ငါ့နောက်ကို လိုက်ပြီးတော့ အသားတွေကို ရယူပါ
Vol. 1 Ch. 10
ထိုငါးကို စားသောက်လိုက်ကြပြီးနောက်တွင် သူတို့ငါးယောက်သည် ထပ်မံပူးပေါင်းလိုက်ကြပြီး နောက်ထပ် ငါးခြောက်ကောင်ကို ဖမ်းဆီးလိုက်ကြသည်။ ငါးတစ်ကောင်ကို ဆီဆာကို ပေးလိုက်သည်။ သူသည် ချက်ပြုတ်ထားသည့် အစားအသောက်များကို မကြိုက်သဖြင့် ငါးစိမ်းကိုသာ ပေးလိုက်ခြင်းဖြစ်သည်။ အခြားကျန်သည့် ငါး ငါးကောင်ကိုမူ ရှောက်ရွှမ်နှင့် ကလေးလေးယောက်တို့ တစ်ယောက်တစ်ကောင်စီ ခွဲယူလိုက်ကြ၏။
ရှောက်ရွှမ် ကလေး လေးယောက်ကို ဦးဆောင်ပြီး ပြန်လာလိုက်စဉ် အစားအသောက် လာပို့ပေးတတ်သည့် ဦးလေး ကောသည် ရှောက်ရွှမ်ကို မတွေ့သည့်အတွက် လိုဏ်ဂူပြင်ပတွင် ထိုင်စောင့်နေသည်ကို တွေ့လိုက်ရသည်။
ဂူထဲမှကလေးများသည် သူတို့ စားသောက်ရမည့်အချိန်ကို သိထားကြပြီး ဖြစ်သဖြင့် သူတို့သည် အိပ်ယာထကာ အဆင်သင့်စောင့်နေခဲ့ကြပြီဖြစ်သည်၊။ သို့သော်လည်း ရှောက်ရွှမ်သည် လိုဏ်ဂူထဲတွင် ရှိမနေခဲ့ပေ။ ထို့ကြောင့် ဦးလေး ကော သည် အစားအသောက်များကို ယခုအချိန်အထိ ဖြန့်ဝေပေးရခြင်း မရှိသေးပေ။ ကလေးများသည် ဆာလောင်နေကြပြီ ဖြစ်ပြီး စတင် စိတ်လှုပ်ရှားလာကြသည်။ ကလေး နှစ်ယောက်သည် ဘာမဟုတ်သည့်ကိစ္စလေးဖြင့်ပင် ရန်ဖြစ်နေခဲ့ကြသည်။ သူတို့နှစ်ယောက်လုံး နှာခေါင်းများမှ သွေးများ ယိုစီးကျလာလေ၏။
ဦးလေး ကော သည် လိုဏ်ဂူအဝတွင်ပင် တိတ်ဆိတ်စွာဖြင့် ထိုင်နေခဲ့သည်။ သူသည် ကလေးများ ရန်ဖြစ်နေကြသည်ကို လျစ်လျုရှုထားပြီး အစားအသောက်ထည့်ထားသည့် ကျောက်ဇလုံနားသို့ ပေးမလာခဲ့ပေ။
ကလေးများသည် ဇလုံအနီးတွင် ဝန်းရံနေခဲ့သော်လည်း အနားကပ်ရဲကြခြင်း မရှိကြပေ။ ခိုးယူရန်ကြိုးစား သူသည် ဦးလေးကော ကန်ထုတ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ပြီးလျင် သူသည် အခြားသူများထက် အစားအစာ ပို၍နည်းပါးစွာ ရပေလိမ့်မည်။
ဦးလေးကောသည် ဝင်ပေါက်တွင်ပင် ထိုင်နေခဲ့ပြီး ကောင်းကင်ကို မော့ကြည့်ကာ တစ်စုံတစ်ခုကို တွေးတော နေခဲ့၏။ ထို့နောက် သူသည် တစ်စုံတစ်ရာကို သတိပြုလိုက်မိပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ ကလေးငါးယောက်နှင့် ဝံပုလွေတစ်ကောင် လာနေသည်ကို သူတွေ့လိုက်ရသည်။ သူတို့ကို ဦးဆောင်လာသည့်လူမှာ လိုဏ်ဂူခေါင်းဆောင် ရှောက်ရွှမ် ပင်ဖြစ်သည်။
သို့သော်လည်း သူတို့မည်သည့်အရာကို ကိုင်စွဲလာကြသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားမှုကြောင့် ဇလုံပေါ်မှ ပြုတ်ကျသွားလေသည်။
.......
