← Chapters

ဘာမှ မရှိတဲ့ဘဝ

Vol. 1 Ch. 2

ဘာမှ မရှိတဲ့ဘဝ

Vol. 1 Ch. 2

ရှောက်ရွှမ်၏ ပန်းတိုင်သည် တောင်ထိပ်သို့တက်ရန် မဟုတ်‌ပေ။ သူသည် တောင်၏ နောက်ကျောတစ်လျှောက် လမ်းပတ် လျှောက်နေခဲ့ပြီး သွားလာနေခဲ့သည်။

တောင်၏တဖက်သို့ရောက်သည့် အခါတွင် သူ၏မျက်လုံးလေးများဖြင့် အပေါ်သို့ မော့ကြည့်လိုက်သည်။

အဆုံးမရှိသည့် တောင်တန်းများကို တောအုပ်များဖုံးလွမ်းနေခဲ့သည့် မြင်ကွင်းသည် သူ့မျက်လုံးများ အတွင်းဝင်လာခဲ့သည်။ အချို့တောင်ကုန်းများသည် သစ်ပင်များ မရှိနေခဲ့ပဲ ဗလာကျင်းကာ အထီးကျန်နေသည့်ပုံ ပေါ်နေသည်။ ထိုတောင်ကုန်းများသည် မျိုးနွယ်စုမှ အမဲလိုက် စစ်သည်တော်များ အတွက် လေ့ကျင့်ရေးနေရာများ ဖြစ်ကြသည်။ ထိုနည်းတူစွာပင် သူတို့အသုံးပြုနေသော ကျောက်တုံး အသုံးအဆောင်များ ပြုလုပ်ရန်အတွက် ကျောက်တုံးများကို ထုတ်ယူသည့် နေရာလည်း ဖြစ်သည်။ ကျောက်တုံးများ ထူထပ်မှုကြောင့် သစ်ပင်များ ပေါက်ရောက်နိုင်ကြခြင်းမရှိကြပေ။ ထို့ကြောင့်ပင် ထိုတောင်ကုန်းများသည် လေ့ကျင့်ရန်အတွက် နေရာကောင်းများ ဖြစ်လာကြသည်။

ရှောက်ရွှမ်သည် ကျောက်စရစ်ခဲများ စုပုံနေသည့် ကွင်းပြင်တစ်ခုတွင် ရပ်နေခဲ့သည်။ ထိုကျောက်စရစ်ခဲများသည် သဘာဝအတိုင်းဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်ပဲ လူလုပ်ထားသည့် ကျောက်စရစ်ခဲများ ဖြစ်ကြသည်။ အသုံးဝင်နိုင်မည့် ကျောက်တုံးများကို လူအများ ယူဆောင်သွားကြပြီ ဖြစ်ပြီး အသုံးမဝင်သော ကျောက်စရစ်ခဲများ ကျောက်တုံး အသေးများသည် စွန့်ပစ်ခြင်းကို ခံလိုက်ရသည်။

ထိုနေရာသည် တိတ်ဆိတ်နေခဲ့သော်လည်း တစ်ခါတစ်ရံတွင် ကျောက်တုံးများကို ထုဆစ်နေသည့် အသံများကို ကြားနေရတတ်သည်။ ရှောက်ရွှမ်သည် မျိုးနွယ်စု စစ်သည်တော်များ၏ လေ့ကျင့်ရေးဆင်းနေသည့် ပုံစံများကို မတွေ့ဖူးခဲ့ပေ။ ပြောကြသည်မှာ မျိုးနွယ်စု စစ်သည်တော်များ၏ တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းသည် ကြမးတမ်းလွန်းသဖြင့် ရှောက်ရွှမ်ကဲ့သို့သော သာမန်လူများသည် အနီးကပ် ဝင်ရောက်ကြည့်ရှုခွင့် မရနိုင်ကြပေ။ အချို့စပ်စုသော လူများသည် ချောင်းမြောင်း ကြည့်ရှုလိုကြသော်လည်း သူတို့သည် မကြာခန အမှားအယွင်းဖြစ်ကြပြီး ထိခိုက်နာကျင်မှုများ၊ မတော်တဆ ဖြစ်ရပ်များကို ကြုံတွေ့ရလေ့ရှိသည်။

