တမူထူးခြားသည့် ငါးတစ်ကောင်
Vol. 1 Ch. 7
ရှောက်ရွှမ် ပူပေါင်းအကွဲကို ရေတွင်ပေါလောမျောသည့် အချက်ပြတစ်ခုအဖြစ် အသုံးပြုလိုက်ပြီး ကောက်ရိုးကြိုးရှည်၏ တဖက်အစွန်းအတွင် ကျောက်တုံးတီကောင် တစ်ကောင်ကို ချည်ထားလိုက်သည်။ သူသည် ငါးမျှားချိတ်အစားသုံးရန် ကျောက်တုံး ငါးမျှားချိတ်လည်း ရှိမနေခဲ့ပေ။ သူသည် ရေထဲမှ ကျောက်ခေတ်ငါးတစ်ကောင်ကောင် တီကောင်များကို စိတ်ဝင်စားခြင်း ရှိမရှိကို စမ်းသပ်လိုနေခဲ့သည်။
သူ၏ယခင်ဘဝတွင် ရှောက်ရွှမ်သည် တီကောင်များဖြင့် ငါးမျှားဖူးသည်။ ဤဘဝတွင်မူ သူသည် သင့်တော်မည့် တီကောင်များကို ရှာမတွေ့နိုင်သဖြင့် ကျောက်တုံးတီကောင်များကိုသာ အစားထိုး အသုံးပြုလိုက်ရသည်။ မျိုးနွယ်စုမှ လူများပြောကြသည်မှာ ထိုမြစ်ထဲမှ သတ္တဝါများသည် ရက်စက်ကြမ်းတမ်းကြသည် ဟ
ဆိုသည်။ ထို့ကြောင့် သူတို့အနေဖြင့် ကြမ်းတမ်းသည့် ငါးစာကို စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်ပေသည်။ ရှောက်ရွှမ်သည် ငါးမျှားချိတ်မပါပဲ ငါးဖမ်းရန် ကြံစည်နေခြင်းမဟုတ်ပေ။ သူသည် ရေထဲမှ တစ်စုံတစ်ရာက ကျောက်တုံးတီကောင်များကို စိတ်ဝင်စားခြင်း ရှိမရှိကိုသာ စမ်းသပ်လိုနေခြင်း ဖြစ်သည်။ သူ့အနေဖြင့် သင့်တော်သော ငါးမျှားချိတ်တစ်ခုကို နောက်နေ့တွင် ပြုလုပ်နိုင်ပေသည်။
ကျောက်တုံးတီကောင်ကို ဆီဆာတွေ့လာခဲ့ခြင်း ဖြစ်ပြီး ကောက်ရိုးဖြင့် ပြုလုပ်ထားသည့် ကြိုး၏ အစွန်းတဖက်တွင် ချည်နှောင်ထားလိုက်၏။ ၎င်းသည် ရေထဲတွင် အချိန်အတန်ကြာနေပြီးနောက် လွတ်မြောက်သွားနိုင်ပေသည်။ သို့သော် ရှောက်ရွှမ်သည် စမ်းသပ်ယုံသာ တတ်နိုင်သည်။ အကယ်၍ ဤတစ်ကြိမ် ကျရှုံးခဲ့လျှင် သူသည် ဆီဆာကို ကျောက်တုံးတီကောင် နောက်တစ်ကောင် ဖမ်းရန် ညွှန်ကြားရပေမည်။
