ရှေ့ကလူ ၊ ခင်ဗျားဘောင်းဘီကျွတ်ကျတော့မယ်
Vol. 1 Ch. 1
လိုဏ်ဂူ တစ်ခုထဲတွင် ...ကလေး အယောက်နှစ်ဆယ်သည် အစီအစဉ်တကျမဟုတ်ပဲ နေရာအသီးသီးတွင် လဲလျောင်းနေခဲ့ကြလေသည်။ ပါးလွှာသော သားရေ ချပ်တစ်ခုသည် ကလေးခုနစ်ယောက် ကိုဖုံးလွှမ်းထားခဲ့သည်။ အခြားကလေးများသည် သူတို့ကိုယ်ပိုင် ခြုံစရာ သားရေချပ်မရှိသဖြင့် ဘောလုံးများသဖွယ်ကွေးနေကြပြီး ထောင့်ဖက်နေရာများတွင် လှဲအိပ်နေကြလေသည်။ သူတို့ကို သားရေခြုံလွှာဖြင့် ဖုံးလွှမ်းထားသည်ဖြစ်စေ၊ ဘောလုံးများကဲ့သို့ ကွေးနေကြသည်ဖြစ်စေ၊ သူတို့ အားလုံး နှစ်ခြိုက်စွာဖြင့် အိပ်ပျောနေခဲ့ကြခြင်း ဖြစ်သည်။
ထိုနေရာသည် အချိန်အတန်ကြာသည်အထိ ရှင်းလင်းသိမ်းဆည်းခြင်းမပြုလုပ်ထားပဲ လူများစွာ အိပ်နေကြသဖြင့် လိုဏ်ဂူတစ်ခုလုံးသည် ဆိုးဝါးညစ်ညမ်းသော အနံ့များဖြင့် ဖုံးလွှမ်းနေခဲ့လေသည်။ သူတို့အနီးတွင် လေဝင်ပေါက်များ ရှိနေခဲ့ပြီး ထိုနေရာမှ နေရောင်ခြည် ဝင်လာပေသည်။ သို့သော်လည်း လိုဏ်ဂူသည် နေရောင်ခြည်အလင်းကို ကောင်းစွာရရှိနေခြင်းမရှိပေ။
ဂူ၏တဖက် လေဝင်ပေါက်တစ်ခု၏ အောက်တွင် စုတ်ပြဲနေသည့် အဝတ်များကို ဝတ်ဆင်ထားခဲ့သည့် ကလေးငယ်တစ်ယောက် အိပ်စက်နေခဲ့သည်။ သို့သော်လည်း သူသည် အခြားသူများနှင့် ကွာခြားနေခဲ့လေသည်။ သူ့ဘေးတွင် သူနှင့်အရွယ်အစား အတူတူခန့်ရှိသော ကြီးမားသည့် ခွေးတစ်ကောင်သည်လည်း အိပ်ပျော်နေခဲ့၏။
ရှောက်ရွှမ် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ့ပုခုံးများထက်သို့ပင် ရောက်နေပြီ ဖြစ်သည့် နေရောင်ခြည်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ထို့နောက်တွင် သူလူးလဲထလိုက်ပြီး သူ့အောက်တွင် ရှိနေသည့် မြက်များကို သပ်ရပ်စေရန် ပြုပြင်လိုက်သည်။
ရှောက်ရွှမ်၏ အမူအယာကို မြင်လိုက်ရပြီးသည့်နောက်တွင် အစပိုင်းက မျက်စိမှိတ်ထားခဲ့သည့် ခွေးကြီးသည် အလျင်အမြန်ထလာပြီး သူ့ဘေးတွင် ဒူးထောက် ထိုင်ချလိုက်လေ၏။