ရှောက်ရွှမ် အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး သူ့လက်ထဲမှ ကြိုးကို လျော့ပေးလိုက်သည် “ အခု မင်းရဲ့ ‘ခေါက်ဆွဲ’ တွေကို သွားစားတော့ “

ဆီဆာသည် ချက်ချင်းပင် ကျောက်စရစ် ကွင်းပြင် အနီးတဝိုက်တွင် ပတ်ပြေးနေခဲ့သည်။ သူသည် ပြေးနေရင်း နှာတရှုံ့ရှုံ့ဖြင့် လည်း အနံခံနေသေးသည်။ သူတစ်ခုခုကို အနံ့ရလိုက်တိုင်း သူ၏ ခြေလက်များဖြင့် ကျောက်စရစ်ခဲများကို တူးဆွနေတတ်သည်။ မကြာမီတွင် သူသည် ကြီးမားသည့် တီကောင်တစ်ကောင်ကို ဆွဲထုတ်လိုက်လေသည်။ ထိုတီကောင်သည် လက်မတစ်ချောင်းခန့် ပမာဏ ရှိနေခဲ့သည်။ ဆီဆာသည် ထိုအရာကို ချက်ချင်းပင် မျိုချလိုက်ပြီး နောက်ထပ်တစ်ကောင်ကို လိုက်ရှာလေသည်။

ထိုပိုးကောင်များကို ‘ ကျောက်တုံး တီကောင် ‘ များဟု မျိုးနွယ်စုမှ လူအများက ခေါ်ကြလေသည်။ သူတို့သည် တီကောင်များနှင့် ဆင်တူပြီး အရွယ်အစားပိုကြီးသည်။ ဆီဆာ စားလိုက်သည့် တစ်ကောင်သည် အနည်းငယ်သေးကွေးသည့် အကောင်ဖြစ်သည်ဟု ပြော၍ရသည်။ ရှောက်ရွှမ်သည် တခါက လူကြီးလက်မောင်းခန့်ရှိသည့် တီကောင်တစ်ကောင်ကိုပင် မြင်ဖူးခဲ့လေသည်။ ထို့ထက်ပိုကြီးသည့် အကောင်များ ရှိနေသေးသည်ဟုလည်း ပြောကြပေသည်။ သို့သော်လည်း ထိုပို၍ကြီးမားသော တီကောင်များသည် ပို၍နက်ရှိုင်းသော နေရာတွင်သာ နေလေ့ရှိပေသည်။ မြေမျက်နှာပြင်နှင့် အနီးတွင်မူ သေးငယ်သော အကောင်များကိုသာ တွေ့ရလေ့ရှိပေ၏။

ထိုကျောက်တုံးတီကောင်များသည် အရသာဆိုးရွားပြီး လူများ စားသောက်လျှင် ဝမ်းလျှောဝမ်းပျက်ခြင်းကို ဖြစ်စေနိုင်ပေသည်။ ထို့ကြောင့်ပင် သူတို့မျိုးနွယ်စုမှ လူများသည် ကျောက်တုံးတီကောင်များကို စားသုံးကြခြင်းမရှိကြပေ။ ထိုအရာသည် ဆီဆာအတွက်မူ သတင်းကောင်းသာဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဆီဆာသည် ကျောက်တုံးတီကောင်များကို ကြိုက်နှစ်သက်ပြီး ဝမ်းပျက်ခြင်းမရှိပဲ စားနိုင်သောကြောင့် ပင်ဖြစ်သည်။

ဝံပုလွေတစ်ကောင်အနေဖြင့် တီကောင်များကို စားနေရခြင်းမှာ သနားစရာ ကိစ္စတစ်ခုသာ ဖြစ်လေ၏။

ရှောင်ရွှမ် သူ့လက်ထဲမှ စိုနေသည့် မြက်ပင်များကို အခြောက်လှန်းရန် နေရာကောင်းတစ်ခုကို တွေ့လိုက်ရသည်။ ထို့ကြောင့် မြင်ပင်များကို အခြောက်လှမ်းထားလိုက်သည်။ သို့ဖြစ်လျှင် သူတို့အနေဖြင့် ညဖက်တွင် မြက်ပင်အခြောက်များကို ခင်းပြီး သက်တောင့်သက်သာဖြင့် အိပ်စက်နိုင်ပေလိမ့်မည်။

