သူတို့ကို ရိုက်
Vol. 1 Ch. 12
ယနေ့သည် နေသာသည့်နေတစ်နေ့ဖြစ်သည်။
ရေမျက်နှာပြင်သည် တည်ငြိမ်နေခဲ့ပြီး အရာအားလုံး တိတ်ဆိတ်နေခဲ့သည်။ ယခင်နေ့များက လေထန်ပြီး လှိုင်းများသည် ကမ်းခြေကို ရိုက်ပုတ်နေခဲ့သည်။ ယနေ့တွင် လေမတိုက်သဖြင့် ထိုနေ့များမှ မြင်ကွင်းမျိုးနှင့်မတူနေခဲ့ပေ။
အရာအားလုံးသည် တည်ငြိမ်လွန်းနေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေခြင်းဖြစ်သည်။
ကမ်းခြေတွင် အခြေအနေတည်ငြိမ်နေခဲ့သော်လည်း ရေနက်ပိုင်းတွင် မည်သို့ဖြစ်နေသည်ကို မည်သူမှ မမြင်တွေ့နိုင်ခဲ့ပေ။
အန္တရာယ်များလွန်းသည့် ကမ္ဘာကြီးအတွင်း၌ အနည်းငယ် သတိမထားလိုက်မိသည်နှင့် အသက်အန္တရာယ်နှင့်ရင်ဆိုင်ရနိုင်ချေ ရှိနေသည်။ မည်သို့ပင်ဖြစ်စေ မြစ်ပြင်သည် အနက်ရောင်နွံအိုင်ကဲ့သို့ပင် အန္တရာယ်များသည့်နေရာ တစ်ခုဟု မျိုးနွယ်စုမှ လူများသတ်မှတ်ထားကြသည် မဟုတ်ပေလော။ ယခင်နေ့များက လုံလုံခြုံခြုံဖြင့် ငါးမျှားနိုင်ခဲ့ခြင်းသည် နေ့တိုင်းလုံခြုံနေလိမ့်မည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။
ရှောက်ရွှမ် သတိထားနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ကလေးများအားလုံး ပဟေဠိဖြစ်သွားကြပြီး လုပ်လက်စအလုပ်များကို ရပ်တန့်လိုက်ကြကာ နောက်သို့ ဆုတ်လိုက်ကြလေသည်။ သူတို့အားလုံးသည် ကြမ်းတမ်းကြပြီး ထက်မြက်သည့် ကလေးများ မဟုတ်ကြပေ။ သို့သော်လည်း သူတို့သည် တုံးအကြသူများမဟုတ်ကြပဲ သူတို့၏ အသက်များကိုလည်း တန်ဖိုးထားတတ်ကြသည့် ကလေးများ ဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ ရှောက်ရွှမ် သည် ယခုရက်ပိုင်းများတွင် သူတို့၏ ယုံကြည်မှုကို ရယူခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးနောက်ဆုတ်လိုက်ကြ အပြီးတွင် ရှောက်ရွှမ်၏ အမိန့်ကို စောင့်နေလိုက်ကြသည်။
ရှောက်ရွှမ်သည် တည်ငြိမ်နေခဲ့သည့် ရေပြင်ကို ကမ်းပေါ်မှ ကြည့်နေလိုက်ပြီး တွေးတောနေလိုက်သည်။
ရေမျက်နှာပြင်သည် တည်ငြိမ်နေဆဲပင် ဖြစ်လေသည်။ အခြားသာမန်နေ့များနှင့် အတူတူသာ ထင်မှတ်ရသည်။ ရေသည် အရောင်အဆင်း ပြောင်းလဲခြင်း မရှိသကဲ့သို့ မည်သည့် မူမမှန်သည့် လှုပ်ရှားမှုမျိုးကိုမှ မတွေ့နေရပေ။ သူထင်ယောင်ထင်မှား ဖြစ်နေတာများလား။