ရှောက်ရွှမ်တို့ အနားမရောက်လာသေးမီမှာပင် ဦးလေး ကော သည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပဲ သူတို့ဆီသို့ ပြေးသွားလိုက်သည်။ သို့သော်လည်း ချက်ချင်းပင် သူရပ်တန့်လိုက်ပြီး ကျောက်တုံး ဇလုံကို သူနှင့်အတူ ယူဆောင်သွားလိုက်သည်။ အကယ်၍သူသာ ဇလုံကို ထားခဲ့လျှင် ဂူထဲမှ ကလေးများ ခိုးယူသွားကြမည် ဖြစ်သည်။
“ ဒါက.. ဒါက.. ဒါက ငါးလား “ ဦးလေး ကော ရှောက်ရွှမ်လက်ထဲကို လက်ညိုးထိုးပြလိုက်ပြီး မေးလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက မြစ်ထဲတွင် ဖြစ်ခဲ့သည့် မတော်တဆမှုများကြောင့် ဦးလေး ကော သည် ဤသတ္တဝါကို သိနေခဲ့သည်။ မျိုးနွယ်စုခေါင်းဆောင်က မြစ်ထဲမဆင်းခိုင်းသဖြင့် သူ့အနေဖြင့် ငါး မတွေ့ရသည်မှာ ကြာနေပြီဖြစ်သည်။ သူသည် မမျှော်လင့်ပဲ ငါးကို ပြန်တွေ့လိုက်ရလေပြီ။
“ မင်းဘယ်လိုရလာတာလဲ “
ကံကောင်း၍ရသည်ဆိုလျှင် ထိုမျှအထိ များနေစရာ အကြောင်းမရှိပေ။ ဤနေရာတွင် ငါးများစွာ ရောက်လာသည်မှာ ကိစ္စတစ်ခုခုရှိနေသောကြောင့်ပင် ဖြစ်ရပေမည်။ သို့သော်လည်း မြစ်ကမ်းကို စောင့်ကြည့်နေခဲ့ကြသည့် အစောင့်များ ရှိနေခဲ့သည်။ တစ်ခုခု ထူးဆန်းသည့်ကိစ္စ ဖြစ်လာခဲ့သော် ထိုအစောင့်များ သတင်းပို့ကြလိမ့်မည် ဖြစ်သည်။ ထို့အပြင် ငါးများပေါ်တွင် ရိုက်ပုတ်ထားသည့် လက္ခဏာများကိုလည်း တွေ့နေရသေးသည်။
ဟ......