ထို့နောက် ဤနေရာတွင် သူတစ်ဦးတည်းသာ ရှိနေကြောင်းသေချာစေရန် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ကျောက်စရစ်ကွင်းပြင်၏ အစွန်းတစ်နေရာတွင် ရှိနေသည့် သစ်ပင်တစ်ပင်ဆီသို့ သူလမ်းလျှောက်လာလိုက်သည်။ ထို့နောက်တွင် သူ့လက်ထဲတွင် ချိတ်ဆွဲထားသည့် ကျောက်တုံး ဓါးတိုလေးတစ်ခုဖြင့် မြေပြင်ကို ထိုးဆွလိုက်သည်။ မကြာမီတွင် သူသည် ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် ထည့်စရာ သေတ္တာငယ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအထဲတွင် အသားခြောက် အနည်းငယ်ရှိနေခဲ့သည်။ ရှောက်ရွှမ် အသားခြောက်ကို ယူလိုက်ပြီး သေတ္တာကို ပြန်မြုပ်ထားလိုက်သည်။

အသားခြောက်သည် ခြောက်သွေ့နေခဲ့ပြီး ညှီနံ့နံနေခဲ့သည်။ ထို့အပြင် ထိုအရာသည် လက်ဖဝါး တစ်ဝက်အရွယ်ခန့်သာ ရှိပေသည်။ ယခင်ဘဝက ရှောက်ရွှမ်သာဆိုလျှင် ထိုအရာကို ကြည့်တောင် ကြည့်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ယခုကဲ့သို့ အခြေအနေတွင် ရော်ဘာပြား တစ်ခုကို ဝါးရသကဲ့သို့ အရသာ ဖြစ်နေသည့် အသားခြောက်သည် သူ့အတွက် အကောင်းဆုံးသော အရာတစ်ခု ဖြစ်နေခဲ့သည်။

ဤကဲ့သို့သော ဘာမှမရှိသည့် ဘဝသည် ယခု ရှောက်ရွှမ်၏ ဘဝပင်ဖြစ်ပေသည်။

အသားခြောက်ကို စားသုံးလိုက်ပြီးနောက်တွင် သူမတ်တပ်ရပ်လိုက်ပြီး ယခင်ဘဝမှ လက်သီးထိုးလေ့ကျင့်ခန်းများကို လေ့ကျင့်နေလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် အလွန်အားနည်းသဖြင့် ရှောက်ရွှမ်သည် နေ့တိုင်းပင် လေ့ကျင့်ခန်းကို မပျက်မကွက် လုပ်လေ့ရှိပေသည်။

ထိုအချိန်တွင် ဆီဆာသည် တီကောင်များကို ဆက်လက်တူးဖော်နေဆဲဖြစ်ပေသည်။ သူသည် တခါတရံ နားရွက်များကို ထောင်ထားပြီး ပတ်ဝန်းကျင်ကို နားစွင့်နေလေ့ရှိသည်။ ထို့ကြောင့်ပင် ရှောက်ရွှမ်သည် သူဖွက်ထားသည့် အသားချောက်ကို ထုတ်ယူစားသုံးရဲခြင်း ဖြစ်သည်။ အကယ်၍ သူသာ ဖမ်းမိသွားခဲ့လျှင် အခြားသူများသည် သူ့အသားချောက်ကို လုယူစားသုံးကြလိမ့်မည် ဖြစ်သည်။ ရှောက်ရွှမ်သည် တစ်ဦးတည်း ဖြစ်ပြီး ၊ အကူအညီမဲ့သူ၊ အားနည်းသူ တစ်ယောက်သာဖြစ်လေသည်။ အကယ်၍ သူ့ထံတွင် ယခင်ဘဝအတွေ့အကြုံများနှင့် ဤဘဝ၏ ခါးသည်းမှုများသာ ရှိမနေခဲ့လျှင် သူသည် ဂူအပြင်သို့ပင် ထွက်ရဲလိမ့်မည် မဟုတ်ပေ။

