← Chapters

ပြိုင်ဖက်ဟောင်းများ

Vol. 1 Ch. 3

ပြိုင်ဖက်ဟောင်းများ

Vol. 1 Ch. 3

ဤနေရာသည် မျိုးနွယ်စုအတွက် ကျောက်တုံးများကို ရယူသည့် အဓိကနေရာတစ်ခုဖြစ်သည့်အတွက် ကိရိယာများ ပြုလုပ်နိုင်သည့် ကောင်းမွန်သည့် ကျောက်တုံး အမြောက်အများ ရှိနေခဲ့သည်။ သဘာဝအားဖြင့် မျိုးနွယ်စု စစ်သည်တော်များသည် အကောင်းမွန်ဆုံးသော ကျောက်တုံးများကို အရင်ရွေးချယ်ခွင့် ရကြသည်။ ရှောက်ရွှမ် ကဲ့သို့သော အားနည်းသည့်လူများမှာမူ ကျန်နေခဲ့သည့် ကျောက်တုံး အကျွင်းအကျန်များကိုသာ ကောက်ယူနိုင်ကြပေသည်။

သာမန်အားဖြင့်ဆိုလျှင် မျိုးနွယ်စုထဲမှ အခြားသူများသည် ထိုအကျွင်းအကျန်များကို ညနေမှသည် နေထွက်သည့် အချိန်အထိ ကောက်ယူစုဆောင်း တတ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သည် စစ်သည်တော်များ လေ့ကျင့်မှုများကို ရပ်နားပြီး အနားယူကြသည့် အချိန်ဖြစ်သောကြောင့် ဖြစ်သည်။ အခြားအချိန်များတွင် လေ့ကျင့်ရေးကွင်းပြင်သည် နတ်စွမ်းအား မနှိုးထသေးသည့် လူများအတွက် အန္တရာယ်များသည့် နေရာတစ်ခုဖြစ်ပေသည်။ စစ်သည်တော်များ လက်သီးဖြင့် ထိုး၍ လွင့်စင်လာတတ်သည့် ကျောက်စကျောက်နများသည် အချို့လူများ အတွက် ကျည်ဆံများ သဖွယ်ဖြစ်လေသည်။ မိုင် ၏ လမ်းညွှန်မှုအရ ရှောက်ရွှမ်သည် လုံခြုံစွာဖြင့် လေ့ကျင့်ရေး ကွင်းပြင်ဆီသို့ ရောက်လာခဲ့သည်။ ကောင်းမွန်သည့် ကျောက်တုံးတစ်ခုသည် အရာတော်တော်များများနှင့် လဲလည် ၍ ရနိုင်ပေသည်။ ထို့ကြောင့်ပင် ရှောက်ရွှမ်သည် ထိုအခွင့်အရေးကို အရယူရန် တွေးထားခဲ့ပေ၏။

ဆီဆာကိုခေါ်လိုက်ပြီး မိုင် ညွှန်ပြခဲ့သည့် လမ်းတစ်လျှောက် ရှောက်ရွှမ် လမ်းလျှောက်လာခဲ့သည်။ ထိုအချိန်တွင် လေ့ကျင့်ရေး ကွင်းပြင်ဆီမှ အသံများကိုလည်း ကြားနေခဲ့ရသည်။ အချို့နေရာများတွင် ကျောက်တုံးများသည် လွင့်ပျံနေခဲ့သည်။ အခြားတဖက်တွင်မူ ကြီးမားသော ကျောက်တုံးကြီးများသည် တောင်စောင်းတစ်လျှောက် လှိမ့်ဆင်းနေခဲ့လေ၏။ အကယ်၍ မိုင်သာ လုံခြုံသည့်လမ်းကို မညွှန်ပြပေးခဲ့လျှင် ရှောက်ရွှမ်အနေဖြင့် အန္တရာယ်များနိုင်သော အခြေအနေဖြစ်ပေသည်။

ရှောက်ရွှမ်သူ၏ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်လိုက်ပြီး ဆက်လျှောက်လာလိုက်သည်။

