← Chapters

အပြောင်းအလဲ

Vol. 170 Ch. 2539

အပြောင်းအလဲ

Vol. 170 Ch. 2539

သိုင်းတာအိုပင်မခန္ဓာသည် ထိုအဆင့်ထိရောက်အောင် မကျင့်ကြံရသေးသည့်အတွက် သူသည် ဧကရာဇ်တစ်ပါးနှင့် မဟာဧကရာဇ်တစ်ပါးအကြား ရင်ကြားမစေ့နိုင်သည့် အကွာအဝေးကို ကောင်းကောင်းသိရှိလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ထိုနှစ်ခုကြားမှာ စကားတစ်လုံးသာကွာဟသော်လည်း ကွာဟချက်က မိုးနှင့်မြေလိုဖြစ်သည်ဆိုတာကို သူနားလည်သဘောပေါက်လာခဲ့ပြီဖြစ်သည်။

တျဲယွဲ့၏ အစွမ်းအစနှင့်ပင်လျှင် သူမသည် သားရဲဧကရီဘွဲ့ကိုသာခံယူနိုင်ပြီး မဟာဧကရာဇ်တစ်ပါး၏ အဆင့်ကို မရောက်ရှိပေ။

အခြားအရာများကို အသာထား ဧကရာဇ်ပိုရွှင်းနှင့် လွန်ခဲ့သည့် နှစ်ပေါင်းသန်းဆယ်ချီကာလက မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးတို့သည် အလွန်တရာပါရမီအရည်အချင်းရှိပြီး ရက်စက်ကြမ်းတမ်းသောသူများအဖြစ် ကျော်ကြားခဲ့ကြ၏။

သို့သော်လည်း ထိုဧကရာဇ်များထဲ မည်သူကမှ နောက်ဆုံးထိုအဆင့်ထိ မရောက်ရှိနိုင်ခဲ့ကြပေ။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သိုင်းတာအိုပင်မခန္ဓာသည် မဟာဧကရာဇ်နှစ်ပါးကိုသာ ကြားဖူးထား၏။ သူတို့က မဟာဧကရာဇ်ဒီဃာယုနှင့် မဟာဧကရာဇ်အနန္တတို့ဖြစ်လေသည်။

ကမ္ဘာဖျက်မိစ္ဆာသုတ္တန်က သန်မာပြီး တဗူးဂမ္ဘီရကျင့်စဥ်များနှင့်ယှဥ်နိုင်သော်လည်း တကယ်တမ်းမှာတော့ ထိုသုတ္တန်သည် တဗူးဂမ္ဘီရကျင့်စဥ်များ၏ အဆင့်ထိ မရောက်ရှိသေးပေ။

ထို့ကြောင့်ပင်လျှင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးသည် နောက်ဆုံးထိုခြေလှမ်းကို မလှမ်းနိုင်ဘဲ သူသေဆုံးသည့်တိုင်​အောင် မဟာဧကရာဇ်တစ်ပါးဖြစ်မလာနိုင်ခဲ့ပေ။

​ခေတ်တစ်ခေတ်မှာ မဟာဧကရာဇ်တစ်ပါးသာရှိသည်ဟု ကောင်းကင်ဘုံဝံပုလွေက ပြောခဲ့ဖူး၏။

မဟာဧကရာဇ်တစ်ပါး...။

မဟာဧကရာဇ်ဒီဃာယုကွယ်လွန်သွားကတည်းက မဟာဧကရာဇ်တစ်ပါး ပေါ်ထွက်မလာသည်မှာ အလွန်ကြာသွားခဲ့ပြီဖြစ်သည်။

ဒီမျိုးဆက်မှာ ပြိုင်စံရှားများက မြင့်မားတိုးတက်၍ ပြန်ဝင်စားမွန်းစတားများက ပေါ်ထွက်လာကြသည်။

ပိုရွှင်းကဲ့သို့ စွမ်းအားကြီးမားသော ဧကရာဇ်တစ်ပါးပင်လျှင် နောက်တစ်ဖန်ပြန်လည်ပေါ်ထွက်၍ မော်တယ်လောကသို့ ဆင်းသက်လာခဲ့၏။