လက်ဝှေ့လက်သီးထိုးခြင်းကို ခနတာမျှ လေ့ကျင့်လိုက်ပြီးနောက်တွင် ရှောက်ရွှမ် အနားယူလိုက်ပြီး အသက်ဝဝရှုလိုက်သည်။ ထို့အချိန်တွင် ဆီဆာသည် ပါးစပ်ထဲတွင် တီကောင် တစ်ပိုင်းတစ်စကို ကိုက်ထားပြီး တဖက်သို့ရုတ်တရက်လှည့် လိုက်လေသည်။ သူထိုသို့ ခေါင်းကို ယမ်းလိုက်သဖြင့် တီကောင်သည် နှစ်ပိုင်းပြတ်သွားခဲ့ရပြီး တခြား တစ်ပိုင်းသည် မြေကြီးအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွား ခဲ့သည်။ ထိုတီကောင်တစ်ပိုင်းသည် အချိန်ကာလတစ်ခု ကြာခဲ့လျှင် ပြန်လည်ကုသပြီး လုံးဝအသစ်တစ်ကောင် အဖြစ် ပြန်လည်း ထွက်ပေါ်လာပေလိမ့်မည်။ အခြားတစ်ပိုင်းသည် ဆီဆာ၏ ပါးစပ်ထဲတွင် ရှိနေခဲ့ပြီး လှုပ်ရှားရုန်းကန်နေလေ၏။

ဆီဆာသည် တီကောင် တွန့်လိမ်နေခြင်းကို ဂရုစိုက်နေခြင်းမရှိပေ။ထို့အစားသူသည် အရပ်မျက်နှာတစ်ခုကို ကြည့်လိုက်ပြီး အသံပေးနေခဲ့သည်။ သိသာနေသည်မှာ ထိုနေရာတွင် တစ်စုံတစ်ယောက် ရှိနေပုံရသည်။

ရှောက်ရွှမ်သည် ထိုလူကို သူသိသောတစ်ယောက်ယောက် ဖြစ်လိမ့်မည်ဟု ထင်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ဆီဆာသည် သူ၏ သွားများဖြင့် မာန်ဖီနေခြင်း မရှိသောကြောင့် ပင်ဖြစ်သည်။ ရှောက်ရွှမ်လည်း ထိုဖက်ကိုကြည့်နေလိုက်ပြီး မကြာမီတွင် သူတိုးညှင်းသော အသံတစ်ခုခုကို ကြားလိုက်ရလေသည်။ ထိုအသံသည် မြေပြင်ပေါ်တွင် သစ်ရွက်ခြောက်များ ဖြတ်သွားသည့် အသံနှင့်တူနေခဲ့သည် တဖြေးဖြေးနှင့် ပုံရိပ်တစ်ခု ရှောက်ရွှမ်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

ထိုပုံရိပ်သည် အလွန်အရပ်ရှည်ပြီး ခန္ဓာကိုယ်ကြီးမားသည့် လူကြီးတစ်ယောက်ဖြစ်သည်။ သူသည်ကောင်းမွန်သော်လည်း ရိုးရှင်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။ သူ၏ အဝတ်အစားများ ပေါ်တွင် ကျောက်တုံးဖြင့်ပြုလုပ်ထားသည့် ကျောက်ပြားသေးသေး‌လေးများကို ချိတ်ဆွဲထားပြီး သူ၏မျက်နှာတွင်မူ အမာရွတ်အနည်းငယ်ရှိနေခဲ့ကာ ကြောက်မက်ဖွယ်အသွင်အပြင် ရှိနေခဲ့သည်။ သူ၏အဝတ်များ မဖုံးကွယ်ထားသည့် နေရာများတွင်လည်း အမာရွှတ်များစွာ ရှိနေသည်ကို မြင်နေရသည်။ သူ၏ခါးတွင် ကောင်းမွန်သော ကျောက်တုံးတစ်တုံးမှ ပြုလုပ်ထားသည့် ကျောက်လက်နက်ကိရိယာများ ချိတ်ဆွဲထားလေသည်။

