← Chapters

လိုဏ်ဂူထဲက ကလေးတွေက ကြောက်စရာ တော်တော်ကောင်းတာပဲ

Vol. 1 Ch. 4

လိုဏ်ဂူထဲက ကလေးတွေက ကြောက်စရာ တော်တော်ကောင်းတာပဲ

Vol. 1 Ch. 4

ရှောက်ရွှမ်သည် ဆီဆာကို သေစေနိုင်လောက်သည့် တိုက်ခိုက်မှုမျိုးကို ပြုလုပ်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။ မျိုးနွယ်စုသည် လူသတ်ခြင်းကို တားမြစ်ထားပေသည်။ သို့သော်လည်း ရှောက်ရွှမ်အနေဖြင့် သူ၏ပစ္စည်းများကို သူတပါးဆီသို့ အလွယ်တကူ ပေးလိုခြင်းမရှိပေ။ အထူးသဖြင့် ထိုကလေး သုံးယောက်ကိုဖြစ်သည်။

ရှောက်ရွှမ်သည် သူ၏ပြိုင်ဖက်များကို လက်ဗလာနှင့် တိုက်ခိုက်ရမည်လော .... ကျောက်တုံးများဖြင့် တိုက်ခိုက်ရမည်လောဆုံးဖြတ်ရခက်နေခဲ့သည်။ ထိုအချိန်တွင် ကလေးသုံးယောက်သည် တောင်ကုန်းပေါ်သို့ တက်လာနေခဲ့လေပြီ။ သူတို့သည် ရှောက်ရွှမ် ပုန်းအောင်းနေသည်ကို မသိရှိကြပေ။ သူတို့၏ အာရုံသည် မတော်တဆလွင့်စင်လာမည့် ကျောက်တုံးများ ထံမှ မထိခိုက်မိစေရန်သာ အာရုံစိုက်နေကြလေသည်။ သူတို့သည် တောင်ကုန်းပေါ်သို့ တက်လာရန်အတွက် မည်သည့်လမ်းက လုံခြုံသည်ကို မသိခဲ့ကြပေ။ သူတို့ တတ်နိုင်သည်မှာ ကျောက်တုံးများ လွင့်စင်လာသည့် အသံများထံမှ ဝေးနိုင်သမျှ ဝေးစေရန် သာ တတ်နိုင်ပေသည်။

“ ဒီလမ်းဟုတ်လို့လား ကျန်း “ စိုင် သူတို့အားလုံး၏ ရှေ့ဆုံးတွင် လမ်းလျှောက်လာခဲ့ပြီး တောင်ကုန်းပေါ်မှ ပြုတ်ကျလာသည့် ကျောက်တုံးတစ်ခုကို ရှောင်တိမ်းလိုက် ရင်း ပြောလိုက်သည်။ သူ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားခဲ့လေသည်။

ကျန်း ဟုအမည်ရသည့် ကလေး ဇက်ကိုပုလိုက်ပြီးပြန်ပြောလိုက်သည် “ ဟုတ်ပါတယ်ဟ...... ငါ့အဖေက ဒီနေ့ကင်းလှည့်အဖွဲ့ရဲ့ ခေါင်းဆောင်လေ၊ သူပြောတာတော့ မိုင် ဒီလမ်းကနေ ဆင်းလာတာကို တွေ့လိုက်တယ်တဲ့။ ငါတို့နီးနေပါပြီ။ မိုင်က အလယ်အလတ် အဆင့် စစ်သည်တော် တစ်ယောက်ဆိုတော့ ပစ္စည်းကောင်းလေးတွေ တော်တော်များများ ရှိနေမှာ သေချာတယ် “

စိုင် လမ်းတစ်လျှောက်ရှိ ကျောက်တုံးများကို သူ့ခြေထောက်ဖြင့် ကန်ကျောက်နေခဲ့ပြီး ဆက်လျှောက်သွားခဲ့သည်။

သူတို့နီးကပ်လာသည်ကို တွေ့လိုက်ရသဖြင့် ရှောက်ရွှမ် အသက်ကိုအောင့်ထားလိုက်ပြီး အချိန်ကောင်းကို စောင့်နေလိုက်သည်။