မိုင် လေ့ကျင့်သည့်နေရာသည် တောင်ထိပ်နှင့် နီးကပ်သော နေရာတွင် ရှိနေပေသည်။ ထိုနေရာသည် မျိုးနွယ်စု စစ်သည်တော် တစ်ယောက် လေ့ကျင့်သည့်နေရာဖြစ်သဖြင့် ကောင်းမွန်သောလမ်း မရှိနေခဲ့ပဲ ဖြတ်သန်းသွားရန် ခက်ခဲနေခဲ့သည်။ နေရာမှန်သို့ ရောက်သည့်အချိန်တွင် ရှောက်ရွှမ်၏ ခြေလက်များသည် သွေးများ ထွက်နေခဲ့ပြီဖြစ်သည်။

ရှောက်ရွှမ် ဒဏ်ရာများကို ဂရုစိုက်နေခြင်း မရှိပေ။ သူတို့သည် ရက်အနည်းငယ်ကြာလျှင် အလိုလို ပျောက်သွားမည့် ဒဏ်ရာများသာဖြစ်ကြသည်။ အကယ်၍ သူသာ အဖိုးတန်လောက်မည့် ကျောက်တုံးများကို တွေ့ခဲ့လျှင် ထိုက်တန်သော ခရီးတစ်ခုသာဖြစ်သည်။

ထိုနေရာသို့‌ရောက်ရန် ရှောက်ရွှမ် ခွန်အားအတော်များများကို အသုံးပြုလိုက်ရ၏။ အကယ်၍ သူသာ ဤမနက်စာကို စားမလာခဲ့ပါက သူ့အနေဖြင့် ဤနေရာသို့တိုင်လာနိုင်လိမ့်မည် မဟုတ်ပေ။

မညီညာသည့် မြေပြင်ပေါ်တွင် အရွယ်အစားအမျိုးမျိုး ရှိသည့် ကျောက်တုံးများ ပြန့်ကျဲနေခဲ့လေသည်။ တောင်စောင်း၏ အခြားတဖက်တွင်မူ အရွယ်မတူသည့် တွင်းပေါက်များစွာကို ရှောက်ရွှမ် တွေ့လိုက်ရ၏။ ထိုအရာများသည် မာကျောသော ကျောက်တုံးများ ရှိနေခဲ့သည့် နေရာများ ဖြစ်ပြီး မိုင်သည်ထိုကျောက်တုံးများကို တူးဖော်ယူသွားခြင်း ဖြစ်ပေလိမ့်မည်။ ထိုကျောက်တုံးများဖြင့် သူသည် အမဲလိုက် ကိရိယာများကို ပြုလုပ်ခြင်း ဖြစ်နိုင်ပေသည်။ အချို့ကျောက်တုံးများသည် မြေမျက်နှာပြင်ပေါ်တွင် ပေါ်ထွက်နေတတ်ပြီး အချို့သည် မြေတွင် နှစ်မြုပ်နေတတ်သည် မဟုတ်ပေလော။ စစ်သည်တော်များသည် တောင်တန်းတစ်ခုလုံးကို ဖြိုချနိုင်ခြင်းမရှိပေ။ ထို့ကြောင့်ပင် အဖိုးတန်သော မာကျောသည့်ကျောက်တုံးများကို တွေ့နိုင်ခြင်း ရှိမရှိသည် သူတို့၏ ကံတရား အပေါ်တွင် မူတည်နေပေသည်။ ထို့ကြောင့်ပင် ရှောက်ရွှမ်သည် မိုင်ကို ကံကောင်းလာခဲ့တာလား ဟု ယခင်က မေးခဲ့ခြင်း ဖြစ်သည်။

ထိုတွင်းပေါက်များမှ လွဲ၍ တောင်စွန်းပေါ်တွင် လက်သီးနှင့် ခြေထောက်ရာများ ရှိနေခဲ့သည်။ ထိုနေရာသည် မိုင် လေ့ကျင့်သည့် နေရာ ဖြစ်ပေလိမ့်မည်။

