← Chapters

ဖျက်ဆီးခြင်း

Vol. 170 Ch. 2538

ဖျက်ဆီးခြင်း

Vol. 170 Ch. 2538

“နင်ဘာတွေတွေးနေတာလဲ... နင်ငါမေးတာကို အခုထိ မဖြေရသေးဘူးနော်”

နတ်ဆိုးမကျိက သိုင်းတာအိုပင်မခန္ဓာကို တံတောင်ဖြင့် ညင်သာစွာတွတ်ပြီး မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ငေးငိုင်ရာကနေ နိုးထလာ၏။

“ထျန်ဟွမ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်ဆိုတာ အောက်ဘုံကနေ တက်လှမ်းလာတဲ့သူတွေအတွက် အေးအေးဆေးဆေးနေနိုင်မယ့် နေရာတစ်ခုဖြစ်လာနိုင်ဖို့ပဲ”

“နင်က ထျန်ဟွမ်ကုန်းမြေတိုက်ကဆိုတော့... ထျန်ဟွမ်ဂိုဏ်းကလည်း နင့်အတွက်အိမ်ပဲပေါ့”

“ကျွတ်..”

နဆ်ဆိုးမကျိက နှုတ်ခမ်းစူပြီး သူမ၏ မျက်လုံးထဲရှိ စိတ်ပျက်မှုကို ဖုံးကွယ်မထားပေ။ ထိုအဖြေကို ကျေနပ်သဘောကျခြင်းမရှိဘဲ သူမက မကျေမနပ်ပြောဆိုလိုက်၏။

“အိမ်ဆိုတာ မိသားစုဝင်တွေရှိတဲ့နေရာလေ”

သိုင်းတာအိုပင်မခန္ဓာက ခဏမျှတိတ်ဆိတ်ငြိမ်သက်သွား၏။

“ယောင်ယန်... နင်ငါ့ကို အခုကစပြီး မိသားစုဝင်တစ်ယောက်လို့ ပြုမူဆက်ဆံနိုင်တယ်”

နတ်ဆိုးမကျိက ရင်တစ်ချက်ထိတ်သွား၏။ ဖျတ်ခနဲဆို သူမက ဆူဇီမို၏ အနားသို့ တိုးကပ်ပြီး ခြေဖျားထောက်လိုက်၏။ သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်မိသွားပြီး အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ရုတ်တရက် သူမက လက်လှမ်းပြီး သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာပေါ်မှ ငွေရောင်မျက်နှာဖုံးကို ဖယ်ထုတ်လိုက်၏။

တည်ငြိမ်၍ ရင်းနှီးနေကျမျက်နှာကို တွေ့မြင်သောအခါ နတ်ဆိုးမကျိက ဝမ်းသာပျော်ရွှင်မှုကို မခံစားရပေ။ ထိုအစား သူမက မအီမသာခံစားလာရ၏။

“နင်ဘာလို့ မရှောင်တာလဲ”

နတ်ဆိုးမကျိက မျက်မှောင်ကြုတ်လိုက်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ဆူဇီမိုသည် သူမ၏ ရဲတင်းသောအပြုအမူများကို အမြဲတမ်းလိုလို ရှောင်တိမ်းခဲ့၏။

သိုင်းတာအိုပင်မခန္ဓာ၏ တစ်မူထူးခြားမှုကို နတ်ဆိုးမကျိက နောက်ဆုံးမှာသတိထားမိလာပြီး သူမ၏ ရင်ထဲရှိ ဖော်မပြတတ်သော မအီမသာခံစားချက်က ပိုမိုသိပ်သည်းအားကောင်းလာ၏။

သူမသည် တစ်စုံတစ်ရာကို နားလည်သွားပုံရသော်လည်း သူမက အဲဒါနှင့် ပတ်သက်၍ စေ့စေ့စပ်စပ်စဥ်းစားကြည့်ရဲခြင်း မရှိပေ။