ဒီဘက်မျိုးဆက်မှာ ပိုရွှင်း၊ တျဲယွဲ့နှင့် နောက်ထပ်ဧကရာဇ်များစွာရှိလေသည်။

ကောင်းကင်ဘုံကမ္ဘာတစ်ခုတည်းမှာပင် အနည်းဆုံးဧကရာဇ်အပါးသုံးဆယ်ကျော်ရှိနေ၏။

တကယ်တော့ မဟာလောကသုံးထောင်အတွင်း ကမ္ဘာများ၏ ခွန်အားကွာဟချက်ရှိ​ပြီး အားနည်းသောတချို့ကမ္ဘာများမှာ ဧကရာဇ်တစ်ပါး နှစ်ပါးသာရှိလေသည်။

ကမ္ဘာတချို့က ကောင်းကင်ဘုံကမ္ဘာလိုပင် ပိုမိုသန်မာပြီး ဧကရာဇ်များစွာရှိကြပေလိမ့်မည်။

ဤမျှများပြားသော ဧကရာဇ်များကြားမှာပင် နောက်ဆုံးမဟာဧကရာဇ်တစ်ပါးသာ ဖြစ်လာနိုင်မည်။

ထိုဧကရာဇ်များထဲ ဘယ်သူက လောကကို အထက်စီးကနေငုံ့ကြည့်ပြီ အသစ်စက်စက်ခေတ်တစ်ခေတ်ကို ဖန်တီးနိုင်မလဲ သိုင်းတာအိုပင်မခန္ဓာမသိရပေ။

သူသည် ထိုအဆင့်နှင့်ဝေးကွာလွန်းသေး၏။ သို့သော်လည်း သူနှင့်တျဲယွဲ့ကြား အကွာအဝေးက ပို၍နီးကပ်လာသည်ဟု သူခံစားရလေသည်။

တစ်နေ့မှာ သူသည် တျဲယွဲ့ကို အမီလိုက်ပြီး သူမနှင့် ပခုံးချင်ယှဥ်ရပ်လာနိုင်ပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် ဤနှစ်များအားလုံးမှာ တျဲယွဲ့ကိုသွားမရှာခဲ့သည့် အကြောင်းအရင်းများစွာရှိလေသည်။

ပထမအချက် သူ၏ ကျင့်ကြံမှုနယ်ပယ်က လုံလောက်အောင်မြင့်မားမှု မရှိသေးပေ။

သူသည် အစစ်အမှန်သိုင်းနယ်ပယ်ကို ဝင်ရောက်ပြီး ဒသမမြောက်ကပ်ဘေးကို ဆွဲဆောင်နိုင်ခဲ့သော်လည်း နောက်ဆုံး ဒီနေ့ဒီအချိန်ထိ သူက ပကတိမိစ္ဆာတစ်ဦးသာ ဖြစ်နေဆဲပင်။

သူသည် တျဲယွဲ့ကိုသွားရှာမည်ဆိုလျှင်တောင် သူမကို အကူအညီများစွာပေးနိုင်မည်မဟုတ်ဘဲ သူမထံမှ အထင်အမြင်သေးမှုကိုပင် ရရှိနိုင်လေသည်။

ဒုတိယအချက် သူသည် ထျန်ဟွမ်ဂိုဏ်းကို တည်ထောင်ပြီးနောက် ဤနေရာမှာရှိသော အရေးကိစ္စများကို လုံးလုံးလျားလျားမဖြေရှင်းရသေးပေ။

ထျန်ဟွမ်ဂိုဏ်းမှာ ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်တစ်ယောက်သာရှိပြီး အတော်လေးအားနည်းနေ၏။

တတိယအချက်... သူ၏ သိုင်းတာအိုက ယခုအချိန်ထိ ပြီးပြည့်စုံခြင်း မရှိသေးပေ။

သိုင်းတာအိုကို ကောက်ချက်ချပြီး ပြီးပြည့်စုံအောင်ပြုလုပ်ဖို့က အင်မတန်ခဲယဥ်းပြီး သူ့အတွက် အခွင့်အရေးက နည်းပါးလွန်းနေ၏။

သူသည် တျဲယွဲ့ကို တွေ့မြင်သည့်အခါ သူ၏ စိတ်အခြေအနေက ပြောင်းလဲသွားနိုင်ပြီး သိုင်းတာအိုကို ကောက်ချက်ချခြင်းအပေါ် အာရုံအပြည့်အဝစူးစိုက်ထားဖို့ ခက်ခဲသွားပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် စိတ်အာရုံပျံ့လွင့်မခံရဲပေ။