ငါးများ၏ ကြီးမားသောပါးစပ်၊ ချွန်ထက်သော သွားများကို တွေ့လိုက်ရသည့်အချိန်တွင် ဦးလေး ကော မနေနိုင်တော့ပဲ လေအေးများကို ရှိုက်သွင်းမိလိုက်သည်။ သူသည် အတွေ့အကြုံအလွန်များခဲ့သည့် မုဆိုးတစ်ဦးဖြစ်ခဲ့သည်။ သားရဲတစ်ကောင်ကို ကြည့်လိုက်ခြင်းဖြင့် ထိုသားရဲ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ခွန်အားကို ကောင်းစွာ မှန်းဆနိုင်ပေသည်။ ထိုငါးများကို ကြည့်ရသည်မှာ သေချာပေါက် သေစေနိုင်သည့် သားရဲများ ဖြစ်ကြသည်။ ခွန်အားကောင်းသည့် မျိုးနွယ်စု စစ်သည်တစ်ယောက်ပင်လျှင် ထိုငါးများကို တိုက်ခိုက်လိုခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုအားနည်းသည့် ကလေးများသည် မည်သို့ဖြင့် ဤငါးများကို ဖမ်းလာခဲ့သည်ကို သူမတွေးတတ် ဖြစ်နေခဲ့သည်။
ရှောက်ရွှမ်နှင့်အတူသွားခဲ့သည့် ကလေးကြီးနှစ်ယောက်တို့သည် သူတို့၏ မနက်ခင်း အမဲလိုက် ခရီးစဉ်ကို ဦးလေးကော အား ဂုဏ်ယူစွာဖြင့် ပြောပြလိုက်ကြလေသည်။ သူတို့၏ ရဲဝံ့မှုကို စစ်သည်တော်တစ်ဦးရှေ့တွင် ဖော်ပြခြင်းဖြင့် သူတို့သည် အနာဂတ်တွင် အမဲလိုက်အဖွဲ့အတွင်းသို့ ဖိတ်ခေါ်ခြင်း ခံရလိမ့်မည် ဖြစ်သည်။
ကလေးနှစ်ယောက်တို့၏ ပြောပြချက်သည် ရေရာမှုရှိမနေခဲ့ပေ။ သို့သော်လည်း ဦးလေးကောသည် အတွေ့အကြုံရင့် စစ်သည်တော် တစ်ဦးဖြစ်သဖြင့် အခြေအနေကို မှန်းဆနိုင်လိုက်လေသည်။ သူသည် ရှောက်ရွှမ်ကို ရှုပ်ထွေးသည့်အမူ
အယာဖြင့် ကြည့်လိုက်ပြီးပြောလိုက်သည်
“ အရင်ဆုံး အစားသောက်တွေကို ဝေပေးလိုက်ရအောင်”
ဂူထဲမှ ကလေးများသည် ရှောက်ရွှမ်နှင့် အခြား ကလေး လေးယောက်တို့ ယူလာသည့် ငါးများကို တွေ့လိုက်ရသည့် အချိန်တွင် သူတို့အနားကို ပြေးလာခဲ့ကြလေသည်။ ရှောက်ရွှမ်တို့ ငါးယောက်၏ အမူအယာပြောင်းလဲသွားခဲ့သည်။ အေးဆေးသည့် ‘ပါ ‘ ပင်လျှင် ကြမ်းတမ်းသည့်ပုံပေါ်လာခဲ့သည်။ သူ့လက်တစ်ဖက်ဖြင့် ငါးကို နောက်သို့ပို့ထားလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် တုတ်ချောင်းကို ကိုင်ထားလိုက်သည်။ အကယ်၍ တစ်ယောက်ယောက်သာ ငါးများကို လာလုပါက သူသည် သူတို့ကို တိုက်ခိုက်ပေလိမ့်မည်။
ဆီဆာသည် ရှောက်ရွှမ်၏ ငါးကို စောင့်ကြပ်ပေးနေသဖြင့် မည်သည့်ကလေးမှ ထိုငါးကို မခိုးယူရဲပေ။ သူတို့၏အကြည့်များသည် အခြားလေးယောက်ကိုသာ ကြည့်နေခဲ့ကြသည်။ ကံကောင်းစွာပင် အစားအသောက် ဖြန့်ဝေသည့် အချိန်ဖြစ်သဖြင့် လူတိုင်း၏ အာရုံသည် ပြောင်းလဲသွားခဲ့လေသည်။