ထိုကိရိယာများကို ပြုလုပ်ထားသည့် ကျောက်တုံးများသည် ရှောက်ရွှမ် ရပ်နေသည့် ကျောက်စရစ်ခဲကွင်းပြင်မှ ကျောက်တုံးများဖြစ်ကြသည်။ ထိုကျောက်တုံး ကိရိယာများသည် အမဲလိုက်ရာတွင် အသုံးဝင်သည့် အရာများဖြစ်ကြပြီး ရှောက်ရွှမ်၏ လက်ထဲတွင် ရှိနေသည့် ကြမ်းတမ်းသော ကျောက်တုံး ဓါးတိုလေးထက် ပို၍ အရည်အသွေးကောင်း မွန်ပေသည်။ အကယ်၍ အသားများဖြင့် လဲလှယ်ပါက ထိုကိရိယာများသည် ရှောက်ရွှမ်ကို ရက်ပေါင်းများစွာ စားသောက်၍ရနိုင်သည့် အသားများကို လဲလှယ်ယူနိုင်ပေလိမ့်မည်။

ထိုလူကြီးသည် အမဲလိုက်စဉ်က အကျင့်များယခုအထိ ရှိနေသည့်ဟန်ဖြင့် ခြေသံလုံစွာနှင့် သူ့ထံသို့လာနေခဲ့သည်။ အကယ်၍သူသာ အမှန်တကယ် ဖုံးကွယ်လိုသော စိတ်ဆန္ဒရှိပါက ဆီဆာသည်ပင် မည်သည့်အသံကိုမှ ကြားလိုက်ရမည် မဟုတ်ပဲ ရှောက်ရွှမ်သည်လည်း မည်သည်ကိုမှ သိလိုက်မည် မဟုတ်ပေ။

ဆီဆာသည် သူ၏သွားလေးချောင်းလုံးကို ဖြဲပြလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် တောင့်တင်းသွားခဲ့လေသည်။ သူ၏ပါးစပ်မှ တီကောင် ပြုတ်ကျသွားသည်ကိုပင် သူဂရုမစိုက်နိုင်‌တော့ချေ။

မျိုးနွယ်စုအတွင်းမှ စစ်သည်တော်များ အတွက်မူ သားရဲများသည် သူတို့၏ အမဲလိုက်စရာသားကောင်များ ၊ အစားအသောက်များသာ ဖြစ်ကြပေသည်။ ဆီဆာသည်လည်း ထိုစာရင်းတွင် ပါဝင်လေ၏။ နီးကပ်လာနေသည့် လူသည် မည်သည့်ချိန်းခြောက်သည့် အမူအယာကိုမှ မပြသော် လည်း သူ၏အကြည့်သည့် ဆီဆာကို အန္တရာယ်ရှိသည့် အရှိန်အဝါများကို ပေးစွမ်းနေခဲ့လေသည်။ ဆီဆာသည် သူ၏ အမဲလိုက် ဗီဇကြောင့် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ရ၏။

ထိုအခြေအနေကိုကြည့်လိုက်ပြီး ရှောက်ရွှမ် စတင်ကာ စကားပြောမှဖြစ်မည်ကို သိလိုက်သည်။

“ မင်္ဂလာမနက်ခင်းပါ ဦးလေး မိုင် “

သက်လတ်ပိုင်းအရွယ် လူကြီးသည် ဆီဆာထံမှ အကြည့်ကိုရုတ်သိမ်းလိုက်ပြီး ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ ယခင်က အန္တရာယ် အငွေ့အသက်များ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ရှောက်ရွှမ် စိတ်သက်သာရာ ရသွားခဲ့သည်။ များသောအားဖြင့် မျိုးနွယ်စုမှ စစ်သည်တော်များသည် အကြောင်းအရင်းမရှိပဲနှင့် ကလေးများကို ဒုက္ခပေးကြခြင်း မရှိကြပေ။

မိုင်သည် ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး ယခင် မြေပေါ်တွင် ရှောက်ရွှမ်လုပ်ထားခဲ့သည့် လေ့ကျင့်ခန်းများကြောင့် ဖြစ်ပေါ်လာသည့် အမှတ်အသားများကို ကြည့်လိုက်လေသည်။ သူ့မျက်နှာ ပြုံးသွားခဲ့သော်လည်း မျက်နှာပေါ်ရှိ အမာရွတ်များကြောင့် သူ့မျက်နှာသည် ပျော့ပြောင်းနေခဲ့ခြင်း‌ မရှိနေပေ။