သူသည် သိုင်းတာအိုကိုကောက်ချက်ချ၍ ပြီးပြည့်စုံအောင်ပြုလုပ်နိုင်ခြင်းမရှိလျှင် သူ၏ တာအိုက ဤနေရာမှာ ရပ်တန့်သွားပေလိမ့်မည်။ သူက နောက်ပိုင်းတျဲယွဲ့နှင့် တွေ့ဆုံရမည်ဆိုလျှင်တောင် သူ့မှာ ဂုဏ်ယူဝင့်ကြွားစရာ ဘာမှရှိတော့မည် မဟုတ်ပေ။

သူသည် သူမကို ကူညီပေးနိုင်ခြင်း သို့မဟုတ် သူမနှင့် ပခုံးချင်းယှဥ်ရပ်နိုင်ခြင်းရှိတော့မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာက စဥ်း​စားတွေးတောနေစဥ်မှာပင် နတ်ဆိုးမကျိက ခေါင်းတလားထဲသို့ခုန်ဝင်ပြီး ဧရာမပုဆိန်ကို လက်နှစ်​ဖက်ဖြင့်ဆုပ်ကိုင်ကာ ထိုအရာကို မယူလိုလေသည်။

“အီး.. ယား...”

သို့သော်လည်း သူမ၏ မျက်နှာက နီမြန်းလာတာတောင် ဧရာမမဟူရာပုဆိန်က လုံးဝကြွတက်မလာခဲ့ပေ။

အကြိမ်ရေအနည်းငယ်ဆက်တိုက်ကြိုးပမ်းပြီးနောက် သူမ၏ လက်နှစ်ဖက်က ထုံကျင်ကိုက်ခဲလာပြီး သူမက မောပန်းလာကာ ခေါင်းတလား၏ အတွင်းဘက်နံရံကို မှီချလိုက်၏။

သူမက ဖြည်းဖြည်းချင်းလျှောကျသွားပြီး လက်ကာပြလိုက်၏။

“မရတော့ဘူး... ငါအဲဒါကို မမနိုင်ဘူး... ကြည့်ရတာ မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးချန်ထားခဲ့တဲ့ ဒီအခွင့်အလမ်းကို နင်ပဲရတော့မယ်နဲ့တူတယ်”

“ငါစမ်းကြည့်လိုက်မယ်”

သိုင်းတာအိုပင်မခန္ဓာက ထိုသို့ပြောပြီး သူကလည်း ခေါင်းတလားထဲသို့ ခုန်ဝင်လိုက်၏။

သူသည် ဧရာမပုဆိန်၏ လက်ကိုင်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး သူ၏ ခွန်အားကိုပို့လွှတ်ကာ ထိုအရာကို မယူလိုလေသည်။ သို့သော်လည်း ဧရာမမဟူရာပုဆိန်က ခေါင်းတလားအောက်ခြေမှာ နစ်မြုပ်နေသည့်အလား မလှုပ်မယှက်ရှိနေဆဲပင်။

ဟမ်...

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ကောင်းကင်လိုဏ်ဂူအသေး မိစ္ဆာဘုရင်များပင်လျှင် ယခု သူထုတ်ဖော်လိုက်သည့်ခွန်အားကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် ဤခွန်အားသည် ဧရာမပုဆိန်ကို မယူဖို့မလုံလောက်ပေ။

“အားနည်းလွန်းတယ်”

နတ်ဆိုးမကျိက နောက်ပြောင်ကျီစယ်လိုသော အမူအရာဖြင့် တခစ်ခစ်ရယ်မောလိုက်လေသည်။

သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အနက်ရောင်မိစ္ဆာကားချပ်ကို သိမ်းဆည်းလိုက်၏။ သူက ဆောင့်ကြောင့်ထိုင်ချပြီး ဧရာမပုဆိန်၏ လက်ကိုင်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ အပေါ်သို့ဆွဲယူလိုက်၏။

နောက်ဆုံးမှာတော့ ဧရာမမဟူရာပုဆိန်က လှုပ်ရှားလာခဲ့၏။ သို့သော်လည်း ထိုအရာက ကြွသည်ဆိုရုံမျှသာရှိလေသည်။

“ဘယ်လိုဖြစ်ရတာလဲ”

သိုင်းတာအိုပင်မခန္ဓာက စဥ်းစားရခက်သွား၏။

အတိတ်ကာလတုန်းက ဧကရာဇ်လက်နက်များပင်လျှင် နှစ်သန်းပေါင်းများစွာကြာမြင့်ပြီးနောက် အထဲမှာ ရှိသော စိတ်ဝိညာဥ်အသိစိတ်က ပျက်စီးသွားမည်ဖြစ်ကာ ဤမျှအထိ အလေးချိန် ရှိမနေသင့်တော့ပေ။