ရုတ်တရက် ရှောက်ရွှမ်၏ ရှေ့တွင် အဖြူရောင် ဖောက်ထွင်းမြင်နေရသည့် သတ္တဝါတစ်ကောင် ပေါ်ထွက်လာခဲ့၏။ သူတို့သည် အားကစား ကြက်တောင်ကို ပြောင်းပြန်လှန်ထားသည်နှင့် ဆင်တူနေသည်။ သူတို့ထံတွင် များစွာသော လက်တံများ ရှိနေခဲ့၏။ သူတို့သည် ထိုလက်တံများကို လှုပ်ရှားပြီး ရွေ့လျားကြခြင်းဖြစ်လေသည်။
ယခင်အတွေ့အကြုံများအရ ထိုကဲ့သို့သော မြင်ကွင်းသည် အကြောင်းမရှိပဲ ပေါ်လာလိမ့်မည် မဟုတ်ကြောင်းကို ရှောက်ရွှမ် သိနေခဲ့သည်။ ထိုသတ္တဝါများ ရေထဲတွင် နောက်ထပ်ရှိနေနိုင်ပြီး ၎င်းတို့သည် အန္တရာယ်များနိုင်ပေသည်။
ရှောက်ရွှမ် ကျောက်တုံးတီကောင်းကို အစွန်းတဖက်တွင် ချည်နှောင်ထားသည့် ကောက်ရိုးကြိုးကို ကိုင်လိုက်ပြီး ရေထဲသို့ ပစ်ချလိုက်လေသည်။ ထိုကြိုးသည် ကမ်းခြေမှ နှစ်မီတာခန့် အကွာတွင် ရေထဲသို့နှစ်မြုပ်သွားခဲ့လေသည်။ အခြားအစွန်းတဖက်ကို ကိုင်ထားခဲ့သည့် ရှောက်ရွှမ်သည် ‘ဖရာနာ ‘ ငါးများကို ဖမ်းစဉ်က ကဲ့သို့ ရေထဲမှ ဆွဲနေသည့် ဆွဲအားကို မခံစားရပဲ ဖြစ်နေခဲ့သည်။
အနက်ရောင်ပူပေါင်းသည် ရေမျက်နှာပြင်ပေါ်တွင် တည်ငြိမ်စွာဖြင့် ရှိနေခဲ့သည်။ ရေအောက်မှ တီကောင်၏ လှုပ်ရှားမှု တစ်ခုတည်းကိုသာ ခံစားနေရပေသည်။ သို့သော် ရှောက်ရွှမ်သည် တီကောင်၏ ရုန်းကန်မှုကို သိနေခဲ့ပြီးဖြစ်သည်။ ယခုတွင် ရေမျက်နှာပြင်ပေါ်မှ အနက်ရောင်ပူပေါင်း၏ လှုပ်ရှားမှုသည် ပြင်းထန်မနေခဲ့ပဲ အနည်းငယ် ငြင်သာနေခဲ့သည်။ ထို့နောက်တွင် တဖြည်းဖြည်း တည်ငြိမ်သွားလေသည်။
ရှောက်ရွှမ် ကောက်ရိုးကြိုးကို ပြန်ဆွဲလိုက်သည်။ ကလေးများ စုဝေးလာကြပြီး ကြည့်လိုက်ကြသည်။ ကျောက်တုံး တီကောင်သည် ရေထဲမှ ပြန်ပေါ်လာခဲ့၏။
တီကောင်သည် အကိုက်ခံထားရခြင်း မရှိနေပေ။ သို့သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဖြူဖျော့နေခဲ့ပြီဖြစ်သည်။ ၎င်းသည် အရွယ်အစားလည်း လျော့ကျသွားပြီဖြစ်ပြီး ရေထဲကို ချလိုက်စဉ်က ကွေးကောက်နေသည့်အနေအထား အတိုင်းပင် တောင့်တင်းနေခဲ့၏။
တီကောင်ကိုကြည့်လိုက်ပြီး ရှောက်ရွှမ် သူ၏ ကျောက်တုံး ဓါးတိုလေးဖြင့် ၎င်းကို ထိုးချလိုက်သည်။
ကလစ်.....