ထို့နောက်မြက်များကို အလျင်အမြန် စုစည်းလိုက်ပြီး ရှောက်ရွှမ်သည် လိုဏ်ဂူဝင်ပေါက်ဆီသို့ လက်တစ်ဖက်မှ မြက်များကို ကိုင်ဆောင်ထားလိုက်ပြီး ထွက်လာခဲ့လိုက်သည်။ သူ၏ နောက်ထပ်လက်တဖက်တွင် ခွေး၏ လည်ပတ်ကြိုးကို ကိုင်ဆောင်ထားပေသည်။
သူသည် ထိုကဲ့သို့သော ရှေးကျလွန်းသည့် ကျောက်ခေတ်သို့ မမျှော်လင့်ပဲ ရောက်လာခဲ့ပြီး အရိုင်းနယ်မြေ တစ်ခုမှ ငယ်ရွယ်သော ကောင်လေး တစ်ယောက် ဖြစ်လာရပေပြီ။ ဤခန္ဓာကိုယ်သည် အလွန်အမင်း အားနည်းနေခဲ့ပြီး ဖျားနာနေခဲ့သည်။ ရှောက်ရွှမ် ဤခန္ဓာကိုယ်တွင် နှိုးထလာသည့်အချိန်မှ စတင်ပြီး နှစ်ဝက်ခန့် အချိန်ကုန်ဆုံးသွားခဲ့ပြီးလေပြီ။ သူသည် ဤအခြေအနေနှင့် အသားမကျသေးသော်လည်း သူ့အနေဖြင့် အံကြိတ် တင်းခံရုံမှတပါး အခြားလုပ်နိုင်သည့် အရာမရှိနေပေ။ အရေးကြီးသည်မှာ ရှင်သန်နိုင်ရန်သာ ဖြစ်သည်မဟုတ်ပေလော......။
ရှောက်ရွှမ် အနေဖြင့် ဤကဲ့သို့သော နေရာသို့ ရောက်လာရလိမ့်မည်ဟု တွေးထင်မထားမိခဲ့ပေ။ ယခုအချိန်သည် သူသင်ကြားနားလည်ဖူးခဲ့သည့် ကျောက်ခေတ်ကာလနှင့် ကွာခြားနေခဲ့သည်။ သူတို့၏ ပုံပန်း သဏ္ဍာန်များသည် သာလွန်ထူးကဲနေကြခြင်း မရှိကြပေ။ သို့သော်လည်း သူတို့၏ အနှစ်သာရများမှာမူ ထူးခြားနေခဲ့လေ၏။
သင် သာမန်လူတစ်ယောက်က ရေတိုင်ကီတစ်လုံး ပမဏရှိသည့် ကျောက်တုံးတစ်တုံးကို လက်တဖက်တည်းဖြင့် မကာ လမ်းတွင် ဦးတည်ရာမဲ့လျှောက်သွားနေသည်ကို မြင်ဖူးပါသလား.......။
သာမန်လူတစ်ယောက်သည် သုံးထပ်တိုက်အမြင့် ရှိသည့် အမြင့်ကို မည်သည့်အရာဝတ္ထု၏ အကူအညီမှ မပါပဲ ခုန်ကျော်နိုင်သည်ကို မြင်ဖူးပါသလား......။ သို့မဟုတ် ဆယ်မီတာ ခန့်မြင့်သည့် နေရာတစ်ခုမှ ခုန်ချလာပြီး တည်ငြိမ်စွာ ရပ်နေသည်ကို မြင်ဖူးပါသလား .......။
ရှောက်ရွှမ် ထိုအရာများကို သူ့အတိတ်ဘဝတွင် မမြင်ဖူးခဲ့ပေ။ သို့သော် လက်ရှိဘဝတွင်ကား သူသည် ထိုအရာများကို နေ့တိုင်းပင် မြင်တွေ့နေခဲ့ရလေပြီ။