ငါးမျှားချိတ်အစား အသုံးပြုထားသည့်အနက်ရောင်ပူပေါင်း အကွဲသည် အစွန်းတဖက်တွင် ချည်နှောင်ထားပြီး တီကောင်နှင့် မီတာဝက်ခန့် အကွာအဝေးတွင် ရှိနေသည်။ ရှောက်ရွှမ်သည် သူ၏စမ်းသပ်မှုကို ရေနက်သည့်နေရာတွင် လုပ်ဆောင်ရန် မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့်ပင် ရေတိမ်သည့် သောင်ပြင်တွင်သာ မတ်တပ်ရပ်နေလိုက်ပြီး ငါးစာကို ရေထဲသို့ လွင့်ပစ်လိုက်သည်။ ကျောက်တုံးတီကောင်နှင့် ကြိုး၏အလေးချိန်ကြောင့် ပူပေါင်း အနက်သည် ရေထဲတွင် အနည်းငယ် နှစ်မြုပ်သွားခဲ့သည်။ သို့ရာတွင် အစိတ်အပိုင်းတော်တော်များများ ရေပေါ်တွင် ပေါ်နေဆဲဖြစ်သည်။ ထိုပူပေါင်းကို ကြည့်ခြင်းအားဖြင့် ရှောက်ရွှမ်သည် ရေထဲတွင် မည်သို့ဖြစ်နေသည်ကို ခန့်မှန်းနိုင်ပေသည်။
သူ၏ ကောက်ရိုးဖြင့် ပြုလုပ်ထားသည့် ကြိုးသည် ငါးမီတာခန့်အရှည်ရှိသည်။ ထို့ကြောင့်ပင် ကျောက်တုံးတီကောင်နှင့် ရှောက်ရွှမ် အကြား ဝေးကွာလွန်းနေခြင်း မရှိပေ။ ရေအနီးတွင် ရပ်နေလိုက်ပြီး ရေထဲမဆင်းရန် ရှောက်ရွှမ် သတိထားလိုက်သည်။ ထိုသို့ဆိုလျှင် အန္တရာယ်တစ်ခုခု ဖြစ်လာခဲ့လျှင် သူ့အနေဖြင့် အလျင်အမြန်ထွက်ပြေးနိုင်ပေလိမ့်မည်။ ရေပြင်အနီးတွင် စောင့်ကြပ်နေခဲ့ကြသည့် အစောင့်များလည်း ရှိနေသေးသည်။ ထို့ကြောင့် သူ့အနေဖြင့် တစ်ခုခုဆိုလျှင် သူတို့ဆီသို့ ပေးသွားရန် သာရှိပေသည်။
လိုအပ်သည့်ပြင်ဆင်မှုများကို ပြုလုပ်လိုက်ပြီးနောက် တွင် ရေစပ်တွင် စောင့်ကြပ်နေခဲ့ကြသည့် အစောင့်နှစ်ယောက်တို့သည်လည်း ရှောက်ရွှမ်၏ ပစ္စည်းများနှင့်ပတ်သက်ပြီး စိတ်ဝင်စားလာခဲ့ကြသည်။ အစပိုင်းတွင် သူတို့အနေဖြင့် ထိုကလေးသည် ရေထဲသို့ ခုန်ချတော့မည်ဟု ထင်နေခဲ့ကြသည်။ ထို့ကြောင့်သူတို့သည် သူ့ကို အလျင်အမြန် ဖမ်းဆီးပြီး လိုဏ်ဂူသို့ပြန်ပို့ရန် ပြင်နေခဲ့ကြသည်။ သို့သောလည်း ရှောက်ရွှမ်၏ ထူးဆန်းသည့်အပြုအမူသည် သူတို့နှစ်ယောက်လုံးကို ထိတ်လန့်သွားစေခဲ့သည်။ သို့နှင့် သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရှောက်ရွှမ် အနီးသို့ မသွားတော့ပဲ အဝေးမှသာ စောင့်ကြည့်နေလိုက်ကြသည်။
“ ဆီဆာ ငါမင်းကို အချက်ပြလိုက်ရင် ကြိုးကိုဆွဲလိုက်နော် ဟုတ်ပြီလား “