ဓါးထိုးချက်ကြောင့် တီကောင်သည် ဖန်သားဖြင့်ပြုလုပ်ထားသည့် ခွက်တစ်ခု သဖွယ် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရ၏။ ၎င်း၏ ခန္ဓာကိုယ်သည် ယခင်ကကဲ့သို့ပျော့ပြောင်းနေခြင်း မရှိတော့ပေ။
ကြည့်နေကြသည့်ကလေးများ အားလုံး ကြောက်လန့်သွားကြလေသည်။ လူတစ်ယောက်ယောက်များ ရေထဲကျသွားရင် သူ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီးတော့ ကြွပ်ယွသွားမှာလား .......။
မည်သူမှ မစမ်းသပ်ရဲကြသဖြင့် သူတို့အားလုံး မြစ်ကမ်းဆီမှ ကုန်းပေါ်ပြန်တက် ပြေးလာကြလေသည်။
ရှောက်ရွှမ် နောက်ထပ် ကျောက်တုံးတီကောင် အနည်းငယ်ကို ရေထဲသို့ ပစ်ချကြည့်လိုက်သည်။ အကြိမ်တိုင်း သူသည် တူညီသော ရလာဒ်ကိုသာ ရရှိခဲ့သည်။ အသက်ရှင်နေကြသည့် တီကောင်များသည် ရေထဲရောက်သွားသည်နှင့် ကြွပ်ရွ သော အသေကောင်များ အဖြစ်သို့ ပြောင်းလဲသွားကြလေသည်။
“ ငါးတွေက တီကောင်တွေကို စိတ်မဝင်စားတော့တာလား... ဒါမှမဟုတ် ငါးတစ်ကောင်မှ မကျန်တော့ဘူးလား ။ ရေထဲမှာ တစ်ခုခု ရှိနေလို့ ငါးတွေ ထွက်ပြေးသွားတာများလား။ ဒီသတ္တဝါတွေ ထွက်သွားပြီးမှပဲ ငါးတွေ ပြန်လာတော့မယ် ထင်တယ် “ ရှောက်ရွှမ် ကြိုးကို ပြန်သိမ်းလိုက်ပြီး ကောက်ချက်ချလိုက်သည်။
“ ဒီလိုဆိုရင် .....ငါးတွေက ဘယ်အချိန်ပြန်လာမှာလဲ “ ကလေးတစ်ယောက်မေးလိုက်သည်။ ယခုတွင် ကလေးများသည် ရုပ်ဆိုးသော ‘ဖရာနာ’ ငါးများကို မကြောက်ကြတော့ပေ။ ထို့အစားသူတို့သည် ထိုငါးများကို ပင် မြင်တွေ့လိုနေကြသည်။ သူတို့ငါးဖမ်းတစ်ရက်မထွက်သည်နှင့် ထိုငါးများ မည်သည့်နေရာသို့ ရောက်သွားကြလေသနည်း......။
“ ငါလည်း မသေချာဘူး။ မနက်ဖြန်မှ ထပ်လာပြီးတော့ စစ်ဆေးကြည့်တာပေါ့ “ ရှောက်ရွမ် သူ့ခေါင်းကိုခါယမ်းလိုက်ပြီး အစောင့်များဆီသို့ သွားလိုက်ကာ အခြေအနေကို ပြောပြလိုက်သည်။ သို့မှသာ သူတို့အနေဖြင့် မျိုးနွယ်စုမှ လူများ ရေထဲသို့မဆင်းရန် သတိပေးနိုင်မည်ဖြစ်သည်။ ထို့နောက်တွင် သူသည် သေနေပြီဖြစ်သည့် ကြွပ်ယွနေသည့် တီကောင်တစ်ကောင်ကိုပါ သူတို့ကို ပြသလိုက်သည်။
“ ပြန်ကြရအောင် ......။ ငါတို့ နောက်တစ်ခါ ငါးမျှားဖို့ ကောက်ရိုးကြိုးတွေ များများ ကျစ်ထားရမယ် “ ရှောက်ရွှမ် အကြံပြုလိုက်သည်။ ကြိုးအသုံးပြုမှုသည် များပြားပေသည်။ ကြိုးများသည် အရည်အသွေးကောင်းများ မဟုတ်သဖြင့် အကြိမ်အနည်းငယ် အသုံးပြုယုံမျှဖြင့် ပျက်စီးကုန်လေ၏။ သူတို့အနေဖြင့် ယနေ့တွင် ငါးမျှားရန် မဖြစ်နိုင်တော့သဖြင့် ရှောက်ရွှမ်သည် သူတို့ကို မြက်ချောက်များ ကို စုဆောင်းရန်နှင့် ဂူထဲတွင် ထိုင်ပြီး ကြိုးကျစ်ရန်ကိုသာ ညွှန်ကြားလိုက်သည်။