“နင်ဘာလို့ ငါ့အပေါ် ရုတ်တရက် အရမ်းကောင်းပေးလာရတာလဲ”

နတ်ဆိုးမကျိက ထပ်မံ၍မေးလိုက်၏။

ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းကလည်း သူမကို ကောင်းမွန်စွာပြုမူဆက်ဆံခဲ့သော်လည်း သူသည် ယနေ့သူပြုလုပ်သလိုမျိုး သူမကို များစွာကာကွယ်ပေးခဲ့ခြင်းမရှိပေ။

တကယ်ဆို လင်းရှန်က သူမကို အပျက်မဟု ခေါ်ဆိုသည်ကိုပင် သူက ခွင့်မပြုခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်သွား၏။

“နင်စောစောက ငါ့ကိုဘာလို့ အဲလိုခေါ်တာလဲ”

နတ်ဆိုးမကျိ၏ အသံက အနည်းငယ်တုန်ယင်လာခဲ့ပြီဖြစ်သည်။

ယောင်ယန်... အဲဒါက သူမ၏ နာမည်အရင်း ဖြစ်လေသည်။

သို့သော်လည်း သူတို့နှစ်ယောက်တွေ့ဆုံခဲ့စဥ်ကတည်းက ဆူဇီမိုသည် သူမကို နတ်ဆိုးမဟုသာ အမြဲတမ်းခေါ်ဆိုခဲ့ပြီး ဤကဲ့သို့သောပုံစံဖြင့် တစ်ခါမှ မခေါ်ခဲ့ပေ။

ထိုဝေါဟာရက ရင်းနှီးကျွမ်းဝင်မှုရှိသည်ဟုထင်ရသော်လည်း သူမက ဝေးကွာသွားသည်ဟုခံစားရ၏။

သူတို့နှစ်ယောက်သည် အခန်းထဲမှာ နှုတ်ဆိတ်နေကြဆဲဖြစ်သည်။

နတ်ဆိုးမကျိက သူမ၏ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်၏။ အတန်ကြာနှုတ်ဆိတ်နေပြီးနောက် သူမက ဖြည်းဖြည်းချင်းမေးလိုက်၏။

“ငါ့အစ်မ... သူသေသွားပြီ ဟုတ်တယ်မလား”

သူမ၏ ကျင့်ကြံရေးနည်းစနစ်ကနေတစ်ဆင့် နတ်ဆိုးမကျိသည် သူမ၏ ပြိုင်ဘက်များကို ညှို့ငင်ဖမ်းစားခြင်းနှင့် သူတို့၏ စိတ်များကို ထိန်းချုပ်ရာမှာ အတော်ဆုံးဖြစ်၏။

လူများစွာသည် သူတို့၏ အတွေးများကို သူမထံမှ ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။

သူမက ထက်ရှပြီး ဆူဇီမိုသည် ဆိုင်းမဆင့်ဗုံမဆင့် သူမအပေါ် ရုတ်တရက် ဤကဲ့သို့ ပြုမူဆက်ဆံလာသည်မှာ ဖြစ်နိုင်ခြေတစ်ခုသာရှိသည်ကို အလျင်အမြန်နားလည်သဘောလိုက်၏။

ယောင်ရွှယ်က သေဆုံးသွားခဲ့လေပြီ။

သူ၏ အပြုအမူသည် မလုံမလံဖြစ်နေခြင်းနှင့် စာနာသနားနေခြင်းနှင့်ပိုတူနေသည်။

ဆူဇီမိုသည် သူမကို ယောင်ရွှယ်၏ နေရာမှာအစားထိုးပြီး နောက်ပိုင်း သူမကို ဆက်လက်၍ကာကွယ်ကာ ဂရုစိုက်ပေးပေလိမ့်မည်။

ဆူဇီမိုသည် ယခုတင် သူမက သူ့ကို မိသားစုဝင်အဖြစ် ဆက်ဆံနိုင်သည်ဟု ပြောဆိုခဲ့သည်မှာ သူသည် သူမကို သူ၏ ညီမလေးတစ်ယောက်အဖြစ် ရှုမြင်လိုက်ပြီဖြစ်သောကြောင့်ပင်။