မျိုးနွယ်စု စစ်သည်တော်များ ၏လက်သီးသည် အလွန်အမင်းမာကျောပေသည်။ ရှောက်ရွှမ်သာ ထိုကျောက်တုံးများကို လက်သီးဖြင့် ထိုးခဲ့မိလျှင် ကျောက်တုံးများ မည်သို့မှ ဖြစ်မည်မဟုတ်ပဲ သူ့လက်သာ နာကျင်သွားရလိမ့်မည်။

အမာကျောဆုံးနှင့် ကိရိယာပြုလုပ်ရန် သင့်တော်သည့် ကျောက်တုံးများကို မိုင် ယူဆောင်သွားခဲ့ပြီးဖြစ်သည်။ မိုင်သည် ထိုအရာများကို ကိရိယာများ ပြုလုပ်ပေလိမ့်မည်။ သို့သော်လည်း ရှောက်ရွှမ် အသုံးပြုနိုင်သည့် အတင့်အသင့် အရည်အသွေး ရှိသည့် ကျောက်တုံးများ ကျန်နေပေသေးသည်။

ရှောက်ရွှမ် ဆီဆာကို စောင့်ကြည့်ခိုင်းထားလိုက်ပြီး အစားအသောက်နှင့် လဲလှယ်နိုင်လောက်မည့် ကျောက်တုံးများကို ရှာဖွေနေလိုက်သည်။ သူသည် အခြားသူများ ရောက်လာပြီး သူရှာဖွေထားသည်များကို မလုနိုင်စေရန် အတွက် အလျင်အမြန်လှုပ်ရှားနေခဲ့ရ၏။

ရှောက်ရွှမ် ရှည်လျားသည့် ကျောက်တုံးတစ်ခုကို ကောက်ယူလိုက်သည်။ ထိုကျောက်တုံးသည် ခြေဖဝါး တစ်ခု ၏ တစ်ဝက်ခန့်ရှိပြီး ကြီးမားခြင်း လေးလံနေခြင်း မရှိပေ။ အရည်အသွေးသည် အလေးချိန်ပေါ်တွင် မူတည်နေခြင်း မရှိကြောင်းကို ရှောက်ရွှမ် သိထားပေသည်။ ဤနေရာတွင် အမျိုးအစား များစွာသော ကျောက်တုံးများ ရှိနေပြီး ရှောက်ရွှမ် သူ၏ယခင်ဘဝတွင်ပင် ထိုကျောက်တုံးများကို မြင်တွေ့ဖူးခြင်း မရှိပေ။ သူ့ယခင် ဘဝက အတွေ့အကြုံများသည် ဤဘဝတွင် အသုံးမဝင် ဖြစ်နေရပေသည်။ သူလက်ရှိ နေထိုင်နေခြင်းသည် လွန်ခဲ့သော ခြောက်လမှ အတွေ့အကြုံများ‌ပေါ်တွင် မူတည်၍ နေထိုင်နေခြင်းဖြစ်သည်။ အတွေ့အကြုံရင့်ကျက်သည့် စစ်သည်တော်များသည် ကျောက်တုံး၏ အသားနှင့် ပုံသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် ကျောက်တုံးများ၏ အဆင့်အတန်းကို ခွဲခြားနိုင်လေသည်။ ရှောက်ရွှမ်မှာမူ ဤနယ်ပယ်တွင် အတွေ့အကြုံမရှိသဖြင့် ထိုသို့ခွဲခြားနိုင်ခြင်း မရှိပေ။ ထို့ကြောင့်သူသည် ရိုးရှင်းသော နည်းလမ်းကိုသာ အသုံးပြုခဲ့သည်။ ထိုနည်းလမ်းမှာ သူ့ဓါးဖြင့် ကျောက်တုံးတစ်တုံးကို ထိုးကြည့်လိုက်ပြီး အရာထင်ခြင်း ရှိမရှိကို ကြည့်ခြင်းဖြစ်သည်။ သာမန်ဆိုလျှင် အရာထင်ခြင်းမရှိသည့် ကျောက်တုံးသည် အရည်အသွေးကောင်းသည့် ကျောက်တုံးဖြစ်လေသည်။