ရှောက်ရွှမ် ကြိုးစ၏ အစွန်းတဖက်ကို ဆီဆာ၏ ပါးစပ်ထဲတွင်ကိုက်ထားစေလိုက်ပြီး ကြိုး၏အလယ်ပိုင်းကို သူ့ခန္ဓာကိုယ်တွင် ပတ်ထားလိုက်သည်။
အချိန်တချို့ ကုန်ဆုံးသွားခဲ့ပြီး အရာရာသည် တိတ်ဆိတ်နေခဲ့သည်။ ကမ်းစပ်နှင့် အနီးတွင် ငါးများမရှိ၍ ဖြစ်နိုင်ကြောင်း ရှောက်ရွှမ် တွေးကြည့်လိုက်သည်။ သို့မဟုတ် ငါးများသည် ကျောက်တုံးတီကောင်ကို စိတ်မဝင်စားကြပေသလော.......။
သို့သော်လည်း သူ့အတွေးမဆုံးသေးမှီမှာပင် အနက်ရောင် ပူပေါင်းသည် ရေထဲသို့နှစ်မြုပ်သွားခဲ့ လေသည်။
တစ်စုံတစ်ရာသည် ငါးစာကို ကိုက်ခဲနေပေပြီ။
ရှောက်ရွှမ်လက်ထဲမှ ကြိုးသည် တင်းသွားခဲ့ပြီး သူ့လက်များ နာကျင်သွားခဲ့ရသည်။ ထိုအခိုက်အတန့်တွင် သူကြိုးကို တင်နေအောင် ကိုင်ထားလိုက်ပြီး ဆီဆာကို အော်ပြောလိုက်သည် “ ဆွဲထား ဆီဆာရေ .... “
ထိုအရာများသည် တစ်စက္ကန့်အချိန်အတိုင်းအတာအတွင်း တွင်ပင် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ရေထဲမှ ဆွဲယူနေသည့် ခွန်အားသည် သူမျှော်လင့်ထားသည်ထက်ပိုနေသည်ကို ရှောက်ရွှမ် သိလိုက်ရသည်။ ထို့ကြောင့်ပင် သူဆီဆာကို ကူညီပေးရန် ထားထားခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် ရေအောက်ထဲမှ ကိုက်နေသည့် သတ္တဝါကို ကြည့်ရှုရန် စိတ်စောနေခဲ့သည်။
ဆီဆာ ကြိုးကိုတင်းတင်းကိုက်ထားလိုက်ပြီး နောက်သို့ပြန်ဆွဲလိုက်သည်။ သူသည် ထိုသို့ ကိုက်ဆွဲရသည်ကို အလေ့အကျင့်ဖြစ်နေခဲ့ပြီးသား ဖြစ်သည်။ သူသည် ကြိုးတင်မက လူများကိုလည်း ဆွဲနိုင်ပေသည်။
အဝေးတစ်နေရာတွင် ကြည့်နေကြသည့် လူနှစ်ယောက် စိတ်တင်းကြပ်သွားကြသည်။ သူတို့သည် ရေထဲသို့ မဆင်းဖူးကြပေ။ သူတို့အနေဖြင့် မြစ်နှင့်ပတ်သက်သည်မှာ သူတို့၏ တိရိစ္ဆာန်သားရေများကို ရေဆေးသည့် အချိန်တွင်သာ ဖြစ်သည်။ နွေအခါတွင် တခါတရံ ကြီးမားသည့် မြစ်တွင်းနေ သားရဲကြီးများကို သူတို့တွေ့ရလေ့ရှိသည်။ ထို့အပြင် သူတို့သည် မြစ်နှင့်