ယခုအကြိမ်သည် ရှောက်ရွှမ် အနေဖြင့် အစားအသောက်များကို ပထမဆုံးဖြန့်ဝေပေးသည့် အကြိမ်ဖြစ်သည်။ သူသည် ‘ခူ’ မည်သို့လုပ်ခဲ့သည်ကို သိထားခဲ့သဖြင့် အလွယ်တကူပင် လုပ်နိုင်လိုက်သည်။ သူ့ကို ငါးဖမ်းကူခဲ့သည့် လေးယောက်အတွက် အစားအသောက်များကိုပင် သူချန်ထားပေးလိုက်သည်။
ဦးလေး ‘ကော’ သည် တဖက်တွင် ရပ်နေခဲ့ပြီး ရှောက်ရွှမ် အစားအသောက်များ ဝေငှပေးနေသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူသည် ငါးများကို လှည့်ကြည့်လှည့်ကြည့်ဖြင့် ပြန်လည်ထွက်ခွာသွား ခဲ့လေသည်။ သူသည်လည်း ငါးများကို စားသောက်လိုခြင်း မရှိပေ။ သို့သော် သူသည် အလွန်အမင်း သိလိုစိတ် ပြင်းပြနေခဲ့၏။
သို့သော်လည်း ရှောက်ရွှမ်သည် သူ့ကို သေသေချာချာ ရှင်းပြခြင်းမပြုခဲ့ပေ။ ဦးလေး ‘ကော’ သည်ပင် သူရုတ်တရက် ဂူ၏ ခေါင်းဆောင် ဖြစ်လာရခြင်းကို ရှင်းပြခြင်း မရှိပေ......။
မျိုးနွယ်စုသည် ထိုငါးများကို အမည်ပေးထားခြင်း မရှိပေ။ သို့နှင့် ရှောက်ရွှမ် ထိုငါးများကို
‘ဖရာနာ’ ငါးများဟု အမည်ပေးထားလိုက်သည်။
[TN/Piranha fish - အသားစားငါးတစ်မျိုးပါ မြန်မာလိုပြန်ဖို့အဆင်မပြေလို့ အသံထွက်ပဲရေးလိုက်ပါတယ်]
လိုဏ်ဂူထဲတွင် ပစ္စည်းများကို ချိတ်ဆွဲရန် နေရာရှိနေသည်ကို ရှောက်ရွှမ် တွေ့ထားခဲ့သည်မှာ ကြာနေပြီဖြစ်သည်။ သူတို့ကို နောက်ဆုံး အသုံးပြုခဲ့သည်မှာ မည်မျှ ကြာနေပြီမှန်း သူမသိပေ။ သူသည် နံရံရှိ ကျောက်တုံးချိတ်တစ်ခုပေါ်တွင် ငါးကို ချိတ်ဆွဲထားလိုက်လေသည်။
ရှောက်ရွှမ်၏ လုပ်ရပ်ကို ကြည့်လိုက်ပြီး အခြားကလေးလေးယောက်တို့လည်း လိုက်လုပ်လိုက်ကြသည်။ သူတို့အနေဖြင့် အခြားကလေးများ လုယူသွားမည်ကို ကြောက်လျှင် ထိုသို့ချိတ်ဆွဲထားခြင်းသာ အကောင်းဆုံးဖြစ်သည်။
သူတို့လေးယောက်လုံးသူတို့၏ ‘ဆုတံဆိပ်’ ကို သေချာ စောင့်ကြပ်နေလိုက်ကြသည်။
အခြားဂူထဲမှ ကလေးများသည် မနက်ခင်းက ရှောက်ရွှမ်နှင့်အတူ မလိုက်မိခဲ့သည့်အတွက် နောင်တ ရနေကြလေသည်။ ရှောက်ရွှမ်နှင့် လိုက်သွားကြသည့် ကလေးလေးယောက်တို့သည် ငါးများကို ကိုယ်စီရရှိလာခဲ့ကြသည်။
ပြောရလျှင် ရှောက်ရွှမ်သည် ကလေးများ၏ စိတ်ထဲတွင် အသိစိတ်တစ်ခု ဝင်သွားအောင် လှည့်ကွက်သုံးလိုက်ခြင်း ဖြစ်သည်။ “ ငါ့နောက်ကို လိုက်ခဲ့.... ဒါဆိုရင် အသားတွေ ရမယ် “
နောက်နေ့ကော အမဲလိုက်ထွက်ဦးမှာလား...... သေချာတာပေါ့ .... ဒါပေမယ့်