မိုင်သည် ကြည့်ရသလောက် ကြောက်စရာမကောင်းပဲ ကြင်နာတတ်ပြီး ဖော်ရွေသော လူတစ်ယောက်ဖြစ်ကြောင်းကို ရှောက်ရွမ် သိနေခဲ့သည်။ ထို့အပြင် မိုင်နှင့် သူ၏လက်ရှိခန္ဓာကိုယ်တို့၏ ဖခင်ဖြစ်သူတို့သည် အမဲလိုက်အဖွဲ့တစ်ခုတည်းတွင် အတူတူ အလုပ်လုပ်ခဲ့ကြသည့်သူများ ဖြစ်ကြသည်။ ထို့ကြောင့်မိုင်သည် ယခင် အချိန်ကာလများမှ မျက်နှာကြောင့် ရှောက်ရွှမ်ကို ကူညီပေးတတ်သူ ဖြစ်သည်။

“ မင်းမနက်အစောကြီးထပြီး ဘာလုပ်နေတာလဲ အားရွှမ်။ အချိန်ကို တန်ဖိုးထားပြီး လေ့ကျင့်တာကတော့ ကောင်းတဲ့ကိစ္စတစ်ခုပါပဲ “ မိုင်ပြောလိုက်သည်။

မျိုးနွယ်စုမှ လူများသည် မိသားစုနာမည်မရှိကြပဲ အများစုသည် နာမည် တစ်လုံးတည်းကိုသာ သုံးတတ်ကြသည်။ ရှောက်ရွှမ်၏ ဤဘဝနာမည်သည် ‘ ရွှမ်’ ဖြစ်သည်။ ရောမကို ရောက်ရင် ရောမလိုကျင့် ဟူသော စကားပုံကို ရှောက်ရွှမ် ကောင်းစွာ နားလည်လိုက်ပြီဖြစ်သည်။ ‘ အား ‘ ဟူသောနာမည်မှာကား ရှေးတုန်းက ဘိုးဘေးတစ်ယောက် တစ်စုံတစ်ယောက်ကို မခေါ်ဆိုမီ ရှေ့ကထည့်သည့် နာမည်ဖြစ်သည်။ ဤအကျင့်သည် မျိုးနွယ်စု၏ အစဉ်အလာတစ်ခု ဖြစ်လာခဲ့ပြီး မျိုးဆက်များစွာ လက်ဆင့်ကမ်းလာခဲ့ကြသည်။ ယနေ့ခေတ်တွင် မျိုးနွယ်စုမှ လူများသည် တစ်စုံတစ်ယောက်၏ နာမည်ရှေ့တွင် ‘အား’ ဟူသည့် အမည်ကို ထည့်ခေါ်နေသည်မှာ အကျင့်ဖြစ်နေကြလေပြီ။ သို့သော်လည်း အဆင့်အတန်းတစ်ခုရှိနေသည့် စီနီယာများနှင့် သက်ကြီးသူများကို မူ ထိုသို့ ထည့်ခေါ်ခြင်း မပြုလုပ်ကြပေ။

တောင်တန်းအနီးတွင် နေထိုင်ကြသည့် လူများ ၊ အထူးသဖြင့် မိဘမဲ့ လိုဏ်ဂူမှ ကလေးများသည် မနက်ခင်းစောစောထပြီး လေ့ကျင့်ခန်းများကိုလုပ်တတ်ကြလေသည်။

သူတို့၏ ဘဝများသည် စားသောက်ခြင်းနှင့် အိပ်စက်ခြင်းကိုသာ အခြေခံထားခြင်းဖြစ်သည်။ သူတို့အနေဖြင့် တစ်ခါတစ်ရံတွင် ဇိမ်ခံသည့် အနေဖြင့်၊ အချိန်ဖြုန်းသည့်အနေဖြင့် ကစားခြင်းကို ပြုလုပ်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လေ့ကျင့်ခန်းလုပ်ခြင်း၊ ကစားခြင်းများသည် ခန္ဓာကိုယ်၏ စွမ်းအင်များကို အသုံးပြုရခြင်းဖြစ်သဖြင့် သူတို့အနေဖြင့် ပိုမိုဆာလောင်လာတတ်သောကြောင့် ဖြစ်လေသည်။ ဆင်းရဲသည့် လူများအတွက်မူ စွမ်းအင်ချွေတာခြင်းသည် အကောင်းဆုံးဖြစ်သည်။ လူကြီးများပင်လျှင် ထိုအလေ့အထကို ကျင့်သုံးကြသည်။ သို့သော်လည်း မိုင်သည် ရှောက်ရွှမ်၏ အပြုအမူများကို အားပေးသည့် လူတစ်ယောက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လေ့ကျင့်ခြင်းပြုလုပ်ခြင်းသည် အနာဂတ်တွင် အကျိုးရှိနိုင်မည့် ဖြစ်ရပ်တစ်ခုဖြစ်သောကြောင့် ဖြစ်သည်။