သူထွက်လာခဲ့သည့် လိုဏ်ဂူ၏နာမည်သည် “ လဲလျောင်းနေသည့် နွားလိုဏ်ဂူ “ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လိုဏ်ဂူ၏ ပုံသဏ္ဍာန်သည် လဲလျောင်းနေသည့် နွားတစ်ကောင်နှင့် တူနေသောကြောင့်ပင် ဖြစ်သည်။ ထိုအမည်ကို လူမျိုးစု ‘ နတ်ဆရာ’ က နာမည်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ ရက်များ နေ့များ ၊နှစ်များ ကုန်ဆုံးသွားခဲ့သည်နှင့် မျိုးနွယ်စုဝင်တို့သည် မျိုးဆက်ပြန့်ပွားခြင်း၊ လိုဏ်ဂူအပြင်တွင် အိုးအိမ်များကို ဆောက်လုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် လိုဏ်ဂူကို မျိုးနွယ်စုမှ မိဘမဲ့ကလေးများ အတွက် နေရာတစ်ခုအဖြစ် အသုံးပြုလာခဲ့ကြခြင်း ဖြစ်သည်။ မျိုးနွယ်စုမှလူများသည် ထိုလိုဏ်ဂူကို ‘ ကလေးများ၏ လိုဏ်ဂူ ‘ ဟု အမည်ပေးထားကြလေသည်။ ထိုအထဲတွင် နေထိုင်ကြသည့် ကလေးများသည် သူတို့ကို ဂရုစိုက်ပေးကြမည့် မိဘများ မရှိကြသည့် ကလေးများဖြစ်ကြသည်။ မျိုးနွယ်စုမှ လူများသည်လည်း ထိုကလေးများကို စောင့်ကြည့်ပေးနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့်ပင် လိုဏ်ဂူသည် မိဘမဲ့ကလေးများအတွက် နားခိုရာဖြစ်လာ ခဲ့ရလေ၏။
ရှောက်ရွှမ် ထိုနေရာသို့ ရောက်လာသည့်အချိန်မှ စပြီး သူသည် အခြားမျိုးနွယ်စုမှ လူများကို မမြင်တွေ့ဖူးခဲ့ပေ။ ဆိုလိုသည်မှာ သူတို့၏ တောင်တန်းဒေသ တဝိုက်တွင် သူတို့ “ မီးတောက် ဦးချို“ မျိုးနွယ်စုမှလွဲ၍ အခြားမျိုးနွယ်စုများ မရှိနေကြာင်းကို ဆိုလိုနေခြင်း ဖြစ်သည်။
သီးခြားဖြစ်တည်နေသည့် မျိုးနွယ်စုတစ်ခု အနေဖြင့် အသက်ရှင်သန်ခွင့်ရနေခြင်း သည်ပင် လုံလောက်နေခဲ့ပြီဖြစ်သည်။
ခွေးကို ကြိုးမှဆွဲလာလိုက်ပြီး ရှောက်ရွှမ် သက်တောင့်သက်သာဖြင့် လမ်းလျှောက် ထွက်လာခဲ့လေသည်။
မကြာမီတွင် သူသည် သာမန်မဟုတ်သော သစ်သားအိမ်တစ်လုံးကို မြင်လိုက်ရလေသည်။ ထိုအိမ်ကို သစ်သားဖြင့် အဓိကဆောက်လုပ်ထားခြင်းဖြစ်ပြီး၊ ကျောက်တုံးများ၊ မြက်ပင်များ နှင့် ရွှံ့စေးများဖြင့်လည်း အားဖြည့်ပေးထားသည်။ အခြားအိမ်များနှင့် နှိုင်းယှဉ်လျှင် ဤအိမ်သည် အနည်းငယ် ပိုကြီးပြီး ပို၍ ကြံ့ခိုင်သည့် ဟန်ရှိပေသည်။ ထိုအိမ်ကို အိမ်တော် တစ်ခုဟု ပြော၍ရနိုင်လေ၏။ ထိုအိမ်သည် တောင်ခြေတွင်ပင် တည်ရှိနေခြင်းဖြစ်သည်။