သူတို့အတူတူ အလုပ်လုပ်ခဲ့ကြသည်မှာ များနေပြီဖြစ်သဖြင့် မည်သို့လုပ်ဆောင်ရမည်ကို ဆီဆာကို အသေးစိတ်ပြောနေစရာ မလိုအပ်တော့ပေ။ သူ့အနေဖြင့် လက်ဟန် ပြလိုက်ယုံဖြင့် ဆီဆာနားလည် နိုင်ပေသည်။ ထို့နောက်တွင် သူသည် စိုင် ရှိသည့်နေရာဆီသို့ ဦးတည်သွားလိုက်သည်။ သူ့လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး စိုင်၏ နဖူးကို ထိုးထည့်လိုက်လေသည်။

စိုင့် ထံတွင် လျင်မြန်သည့် တုံ့ပြန်မှုတစ်ခု ရှိနေခဲ့သည်။ သို့သော်လည်း သူသည် ရှောက်ရွှမ်၏ တိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သုံးယေဦက်ထဲတွင် အရပ်အရှည်ဆုံးဖြစ်နေသောကြောင့်ဖြစ်သည်။ သူ၏နှာခေါင်းကို ထိုးမိခြင်း မရှိစေရန် ဘေးတဖက်ဆီသို့ သူခုန်ရှောင်လိုက်နိုင်ခဲ့သည်။ သို့သော်လည်း သူ၏မျက်နှာ မှာမူ အထိုးခံလိုက်ရလေသည်။ သူမည်သို့မျှ မလုပ်နိုင်သေးမီမှာပင် နောက်ထပ်လက်သီးချက်တစ်ခုသည် သူ့မေးရိုးကို မိတ်ဆက်သွားခဲ့သည်။ သူသည် မူးဝေသွားခဲ့ရပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။

သို့သော်လည်း ဤသည်မှ အစသာရှိနေသေးသည်။ အချိန်တိုလေး အတွင်းမှာပင် ရှောက်ရွှမ်၏ လက်သီးချက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး စိုင်၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။

ရှောက်ရွှမ်သည် သူ့ရန်သူ၏ မျက်နှာကို လက်ဗလာဖြင့်သာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ကျောက်တုံးကိရိယာများကို အသုံးပြုခြင်း မရှိခဲ့ပေ။

သို့သော်လည်း ထိုလက်သီးချက်တစ်ခုစီတိုင်းသည် ရန်သူကို လုံလောက်သော နာကျင်မှုများကို ပေးစွမ်းနိုင်ပေသည်။

မီးတောက် ဦးချိုများ မျိုးနွယ်စုမှ လူများသည် အတော်သန်မာကြသည့်လူများ ဖြစ်ကြသည်။ သူတို့၏ မျိုးနွယ်စုစွမ်းရည်များ နိုးထခြင်း မရှိကြသေးသည့် ကလေးများပင်လျှင် ရှောက်ရွှမ်၏ ယခင်ဘဝမှ လူကြီးများကို အသာအယာပင် အနိုင်ယူနိုင်ကြသည်။ သူသည် ကိစ္စများကို အလျင်အမြန်ပြီးပြတ်စေလို သဖြင့် သူ၏ခွန်အားများကို ထိန်ချန်ထားခြင်း မရှိနေခဲ့ပေ။

ရှောက်ရွှမ် စိုင်ကို ကိုင်တွယ်နေသည့် တစ်ချိန်တည်းတွင်ပင် ဆီဆာသည် ယဲ့ ထံသို့ ခုန်အုပ်လိုက်လေသည်။ ရှောက်ရွှမ် သူ့ကို လေ့ကျင့်ထားပေးသည့် အတိုင်းပင် ဆီဆာသည် ယဲ့ ၏ ခန္ဓာကိုယ်ပေါ်မှ သားရေ အဝတ်နှင့် သူ့ခါးရှိ ကြိုးကို ကိုက်ဖြတ်နေခဲ့သည်။ သူသည် ယဲ့ ၏ အသွေးအသားများကို တိုက်ရိုက်ကိုက်ခဲ တိုက်ခိုက်ခြင်း မရှိပေ။ ထို့နောက်တွင် ဆီဆာသည် ယဲ့ကို ကိုက်ဆွဲလိုက်ပြီး အဝေးတစ်နေရာသို့ ဆွဲခေါ်သွားခဲ့၏။ ဆီဆာသည် ကလေးသာသာ အရွယ်သာ ရှိနေသေးသော်လည်း သူသည် ယဲ့ကဲ့သို့ အသက်ဆယ်နှစ် အရွယ် ကလေးတစ်ယောက်ကို ဆွဲနိုင်နေပြီဖြစ်သည်။ ဆီဆာ သူ့ကို ဆွဲခေါ်သွားခြင်းကြောင့် ယဲ့ အနေဖြင့် ရှောက်ရွှမ်ကို အချိန်ပေးနိုင်ခြင်း မရှိတော့‌သကဲ့သို့ မတ်တပ်ရပ်နိုင်ခြင်းပင် မရှိတော့ပေ။