ပတ်သက်သည့် ကြောက်မက်ဖွယ် ဇာတ်လမ်းများစွာကိုလည်း ကြားဖူးခဲ့ကြသည်။ ထိုပုံပြင်များသည် ယခင်မျိုးဆက်များ အဆင့်ဆင့်မှ ဆင်းသက်လာခဲ့သော ပုံပြင်များ ဖြစ်ကြလေသည်။ ထို့ကြောင့်ပင် အစောင့်နှစ်ယောက်တို့သည် သိလိုစိတ်ရှိသလို ကြောက်ရွှံသည့် စိတ်ဖြင့်လည်း မြစ်အပေါ်တွင် ကြည့်နေကြလေသည်။ ရှောက်ရွှမ် တစ်စုံတစ်ခုကို ဆွဲတင်နေကြောင်းကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့သည် ကြီးမားသည့် သတ္တဝါတစ်ကောင်ကောင် ပေါ်လာမည်ကို တွေးမိလိုက်ပြီး ကြောက်ရွံ့သွားခဲ့ကြသည်။
“ ငါတို့ဆင်းသွားသင့်လား .... “ စစ်သည်တော်တစ်ယောက်က အခြားတစ်ယောက်ကို မေးကြည့်လိုက်သည်။
“ အား.... ခန...ခန ...သွားကြည့်ကြတာပေ့ါ .... “ အခြားစစ်သည်တစ်ယောက်သည် တုန့်ဆိုင်းနေခဲ့ပြီး တစ်ခုခုကို တွေးမိလိုက်သည့်ဟန်ဖြင့် သဘောတူလိုက်သည်။
လေသည် ရေမျက်နှာပြင်ပေါ်မှ တဆင့် ကုန်းမြေပေါ်သို့ တိုက်ခတ်နေခဲ့သည်။ လေထုထဲတွင် ရေငွေ့များနှင့် ငါးညီနံ့များကိုလည်း ရနေခဲ့သည်။ ထိုအရာသည် ရေပြင်၏ ရနံ့ဖြစ်နိုင်သလို ရေမျက်နှာပြင်အောက်မှ သတ္တဝါ၏ ရနံ့လည်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း ထိုအနံ့ကြောင့်ပင် စစ်သည်နှစ်ဦးတို့သည် ပို၍ စိတ်တင်းကြပ်နေခဲ့သည်။
ရှောက်ရွှမ်သည် ရေပြင်အောက်မှ တစ်စုံတစ်ရာက သူ့ကို ရေထဲဆွဲချလိုနေသည့် ဟန်ဖြင့် အတင်းဆွဲနေခဲ့သည်ကို ခံစားနေရသည်။ သူနှင့် ဆီဆာတို့ ထိုအရာကို ဆက်လက်ဆွဲတင်နိုင်ရန်အတွက် ကြိုးစားလိုက်ကြသည်။ တဖြည်းဖြည်းဖြင့် သူတို့သည် ထိုအရာကို ရေထဲမှ ဆွဲတင်နိုင်လုနီးပါး ဖြစ်လာခဲ့သည်။
ငါးစာကို ကိုက်ခဲခဲ့သည့် သတ္တဝါ၏ ပုံရိပ်ကို မြင်နေရပြီ ဖြစ်ပြီး ရေမျက်နှာပြင်သည် ထိုအကောင်၏ လှုပ်ရှားမှုများကြောင့် လှိုင်းထန်နေခဲ့သည်။
ရှောက်ရွှမ် ကြိုးကိုတင်းတင်းဆွဲထားခဲ့ပြီး ထိုပုံရိပ်ကို ကြည့်နေခဲ့သည်။ ထိုအရာသည် ကြီးမားသည့် ပါးစပ်၊ များစွာသော ချွန်ထက်နေသည့် သွားများ ရှိနေသည့် သတ္တဝါတစ်ကောင်ဖြစ်ပြီး ရှောက်ရွှမ်ကို ကိုက်ခဲရန် ကြိုးစားလာသည်။ သူ၏ ပါးစပ်သည် ကြီးမားလွန်းသဖြင့် ရှောက်ရွှမ်၏ ဦးခေါင်းကိုပင် အလွယ်တကူ မျိုချနိုင်လောက်ပေသည်။ သို့သော် လည်း ထိုသတ္တဝါသည် ရေထဲသို့ ပြန်လည် တိုးဝင်သွားခဲ့သည်။