သို့သော်လည်း သစ်သားအိမ်များပင်ဖြစ်စေ၊ သစ်သားနှင့် ကျောက်တုံးများဖြင့် ဆောက်ထားသည့် အိမ်တော်များပင်ဖြစ်စေ၊ ရှောက်ရွှမ်၏ မျက်စိထဲတွင် ထိုအိမ်များသည် အလွန်အမင်း ရိုးရှင်းနေလေသည်။ သို့သော်လည်း ဤနေရာတွင် အချိန်အတန်ကြာ နေခဲ့ပြီးနောက်တွင် ရှောက်ရွှမ် သူကိုယ်တိုင်အတွက် သစ်သားအိမ်တစ်လုံးကို လိုချင်လာခဲ့သည်။ သို့သော်လည်း ယခုအခြေအနေဖြင့် တော့ မဖြစ်နိုင်သေးပေ။
ထိုအချိန်တွင် လူအများသည် စတင်လှုပ်ရှားနေကြပြီဖြစ်သည်။ လူများသည် သူတို့၏ ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် ကိရိယာ တန်ဆာပလာများကို ထုတ်ယူလိုက်ကြပြီး ဓါးသွေးသကဲ့သို့သွေးနေကြလေသည်။ ထိုသို့ပြုလုပ်ထားခြင်းသည် နောက်တစ်ကြိမ် အမဲလိုက်ထွက်သည့် အချိန်တွင် အဆင်သင့် ထက်ရှနေစေရန်ဖြစ်လေသည်။ အမျိုးသမီးများ အနေဖြင့်လည်း သူတို့၏ ကိုယ်ပိုင်အလုပ်များ ရှိနေကြလေသည်။ သားရေများကို ချုပ်လုပ်ခြင်း ၊ အစားအသောက်များကို အခြောက်ခံခြင်း စသောအလုပ်များကို လုပ်နေကြလေ၏။
ရှောက်ရွှမ် ဖြတ်သွားသည့်အချိန်တွင် လူအချို့၏ အကြည့်များ သူ့ထံသို့ကျရောက်လာခဲ့သည်။ သူတို့ကြည့်နေကြသည်မှာ ရှောက်ရွှမ်ကို မဟုတ်ပဲ ရှောက်ရွှမ် ဆွဲခေါ်လာခဲ့သည့် သက်ရှိကိုသာ ဖြစ်သည်။ သူတို့၏ မျက်လုံးများသည် ပြူးကျယ်လာကြပြီး သူတို့သည် လောဘကြီးသည့် အမူအယာများဖြင့် တံတွေးများကို မျိုချလိုက်ကြသည်။ သူတို့၏ အမြင်တွင် ရှောက်ရွှမ် ဆွဲခေါ်လာခဲ့သည်မှာ အသားတုံးကြီးတစ်တုံးသာဖြစ်သည်။ သူတို့အနေဖြင့် ထိုအသားတုံးကို ရက်အနည်းငယ်ကြာသည်အထိ စားသုံးနိုင်လောက်ပေမည်။
ဗိုက်ဟောင်းလောင်းဖြင့် အိပ်ယာထလာခဲ့ကြသည့် လူများ၏ မျက်လုံးများ အစိမ်းရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။ သို့သော်လည်း သူတို့သည် ဝံပုလွေကို ရယူလိုသော်လည်း ထိုအရာ၏ လည်ပင်းတွင် ရှိနေသည့် အရာကိုမြင်လိုက်ရသည့် အချိန်တွင် သူတို့၏ဆန္ဒများကို အောင့်အီး ထားလိုက်ကြရသည်။ ထိုအရာသည် ‘ နတ်ဆေးဆရာ’ ၏ အမှတ်အသားပင်ဖြစ်သည်။ ဆိုလိုနေသည်မှာ ထိုဝံပုလွေသည် နတ်ဆေးဆရာ၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်ကြောင်းကို ဆိုလိုနေပေသည်။ သူတို့အနေဖြင့် ထိုအရာကို ထိတွေ့ရန် မဝံ့ရဲကြပေ။ သူတို့၏မျက်လုံးထဲတွင် ရှောက်ရွှမ်သည် နတ်ဆေးဆရာကို ကူညီနေပြီး ဝံပုလွေကို ထိန်းကြောင်းပေးနေခြင်းပင်။