ကျန်း ဟူသည့် တတိယမြောက် ကလေးကိုမူလကား ရှောက်ရွှမ် သူ့ကို ခနလွတ်ထားလိုက်သည်။ ထိုကလေးသည် အခြားနှစ်ယောက်နှင့် နှိုင်းယှဉ်လျှင် ခွန်အား နည်းပါးသည့် ကလေးတစ်ယောက် ဖြစ်ရာ ရှောက်ရွှမ် သူ့ကို နောက်မှ ကိုင်တွယ်ရန် စဉ်းစားလိုက်ခြင်း ဖြစ်သည်။

ရှောက်ရွှမ် ထိုသို့ရုတ်တရက် ထွက်ပေါ်လာပြီး စိုင်ကို တိုက်ခိုက်လိုက်ကာ ဆီဆာကလည်း ယဲ့ကို တိုက်ခိုက်လိုက်သဖြင့် ကျန်း နှင့် ယဲ့တို့နှစ်ယောက်လုံး ထိတ်လန့်သွားခဲ့ကြသည်။ သူတို့အနေဖြင့် စိုင်ကို ကူညီပေးနိုင်ကြခြင်း မရှိတော့ပေ။ ကျန်းနှင့် ယဲ့တို့သည် ဆီဆာ၏ အစွယ်များကို ကြည့်မိလိုက်ကြပြီး သေးထွက်ကျတော့မလောက်ပင် ထိတ်လန့်သွားကြလေ၏။ အထူးသဖြင့် ဆီဆာ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည့် ယဲ့ပင်ဖြစ်သည်။ သူသည် မည်သည့်အရာကိုမှ မလုပ်နိုင်တော့ပဲ အကူအညီသာ အော်ဟစ် တောင်းနေလိုက်သည်။

ခေတ္တကြာမှသာ ကျန်း မည်သို့ဖြစ်သွားကြောင်းကို နားလည်လိုက်သည်။ ထို့နောက်တွင် သူသည် သစ်သား တုတ်ချောင်းတစ်ချောင်းဖြင့် ရှောက်ရွှမ်ကို ရိုက်ချလိုက်လေသည်။

ရှောက်ရွှမ်သည် ကျန်း၏မျက်နှာကို တိုက်ခိုက်နေစဉ်တွင်လည်း ကျန်း၏ တုန့်ပြန်မှုများကို မျက်ခြေမပြတ်စောင့် ကြည့်နေခဲ့လေ၏။ ထို့ကြောင့် ကျန်း လွဲယမ်းလိုက်သည့် သစ်သားတုတ်ချောင်းသည် သူ့ကိုထိမှန်ခြင်း မရှိတော့ပေ။ သို့သော်လည်း တိုက်ခိုက်မှုကို အပြည့်အဝကာကွယ်နိုင်ခြင်း မရှိသည့်အတွက် သူ၏ကျောပင် တစ်ခုလုံး ပူကနဲ ဖြစ်သွားရလေသည်။ သူသည် စိုင်ကို ပို၍ပြင်းထန်စွာပင် ထိုးနှက်လိုက်လေ၏။

စိုင်သည် ရှောက်ရွှမ်ထက် အသက်နှစ်နှစ် ကြီးပြီး ပို၍သန်မာလေသည်။ သို့သော်လည်း ရှောက်ရွှမ်၏ မုန်တိုင်းတိုက်သကဲ့သို့သော အဆက်မပြတ် လက်သီးချက်များအောက်တွင် သူသည် မျိုးနွယ်စုစွမ်းရည်မရှိသေးသည့် သာမန်ကလေးတစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။

