်ကို စိုးရိမ်ပြီး ဆူဇီမို၏ အနားမှာ နေပေးနေ၏။
မွန်းတည့်ချိန်မှာ လူတစ်ယောက်တံခါးလာခေါက်၏။
ယန်လောရှု၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီးနောက် သူက စိတ်သက်သာရာရသွားသည်။
အပြင်ဘက်မှာ လူနှစ်ယောက်သာရောက်ရှိနေပြီး သူတို့နှစ်ယောက်စလုံးက ကောင်းကင်အင်မော်တယ်များဖြစ်ကြလေသည်။ သူတို့ထဲမှတစ်ယောက်က မင်းသမီးသက်တံနီ၏ အစ်ကို ရှဲ့ချင်းချန်ဖြစ်လေသည်။
ဆူဇီမိုက မတ်တတ်ထရပ်ပြီး သူတို့နှစ်ယောက်ကို အထဲကို ကြိုလိုက်၏။
“ညီကိုဆူ...”
ရှဲ့ချင်းချန်က ဆူဇီမိုကို တွေ့မြင်သောအခါ ပြုံးပြလိုက်၏။
နှစ်တစ်ထောင်မပြည့်ခင်မှာပင် ရှဲ့ချင်းချန်၏ အော်ရာက ကြီးမားစွာပြောင်းလဲသွားပြီး သူက ပို၍ရင့်ကျက်တည်ငြိမ်ကာ ပို၍မြင့်မြတ်ထည်ဝါလာသည်။
သူ၏ မျက်လုံးထဲတွင် ခံ့ညားထည်ဝါသောအကြည့်တစ်ခုက မကြာမကြာ ဖျတ်ခနဲပေါ်ထွက်ပေါ်လာတတ်၏။
ရှဲ့ချင်းချန်၏ နောက်မှာရှိသောလူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၅ ဝင်သော လေ့ရွှမ်ဖြစ်လေသည်။
“တာအိုရောင်းရင်းဆူ... ကျန်းမာတော်မူပါစ”
လေ့ရွှမ်က ဆူဇီမိုထံ လက်သီးနှစ်ဖက်ကို ယှက်ပြပြီး တွေဝေရှုပ်ထွေးသောအမူအရာဖြင့် နှုတ်ဆက်လိုက်၏။
ဆူဇီမိုသည် အဆူရာတိုက်ပွဲမြေမှာ သူ့ကိုနှစ်ကြိမ်တိုင်တိုင် ဖိနှိမ်ခဲ့ဖူး၏။
သို့သော်လည်း သူသည် ဆူဇီမိုကို တကယ်တမ်း မမုန်းတီးနိုင်ပေ။
မထိမခိုက်ထွက်ပြေးလွတ်မြောက်သွားသော ကျုံးဖေးယွီကလွဲလျှင် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်တွင် အဆင့်-၁၀ ဝင်ခဲ့သော သူတို့အုပ်စုထဲမှာ သူတစ်ယောက်သာလျှင် မထိမခိုက်ရှိခဲ့လေသည်။ ဒါ့အပြင် သူသည် ကပ်ဘေးကြားမှ ကောင်းချီးတစ်ခုကို လက်ခံရရှိခဲ့၏။
ဆူဇီမို၏ မီးတောက်လျှို့ဝှက်အတတ် ဖိအားအောက်မှာ သူသည် နောက်ဆုံး မဟာနေမင်းသုတ္တန်၏ နောက်ဆုံးလေးနက်သိမ်မွေ့မှုကို နားလည်ဆင်ခြင်နိုင်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာခဲ့၏။
“ဒီနှစ်တွေထဲ စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားလုပ်ရတာဘယ်လိုနေလဲ”
ဆူဇီမိုက မေးလိုက်၏။
ရှဲ့ချင်းချန်က လေ့ရွှမ်ကိုကြည့်လိုက်လေသည်။
“ညီကိုလေ့ရဲ့အကူအညီကြောင့် ကျုပ်က အခက်အခဲတော်တော်များများကို ဖြေရှင်းပြီး ခြေကုပ်ရယူလာနိုင်ခဲ့တယ်”
တကယ်တော့... သူသည် ရှဲ့ချင်းချန်နှင့်လေ့ရွှမ် အတူတကွရောက်ရှိလာသည်ကိုတွေ့မြင်သောအခါ လေ့ရွှမ်သည် ရှဲ့ချင်းချန်ထံမှာ အညံ့ခံခဲ့ပြီကို ဆူဇီမိုက သိလိုက်လေသည်။ ဤသည်မှာ သူထင်မှတ်ထားခဲ့သည်နှင့် သိပ်မကွာပေ။
ညနက်ပိုင်းသို့ ရောက်သောအခါ ရှဲ့ချင်းချန်နှင့် လေ့ရွှမ်က နှုတ်ဆက်ထွက်ခွာသွားကြ၏။
တစ်ညတာဖြတ်သန်းလာသော်လည်း ယန်လောရှုက လုံးဝအနားမယူပေ။ သူက စိုးရိမ်ကြောင့်ကြနေပြီး ရုတ်တရက်ဖြစ်ပေါ်လာမည့် အပြောင်းအလဲတစ်စုံတစ်ရာအတွက် ကိုင်တွယ်ဖို့အသင့်ပြင်ထားလေသည်။
မနက်ဖြန်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲနေ့ဖြစ်ပြီး ယခုညသည် ဓားအင်မော်တယ်ယွဲ့ဟွား၏ နောက်ဆုံးအခွင့်အရေးဖြစ်ပေလိမ့်မည်။
သို့သော်လည်း မနက်မိုးလင်းသည့်အချိန်ထိ အနီးနားဝန်းကျင်မှာ မည်သည့်လှုပ်ရှားမှုမှရှိမလာခဲ့ပေ။
ဓားအင်မော်တယ်ယွဲ့ဟွားသည် မလှမ်းမကမ်းအခန်းတစ်ခန်းထဲမှာ ကျင့်ကြံနေပြီး သူ့အခန်းထဲကနေပင် ထွက်ခွာလာခြင်းမရှိပေ။
“အရင်က... ငါအတွေးလွန်နေခဲ့တာများလား”
ယန်လောရှုက သူ့ကိုယ်သူ သံသယဝင်သွား၏။
သိပ်မကြာခင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှလူတိုင်းသည် အပြင်ဘက်မှာစုဝေးရောက်ရှိလာကြပြီး ဂမ္ဘီရမိုးကောင်းကင်ခန်းမသို့ သွားရောက်ဖို့ပြင်လိုက်ကြ၏။ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲကို ယနေ့မှာတရားဝင်စတင်ပေတော့မည်။