မှန်ပေသည် ၊ ရှောက်ရွှမ်၏ ဘေးတွင်ရှိနေခဲ့သည့် ခွေးကဲ့သို့သော သတ္တဝါသည် ဝံပုလွေတစ်ကောင်သာ။ ၎င်းသည် တောင်တန်းဒေသတွင်ပင် မွေးဖွား လာခဲ့ခြင်းဖြစ်သည်။ သူငယ်စဉ်က မျိုးနွယ်စုမှ အမဲလိုက်သမား တစ်ယောက်သည် သူ့ကို တွေ့ရှိခဲ့သည်။ သူသည် ရှောက်ရွှမ် စားသုံးရန်အတွက် ထိုဝံပုလွေကို ယူလာပေးခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် နတ်ဆေးဆရာ တစ်ယောက်ဖြတ်သွားသည်နှင့် ကြုံလိုက်ရပြီး နတ်ဆေးဆရာ၏ အမှတ်အသားကို ချန်ထားခဲ့လေသည်။ ထို့နောက် ရှောက်ရွှမ်သည် ထိုဝံပုလွေကို “ ဆီဆာ “ ဟု အမည်ပေးလိုက်သည်။ ထိုအမည်မှာ သူယခင်ဘဝက သူ့ခွေးကို ပေးခဲ့သည့် အမည်တစ်ခုဖြစ်သည်။ သူသည် ဆီဆာကို ခွေးတစ်ကောင်ကဲ့သို့ပင် မွေးထားခဲ့သည်မှာ လက်ရှိအချိန်အထိပင် ဖြစ်သည်။
လူများ၏ အတွေးများသည် ထူးဆန်းနေခဲ့သည်။ သူတို့သည် နတ်ဆေးဆရာကို အတော်လေး လေးစားကြသော်လည်း၊ ရှောက်ရွှမ်ကို နတ်ဆေးဆရာက သူ၏အမှတ်အသားပေးခဲ့သည်ကို တွေ့သော်လည်း သူတို့သည် ရှောက်ရွှမ်နှင့် တွေ့ဆုံရာတွင် မည်သည့်ပြောင်းလဲသည့် အမူအယာကိုမှ မပြကြပေ။ တစ်ခုတည်းသော ပြောင်းလဲသွားသည့်အရာမှာ သူတို့သည် ဆီဆာကို ခုတ်ဖြတ်ပြီး စားသောက်လိုကြခြင်းသာ ဖြစ်သည်။ နတ်ဆေးဆရာသည်လည်း ရှောက်ရွှမ်ကို ကူညီပေးရန် သူတို့ကို ပြောခဲ့ခြင်း မရှိပေ။
သူကဲ့သို့ ကြီးမြတ်သော နတ်ဆေးဆရာသည် အဘယ်မှာလျင် ရှောက်ရွှမ်ကဲ့သို့သော ကလေးတစ်ယောက်ကို ပေးရန် အချိန်ရှိပါမည်နည်း။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ လူတိုင်းသည် ဝံပုလွေတစ်ကောင်နှင့် ကလေးတစ်ယောက်ကို ကျင့်သားရလာခဲ့ကြပြီဖြစ်သည်။ သို့သော်လည်း ဆီဆာ သွားပေါက်စ အရွယ်ကတည်းမှပင် နတ်ဆေးဆရာသည် ထပ်မံပေါ်လာခြင်း မရှိတော့ပေ။