သူသာ အလျင်အမြန်အနိုင်မယူနိုင်ပါက သူ့အနေဖြင့် အရှုံးနှင့် ရင်ဆိုင်ရနိုင်ကြောင်းကို ရှောက်ရွှမ်သိနေခဲ့သည်။ သူသည် ယခင် ခြောက်လက နှောင့်နှေးတုန့်ဆိုင်းနေတတ်သည့်အကျင့် ကြောင့် နာကျင်မှုများကို ခံစားခဲ့ရဖူးသည်။

အကြီးမားဆုံးသော ပြဿနာကို ရင်ဆိုင်ပြီးသည့်နောက်တွင် ရှောက်ရွှမ် မြေပြင်ပေါ်တွင် လူးလိမ့်လိုက်ပြီး သစ်သားတုတ်ချောင်း၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။ သူသည် ယခင်တိုက်ပွဲလက်ကျန် တိုက်ပွဲဝင် စိတ်ဖြင့် ကြမ်းတမ်းနေသည့် အကြည့်များဖြင့်‌ ကျန်းကို စိုက်ကြည့်လိုက်လေသည်။ ကျန်းသည် ထိုအကြည့်ကြောင့် သူ့လက်ထဲရှိ သစ်သားတုတ်သည် တုန်ယင်လာခဲ့ရသည်။

စိုင် ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်းကို သိလိုက်ရသည့်အချိန်တွင် ကျန်းကြောက်လန့်သွား ခဲ့ရသည်. သူသည် မည်သို့မှ ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။အခြားတဖက်တွင်လည်း ယဲ့သည် အကျပ်အတည်းကြားတွင် ရောက်နေခဲ့သည်။

ရှောက်ရွှမ် ကျန်းကို ကြည့်လိုက်ပြီး သူကြောက်လန့်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သို့နှင့် သူမတ်တပ်ထရပ်လိုက်ပြီး ကျန်းဆီသို့ တလှမ်းခြင်း လျှောက်သွားလိုက်လေသည်။

ရှောက်ရွှမ် လမ်းလျှောက်လာနေခြင်းသည် မမြန်လွန်းနေပေ၊ သို့သော်လည်း သူ၏ ခြေလှမ်းတစ်လှမ်း စီတိုင်းသည် ကျန်းအတွက် ရင်ခုန်စရာဖြစ်နေခဲ့သည်။ ကျန်း၏ မျက်နှာသည် ပို၍ မှောင်မဲ လာခဲ့လေ၏။

သူတို့နှစ်ယောက်တွင် ကျန်းသည်အရပ်ပိုရှည်ပြီး သူ့လက်ထဲတွင် လက်နက်လည်း ရှိနေပေသည်။ သို့သော်လည်း စိတ်ဓါတ်အနေဖြင့် သူသည် ရှောက်ရွှမ်၏ အောက်တွင် ရှိနေခဲ့ပြီဖြစ်သည်။ ရှောက်ရွှမ် သူ့အနီးသို့ ရောက်ရန် ခြေလှမ်းတစ်ခုစာမျှသာ လိုနေသည့်အချိန်တွင် ကျန်းသူ့လက်ထဲမှ တုတ်ချောင်းကို လွင့်ပစ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်ကာ သူအရှုံးပေးပြီဖြစ်ကြောင်းကို ဖော်ပြလိုက်သည်။

သူတို့သည် ယခင်ကလည်း အကြိမ်အနည်းငယ်တိုက်ခိုက်ဖူးကြသည်။ ထို့ကြောင့် သူ့အနေဖြင့် အရှုံးပေးကြောင်းကို ဖော်ပြလျှင် ရှောက်ရွှမ်သူ့ကို ဆက်တိုက်ခိုက်လိမ့်မည် မဟုတ်သည်ကို သူသိနေခဲ့သည်။ စိုင်သည် ထိုအချိန်တွင် ပြန်သတိရလာခဲ့ပြီဖြစ်ပြီး ကျန်းအရှုံးပေးလိုက်သည်ကို မြင်လိုက်ရသည့်အခါတွင် ဒေါသအလွန် ထွက်သွားခဲ့ရသည်။ ဒီငတုံးကောင် ကတော့ ........။