ရှောက်ရွှမ် သူ့ဓါးကို မြှောက်လိုက်ပြီး ကျောက်တုံးတစ်ခုကို ထိုးကြည့်လိုက်သည်။ ကျယ်လောင်သော အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကျောက်တုံးပေါ်တွင် အမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းကို မြှားခေါင်းသို့မဟုတ် လှံခေါင်းအဖြစ် အသုံးပြု၍ရနိုင်ကြောင်းကို သူသိလိုက်ရသဖြင့် ပျော်ရွင်သွားခဲ့သည်။ ကျောက်တုံးထုဆစ်သော အလုပ်ရုံသည် ကျောက်တုံးကို မည်သည့်ပုံစံ ပြုလုပ်မည်ဆိုသည်ကို ဆုံးဖြတ်ပေလိမ့်မည်။ ရှောက်ရွှမ် လုပ်ရမည့် တစ်ခုတည်းသော အရာမှာ အရည်အသွေးကောင်းသည့် ကျောက်တုံးများကို ရှာဖွေပြီး အစားအသောက်နှင့်လဲလှယ်ရန်သာ ဖြစ်သည်။

ထိုကျောက်တုံးကို သူ၏ သားရေအိတ်ထဲသို့ထည့်လိုက်ပြီး ဆက်ရှာလိုက်သည်။ ထိုအချိန်တွင် ဆီဆာသည် သာမန်မဟုတ်သည့် အရာတစ်ခုကို တွေ့လိုက်ရလေသည်။

ရှောက်ရွှမ် ဆီဆာထံသို့ လာလိုက်ပြီး သူညွှန်ပြနေသည့်ဖက်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် အသက်ဆယ်နှစ်အရွယ်ခန့်ရှိမည့် ကလေးသုံးယောက်ရှိနေခဲ့သည်။ ထိုကလေးများသည် ရှောက်ရွှမ်ထက် သန်မာပြီး အရပ်ရှည်ကြလေသည်။

၎င်းတို့သည် ရှောက်ရွှမ်၏ ကစားဖော်များ ဖြစ်ဖူးသကဲ့သို့ သူနှင့် ပြိုင်ဖက်ဟောင်းများလည်း ဖြစ်ကြလေသည်။ သူတို့သည် ရှောက်ရွှမ်ထံမှ အမြဲလုယူတတ်ကြသူများလည်း ဖြစ်ကြသည်။ ဒီကောင်စုတ်လေး သုံးကောင်ကတော့ ........။

သူတို့သည် “ မိဘမဲ့ကျောက်ဂူ “ မှ မဟုတ်ကြပေ။ သူတို့တွင်မိဘများရှိကြပြီး တောင်ခြေ တွင်ရှိသည့် နေရာတစ်ခုတွင် နေထိုင်ကြသူများဖြစ်ကြသည်။ ရှောက်ရွှမ် ဤလောကကြီးတွင် နှိုးထလာသည့်အချိန်မှ စကာ သူတို့သည် ရက်အနည်းငယ်ကြာတိုင်း ရှောက်ရွှမ်ထံမှ လုယက်တတ်ကြလေသည်။ အစပိုင်းတွင် ရှောက်ရွှမ်သည် သူ၏ စိတ်နေစိတ်ထားကို မပြောင်းလဲခဲ့ပဲ ယခင်ဘဝမှ စိတ်အခြေနေအတိုင်းထားခဲ့သည်။ သူသည် နောက်သို့သာဆုတ်လေ့ရှိပြီး တစ်ခါတစ်ရံမှသာ ပြန်လည်တိုက်ခိုက်လေ့ရှိသည်။ ထို့ကြောင့် သူ၏ အသားခြောက်များသည် လုယူခံရပြီး ထိုကလေးများသည် သူ့ကို ရိုက်ပုတ်ကြလေ့ရှိသည်။