ကြွပ်ယွသွားသည့် တီကောင်များသည် ကလေးများကို ထိန်လန့်သွားစေခဲ့သော်လည်း သူတို့သည် စိတ်ဓါတ်တက်ကြွနေကြဆဲ ဖြစ်သည်။
ယနေ့သည် ယခင်နေ့များကဲ့သို့သာ ဖြစ်ခဲ့လျှင် သူတို့ငါးကောင်ရေမည်မျှ ဖမ်းဆီးနိုင်ခဲ့မည်နည်း။ လေးကောင်လား........။ အကယ်၍ ဆီဆာသာ ကျောက်တုံး တီကောင်များကို များများ ဖမ်းဆီးပေးလျှင် သူတို့အနေဖြင့် ငါးများများ ပိုရနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယနေ့ငါးမျှားထွက်ခြင်းသည် မအောင်မြင်ခဲ့ပေ။ အားရွှမ်၏ စကားများအရ သူတို့ မနက်ဖြန်တွင် ငါးပြန်ဖမ်းရန် ထပ်သွားကြမည် ဖြစ်သည်။ သို့သော်လည်း မနက်ဖြန်တွင်လည်း ယနေ့ကဲ့သို့ ဖြစ်နေလျှင် မည်သို့လုပ်ကြမည်နည်း။ သဘက်ခါ ဆိုရင်ကော.......။ ဒါပြီးရင်ကော.......။ သူတို့ ဘယ်သောအခါမှ ငါးမမျှားရတော့ လျှင် မည်သို့လုပ်ကြမည်နည်း။
ထိုအကြောင်းကို တွေးမိယုံနှင့် သူတို့ ကြောက်လန့်သွားကြသည်။
ကလေးများသည် ကြိုးများကျစ်နေကြသော်လည်း သူတို့အားလုံးသည် စိတ်လှုပ်ရှားနေကြကာ အတွေးများ ယောက်ယက်ခတ် နေခဲ့ကြသည်။
ရှောက်ရွှမ် လိုဏ်ဂူအဝတွင် ထိုင်နေလိုက်ပြီး သူတွေ့ခဲ့သည့် သတ္တဝါများအကြောင်းကို ပြန်တွေးနေလိုက်သည်။ သူသည် ရောက်လာတော့မည့် ဆောင်းရာသီအကြောင်းကိုလည်း တွေးနေမိသည်။
ဤနေ့တွင်များစွာသော လူများ ငါးမျှားကြရန် မြစ်ကမ်းသို့ ရောက်လာခဲ့လျှင် သူတို့အားလုံးသည် အစောင့်များ၏ မောင်းနှင်ထုတ်ခြင်းကို ခံလိုက်ကြရသည်။
ယခင်နေ့များက တောင်ခြေတွင် နေထိုင်ကြသည့် လူအများသည် လိုဏ်ဂူအတွင်းမှကလေးများ ငါးများဖမ်း၍ ပြန်လာကြသည်ကို တွေ့တွေ့နေခဲ့ကြသည်။
စပ်စုကြသော လူတချို့သည် ကလေးများကိုလိုက်ကြည့်ကြပြီး ငါးမျှားသည်ကို တွေ့သွားကြသဖြင့် ငါးမျှားရန် အကြံများ ရသွားကြသည်။ သို့သော်လည်း သူတို့အနေဖြင့် ကျောက်တုံး တီကောင်များကို ဖမ်းဆီးနိုင်ရန်မှာ ခက်ခဲသော ကိစ္စတစ်ခုဖြစ်နေခဲ့သည်။ ထို့အပြင် ဒုတိယအနေဖြင့် တီကောင်များကို ဖမ်းဆီးနိုင်ခဲ့လျှင်ပင် ရှောက်ရွှမ်တို့ ကလေးများကဲ့သို့ ငါးများကို အလွယ်တကူ ဖမ်းယူနိုင်ကြခြင်း မရှိသေးပေ။ သူတို့ ဖမ်းမိကြသည်များမှာ ဂြိုလ်သားဆန်သည့် သက်ရှိများ ဖြစ်ကြပြီး ထိုအကောင်ကို ထိမိလိုက်လျှင် လူတစ်ကိုယ်လုံး ပြင်းစွာ ယောင်ကိုင်း လာတတ်ပေသည်။