လှုပ်ရှားမှု မြန်ဆန်လွန်းသဖြင့် ရှောက်ရွှမ် မည်သည့်တုန့်ပြန်မှုကိုမှ မလုပ်နိုင်ခဲ့ပေ။ သူ့ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ထင်ယောင်ထင်မှားဖြစ်နေသည်ဟုသာ သတ်မှတ်ထားလိုက်သည်။
စစ်သည်တော်နှစ်ယောက် တို့ ရှောက်ရွှမ်၏ ဘေးသို့ရောက်လာသည့်အချိန်တွင် ရေထဲမှ ငါးသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖော်ပြလာခဲ့ပြီဖြစ်သည်။ ထိုအရာသည် တမူထူးခြားသည့် ငါးတစ်ကောင် ဖြစ်နေခဲ့သည်။ သူ့ခေါင်းသည် ခန္ဓာကိုယ်၏ သုံးပုံနှစ်ပုံခန့်ရှိနေပြီး စုစုပေါင်း အရှည်သည် တစ်မီတာခန့် ရှိနေခဲ့သည်။ ၎င်းကို ရေထဲမှ ဆွဲတင်လိုက်ချိန်တွင် ထိုငါးသည် ကောက်ရိုးကြိုးကို ကိုက်ထားဆဲဖြစ်လေသည်။
“ မရပ်နဲ့ ဆက်ဆွဲ .... “
စစ်သည်တော်နှစ်ယောက်တို့ ကူညီမည့်ဟန်မရပဲ အော်ဟစ်လိုက်ကြသည်။ ရှောက်ရွှမ် ဆီဆာကို ဆက်ဆွဲတင်ခိုင်းလိုက်သည်။
ဤတစ်ကြိမ်သည် ငါးတစ်ကောင်ကို ဆွဲတင်သည့် သူ၏ပထမဆုံးသော အကြိမ်ဖြစ်သည်။ မမြင်ဖူးသည့် အရာကို ပထမဆုံး မြင်တွေ့လိုက်ရသဖြင့် ဆီဆာ ကြောင်အမ်းသွားခဲ့ပြီး မကြာမီ အသိစိတ်ပြန်ဝင်လာခဲ့ကာ ရှောက်ရွှမ်၏ အမိန့်ကို နာခံလိုက်သည်။ ရှောက်ရွှမ် အချိန်အတော်ကြာသည်အထိ ဆွဲတင်လိုက်ပြီး ငါးရေထဲသို့ ပြန်မခုန်သွားနိုင်သည့် အကွာအဝေးတစ်ခုသို့ ရောက်မှသာရပ်တန့်လိုက်သည်။
“ ရပြီဟေ့..... တော်တယ် ဆီဆာ.... ဆီဆာ... လွတ်လိုက်တော့ ..... မင်းက ငါးကို ဘယ်နေရာအထိ ဆွဲသွားမလို့လဲ .... “
ဆီဆာသည် သူ့ပါးစပ်ထဲမှ ကြိုးကို ဆက်လက် ကိုက်ဆွဲနေဆဲဖြစ်သည်။ ထို့အပြင်သူသည် လည်ချောင်းမှတဆင့် အသံများကိုလည်း ပြုလုပ်နေသေးသည်။ ငါး၏ ရုန်းကန်နေမှုသည် ဆီဆာကို ဆက်လက်တိုက်ခိုက်စေလိုသည့် စိတ်ဆန္ဒများကို ဖြစ်နေစေသဖြင့် သူသည် ကြိုးကိုမလွတ်နိုင်ဖြစ်နေရခြင်း ဖြစ်သည်။