သူတို့၏ပြိုင်ဖက်သည် ရှောက်ရွှမ်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် စိုင်အနေဖြင့် မလွယ်ကူနိုင်မှန်းကို သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခင်ကလည်း ရှောက်ရွှမ်နှင့်တိုက်ခိုက်ဖူးပြီး အသာစီးမရနိုင်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် သူသည် မြေပြင်ပေါ်သို့ပင် အမှောက်သိပ်ခံလိုက်ရပြီး ပြန်လည်တိုက်ခိုက်ခြင်းကို ပင် မပြုနိုင်ခဲ့ပေ။

ဒါက ရှက်စရာပဲ...........။

သူတို့သည် ဤနေရာသို့ ကံစမ်းရန်လာခဲ့ကြခြင်း ဖြစ်ပြီး မည်သည်ကို ရှာတွေ့နိုင်မည်ကို မသိထားခဲ့ကြပေ။ သို့သော်လည်း မမျှော်လင့်ထားသည်မှာ ရှောက်ရွှမ်သည် ဤနေရာသို့ ရောက်နှင့်နေပြီဖြစ်ပြီး သူတို့ထက်ရှေ့ကြိုရောက်နေခဲ့ခြင်း ဖြစ်သည်။ ရှောက်ရွှမ်မှာများ ဝံပုလွေတွေလို အနံ့ခံကောင်းတဲ့ နှာခေါင်းရှိနေတာလား......။

သူတို့သည် ရှောက်ရွှမ်၏ နောက်မှ ရောက်လာခဲ့ခြင်းဖြစ်ပြီး သူတို့အတွက် ပို၍အရှက်ရစေသည့် ကိစ္စမှာ သူတို့ ရှောက်ရွှမ်ကို အနိုင်မယူနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုအကြောင်းကို စဉ်းစားလိုက်ပြီး စိုင် ရှောက်ရွှမ်ကို မုန်းတီးသည့် မျက်လုံများဖြင့် ကြည့်လိုက်လေသည်။

ရှောက်ရွှမ် စိုင်ကို လျစ်လျုရှုထားလိုက်သည်၊ သို့သော်လည်း သူသည် ကျန်းကို ထိုမျှလွယ်လွယ် လွှတ်ပေးရန် စိတ်ကူးထားခဲ့ခြင်း မရှိ‌ပေ။ ထို့နောက် သူသည် ကျန်းကို စိုင်ရှိနေသည့်ဖက်သို့ ကန်ထုတ်လိုက်လေသည်။

ကျန်းသည် ကျန်ခဲ့သည့် တုတ်ချောင်းကို ကောက်ယူလိုက်ပြီး မြေပြင်ပေါ်တွင် လဲနေခဲ့သည့် စိုင်နှင့် ကျန်းထံသို့ ရှောက်ရွှမ် လမ်းလျှောက်သွားလိုက်သည်။ သူသည် သစ်သားတုတ်ကို ချိန်ဆကြည့်လိုက်ပြီး သူ့လက်များဖြင့် ပွတ်သပ်နေလိုက်သည်။ ယခင်က စိုင်ကို ထိုးနှက်ခဲ့စဉ်က ပေနေခဲ့သည့် သွေးများသည် တုတ်ချောင်းတစ်ခုလုံးတွင် စိုစွတ်သွားခဲ့လေသည်။ သူ ပြုံးလိုက်၏။

ထိုအပြုံးကိုမြင်တွေ့လိုက်ရပြီးနောက် စိုင်နှင့်ကျန်းတို့ ကြက်သီးများ ထသွားကြလေသည်။ သူတို့သည် ချက်ချင်းပင် ထွက်ပြေးချင်နေခဲ့ပြီဖြစ်သည်။ သို့သော်လည်း စိုင်သည် မြေပြင်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး ပြန်မထနိုင်သေးပေ။ ထို့နောက် ကျန်းသည် သူ့ခြေထောက်များကို ပြန်ရုတ်သိမ်းလိုက်ပြီး နောက်သို့ ဆုတ်လိုက်လေသည်။

ရှောက်ရွှမ် တုတ်ချောင်းကို ကိုင်လိုက်ပြီး သူတို့နှစ်ယောက်ကို လွဲရိုက်လိုက်သည်။ သူသည် ထိုရိုက်ချက်ကို တုန့်ဆိုင်းနေခြင်း မရှိပဲရိုက်ချလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် စိုင်နှင့် ကျန်းတို့သည် ချွေးအေးများ ထွက်လာကြပြီး အသက်ရှုရမည်ကိုပင် မေ့နေခဲ့ကြလေသည်။ သူတို့၏ အမြင်အာရုံတွင် အရာအားလုံး ပျောက်ကွယ်သွားပြီး သူတို့ထံသို့ကျလာနေသည့် တုတ်ချောင်းကိုသာ မြင်တွေ့နေတော့လေသည်။

ကလစ် .....