နောက်ဆုံးတွင် ထိုလူများသည် ရှောက်ရွှမ် အသုံးပြုနေသည့် ရေပေါ်ပေါ်နိုင်သည့် အနက်ရောင် အရာတစ်ခုကို သတိပြုမိသွားကြသည်။ ထိုအရာသည် ရှောက်ရွှမ်နှင့် သူတို့ကြားရှိ တစ်ခုတည်းသော ကွာခြားချက် ဖြစ်သည်။ ထိုအရာကို မသုံးနိုင်လျှင် သူတို့အနေဖြင့် ငါးဖမ်းရန်မှာ ခက်ခဲနေလိမ့်မည်သာဖြစ်သည်။
ရှောက်ရွှမ်နောက်ဆုံးတွင် မည်သို့ ဖြစ်သည်ကို သိလိုက်ရသည်။ ထို ‘ဖရာနာ‘ငါးများသည် ရေနက်ပိုင်း မြစ်အောက်ခြေတွင်နေထိုင်ရခြင်းကို ကြိုက်နှစ်သက်ပုံမပေါ်ပေ။ ကျောက်တုံး တီကောင်များကို ရေနက်ပိုင်းအထိ ပစ်ချလိုက်ပါက တီကောင်များသည် မြေကြီးထဲတိုးဝင် လွတ်မြောက်သွားနိုင်ကြသည်။ ထို့ကြောင့်ပင် မျိုးနွယ်စုမှ လူများသည် အချိန်အဆမမှန်သဖြင့် ငါးများကို မရနိုင်ကြခြင်း ဖြစ်ပေလိမ့်မည်။
ဤနေ့များတွင် ရှောက်ရွှမ်သည် ဆီဆာကို အနက်ရောင်နွံအိုင်ဆီမှ ထိုပိုးကောင်မျိုးကို ထပ်ဖမ်းခိုင်းခဲ့သည်။ ထို့နောက်တွင် သူ့အနေဖြင့် အနက်ကို ပြနိုင်သည့် ရေတွင်မျောလွင့်သည့် အနက်ရောင်ပူပေါင်းများကို ပိုမို ရလာနိုင်ပြီ ဖြစ်သည်။ သူသည် ထိုအရာများဖြင့် တိရိစ္ဆာန် သားရေအချို့နှင့် အသားများကို လဲလှယ်နိုင်ခဲ့သည်။ အသားများစွာ မရပဲ သူသည် ထိုအသားများ အားလုံးကို လိုဏ်ဂူထဲမှ ကလေးများဖြင့် မျှဝေစားခဲ့၏။ တိရိစ္ဆာန် သားရေများမှာမူ အရည်အသွေးမကောင်းသော်လည်း အနည်းဆုံး သူတို့အားလုံးကို လာမည့်ဆောင်းရာသီတွင် နွေးထွေးစေနိုင်ပေလိမ့်မည်။
ထို့ကြောင့်ပင် လိုဏ်ဂူထဲမှ ကလေးများသာမကပဲ တောင်ခြေ ဒေသမှ အမဲလိုက်တာဝန်မရှိနေသည့် မျိုးနွယ်စုဝင်များပင် ငါးမျှားခြင်းကို မပင်မပန်း လုပ်ဆောင်လာကြလေသည်။ အစားအသောက်များ များများစားစားရှိနေခြင်းကို မည်သူမှ သဘောမကျပဲ မနေပေ။ ဆောင်ရာသီ ရောက်လာနေခဲ့ပြီဖြစ်သည်။ တစ်စုံတစ်ယောက်သည် လုံလောက်သော အစားအသောက်များကို သိုလှောင်ထားမှသာ စိတ်သက်သာရာရမှုကို ခံစားနိုင်ပေလိမ့်မည်။
သို့သော်လည်း လူတိုင်းသည် ယနေ့တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရ၏။
ရှောက်ရွှမ် စိတ်ပျက်လက်ပျက်ဖြင့် ဒေါသထွက်နေပြီး မြစ်ကမ်းဆီမှ ပြန်လာနေခဲ့သည့် လူအုပ်စု တစ်ခုကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
ရုတ်တရက် ဘေးဖက်တစ်နေရာတွင် အိပ်နေခဲ့သည့် ဆီဆာသည် ထလာခဲ့ပြီး အရပ်မျက်နှာ တစ်ခုကို လှမ်းကြည့်လိုက်လေသည်။
ရှောက်ရွှမ်လည်း ထိုဖက်ကို လိုက်ကြည့်လိုက်သည်။