သိုင်းတာအိုပင်မခန္ဓာ​က နတ်ဆိုးမကျိနှင့် အကြည့်ချင်းမဆုံမိပေ။ သူက မာရ်နတ်မျက်နှာဖုံးကို တစ်ဖန်တပ်ဆင်ပြီး ခပ်တိုးတိုးပြောလိုက်၏။

“ယောင်ရွှယ်ရဲ့ ကျင့်ကြံမှုက မူလနတ္ထိနယ်ပယ်မှာ ရပ်တန့်နေခဲ့တယ်... သူက အဆင့်ချိုးဖျက်တက်လှမ်းမလာနိုင်ခဲ့ဘူး... နောက်ဆုံး သူက ဘဝသက်တမ်းကုန်ဆုံးသွားတယ်”

သူက ထိုသတင်းကို ကြားရပြီးနောက် နတ်ဆိုးမကျိသည် ပူဆွေးဝမ်းနည်းမှုကို ခံစားလာရကာ သူမ၏ မျက်နှာပေါ် မျက်ရည်များက တစ်ပေါက်ပေါက်ကျဆင်းလာ၏။

သိပ်မကြာခင် သူမ၏ အဝတ်များက မျက်ရည်များဖြင့် စိုရွှဲလာခဲ့၏။

ဆူဇီမိုနှင့် ပြန်လည်ဆုံစည်းရသော ဝမ်းသာပျော်ရွှင်မှုက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

ဝမ်းနည်းမှု၏ တစ်စိတ်တစ်ဒေသက ယောင်ရွှယ်ကွယ်လွန်သွားသည်ကို သူမကြားရသောကြောင့်ဖြစ်၏။

နောက်ထပ်တစ်စိတ်တစ်ဒေသမှာ သူမနှင့်ဆူဇီမိုကြား ဆက်ဆံရေးက ပြောင်းလဲသွားပြီကို နားလည်သဘောပေါက်သောကြောင့်ဖြစ်သည်။

အခုကစ၍ ဆူဇီမိုသည် သူမကို သူ၏ ညီမငယ်အဖြစ် ရှုမြင်လိမ့်မည်ဖြစ်ပြီး သူတို့က ပို၍ပင်ရင်းနှီးလာမည်ဟုထင်ရလေသည်။

သို့သော်လည်း သူမအတွက်တော့ အဲဒါက ပို၍ဝေးကွာလာခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

တကယ်တော့... နတ်ဆိုးမကျိသည် ဆူဇီမိုနှင့် တစ်ခုခုဖြစ်လာဖို့ ဘယ်တုန်းကမှ မျှော်လင့်ချက်မထားခဲ့ပေ။

ဆူဇီမိုက သူ့အစ်မနှင့် တာအိုလက်တွဲဖော်များဖြစ်လာမည်ဆိုလျှင်တောင် သူမသည် ရင်ထဲအသည်းထဲကနေ အဲဒါကိုသဘောတူလက်ခံပြီး တိတ်တဆိတ်ထွက်ခွာသွားပေလိမ့်မည်။

သို့သော်လည်း ဆူဇီမို၏ အတွင်းစိတ်များကို နားလည်သဘောပေါက်လာပြီးနောက် သူမသည် စိတ်ပျက်လက်ပျက်ဖြစ်မှုကို ခံစားလိုက်ရဆဲဖြစ်၏။

အတန်ကြာပြီးနောက် နတ်ဆိုးမကျိက နှာရှုံ့ပြီး သိုင်းတာအိုပင်မခန္ဓာကို မျက်လုံးစွေကြည့်လိုက်၏။

“ငါ့အစ်မက နောက်ဘဝကျရင် ယောင်္ကျားကောင်းတစ်ယောက်နဲ့ဆုံတွေ့ပြီး နင့်လိုမျိုး နှလုံးသားမရှိတဲ့သူနဲ့ မတွေ့ပါစေနဲ့လို့ ငါဆုတောင်းပေးတယ်... ဟမ့် ..”