နောက်ဆုံးတွင် ရှောက်ရွှမ် အခြေအနေကို လက်ခံလိုက်ပြီး အသားကျအောင်နေလိုက်တော့သည်။ သူနှိုးထလာသည့်အချိန်မှ စပြီး ကလေးများသည် အစားအစာအတွက် တစ်ယောက်နှင့်တစ်ယောက် ဝံပုလွေများကဲ့သို့ တိုက်ခိုက်နေတတ်ခြင်းကို သူရိုးလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင် သူသည် သူ၏ခံယူချက်များကို ပြောင်းလဲခဲ့သည်။

ထို့ကြောင့်ရှောက်ရွှမ်သည် နောက်ထပ်သည်းခံခြင်းကို မပြုလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူတို့မျိုးနွယ်စု၏ စည်းမျဉ်းသည် လူသတ်ခြင်းမပြုလုပ်ရန်နှင့် တစ်စုံတစ်ယောက်ကို ဒုက္ခိတ ဖြစ်အောင် မလုပ်ရန်သာ ထုတ်ပြန်ထားသည်။ ထို့ကြောင့်ပင် ထိုကဲ့သို့သော ကိစ္စများ မဖြစ်ပါက မည်သူတစ်ဦးတစ်ယောက်ကမှ ဝင်ရောက်စွက်ဖက်ကြလိမ့်မည် မဟုတ်ပေ။ တောင်ခြေ မျိုးနွယ်စုသည် ဤသို့သော စည်းမျဉ်းများနှင့် အသားကျနေခဲ့ပြီဖြစ်သည်။

ရှောက်ရွမ်သည် ထိုလူမျိုးနွယ်စုများတွင် တမူထူးခြားသည့် စွမ်းရည်များရှိနေကြောင်းကို သိနေခဲ့သည်။ ထိုသူများသည် သူ့ယခင်ဘဝမှ လူများနှင့်ဆင်တူသော်လည်း သူတို့ထံတွင် ထူးကဲသည့် ပြန်လည် ကုသနိုင်စွမ်း ရှိနေလေသည်။ လူတစ်ယောက်သည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့လျှင်ပင် ရက်အနည်းငယ်ကြာခဲ့လျှင် လမ်းပြန်လျှောက်နိုင်လေသည်။ တစ်လနှစ်လခန့်ကြာလျှင် သူ၏ခန္ဓာကိုယ်သည် အကောင်းအတိုင်းပြန်ဖြစ် သွားပြီဖြစ်သည်။ ထို့ကြောင့်ပင် သူတို့မျိုးနွယ်စုမှ လူများသည် တိုက်ခိုက်ခြင်းကို ရှောင်ရှားနေကြခြင်းမရှိကြပေ။ သူတို့၏ အမြင်တွင် တိုက်ခိုက်ခြင်းသည် အစားအစာရှာဖွေရခြင်းလောက် အရေးကြီးသော ကိစ္စတစ်ခု မဟုတ်နေပေ။

ကလေးသုံးယောက်ထက်စာလျှင် ရှောက်ရွှမ်သည် သူတို့လောက် အရပ်ရှည်ခြင်း မရှိသကဲ့သို့ သန်မာခြင်းလည်း မရှိပေ။ သူသည် သူတို့လောက်လည်း အာဟာရပြည့်ဝနေခဲ့ခြင်း မရှိပေ။ သူ့အနေဖြင့် သူတို့နှင့် မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း .......။ တိုက်ခိုက်မည်ဆိုလျှင် ကြမ်းတမ်းသော စိတ်နေစိတ်ထားနှင့် ကျန်းမာသည့် ခန္ဓာကိုယ်တစ်ခုကို လိုအပ်ပေသည်။ အထူးသဖြင့် အရေအတွက် ကွာဟနေသည့်အချိန်တွင် ဖြစ်သည်။