“ ဦးလေး လေ့ကျင့်ရေးကွင်းထဲကနေ ပြန်လာတာလား ဦးလေးမိုင်”

ရှောက်ရွှမ် မေးလိုက်သည်။

“ ဟုတ်တယ် “ မိုင် ခေါင်းညိတ်ပြလိုက်သည်။

စစ်သည်တော်များအတွက် လေ့ကျင့်ရန် တိကျသော အချိန်တစ်ခု သတ်မှတ်ထားခြင်းမရှိပေ။ သူတို့သည် အမဲလိုက်ခြင်းကို မလွတ်လျှင် ရပြီဖြစ်သည်။ သူတို့အနေဖြင့် ကြိုက်သည့်အချိန်လေ့ကျင့်ရေး လုပ်နိုင်ပေသည်။

“ ကြည့်ရတာ ဦးလေးမိုင် ဒီနေ့ကံကောင်းလာတယ်ထင်တယ်။ စကားမစပ် ဦးလေးမိုင် ကျွန်တော် လန်ကာ့ ဆီကနေကြားလာတာတော့ မနက်ဖြန် ဦးလေးတို့အဖွဲ့အမဲလိုက်တဲ့ အလှည့်ရောက်ပြီဆို။ ကံကောင်းပါစေနော် ..... ဦးလေးမိုင် သားကောင်တွေအများကြီး ရပြီးပြန်လာနိုင်စေဖို့ ကျွန်တော် မျှော်လင့်ပါတယ် “

လန်ကာ့ သည် မိုင် နှင့် အမဲလိုက်အဖွဲ့ တူသည့် လူတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူသည် ဆီဆာကို ရှောက်ရွှမ်ဆီသို့ ယူလာပေးခဲ့သည့် လူတစ်ယောက်လည်း ဖြစ်လေသည်။ “ လန်ကာ့ “ ဟူသော အမည်သည် လူမျိုးစု ဘာသာ စကားအရ “ မြေပြင် လေးကိုင်း “ ဟု အဓိပ္ပာယ်ရလေသည်။ လန်ကာ့သည် ဤနာမည်နှင့် ထိုက်တန်သည့် လူတစ်ယောက် ဖြစ်လေ၏။

ရှောက်ရွှမ်၏ စကားများကို ကြားလိုက်ရသည့်အချိန်တွင် မိုင်ပြုံးလိုက်လေသည်။ သူမည်သို့မျှ ပြန်မပြောတော့ပဲ ထွက်သွားရန်ပြင်လိုက်သည်။ သူသည်မနက်ဖြန်တွင် အမဲလိုက်ထွက်မည် ဖြစ်ပြီး ရက်ပေါင်အတန်ကြာမှသာ မျိုးနွယ်စု ဆီသို့ ပြန်လာနိုင်မည် ဖြစ်သည်။ သူ့အနေဖြင့် နောက်နေ့မနက်တွင် ခရီးထွက်နိုင်ရန်အတွက် ယနေ့ စောစော အနားယူထားမှဖြစ်မည်ဖြစ်သည်။

မိုင် သည် ခြေလှမ်း အနည်းငယ်လှမ်းလိုက်ပြီး နောက်သို့ပြန်လှည့်လိုက်ကာ “ အားရွှမ် “

ရှောက်ရွှမ် ကြည့်လိုက်သည့်အချိန်တွင် မိုင်သည့် သူ့အားရေအိတ်ထဲမှ အသားချောက်တစ်ခုကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။