“ မင်းတို့ ငါပြောတာကို နားထောင်မှရမယ် “ ရှောက်ရွှမ် ပြောလိုက်သည်။
လိုဏ်ဂူထဲမှ ကလေးများ အနေဖြင့် အခြားလူတစ်ဦး၏ စကားကိုနားထောင်ခိုင်းရန်မှာမဖြစ်နိုင်သော ကိစ္စသာ ဖြစ်သည်။ သူတို့ကို ထိုးနှက်တိုက်ခိုက်လျှင်ပင် စကားနားထောင်ကြလိမ့်မည် မဟုတ်ချေ။ ကလေးများသည် အလွန်အမင်း ခေါင်းမာပြီး အကြမ်းပတမ်း ခံနိုင်ကြသည်။ သင်သည် သူတို့ကို တစ်ကြိမ် ရိုက်ပုတ်ထိုးနှက်နိုင်သည်။ သို့သော် သူတို့သည် အမှတ်ရှိလိမ့်မည် မဟုတ်ပဲ နောက်တစ်ကြိမ် သင်၏ပစ္စည်းများကို ခိုးယူလိမ့်မည် ဖြစ်သည်။ ယခင် လိုဏ်ဂူ၏ ခေါင်းဆောင်ဖြစ်သူ ‘ခူ ‘ ရှိနေစဉ်ကလည်း သူသည် ကလေးများကို ရိုက်ပုတ်လေ့ရှိခဲ့သည်။ ကလေးများ၏ တိုက်ခိုက်မှုများသည် ပေါ့သေးသေးမဟုတ်ပေ။ အချို့သည် ဆယ်ရက်ကျော်ခန့် အနားယူရသည်အထိ ပြင်းထန်စွာ ဒဏ်ရာရရှိကြလေ့ရှိသည်။
သို့သော်လည်း ယခုတွင် ရှောက်ရွှမ်၏ ‘ ငါ့နောက်လိုက်ခဲ့..... ဒါဆိုရင် အသားတွေ ပြန်ရမယ် ‘ ဟူသည့် သဘောတရားအရ ကလေးများသည် သူ့စကားကို နာခံနေကြလေသည်။
နောက်တစ်နေ့တွင် ရှောက်ရွှမ် သူတို့ကို ကောက်ရိုး ကြိုးများ ရက်လုပ်ရန် အမိန့်ပေးလိုက်သည်။
ဤရာသီတွင် ကောက်ရိုးကြိုးအဖြစ် ရက်လုပ်နိုင်သည့် မြက်ခြောက်များ ပေါများပေသည်။ အရင်းအမြစ်ပေါများသော်လည်း လိုဏ်ဂူထဲမှ ကလေးတိုင်းက ကြိုးရက်လုပ်ခြင်းကို လုပ်တတ်နေသည်မဟုတ်ပေ။ အချို့ကလေးများသည် သူတို့မိဘများ ရှိနေကြစဉ်က သင်ယူထားဖူး ခဲ့သည်သာရှိသည်။
ကလေးစုစုပေါင်း (၂၇) ယောက်ရှိပြီး ‘ခူ’ ထွက်ခွာသွားသည်နှင့် အမြဲမရှိ နေတတ်သည့် ကလေးတစ်ယောက်ကို ဖယ်လိုက်လျှင် ကလေး (၂၅) ယောက် ကျန်ရှိနေသည်။ ရှောက်ရွှမ် သူတို့ကို အုပ်စု ငါးစုအဖြစ်သို့ ခွဲထားလိုက်သည်။ အုပ်စုတစ်ခုစီတွင် ကြိုးရက်လုပ်တတ်သည့် ကလေးတစ်ယောက်ကို ထည့်သွင်းထားပေးလိုက်သည်။ ထို့နောက်တွင် ရှောက်ရွှမ် သူတို့ကို အလုပ်တာဝန် ခွဲဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ရှင်းပြလိုက်သည်။ အချို့ကလေးများသည် မြက်ခြောက်များကို စုဆောင်းနေသည့်အချိန်တွင်၊ အချို့ကလေးများက ကြိုးရက်လုပ်နေကြသည်။ အချို့မှာမူ ကျောက်တုံးတီကောင်များကို လိုက်ရှာနေကြလေသည်။
ကလေးများသည် ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထမရှိသဖြင့် အုပ်စုတစ်ခုတည်းတွင် ဖြစ်သော်လည်း ရန်ဖြစ်ချင် ဖြစ်နေတတ်ကြသေးသည်။