ရှောက်ရွှမ် အကြိမ်ကြိမ် ပြောလိုက်မှသာ ဆီဆာ သူ့ပါးစပ်ထဲမှ ကြိုးကို လွတ်လိုက်သည်။ ထို့နောက်တွင် သူသည် တဖြတ်ဖြတ်လှုပ်နေသည့် ငါးကို သတိထားပြီး ကြည့်နေလိုက်သည်။ သူသည် ပါးစပ်ကို ဖြဲထားပြီး သွားများကို ထုတ်ဖော်နေခဲ့ကာ ငါးကို ကိုက်သတ်ရန် အသင့်ဖြစ်နေခဲ့သည်။
ရှောက်ရွှမ် ငါးမျှားနေသည်မှာ ကမ်းစပ်နှင့် မဝေးလှသည့် နေရာတွင်ဖြစ်သော်လည်း ဤမျှကြီးမားသောငါးကြီးသည် ကမ်းစပ်အနားတွင်သာ နေထိုင်နေခဲ့ဟန် ရသည်။
ထိုငါးတွင် ကြီးမားသောပါးစပ်နှင့် သေးငယ်ချွန်ထက်သည့် သွားများရှိနေခဲ့သည်။ ထို့အပြင် ထိုငါးသည် ကောက်ရိုးကြိုးကို မလွတ်တမ်း ကိုက်ခဲထားဆဲဖြစ်လေသည်။ ငါးသည် ရေထဲမှ ဆွဲထုတ်လာခဲ့ပြီး ဖြစ်သော်လည်း သူ၏အမြီးကို လှုပ်ယမ်းနေဆဲဖြစ်သည်။။
စစ်သည်တစ်ဦးသည် သူ၏လှံရှည်ကို အသုံးပြုလိုက်ပြီး ငါးကို ထိုးသတ်လိုက်သည်။ သူသည် လျင်မြန်ပြီး သန်မာသောသူဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ လှံသည် ငါးကို ဖောက်ထွင်းသွားခဲ့ပြီး မြေပြင်ကို စိုက်နေခဲ့သည်။
လှံရှည်ဖြင့် ထိုးသွင်းခြင်းကိုခံလိုက်ရသည့်အချိန်မှသာ ငါးသည် ပါးစပ်ကိုဟလိုက်ပြီး ကိုက်ခဲထားသည်ကို လွတ်လိုက်လေသည်။ ငါးသည် ခေါင်းကို လှုပ်ယမ်းနေခဲ့ပြီး ကိုက်ခဲရန် တစ်စုံတစ်ခုကို လိုက်ရှာနေသည်နှင့် တူနေသည်။ ကောက်ရိုးကြိုးကို လွတ်လိုက်သည့်အချိန်တွင်င ကျောက်တုံးတီကောင် အပိုင်းအစများသာ ကျန်နေခဲ့သည်။ ကြိုးသည် ပြတ်လုဆဲဆဲဖြစ်နေခဲ့ပြီ ဖြစ်သည်။
ရှောက်ရွှမ်သည် ထိုကောက်ရိုးကြိုးကို သူ့လက်များဖြင့် ကိုယ်တိုင်လုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ကြိုးသည် မာကျောပြီး အပွန်းအပဲ့ခံနိုင်ကြောင်းကို သူသိနေခဲ့သည်။ သူသည်ကြိုးကို အမျိုးမျိုးအသုံးပြုခဲ့သော်လည်း ကြိုးသည် ပျက်စီးသွားခဲ့ခြင်း မရှိခဲ့ပေ။ သို့သော်လည်း ထိုငါးအနေဖြင့် ကြိုးကို ဖျက်ဆီးရန် အချိန်အနည်းငယ်သာ ယူလိုက်ရလေသည်။
ကြီးမားသော ပါးစပ်ရှိသည့် ငါးကို ကြည့်လိုက်မိသည့်အချိန်တွင် ရှောက်ရွှမ် ရင်ထိတ်သွားလေသည်။