လိုဏ်ဂူဝင်ပေါက်မှ မီတာနှစ်ဆယ်ခန့် အကွာအဝေးတစ်နေရာတွင် ကြီးမားသည့်ကျောက်တုံးများ ရှိနေခဲ့သည်။ သာမန်အားဖြင့် ရာသီဥတု ကောင်းသည့်နေ့များတွင် ကလေးများသည် ထိုနေရာတွင် လဲအိပ်ကြပြီး နေပူဆာ လှုံလေ့ရှိကြသည်။ သို့သော်လည်း လက်ရှိနေ့ရက်များတွင် ကလေးများ အလုပ်များနေကြသဖြင့် ထိုနေရာသို့ သွားသည့်လူမရှိတော့ပေ။ သို့သော်လည်း ရှောက်ရွှမ် ထိုနေရာတွင် လူတစ်ယောက်ကို မြင်လိုက်ရလေသည်။
ထိုလူ၏ သားရေအဝတ်ကို ကြည့်လိုက်ပြီး ထိုလူသည် ရှောက်ရွှမ်ကို လုယက် ရိုက်နှက်လေ့ရှိသည့် ‘ စိုင် ‘ဖြစ်နေကြောင်းကို ရှောက်ရွှမ် သိလိုက်ရသည်။ သူသည် တစ်ကြိမ်က ရှောက်ရွှမ်၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည်။ ယဲ့နှင့် ကျန်းတို့သည် စိုင်မည်သည့်နေရာသို့ သွားသွား လိုက်ပါလေ့ ရှိသဖြင့် သူတို့လည်း ပါလာလိမ့်မည်ဟု ရှောက်ရွှမ် ထင်လိုက်သည်။
ယခင်တစ်ရက်က ရှောက်ရွှမ် ဆီဆာနှင့် ကျောက်တုံး တီကောင်များကို လိုက်ရှာနေသည့်အချိန်တွင် ထိုကလေး သုံးယောက်ပေါ်လာခဲ့ပြီး သူ၏ အနက်ရောင်ပူပေါင်းများကို လုယက်ရန် ကြံစည်ခဲ့ကြသည်။ ဤတစ်ကြိမ်တွင် လိုဏ်ဂူထဲမှ ကလေးများပါ ရောက်လာပြီး ရှောက်ရွှမ်ကို ကူညီပေးကြသဖြင့် သူတို့ထွက်ပြေးသွားခဲ့ကြလေသည်။ ဖြစ်နိုင်သည်မှာ ထိုသုံးယောက်သည် ယခုအထိလက်လျော့ခြင်း မရှိသေးပုံရသည်။ သူတို့က ဒီနေရာကနေ တစ်ခုခုကို ခိုးမလို့လုပ်နေတာများလား .......။
မျိုးနွယ်စုမှ မည်သူမှ လိုဏ်ဂူထဲမှ ကလေးများထံမှ အစားအသောက်များကို မလုရ ဟူသည့် စည်းမျဉ်းရှိနေသဖြင့် သူတို့လာသည်မှာ ငါးများကို လုယက်ရန် လာကြခြင်း ဖြစ်ပုံမရပေ။ သူတို့လိုချင်သည်မှာ ငါးမျှားသည့် ကိရိယာ တန်ဆာပလာများသာ ဖြစ်နိုင်ပေသည်။
ရှောက်ရွှမ် ဆီဆာကို တို့လိုက်ပြီး စောင့်နေရန် မှာကြားလိုက်သည်။ ထို့နောက် သူသည် လိုဏ်ဂူအတွင်း သို့ လှည့်ဝင်သွားလိုက်သည်။
“ ဟေး မင်းတို့အားလုံး “ ရှောက်ရွှမ် လိုဏ်ဂူထဲမှ ကလေးများ အားလုံးကို အော်ပြောလိုက်သည်။ “
အရင်က မင်းတို့လုပ်တာတွေ ကောင်းတယ်။ ငါတို့ ငါးတွေ အများကြီးဖမ်းမိခဲ့တယ်။ ဒီလို ဆက်သွားမယ်ဆိုရင် ငါတို့ ဆောင်းတွင်းမှာ အစာငတ်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က ငါတို့ဆီကနေ အစားအစာတွေကိုလုချင်နေတယ်၊ ငါတို့ဘာလုပ်ကြမလဲ “
ကလေးများသည် ရှောက်ရွှမ်၏ စကားကို ကြားလိုက်ရသည့်အချိန်တွင် မျက်လုံးများ ပြူးကျယ်သွားကြ၏။ သူတို့အားလုံး ဒေါသထွက်သွားကြပြီး ရှောက်ရွှမ်ပြောသည်ကို နားလည်ကြောင်း ပြသလိုက်ကြသည်။
ငါတို့ဆီကနေ လုချင်တယ်ဟုတ်လား.....