“နောက်ဘဝ...”

သိုင်းတာအိုပင်မခန္ဓာသည် ယောင်ရွှယ်ကွယ်လွန်ခဲ့စဥ်က သူမက လုံးဝအိုမင်းမလာခဲ့သည်ကို ပြန်လည်အမှတ်ရသွား၏။ ဗလာကျင်းနေသော အုတ်ဂူကို တွေးမိချိန်မှာ သူက ငေးငိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်မိ၏။

“ယောင်ရွှယ်က မူလနတ္ထိတာအိုသက်ရှိတစ်ယောက်ပဲ... သူ့အတွက် နောက်ဘဝဆိုတာ တကယ်ပဲရှိနိုင်ပါ့မလား”

“ရှိခဲ့မယ်ဆိုရင် သူက ဘယ်မှာလဲ”

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာသည် ရုတ်တရက် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ တမလွန်လောကသို့ သွားရောက်ချင်စိတ်ဖြစ်ပေါ်လာ၏။

သူသည် ထိုနေရာမှာ ယောင်ရွှယ်၏ အရိပ်အယောင်ကို ရှာတွေ့နိုင်ကောင်းရှာတွေ့နိုင်ပေလိမ့်မည်။

သို့သော်လည်း တမလွန်လောကသို့ အသက်ရှင်လျက်မည်သူကမှ မဝင်ရောက်နိုင်ဟု ကောင်းကင်ဘုံဝံပုလွေက ပြောခဲ့ဖူးသည်။

“ဒီခေါင်းတလားထဲမှာ ဘာရှိလဲကြည့်ရအောင်”

နတ်ဆိုးမကျိက ပြန်လည်တက်ကြွလာပြီး သိုင်းတာအိုပင်မခန္ဓာကို လက်ဖြင့်လှမ်းပုတ်ကာ ခန်းမ၏ အလယ်မှာရှိသော ဧရာမခေါင်းတလားထံသို့ လျှောက်လှမ်းသွား၏။

သိုင်းတာအိုပင်မခန္ဓာက လောလောဆယ်မှာ ယောင်ရွှယ်နှင့်ပတ်သက်သည့် သူ၏ အတွေးများကို မျိုသိပ်ပြီး ခေါင်းတလားရှိရာသို့ လိုက်ပါလာခဲ့၏။

မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက အမွေအနှစ်တစ်ခုခုကို ထိန်းသိမ်းထားခဲ့မည်ဆိုလျှင် ထိုအရာက ဤခေါင်းတလားထဲမှာ ရှိနေသင့်လေသည်။

“ဘေးကိုဖယ်”

သိုင်းတာအိုပင်မခန္ဓာက နတ်ဆိုးမကျိကို ခန်းမ၏ ဝင်ပေါက်ဝသို့ ဆုတ်ခွာသွားဖို့ အချက်ပြလိုက်၏။

တစ်ခုခုဖြစ်လာမည်ဆိုလျှင် သူမက အချိန်မရွေးထွက်ခွာသွားနိုင်အောင်ဖြစ်သည်။

နတ်ဆိုးမကျိက နာခံပြီး ခန်းမ၏ ဝင်ပေါက်ဝနားမှာ မတ်တတ်သွားရပ်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ခေါင်းတလား၏ ရှေ့မှာ မတ်တတ်ရပ်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။ သူ၏ လက်နှစ်ဖက်ဆီသို့ ခွန်အားကို ပို့လွှတ်ပြီး ခေါင်းတလားအဖုံးကို ဘေးဘက်သို့ ဖြည်းဖြည်းချင်း တွန်းချလိုက်၏။