သို့သော်လည်း တောင်ခြေရွာမှ လူအများ ဝေဝါးနေသည့်အချက်တစ်ခုမှာ ရှောက်ရွှမ်သည် အဘယ်ကြောင့် ဆီဆာကို ခွေးတစ်ကောင်ဟု ခေါ်လေသနည်း။
ခွေးဟူသည့်သတ္တဝါသည် မည်သည့်သတ္တဝါ ဖြစ်သနည်း။
သို့သော်လည်း ထိုကိစ္စကို မည်သူမှ အလေးထားနေခြင်း မရှိသဖြင့် လူတိုင်းသည် အလျင်အမြန်ပင် မေ့လျော့သွားခဲ့ကြသည်။ သူတို့အနေဖြင့် ပိုအရေးကြီးသော ကိစ္စတစ်ခုကို အာရုံစိုက်ရန် လိုအပ်ပေသည်။ ထိုကိစ္စမှာ အစားအသောက် ဖြစ်လေ၏။
ရှောက်ရွမ်သည် ဘေးနားရှိလူများ၏ အကြည့်များကို ကျင့်သားရနေခဲ့ပြီဖြစ်သည်။ မည်သည့်အရာမှ မဖြစ်သကဲ့သို့ပင် သဘောထားလိုက်ပြီး ဆီဆာကို ဆွဲခေါ်လိုက်ကာ ဆက်လျှောက်သွားလိုက်သည်။ မျိုးနွယ်စုမှ လူများသည် လောဘကြီးကြသော်လည်း သူတို့သည် နတ်ဆေးဆရာ၏ ပစ္စည်းကိုတော့ လုလိမ့်မည် မဟုတ်ပေ။ ရှစ်ချီ ပြောထားသကဲ့သို့ပင် မျိုးနွယ်စုများအတွင်းမှ နတ်ဆေးဆရာများ၏ အဆင့်သည် အလွန်မြင့်မားပေသည်။ တောင်တန်းဒေသများတွင် အခြေစိုက်ကြသည့် မျိုးနွယ်စုများအတွင်း တွင် နတ်ဆေးဆရာများသည် အဆင့်အမြင့်ဆုံးသော နေရာမဟုတ်လျှင် ဒုတိယ အဆင့်အမြင့်ဆုံးသော လူများ ဖြစ်ကြလေသည်။ နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို သူ၏အမှတ်အသားပေးခဲ့ရခြင်းမှာ ရှောက်ရွှမ် ပြောလိုက်သည့် စကားတစ်ခွန်းကြောင့် ဖြစ်ပေသည်။ သူသည် “ ပျိုးထောင်မည် “ ဟူသည့် စကားတစ်ခွန်းကို ပြောလိုက်မိခဲ့သည်။ သူပြောသည်မှာ ဝံပုလွေလေးကို မစားတော့ပဲ မွေးထားမည်၊ ပျိုးထောင်မည်ဟု ဖြစ်သည်။ ဖြတ်သန်းသွားသည့် နတ်ဆေးဆရာ
သည် ထိုစကားများကို ကြားသွားခဲ့သည်။ ထို့ကြောင့် မျိုးနွယ်စုမှ အခြားသူများ လုယူသွားမည်ကို ကာကွယ်ရန်အတွက် သူသည် ရှောက်ရွှမ်ကို သူ၏ အမှတ်အသားကို ပေးသွားခဲ့ခြင်း ဖြစ်သည်။ သို့နှင့်ရှောက်ရွှမ်သည် ထိုအမှတ်အသားကို ဆီဆာ၏ လည်ပင်းတွင် ဆွဲထားပေးခဲ့သည်။