တုတ်ချောင်းသည် စိုင်နှင့် ကျန်းတို့၏ ကြားထဲသို့ကျသွားခဲ့သည်။ ထို့နောက် မြေကြီးနှင့် ရိုက်မိပြီး တုတ်ချောင်းသည် အစိတ်စိတ်အမွာမွာ ဖြစ်သွားရလေသည်။ သစ်သားစများလွင့်ပျံလာခဲ့ပြီး အချို့သည် စိုင်နှင့်ကျန်းတို့ကို ခြစ်မိသွားကြသည်။

ရှောက်ရွှမ်အေးစက်သည့် အမူအယာဖြင့် သူတို့နှစ်ယောက်ကို ပြောလိုက်သည် “ အဲ့ဒီအပေါ်က အရာအားလုံးကို ငါပိုင်တယ်။ ငါအရင်သွားယူပြီးမှ မင်းတို့လာယူရမယ်။ နားလည်လား “

သူ၏အသံသည်ကျယ်လောင်နေခြင်း မရှိသော်လည်း ဖိအားတစ်ခုပါဝင်နေခဲ့လေသည်။ အကယ်၍ စိုင်နှင့် ကျန်းတို့သာ သူ့စကားကိုလက်ခံခြင်းမရှိခဲ့လျင် ယခင်က တုတ်ရိုက်ချက်သည် သူတို့အပေါ်သို့ ကျရောက်လာမည့် ပုံဖြစ်သည်။

စိုင် ရှောက်ရွှမ်ကို တိတ်ဆိတ်စွာဖြင့် ငေးကြည့်နေလိုက်သည်။ သို့သော်လည်း ကျန်းသည် လေလွင့်နေသည့် သစ်ရွက်များသဖွယ် တုန်ယင်နေခဲ့ပြီဖြစ်သည်။ သူ အပြည့်အဝနားလည် ကြောင်းကိုလည်း ခေါင်း တဆတ်ဆတ် ညိတ်ပြနေခဲ့သည်။ သူ၏မျက်လုံးများတွင် သတိထားနေမှုနှင့် ကြောက်ရွံ့မှုတို့ကို အထင်းသားမြင်နေရလေသည်။

ကျန်းတွေးမိလိုက်သည် “ မိဘတွေက မိဘမဲ့ လိုဏ်ဂူက ကလေးတွေနဲ့မဆောခိုင်းတာ အကြောင်းရှိတာပဲ။ မိဘမဲ့လိုဏ်ဂူက ကလေး‌တွေက တကယ်ကြောက်ဖို့ကောင်းတယ်။ သူတို့က စိုင်ထက်တောင် ကြောက်ဖို့ကောင်းသေးတယ် “

ရှောက်ရွှမ် သူတို့နှင့် အချိန်မဖြုန်းရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ စိုင်တို့အုပ်စုသာ ဤနေရာကို လာခဲ့လျှင် အခြားသူများသည်လည်း ဤနေရာကို မကြာခင် လာကြပေလိမ့်မည်။ သူ့အနေဖြင့် စိုင်တို့ သုံးယောက်ကိုသာ နည်းဗြူဟာများဖြင့် အနိုင်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆီဆာ၏ အကူအညီကိုလည်း ယူခဲ့ရသေးသည်။ အကယ်၍ အခြားကလေးများ ၊ အသက်ပိုကြီး ပိုသန်မာသည့် ကလေးများသာ ရောက်လာခဲ့လျှင် သူ့အနေဖြင့် မည်သို့မှ မတတ်နိုင်ပဲ ပြေးရန်တစ်ခုသာ ရှိပေသည်။

ထိုအကြောင်းကို တွေးကြည့်လိုက်ပြီး ရှောက်ရွှမ် ကျောက်တုံးများကို ရယူရန် အလျင်အမြန် သွားလိုက်လေသည်။

All Chapters