ခေါင်းတလားအဖုံးက အရမ်းကို သိပ်သည်းလေးလံလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယနှင့်ပင်လျှင် ခေါင်းတလားအဖုံးကို ဖယ်ရှားဖို့အတွက် သူ၏ ခွန်အားအပြည့်အဝကို ​ထုတ်ဖော်အသုံးပြုလိုက်ရ၏။

ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာလေသည်။

ခေါင်းတလားအဖုံးက မြေပြင်ပေါ်သို့ကျဆင်းသွား၏။ သိုင်းတာအိုပင်မခန္ဓာက ဖျတ်ခနဲဆို ခန်းမ၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာပြီး သူက ဤနေရာကနေ ခေါင်းတလားကို လှမ်းကြည့်လိုက်၏။

ခဏနေပြီးနောက် ခေါင်းတလားထံကနေ မည်သည့်တုံ့ပြန်မှုမှ ရှိမလာသေးပေ။

“ဟင်းဟင်း... နင်က စိုးရိမ်စိတ်လွန်ကဲနေတာပဲ”

နတ်ဆိုးမကျိက သိုင်းတာအိုပင်မခန္ဓာ၏ ပခုံးကိုပုတ်ပြီး ကျီစယ်လိုက်၏။

“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး ပြန်ရှင်သန်လာမှာကို နင်တွေးနေတာလား... ငါကစောစောက အဲဒါကို ဒီတိုင်းခြောက်လှန့်ခဲ့တာပဲ... နင်က အဲဒါကို တကယ်မမှတ်သင့်ဘူးလေ”

သိုင်းတာအိုပင်မခန္ဓာသည် ဤမျှအထိသတိထားနေခြင်းမှာ နတ်ဆိုးမကျိ၏ စကားကြောင့် မဟုတ်ပေ။

အစကနေယခုအချိန်ထိ တစ်စုံတစ်ရာလွဲမှားနေသည်ဟု သူက ခံစားမိသောကြောင့်ဖြစ်သည်။

ဤမိစ္ဆာဧကရာဇ်၏ ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့သည်မှာ သူ့လက်ထဲရှိ အနက်ရောင်မိစ္ဆာကားချပ်မှာ အပြောင်းအလဲတစ်ခုဖြစ်ပွားလာပြီး မိစ္ဆာကျင့်ကြံသူတစ်အုပ်စုကို ဤနေရာသို့ တကူးတက ဆွဲဆောင်ခဲ့သောကြောင့်ဖြစ်သည်။

သို့သော်လည်း ဤနေရာမှာ မည်သည့်အရာကိုမှ ရှာဖွေတွေ့ရှိရခြင်း မရှိသလောက်နီးပါးပင်။ တကယ်ဆို... မည်သည့်အန္တရာယ်မှပင် မရှိခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိသည် ရှေ့သို့ပြန်လည်တက်လှမ်းလာ၏။ ခေါင်းတလား၏ အစပ်မှာ မတ်တတ်ရပ်ပြီး သူတို့က အထဲကိုငုံ့ကြည့်ကာ အနည်းငယ်မှင်တက်သွားရ၏။

ခေါင်းတလားထဲမှာ နက်မှောင်နေသောဧရာမပုဆိန်တစ်လက်သာ ရှိနေသည်။

ထိုပုဆိန်ကလွဲလျှင် အခြားမည်သည့်ရတနာမှ ရှိမနေပေ။

သိုင်းတာအိုပင်မခန္ဓာသည် ခန်းမ၏ ဘေးပတ်လည်၊ ခေါင်းတလား၏ အတွင်းအပြင်နှင့် ခေါင်းတလုံးအဖုံး၏ အပေါ်အောက်ကိုပင် စေ့စေ့စပ်စပ်ကြည့်ရှုလိုက်သော်လည်း သူက မည်သည့်စာလုံးကိုမှ ရှာမတွေ့ပေ။

မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးသည် သူသေဆုံးသွားပြီးနောက် ဤဧရာအပုဆိန်တစ်လက်ကိုသာ ချန်ထားရစ်ခဲ့သည်လား။