ကြီးမားသော ပါးစပ်ကြီးသည် ငါးတစ်ကောင်လုံးတွင် အသိသာဆုံးသော အစိတ်အပိုင်း ဖြစ်နေခဲ့သည်။ များစွာသော သေးငယ် ချွန်ထက်သည့် သွားများကို သူ့ပါးစပ်ထဲတွင် တွေ့ရနိုင်သည်။ ထိုမျှကြီးမားသော ပါးစပ်နှင့်ဆိုလျှင် ဤငါးသည် ကိုက်ခဲသတ်ဖြတ်ရန်အတွက် မွေးဖွားလာခြင်းပင် ဖြစ်နိုင်သည်။ အကယ်၍ ဆီဆာ၏ အကူအညီသာ မပါခဲ့လျှင် ရှောက်ရွှမ် အနေဖြင့် သူ၏ ခွန်အားဖြင့် ငါးကို ကုန်းပေါ်သို့ ဆွဲတင်နိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၍ ရေတိမ်ပိုင်းတွင် ဤငါးကဲ့သို့သော ငါးများ များစွာရှိနေခဲ့လျှင် အကယ်၍ လူတစ်ယောက်သာ ရေထဲကျသွားခဲ့လျှင် ထိုငါးများ၏ ကိုက်ချက်ကြောင့် အလျင်အမြန် အသက်ဆုံးရှုံးသွားရနိုင်ပေသည်။ ထိုငါးသည် မြစ်ထဲတွင် ရှိနေသည့် များစွာသောငါးမျိုးစိတ်များထဲမှ တစ်မျိုးသာဖြစ်လေသည်။ မြစ်ထဲတွင် ငါးထက် အဆများစွာ ကြောက်မက်ဖွယ်ကောင်းသည့် ငါးများလည်း ရှိနေနိုင်ပေသေးသည်။ မျိုးနွယ်စုစစ်သည်များပင် မြစ်ထဲမသွားဝံ့သည်မှဦ အံ့သြစရာ မဟုတ်တော့ချေ။
အကယ်၍ မျိုးနွယ်စုမှ ကလေးများသာ မတော်တဆ ရေထဲချော်ကျသွားခဲ့လျှင် ဆိုသည့် အတွေးကြောင့် ရှောက်ရွှမ် တုန်ယင်သွားခဲ့သည်။
သူငါးကို ရေထဲမှ ဆွဲတင်လိုက်စဉ်တွင် မြင်လိုက်ရသည့် ပုံရိပ်သည် ငါး၏ ကြီးမားသော ပါးစပ်ကြီးဖြစ်နိုင်ပေသည်။
သူကြီးမားသော ငါးကြီးကို ကြည့်လိုက်ပြီး ယခင်ဘဝက ရွာထဲရှိ ကျောက်နံရံပေါ်တွင် မြင်တွေ့ခဲ့ရသည့် နံရံဆေးရေးပန်းချီများကို ပြန်လည် အမှတ်ရသွားခဲ့သည်။
စစ်သည်တော်များသည် ရှောက်ရွှမ် ငြိမ်သက်နေသည်ကို ကြည့်လိုက်ကြပြီး ငါးကြီးကြောင့် သူထိတ်လန့်နေခြင်း ဖြစ်သည်ဟု ထင်လိုက်ကြသည်။ ဤအကြိမ်သည် ရှောက်ရွှမ်အနေဖြင့် ဤ
မျှကြီးမားသည့် ငါးကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်လေသည်။ သို့သော် လည်း စစ်သည်တော်များ အနေဖြင့်မူ အကြိမ်အနည်းငယ်ခန့် မြင်တွေ့ဖူးကြပြီး ဖြစ်သည်။