စစ်သည်တော်များသည် လေ့ကျင့်ခန်း ပြုလုပ်သည့်အချိန်တွင် သူတို့၏ ကိုယ်ပိုင်အစားအသောက်များကို ယူဆောင်သွားလေ့ရှိသည်။ လေ့ကျင့်ရေးကွင်းပြင်တွင် ကျောက်တုံးများသာ ရှိသည်မဟုတ်ပေလော.......။ သူတို့၏ ပင်ပန်းနေသည့်ခန္ဓာကိုယ်များကို ပြန်လည်အား ဖြည့်ပေးနိုင်ရန်အတွက် သူတို့သည် အစားအသောက်တချို့ကို ကြိုတင်ပြင်ဆင်ထားတတ်ကြလေသည်။ သူ့လက်ထဲတွင် ကိုင်ထားသည့် အသားချောက်သည် သူယခင်က ပြင်ဆင်ထားခဲ့သည့် အရာဖြစ်ပြီး သူအိမ်ပြန်လျှင် စားရန်ချန်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရှောက်ရွှမ်နှင့်မမျှော်လင့်ပဲ တွေ့လိုက်ရသဖြင့် သူသည် တုန့်ဆိုင်းမနေတော့ပဲ ရှောက်ရွှမ်ကိုသာ ပေးရန် ဆုံးဖြတ်လိုက်သည်။ မျိုးနွယ်စုသည် ကလေးများကို အမဲလိုက်ထွက်ရန်အတွက် ခွင့်ပြုထားခြင်း မရှိသဖြင့် ရှောက်ရွှမ်အနေဖြင့် အမဲလိုက်ခြင်းကို လိုက်ပါ ဆောင်ရွက်၍ မရပေ။

“ ကျေးဇူးတင်ပါတယ် ဦးလေးမိုင် “ ရှောက်ရွှမ် ပြောလိုက်သည်။

မျိုးနွယ်စုအတွင်းတွင်အစားအသောက် ရှားပါးပေသည်။ အထူးသဖြင့် ဤရာသီတွင် ဖြစ်ပြီး လူတိုင်းသည် မိုင်ကဲ့သို့ ရက်ရောကြလိမ့်မည် မဟုတ်ပေ။ မိုင် ရှောက်ရွှမ်ကို အသားချောက်ကို ပေးလိုက်ပြီး ပြောလိုက်သည် “ ငါလေ့ကျင့်တဲ့ တောင်ကုန်းနားမှာ နေဝင်ချိန်ကို ကြည့်လို့ရတယ် ......”

မိုင်သည် သူ့လေ့ကျင့်သည့် နေရာ၏ အသေးစိတ်အခြေအနေကို ရှင်းပြလိုက်ပြီး ထွက်ခွာသွားလိုက်သည်။ မိုင်၏ ပုံရိပ် အဝေးတစ်နေရာတွင် ပျောက်ကွယ်သွားသည့် အခါမှသာ ဆီဆာလည်း သက်တောင့်သက်သာ ပြန်ဖြစ်သွားသည်။ သူသည် သူ့ပါးစပ်ထဲမှ တီကောင်ကို ထိုအချိန်မှ သတိပြန်ရလာခဲ့ကာ လွတ်သွားသည့် တီကောင်ကြောင့် စိတ်တိုနေခဲ့လေသည်။ ထို့နောက် ဆီဆာသည် မြေပြင်ကို ထပ်မံတူးဆွလိုက်ကာ တီကောင်များကို ဆက်လက်ရှာဖွေနေလိုက်သည်။

ရှောက်ရွှမ် မိုင်ဆီမှ ရလာခဲ့သည့် အသားခြောက်ကို သူ၏ ကျောက်တုံး သေတ္တာအတွင်းသို့ ထည့်ထားလိုက်ပြီး မြေကြီးများဖြင့် ပြန်ဖုံးထားလိုက်သည်။

ထို့နောက် သူဆီဆာကို ခေါ်လိုက်ပြီး မိုင် လမ်းညွှန် ပြလိုက်သည့်ဖက်သို့ သွားကြည့်ရန် ပြင်

လိုက်သည်။

“ ဆီဆာ လာခဲ့.... ငါတို့တစ်ခုခုလုပ်ရအောင် “

All Chapters