ထိုစဥ်မှာပင် အနက်ရောင်အလင်းတန်းတစ်ခုက သိုင်းတာအိုပင်မခန္ဓာ၏ သိုလှောင်အိတ်ထဲကနေ လွင့်မျောကာ ဧရာမပုဆိန်၏ လက်ကိုင်ပေါ် ဆင်းသက်သွား၏။

ထိုအရာသည် တစ်ပိုင်းတစ်ပျက်ကားချပ်ကိုးခုကနေ ဖြစ်တည်လာသော အနက်ရောင်မိစ္ဆာကားချပ်ဖြစ်လေသည်။ ထိုအခိုက်အတန့်မှာ ၎င်းသည် ဧရာမမဟူရာပုဆိန်၏ လက်ကိုင်ကို တစ်ပတ်ပြီးတစ်ပတ်ရစ်ပတ်လိုက်၏။

နောက်ခဏ၌ ဝုန်းခနဲပေါက်ကွဲသံထွက်ပေါ်လာ၏။

ဧရာမပုဆိန်က အမှန်တကယ်ပင် သူ့ဘာသာသူမြောက်တက်​သွားပြီး အထက်စီးကနေငုံ့ကြည့်နေ၏။ ၎င်း၏ နောက်ဘက်မှာ ပေတစ်သိန်းမြင့်မားသော မိစ္ဆာခန္ဓာတစ်ခုရှိနေသည့်အလားပင်။

ထိုခန္ဓာ၏ ဦးခေါင်းကို တိမ်စိုင်များကြားမှာ ခပ်ရေးရေးသာမြင်နိုင်ပြီး သူ၏ ဧရာမလက်ဖဝါးက ဧရာမမဟူရာပုဆိန်ကို ဆုပ်ကိုင်ထား၏။ ကြမ်းကြုတ်ခက်ထန်သော အကြည့်နှစ်ခုက တိမ်စိုင်များကြားကနေ ပစ်လွင့်ထွက်ပေါ်လာပြီး သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိပေါ် ကျရောက်လာ၏။

ဝှစ်...

ဧရာမမဟူရာပုဆိန်က ကောင်းကင်ထက်ကနေဆင်းသက်လာပြီး မနှိုင်းယှဥ်သာအောင် ကြမ်းကြုတ်ခက်ထန်သော စွမ်းပကားတစ်ခုက ခေါင်းတလားထဲရှိလူနှစ်ယောက်ကို ခုတ်ပိုင်းချလာ၏။

ပုဆိန်သွားက ဆင်းသက်မလာခင်မှာပင် စဥ်းစားကြည့်၍မရနိုင်သော စွမ်းပကားတစ်ခုက သူတိုနှစ်ယောက်ကို လွှမ်းခြုံသွားခဲ့ပြီဖြစ်သည်။

ဧရာမမဟူရာပုဆိန်က သူတို့နှစ်ယောက်အတွက် ထွက်လမ်းများအားလုံးကို ပိတ်ဆို့ထားလေသည်။

“ဟာ..”

အဲဒါက အရမ်းကို ကြမ်းကြုတ်ခက်ထန်လွန်း၏။

ထိုပုဆိန်နှင့်ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာ၏ အသားက စူးရှသောနာကျင်မှုတစ်ခုကို ခံစားလာရ၏။

နတ်ဆိုးမကျိသည် ဖိအားဒဏ်ကို ခံနိုင်ရည်မရှိတော့ဘဲ သူမ၏ ခန္ဓာကိုယ်ကနေ သွေးမြူတစ်ခုပန်းထွက်လာ၏။ သူမ၏ အမူအရာက ဖြူဖျော့ကာ သူမ၏ ခန္ဓာကိုယ်က ပျော့ခွေသွားလေသည်။

ယခုအချိန်မှာ သူ့အနေနှင့် နတ်ဆိုးမကျိနှင့်အတူ ဤနေရာကနေထွက်ပြေးဖို့က နောက်ကျသွားခဲ့ပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာထံမှ အတွေးတစ်ချက်နှင့်အတူ ငရဲဖိနှိမ်မီးဖိုက သူ၏ နှာရောင်ထဲကနေ ထွက်ပေါ်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို မှောက်ချလိုက်ပြီး နတ်ဆိုးမကျိကို မီးဖိုအောက်သို့ ဆွဲယူသွင်းလိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ကနေ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာ၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ အရိုးများကို အသွင်ပြောင်းလဲစေပြီး ကွေးညွှတ်ကာ မီးဖို၏ နေရာလွတ်အများစုကို နတ်ဆိုးမကျိအား ပေးထား၏။