‘ ငါ့ရဲ့ မျိုးနွယ်စုစွမ်းရည်တွေ မနှိုးထသေးတဲ့အချိန်တုန်းက ငါကမြစ်ကမ်းကို ငါ့အဖေနဲ့လာခဲ့ဖူးတယ်, အဲ့ဒီတုန်းက ဒီလိုသတ္တဝါမျိုးကို မြင်ဖူးတယ်။ နတ်ဆရာပြောတာကတော့ ‘ ငါး’ လို့ခေါ်တယ်တဲ့။ ငါ့ရဲ့မျိုးနွယ်စုက အမျိုးသမီးတချို့ သားရေတွေကို ရေဆေးနေရင်းနဲ့ လက်မောင်းပါသွားဖူးသေးတယ်။ အဲ့ဒီတုန်းက ငါ့အဖေက အဲ့ဒီအကောင်တစ်ကောင်ကို ဓါးနဲ့ထိုးသတ်လိုက်တာပေါ့ “
စစ်သည်တော်သည် ပြောနေရင်း ရှောက်ရွှမ်ကို ကြည့်နေခဲ့သည်။ သူ့အနေဖြင့် ရှောက်ရွှမ်ကဲ့သို့သော ကလေးတစ်ယောက်သည် ရေထဲပင် မဆင်းပဲ ထိုကဲ့သို့သော အန္တရာယ်များသည့် ငါးကို ဆွဲထုတ်နိုင်လိမ့်မည် ဟူ၍ မထင်ထားခဲ့ပေ။ ယခင် အချိန်က သူ့အဖေသည် အသက်နှင့်ရင်း၍ ရေထဲသို့ဆင်းကာ ထိုအမျိုးသမီး ငါးကိုက်ခံရသည်ကို ကယ်တင်ခဲ့သည်။ သူမသည် ကယ်တင်ခြင်းကို ခံလိုက်ရသော်လည်း လက်မောင်းတစ်ဖက်ကို ဆုံးရှုံးခဲ့ရလေသည်။ ထိုအချိန်မှ စပြီး ထိုအမျိုးသမီးသည် မြစ်ကမ်းဖက်သို့ မလာတော့ပေ။ လူအများသည် အခြားနည်းလမ်းမရှိမှသာ မြစ်ကမ်းဆီသို့ လာကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် ရာသီဥတု ပူပြင်းပြီး သောက်ရေ မလုံလောက်သည့် အချိန်မျိုး တွင်သာ ဖြစ်သည်။
ရှောက်ရွှမ် အသိဝင်လာသည့်အချိန်တွင် ငါးသည်သေဆုံးနေခဲ့ပြီ ဖြစ်သည်။ စစ်သည်တော်သည် သူ၏ လှံရှည်ကို ပြန်သိမ်းထားလိုက်သည်။ သူသည် ငါးကို အမြီးမှ မလိုက်ပြီး ရှောက်ရွှမ်ကို ပေးလိုက်သည်။
“ ဒီမှာ.... မင်းရဲ့သားကောင် ။ တော်တယ်။ မင်းက စစ်သည်တော်ကောင်း တစ်ယောက် ဖြစ်လာမှာပဲ “ စစ်သည်တော်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ဆက်ပြောလိုက်သည် “ ဒါပေမယ့် အနာဂတ်မှာတော့ မင်းက မြစ်အနားကို မသွားသင့်ဘူး။ ဘာလို့လည်း ဆိုတော့ ငါးအပြင် တခြားသတ္တဝါတွေလည်း ရှိနေသေးတယ်။ မင်းက အကြိမ်တိုင်းတော့ ကံမကောင်းနိုင်ဘူးလေ “
သို့သော်လည်း နာရီဝက်ခန့်ကြာသော အချိန်တွင် ထပ်ကံမကောင်းနိုင်တော့ ဟူသည့် ရှောက်ရွှမ်သည် တူညီသည့် နည်းလမ်းဖြင့် ပို၍ကြီးမားသည့် ငါးတစ်ကောင်ကို ဖမ်းမိလိုက်ပြန်သည်။
စစ်သည်တော် နှစ်ယောက်တို့ ပြောစရာ စကားမဲ့သွားခဲ့ရလေ၏။
“ .......... “