သူတို့ကို ရိုက်ပစ်......။
သူတို့က ငါးတွေကိုလိုချင်တာမဟုတ်ပဲနဲ့ ငါးဖမ်းပစ္စည်းတွေကိုပဲ လိုချင်နေတာလား။
ဒီလိုဆိုလည်း မရဘူးပဲ ......။
‘ ခိုးယူတယ် ‘ ဆိုတာက ဘာအဓိပ္ပာယ်လဲ ။ မပြောပဲ ခွင့်မတောင်းပဲ ယူသွားတာကို ခိုးယူတယ်လို့ ခေါ်တယ်လား။ ဒါက လုယက်တယ် ဆိုတာနဲ့ အဓိပ္ပာယ် အတူတူပဲမလား။ သူတို့ကို ရိုက်ကြဟေ့.......။
ထိုကလေးများအတွက် ‘ စား ‘ သည် ဟူသည့်စကားလုံးသည် အလှပဆုံးသော စကားလုံးဖြစ်သကဲ့သို့ သူတို့၏ အစားအသောက်များကို လုယက်မည့် လူများကိုလည်း သူတို့ တိုက်ခိုက်ကြလေ့ရှိသည်။ သူတို့၏ အစားအသောက်များကို လုယက်ခြင်းသည် သူတို့တန်ဖိုးအထားဆုံးသောအရာကို လုယက်ခြင်းပင်ဖြစ်သည်။
ထိုအချိန်တွင် ‘စိုင်’ သည် အခြားနှစ်ယောက်နှင့်အတူ မည်သူမှ ကြည့်မနေစဉ် အမဲရောင်ပူပေါင်းများကို ခိုးယူရန်အတွက် တိုင်ပင်နေခဲ့သည်။ ရုတ်တရက် ဆီဆာသည် မည်သည့်နေရာမှ ထွက်လာကြောင်းမသိရ ပဲ သူတို့အပေါ်သို့ခုန်တက်လိုက်သည့် အခါတွင် သူတို့၏ ဆွေးနွေးနေမှု ပျက်ပြားသွားခဲ့ရသည်။
ထိုအချင်းအရာသည် ရုတ်တရက် ဖြစ်လာခဲ့ခြင်း ဖြစ်သည့်အတွက် ကလေးသုံးယောက်တို့သည် အလိုလို ခုန်ရှောင်လိုက်ကြပြီး အတော်လေး ထိတ်လန့်သွားခဲ့ကြသည်။
‘စိုင်’ သည် ထိတ်လန့်မှုများဖြင့် တုတ်ကို တင်းကျပ်စွာ ကိုင်ထားခဲ့ပြီး ဆီဆာကို စိုက်ကြည့်နေခဲ့သည်။ သူသည် ကြောက်လန့်နေဆဲဖြစ်သော်လည်း အကယ်၍ ဝံပုလွေသာ နောက်တစ်ကြိမ် သူ့ထံခုန်ဝင်လာ ခဲ့သော် တုတ်ဖြင့်ရိုက်ချရန် အသင့်ဖြစ်နေခဲ့သည်။
ထိုကိစ္စကို အာရုံစိုက်နေခဲ့သဖြင့် ‘စိုင်’သည် ပတ်ဝန်းကျင်ကို အာရုံမစိုက်မိနေခဲ့ပေ။ ယဲ့နှင့် ကျန်းတို့ သူ့ကို ပုတ်လိုက်သည်။
“ မင်းတို့ငါ့ကို ဘာလို့ လာပုတ်နေတာလဲ။ မင်းတို့မတွေ့ဘူးလား ငါက...... “
စိုင် တဖက်သို့လှည့်လိုက်ပြီး အော်ပြောလိုက်သည်။ သို့သော်လည်း သူ့စကားမဆုံးမှီမှာပင် ယဲ့နှင့်ကျန်းတို့ ကြည့်နေခဲ့သည့် ဖက်သို့ ကြည့်လိုက်လေသည်။ လိုဏ်ဂူအဝတွင် ဒါဇင်ချီသော ကလေးများသည် ကျောက်တုံးများ တုတ်ချောင်းများကို ကိုင်ထားကြပြီး ဒေါသထွက်နေသော မျက်လုံးများဖြင့် သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။