အရာရာတိုင်းသည် ကြိုတင်ပြဋ္ဌာန်းထားသည့်အလားပင်။

ဤမြင်ကွင်းသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူတို့နှစ်ယောက် အန္တရာယ်နှင့်ကြုံတွေ့ခဲ့ရချိန်နှင့် ဆင်တူနေ၏။

ဤခေါင်းတလားထဲမှာ ရှင်သန်လာသော မည်သည့်မိစ္ဆာမှမရှိသော်လည်း ဧရာမမဟူရာပုဆိန်က သူတို့၏ အသက်များကို နှုတ်ယူလိုနေသည်မှာ သိသာလေသည်။

ဒါ့အပြင် သူတို့နှစ်ယောက်သည် ပြေးစရာနေရာမရှိတော့ဘဲ နောက်တစ်ဖန်ပူးကပ်တိုးဝှေ့ကာ ငရဲဖိနှိမ်မီးဖိုအောက် ခေါင်းတလားထဲမှာ ပုန်းကွယ်နေရ၏။

သို့သော်လည်း ဤတစ်ခေါက်မှာ သူတို့ထဲမည်သူ့မှာမှ အခြားမည်သည့်အတွေးမှ မရှိကြပေ။

ဧရာမမဟူရာပုဆိန်က သူတို့ကို သတ်ဖြတ်လိုနေပြီး ဤစွမ်းအားက သိုင်းတာအိုပင်မခန္ဓာ ခုခံနိုင်သည်ထက် များစွာကျော်လွန်နေ၏။

ငရဲဖိနှိမ်မီးဖိုက ထိုအရာကို မခုခံနိုင်ဘူးဆိုလျှင် ဘာဖြစ်လာမလဲ။

ဝုန်း...

ဧရာမမဟူရာပုဆိန်က ဆင်းသက်လာပြီး ငရဲဖိနှိမ်မီးဖိုကို ကျယ်လောင်သောမြည်သံဖြင့် ထိခတ်သွား၏။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်နှစ်ဖက်ကို အလောတကြီးဆန့်ထုတ်ကာ နတ်ဆိုးမကျိ၏ နားနှစ်ဖက်ကို ပိတ်ပေးလိုက်၏။

ငရဲဖိနှိမ်မီးဖိုက ပြင်းထန်စွာတုန်ခါ၍ အဆက်မပြတ် တဝီဝီအော်မြည်နေ၏။

သိုင်းတာအိုပင်မခန္ဓာက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ နားထဲမှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ မသိလိုက်မသိဘာသာနှင့်ပင် နီရဲနေသောသွေးများက စိမ့်ထွက်လာခဲ့၏။

နတ်ဆိုးမကျိက ထိုသည်ကို တွေ့မြင်သောအခါ သူမက စိုးရိမ်ပူပန်သွားပြီး သူမ၏ လက်ကို အလိုလိုဆန့်ထုတ်ကာ သိုင်းတာအိုပင်မခန္ဓာ၏ နားနှစ်ဖက်ကို တင်းကျပ်စွာ ဖုံးအုပ်ပေးလိုက်၏။

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဧရာမမဟူရာပုဆိန်က ဆက်လက်၍ခုတ်ပိုင်းကျဆင်းလာမည်ဆိုပါက ငရဲဖိနှိမ်မီးဖိုသည် အဲဒါကို ခုခံထားနိုင်မည်ဆိုလျှင်တောင် ရိုက်ခတ်မှုလှိုင်းများကြောင့် သူတို့က သေရတော့မည်ကို သူတို့နှစ်ယောက်စလုံးက သိရှိလိုက်ကြ၏။

“ဒီမိစ္ဆာလိုဏ်ဂူရဲ့အောက်ဘက်မှာ မြေအောက်မြစ်တစ်စင်းသာရှိနေမယ်ဆိုရင်...”

နတ်ဆိုးမကျိက စဥ်းစားတွေးတောလိုက်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူတို့နှစ်ယောက်သည် ကျောက်သားခေါင်းတလားထဲမှာ ဝင်ရောက်ပုန်းကွယ်၍ မြေအောက်မြစ်ထဲသို့ ကျဆင်းသွားပြီးမှသာ လွတ်မြောက်ခဲ့ကြလေသည်။

All Chapters