ရှောက်ရွှမ် ထိုအငြင်းပွားမှုများကို ဖြေရှင်းပေးလိုက်ပြီးနောက် သူ၏ လုပ်ဆောင်မှုအချို့တို့ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
ယခုတွင် အုပ်စုတစ်ခုစီသည် သေးငယ်သည့် အမဲလိုက်အဖွဲ့တစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။ ဒါက မင်းတို့ရဲ့ ကိုယ်ပိုင် အမဲလိုက် အဖွဲ့ပဲ.... ။
သေးငယ်သည့် အမဲလိုက် အဖွဲ့.....။
ထိုစကားသည် ကလေးများအတွက်မူ မှော်ဆန်သည့်စကားလုံးများ ဖြစ်နေခဲ့ပြီး သူတို့အားလုံး စိတ်ကူးယဉ်နေကြလေ၏။
သူတို့အတွက် ‘ အမဲလိုက်အဖွဲ့’ ဟူသည့် စကားလုံးသည် တောက်ပသော စကားလုံးတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်သူတို့ တကယ့် လူကြီးများကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
အမဲလိုက်အဖွဲ့နှင့် ပူးပေါင်းနိုင်ခြင်းသည် အစားအသောက် ဖူလုံသည့် လက္ခဏာပင် ဖြစ်သည်။ သူတို့အနေဖြင့် အမဲလိုက်ရန် အသင့်ဖြစ်နေကြပေပြီ။
ရှောက်ရွှမ် လူအုပ်ကြီးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ ကောင်းပြီလေ..... ထွက်ချင်တဲ့လူ .... ဒါမှမဟုတ် ငါ့အမိန့်ကို မနာခံချင်တဲ့လူရှိရင် ၊ ဒါမှမဟုတ် အချင်းချင်းတိုက်ခိုက်မယ်ဆိုရင် ငါတို့ အဖွဲ့တွေထဲကို မဝင်နဲ့တော့၊ ငါတို့ မခေါ်ဘူး “
မည်သူမှ လှုပ်ရှားခြင်း မရှိကြချေ။
ရှေ့ဆုံးတွင် ရပ်နေခဲ့သည့် ကလေးသည် သူ့ကိုယ်သူ အခြားသူများနှင့် ယှဉ်ကြည့်လိုက်ပြီး အနည်းငယ် ရှေ့သို့ရောက်နေသည်ဟု ခံစားလိုက်ရပြီး နောက်သို့ ပြန်ဆုတ်လိုက်သည်။ သူ့ကို နုတ်ထွက်ချင်သည့် လူတစ်ယောက်ဟု ထင်သွားမည်ကို သူကြောက်နေခဲ့၏။
ယခင်က တိုက်ခိုက်ခဲ့သည့်ကလေးသည်လည်း သူမဟုတ်သကဲ့သို့ပင် အုပ်စုထဲတွင် တည်ငြိမ်စွာရပ်နေခဲ့သည်။
“ ကောင်းပြီလေ.... ဘယ်သူမှ မထွက်ချင်ဘူးဆိုမှတော့ သွားကြရအောင် ။ ငါ့စကားကိုတော့ နားထောင်ရမယ်နော် ..... ။ နားမထောင်တဲ့လူကို အုပ်စုထဲကနေ ထုတ်ပယ်မယ် “
ရှောက်ရွှမ်သည် ‘အမဲလိုက်အဖွဲ့’ ဟူသည့် ဝေါဟာရကို ခနခနအသုံးပြုနေခဲ့သည်။ ကလေးများသည် ခေါင်းမာကြသော်လည်း ဖြူစင်ရိုးရှင်းသည့် လူများဖြစ်ကြသဖြင့် သူသည် အဖွဲ့ထဲမှ ထုတ်ပယ်မည် ဟူသည့် စကားဖြင့် သူတို့ကို ထိန်းချုပ်ထားလိုက်သည်။
မျှော်လင့်ထားသည့် အတိုင်းပင် သူတို့ကို ထိန်းချုပ်ရသည်မှာ ပိုမိုလွယ်ကူသွားခဲ့သည်။
သို့သော် လည်း တကယ့်အစစ်အမှန် တာဝန်နှင့်ကြုံတွေ့ရသည့်အခါတွင် မျှော်လင့်ထားသည်နှင့် ကွဲပြားနေခဲ့လေ၏။
မြစ်ကမ်းတွင်.....