ရှောက်ရွှမ် ဆီဆာ၏ ဦးခေါင်းကို အနည်းငယ်ဖိနှိပ်ထားလိုက်သည်။ သို့သော်လည်း ဆီဆာသည် လာနေသည့်ကလေးသုံးယောက်ကို သွားများဖြဲ၍ ကြည့်နေဆဲဖြစ်သည်။ ရှောက်ရွှမ် ဆီဆာ၏ ပါးစပ်ကို ပိတ်ထားလိုက်ပြီး တီးတိုးပြောလိုက်သည် “ ခနလေးစောင့်ဦး “

ဘေးပတ်ဝန်းကျင်သို့ကြည့်လိုက်ပြီး သူကောက်ယူထားသည့် ကျောက်တုံးများကို ထည့်ထားသည့် သားရေအိတ်ကို လုံခြုံအောင် ဖွက်ထားနိုင်မည့်နေရာတစ်ခုကို ရှာကြည့်လိုက်သည်။ ထို့နောက်တွင် သူသည် တောင်နောက်ဖက်သို့ သွားလိုက်ပြီး ဆီဆာကို ပြောလိုက်သည် “ မင်း ‘ယဲ့’ ကို ကိုင်တွယ် ရမယ် ဟုတ်ပြီလား .... မင်း ‘ယဲ့’ ဘယ်သူလည်း ဆိုတာကို သိတယ်မလား “

နက်ရှိုင်းသော တောနက်ထဲတွင် နေထိုင်သည့် သားရဲများသည် ဉာဏ်ကောင်းကြကြောင်း ကို စစ်သည်တော်များ ပြောပြဖူးသည်။ ဉာဏ်နည်းသည့် ကောင်များကို သင်ကြားပေးရန်မှာ ခက်ခဲတတ်သည်။ ဆီဆာမှာမူ ဉာဏ်ကောင်းသည့် သားရဲတစ်ကောင်ဖြစ်သည်။ ဤတစ်ကြိမ်သည် သူတို့အနေဖြင့် အလုပ်အတူတူ လုပ်ဖူးသည့် ပထမဆုံးသော အကြိမ် မဟုတ်နေပေ။ အကယ်၍ ဆီဆာ စိတ်ရှုပ်ထွေးနေခဲ့လျှင်ပင် သူမည်သူ့ကို ကိုင်တွယ်နေသည်မှာ အရေးမကြီးပေ။ ကလေးအုပ်စုကို ဦး‌ဆောင်လာသည် ကလေး၏အမည်မှာ ‘ စိုင်’ ဖြစ်သည်။ သူသာ ‘စိုင်’ ကို နောက်ကောက်ချနိုင်ခဲ့လျှင် အခြားသူများကို ကိုင်တွယ်ရန်မှာ ခက်ခဲသော ကိစ္စမဟုတ်တော့ပေ။

ဆီဆာသည် သူ့ခန္ဓာကိုယ်ကို မြေတွင်ကပ်ထားလိုက်ပြီး ကျောက်တုံးတစ်တုံးနောက်တွင် ပုန်းနေလိုက်သည်။ သူသည် ရှောက်ရွှမ်၏ အမိန့်ကို နားလည်ကြောင်း ဤအရာကပြသနေပေသည်။

သဘာဝတရားကြီး၏ သားရဲများသည် တိတ်တဆိတ် သားကောင်ချောင်းမြောင်းတတ်ခြင်းကို ပင်ကိုယ် ဗီဇအနေဖြင့် ပါလာခဲ့သည်။ သူတို့သည် ချက်ကောင်းကို တစ်ချက်တည်းဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။ သူတို့၏ အလိုလိုသိစိတ်များသည်လည်း ထက်မြက်ကြပြီး ဆီဆာကဲ့သို့ ခွေးတစ်ကောင် မဟုတ်သည့် ဝံပုလွေတစ်ကောင် အနေဖြင့် ပို၍ တိုက်ခိုက်နိုင်စွမ်း ကောင်းပေသည်။

All Chapters