“ငါသိပြီ”

နတ်ဆိုးမကျိ၏ မျက်လုံးက ဝင်းလက်သွား၏။

“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး မွေးဖွားလာတုန်းက သူ့ရဲ့ခန္ဓာကိုယ်က စစ်မီးတောက်တွေနဲ့လောင်ကျွမ်းနေပြီး သူ့ရဲမျက်လုံးတွေက ဖျက်ဆီးခြင်းအော်ရာနဲ့ ပြည့်နှက်နေခဲ့တယ်လို့ ပြောကြတယ်... ကောင်းကင်ထက်ကနေ နိမိတ်ဖြစ်စဥ်တစ်ခု ဆင်းသက်လာခဲ့တယ်”

“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး လိုက်စားနေတဲ့အရာက ကောင်းကင်ဘုံကိုတက်လှမ်းပြီး လောကအားလုံးကို သိမ်းပိုက်ဖို့ပဲ... သူဖြတ်သွားရာနေရာတိုင်းမှာ စစ်မီးတောက်တွေ ပျံ့နှံ့ပြီး လောကက ဖျက်ဆီးခံရတတ်တယ်”

“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး အသုံးပြုခဲ့တဲ့... ဧကရာဇ်လက်နက်နှစ်ခုက စစ်မီးတောက်နဲ့ ဖျက်ဆီးခြင်းဖြစ်တယ်လို့ပြောကြတယ်... စစ်မီးတောက်က လှံတစ်လက်ဖြစ်ပြီး ဖျက်ဆီးခြင်းကတော့ ဧရာမပုဆိန်တစ်လက်ပဲ”

“ငါထင်တာမမှားဘူးဆိုရင် ဒီဧရာမပုဆိန်က မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးပိုင်ဆိုင်ခဲ့တဲ့ ဖျက်ဆီးခြင်းပုဆိန်ဖြစ်လောက်တယ်”

“ကောင်းကင်ဘုံကိုတက်လှမ်းပြီး လောကအားလုံးကို သိမ်းပိုက်ဖို့...”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက အဲလောက်ထိစွမ်းအားကြီးမားတာလား”

“အရမ်းသန်မာတယ်... အရမ်းကြမ်းကြုတ်ခက်ထန်တယ်... စစ်ကိုအရမ်းခုံမင်တယ်”

နတ်ဆိုးမကျိက ပြောလိုက်၏။

“အရင်တုန်းက ကောင်းကင်ဘုံကမ္ဘာက သူ့ရဲ့လုံးလုံးလျားလျားသိမ်းပိုက်ခြင်းခံခဲ့ရတယ်... မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနဲ့ မိစ္ဆာမဟာနယ်မြေကြားက အသူတရာချောက်နက်က သူ့ရဲ့ဖျက်ဆီးခြင်းပုဆိန်ကြောင့် ကွဲထွက်သွားခဲ့တာပဲ”

သိုင်းတာအိုပင်မခန္ဓာက တိတ်တဆိတ်ဆွံ့အသွား၏။

ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကို နှစ်ပိုင်းနီးပါးခွဲထုတ်လိုက်ခြင်းက တကယ်ပင် ကြောက်စရာကောင်းလွန်းလေသည်။ အရင်တုန်းက သူ၏ အထွတ်အထိပ်အခြေအနေမှာရှိနေခဲ့သော ဧကရာဇ်ပိုရွှင်းပင်လျှင် ထိုကဲ့သို့ ပြုလုပ်နိုင်ချင်မှပြုလုပ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဤကဲ့သို့ကြမ်းတမ်းလွန်းသောလူတစ်ယောက်ကလည်း နောက်ဆုံးမှာ မဟာဧကရာဇ်တစ်ပါးဖြစ်မလာခဲ့ဘဲ သေခြင်းတရားကနေ မလွတ်မြောက်နိုင်ခဲ့ပေ။

All Chapters