အစောင့်နှစ်ယောက်တို့သည် ရှောက်ရွှမ် ကလေးများကို အမိန့်ပေးနေပြီး အလုပ်ရှုပ်နေခဲ့သည်ကို ကြည့်လိုက်ကြကာ ပြုံးမိလိုက်ကြသည်။ တစ်ခါတွင် ရှောက်ရွှမ် ဒေါသထွက်လာပြီး ကလေးတစ်ယောက်ကို ထိုးထည့်လိုက်သည်။ ထိုကလေးသည် သွေးထွက်နေသည့် နှာခေါင်းဖြင့်ပင် ပြန်ထလာခဲ့ပြီး ပြုံးနေခဲ့ကာ အလုပ်ပြန်လုပ်နေလေသည်။
သူတို့၏မျက်လုံးများသည် တောက်ပနေခဲ့ကြပြီး အထူးသဖြင့် ငါးတစ်ကောင်ကို ရေထဲမှ ဆွဲတင်လိုက်ကြသည့်အချိန်တွင် ဖြစ်သည်။ အချို့သည် စိတ်လှုပ်ရှားခြင်းကို ဖော်ပြသည့် အနေဖြင့် ခုန်ပေါက်ခြင်း ၊ကျွမ်းထိုးခြင်းများကိုပင် လုပ်နေခဲ့ကြသည်။ အကယ်၍ ငါးများထံတွင်သာကြီးမားသည့် ပါးစပ်များနှင့် ချွန်ထက်သည့်သွားများ ရှိမနေခဲ့လျှင် သူတို့သည် ထိုငါးများကို ဝမ်းသာအားရ ဖက်ထားမိကြမည်လောမဆို နိုင်ပေ။
ရက်ပေါင်းများစွာကြာအောင် ရှောက်ရွှမ် သူတို့ကို ငါးများသည့်နေရာသို့ ခေါ်သွားခဲ့သည်။ ရေထဲတွင် ငါးများစွာ ရှိနေသဖြင့် နေ့တိုင်းပင် သူတို့ငါးများစွာကို ဖမ်းမိနိုင်ကြလေသည်။ အချို့ကလေးများသည် ကြိုတင်ပြီး ရိက္ခာစုဆောင်းထားရန်ကိုပင် တွေးတောနေကြပြီ ဖြစ်သည်။ သူတို့သည် ထိုအကြံကို သူတို့မိဘများထံမှ ရလာခဲ့ခြင်းဖြစ်ပြီး အချို့ကလေးများမှာမူ အချင်းချင်း ကြည့်ရှုလေ့လာခြင်းဖြင့် ထိုအကြံကို ရလာခဲ့ခြင်း ဖြစ်သည်။
လိုဏ်ဂူထဲမှ ကလေးများအတွက် ထိုနေ့ရက်များသည် ပျော်ရွှင်ဖွယ်ကောင်းသည့် နေ့ရက်များ ဖြစ်ခဲ့လေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် ပို၍ပင် စွမ်းအားပြည့်ဝလာသကဲ့သို့ ထင်ရလေသည်။ အချို့သော အအိပ်မက်သည့်ကလေးများသည် ရှောက်ရွှမ်ထက်ပင် စောထတတ်လာကြပြီး ရှောက်ရွှမ်ကို နှိုးလာတတ်ကြလေသည်။ ညအချိန်များတွင် သူတို့သည် နံရံတွင် ချိတ်ဆွဲထားသည့် ကြီးမားသည့် ငါးများကို ကြည့်နေတတ်ကြ၏။ တစ်ခါတစ်ရံ မီးပုံမှအလင်းရောင်ငြိမ်းသွားသည့်အချိန်တွင်ပင် သူတို့သည်ငါးများကို ကြည့်နေတတ်ကြ၏။ ညလယ်ဖက်များတွင် ထရယ်နေသည့် ကလေးများ၏ အသံများကိုပင် ရှောက်ရွှမ် ကြားလိုက်မိသေး၏။ ကြောက်စရာပင်................။