ထိုနတ်ဆေးဆရာသည် တိရိစ္ဆာန်မွေးမြူ ပျိုးထောင်ရခြင်းကို စိတ်ဝင်စားသူဖြစ်သည်။ သို့သော်လည်း ဤနှစ်ဝက်အတွင်းတွင် သူသည် တစ်ကြိမ်မှပင် ပေါ်မလာခဲ့ပေ။ ထို့ကြောင့်ပင် ရှောက်ရွှမ်သည် ထိုလူအိုကြီးကို လေးစားနေရာမှ သာမန်လူလိမ်တစ်ယောက်အဖြစ်သာ ရှုမြင်လိုက်တော့သည်။ ဝံပုလွေ တစ်ကောင်ကို မွေးမြူရတာကလွယ်တယ်များ ထင်နေတာလား ......။ နေ့တိုင်းပင် သူသည် သူ့ဘေးပတ်ဝန်းကျင်တွင် ရှိနေကြသည့် လူအများ၏ အကြည့်များကို ရင်ဆိုင်ရလေ့ရှိသည်။ သူ့အနေဖြင့် အသက်အရွယ်နှင့် မလိုက်သော တည်ငြိမ် ရင့်ကျက်မှုသာ မရှိခဲ့လျှင် သူသည် ရူးသွပ်သွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ခြုံပြောရလျှင် ဆီဆာကို မွေးဖြစ်ခဲ့ခြင်းသည် တိုက်ဆိုင်မှုကြောင့်သာ ဖြစ်ပေသည်။
ဘဝကြီးက ဘယ်လိုတောင် ခက်ခဲတာလဲ........။ မျိုးနွယ်စုသည် ကလေးများ၏ လိုဏ်ဂူအတွင်းမှ ကလေးများ စားသောက်ရန်အတွက် တာဝန်ယူထားသော်လည်း သူ့အနေဖြင့် ဆာလောင်နေဆဲဖြစ်သည်။
ရှောက်ရွှမ် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ သူသည် ရှေ့ကိုကြည့်လိုက်ပြီး သူ၏မျက်လုံးထောင်စွန်းများ တွန့်သွားခဲ့ရသည်။
သူ့ရှေ့တွင် လူကြီးတစ်ယောက်သည် သူ့ပုခုံးပေါ်တွင် ကျောက်တုံး တင်ပုတ်တစ်ခုကို ကိုင်ထားပြီး မတ်တပ်ရပ်နေခဲ့သည်။ ထိုကျောက်တင်းပုတ်သည် နှစ်မီတာခန့်ရှည်လျားပြီး ထိပ်မှ အလုံးသည် ဘက်စကက်ဘော ဘောလုံးခန့် အရွယ်အစားရှိသည်။ ထိုတင်းပုတ် အလွန်လေးလံမည်မှာ သိသာနေပေသည်။ ရှောက်ရွှမ်၏ အတိတ်ဘဝ အဆင့်အတန်းများအရ သူထိုအရာကို မနိုင်ခဲ့လျှင် ပင် အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ထိုလူကြီးသည် တင်းပုတ်ကို သာမန်ကစားစရာ တစ်ခုသဖွယ် မထားခဲ့လေသည်။
သမ်းဝေလိုက်ပြီးနောက် ထိုလူကြီးသည် တောင်တန်းတစ်လျှောက် လမ်းလျှောက်ဆင်းလာခဲ့ကာ မုဆိုးအုပ်စုထံသို့ သွားလိုက်ပြီး အမဲလိုက်သည့်ကိစ္စများကို သွားတိုင်ပင်နေခဲ့သည်။
ထိုလူသည် ဤနေရာတွင် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ ရှောက်ရွှမ်အနေဖြင့်မူ သူသည် ဤနေရာရှိ စိတ်ဝိဉာဉ်နှိုးထခြင်း မရှိသည့် လူများအနက်မှ အားနည်းသည့် ကလေးတစ်ယောက်သာ ဖြစ်သည်။ သူ့အသက် ဆယ်နှစ်သို့ရောက်သည့်အချိန်တွင် သူ၏ စိတ်ဝိဉာဉ်သည် နှိုးထလာရမည်ဖြစ် သည်။ သို့မှသာ ပြင်ပတွင် အမဲလိုက်ထွက်နိုင်မည့် သာမန် စစ်သည်တစ်ဦးအနေဖြင့် ရပ်တည်နိုင်လိ့မ်မည် ဖြစ်သည်။ စိတ်ဝိဉာဉ်နှိုးထခြင်းရှိမရှိကို ကြည့်၍ တစ်စုံတစ်ယောက်သည် မျိုးနွယ်စုအတွက် အမဲလိုက်ပေးနိုင်သော စစ်သည်တစ်ယောက် ဖြစ်လာမည် မဖြစ်လာမည်ကို ဆုံးဖြတ်ခြင်းဖြစ်သည်။
စိတ်ဝိဉာဉ်နှိုးထိခြင်းနှင့်ပတ်သက်သည့် အရာများကိုမူ ရှောက်ရွှမ် လုံးဝနားလည်ထားခြင်း မရှိပေ။ အချိန်ကျလာလျှင် သူ့အနေဖြင့် နားလည်ကောင်းနားလည်လာပေလိမ့်မည်။
ထိုအချိန်တွင် ကျောက်တုံး တင်းပုတ်ကို ကိုင်ဆောင်ထားခဲ့သည့် လူကြီးသည် အိပ်ရေးမဝသည့်ဟန်ပန် ရှိနေပြီး သူဝတ်ဆင်ထားသည့် သားရေ ဘောင်းဘီသည် ကျွတ်ကျလုမတတ် ပင်ဖြစ်နေခဲ့သည်။ နေ့ခင်းကြီးတွင်ပင် သူသည် မည်သည့်အရာမှ မှားယွင်းနေခြင်း မရှိသည့်ပုံဖြင့် ခပ်တည်တည်ပင် နေနေခဲ့သည်။ သူ့ဘေးပတ်လည်ရှိလူများသည်လည်း သာမန်ကိစ္စတစ်ခုကဲ့သို့ပင် ထိုလူကြီးကို သတိပေးနေခြင်း မရှိကြပေ။
ရှောက်ရွှမ် ထိုအရာကို မြင်တွေ့လိုက်ရပြီး ပြောလိုက်သည် “ ကျောက်တုံးတင်းပုတ်ကို ကိုင်ထားတဲ့ဦးလေး ..... ခင်ဗျားဘောင်းဘီတွေ လျှောကျနေပြီ “
ရှောက်ရွှမ်၏ အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည့် အခါတွင် ထိုလူကြီးသည် ရှောက်ရွှမ်ဖက်သို့ သမ်းဝေရင်း လှည့်လာခဲ့သည်။ သူသည် ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ သူ၏အကြည့်သည် ဆီဆာထံတွင် မိနစ်ဝက်မျှ ရှိနေခဲ့ပြီး သူ၏ ဘောင်းဘီများကို ပြန်ငုံ့ကြည့်လိုက်လေသည်။ ထို့နောက်တွင် သူသည် တည်ငြိမ်စွာဖြင့်ပင် ဘောင်းဘီများကို ပြန်ဆွဲတင်လိုက်ပြီး ခါးပတ်ကို ကျပ်လိုက်ကာ တင်းပုတ်ကို သူ့ပုခုံးပေါ်သို့ပြန်တင်လိုက်ပြီး တောင်တန်းဆီသို့ လမ်းလျှောက်သွားလေသည်။
ရှောက်ရွှမ်မည်သည်ကိုမှ ထပ်မပြောတော့ချေ။
မျိုးနွယ်စုမှ လူများ၏မျက်လုံးထဲတွင် ဂုဏ်သိက္ခာ၊ အရှက်တရား များရှိပါ၏လော...။ ဒါကဘာများလဲ ...။ သူတို့သိသည်မှာ...ဒါကိုစားလို့ရလား...။ မရဘူးဆိုရင် မင်းဘာလို့ ဒီအကြောင်းကို ပြောနေရတာလဲ...။