← Chapters

သူကတစ်ခုခုတော့ လုပ်ဖို့ကြံစည်နေတာပဲ၊ မင်းလိုပဲ

Vol. 1 Ch. 15

သူကတစ်ခုခုတော့ လုပ်ဖို့ကြံစည်နေတာပဲ၊ မင်းလိုပဲ

Vol. 1 Ch. 15

ရှောက်ရွှမ် လိုက်ကာကိုမတင်လိုက်ပြီး ဆီဆာနှင့်အတူ အထဲဝင်သွားလိုက်သည်။ သို့သော်လည်း ဆီဆာသည် လျှောက်ပြေးခြင်းနှင့် ပစ္စည်းများကို လျှောက်ဆော့ကစားခြင်းကို မပြုလုပ်ရဲပေ။

ယခင်တစ်ကြိမ်က သူသည် ပစ္စည်းတစ်ခုကို အနံ့ခံကြည့်လိုက်သည့်အချိန်တွင် ထိုအရာသည် သူ့နှာခေါင်းတွင် ညှပ်နေခဲ့သည်။ သူမည်မျှကြိုးစားသည်ဖြစ်စေ၊ သူ့လက်ဖဝါးများဖြင့် ဆွဲဖြုတ်သည်ဖြစ်စေ ထိုအရာသည် မကျွတ်ထွက်သွားခဲ့ပေ။ သူပို၍ ရုန်းကန်သည်ဖြစ်စေ ထိုအရာသည် ပို၍တင်းကြပ်စွာ သူ့ကိုညှပ်ထားလေ ဖြစ်ခဲ့သည်။

ရှောက်ရွှမ်ရောက်လာပြီး ထိုအရာကို ဖြုတ်ပေးလိုက်သော်လည်း ဆီဆာသည် ရက်ပေါင်းများစွာ နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုအချိန်မှစပြီး ဆီဆာ ဤနေရာသို့လိုက်လာတိုင်း ရှောက်ရွှမ်နားတွင်သာ ကပ်နေခဲ့ကာ မည်သည်ကိုမှ ဆော့ကစားရဲခြင်း မရှိတော့ချေ။

ခဲ့၏ အိမ်သည် အခြားသူများ၏ အိမ်ထက် ပိုကြီးပြီး စတုရန်းမီတာ ရာပေါင်းများစွာ အကျယ်အဝန်းရှိသည်။ အခန်းထဲတွင် အမျိုးမျိုးသော ကျောက်တုံးဖြင့်ပြုလုပ်ထားသည့် ကိရိယာများ ရှိနေခဲ့ပြီး ထိုအရာများမှာ နေ့စဉ်သုံး ခွက်များ ပန်းကန်များအပြင် ကျောက်တုံးဓါးများ နှင့် လှံထိပ်ဖျား များပင် ရှိနေခဲ့သည်။ ထိုပစ္စည်းများကို မတူညီသည့် အရာများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အချို့ပစ္စည်းများကို ဦးချိုများ ၊ အရိုးများဖြင့် ပြုလုပ်ထားပြီး အချို့ကိုကျောက်တုံးများဖြင့် ပြုလုပ်ထားခဲ့လေသည်။ ပစ္စည်းအများစုသည် ထိုအရာနှစ်ခုတို့ကို ပေါင်းစပ်ပြုလုပ်ထားခြင်း ဖြစ်ပြီး မျိုးနွယ်စုမှ စစ်သည်တော်များ အသုံးများသည်မှာလည်း ထိုသို့ ပေါင်းစပ်ပြုလုပ်ထားသည့် ပစ္စည်းများ ဖြစ်ကြပေသည်။

နံရံတွင် ချိတ်ဆွဲထားသည့် ပစ္စည်းများကို ကြည့်လိုက်ပြီး ခဲ့ ကျောက်တုံး များကို သန့်စင်သည့် အခန်းအတွင်း သို့ ရှောက်ရွှမ် ဝင်သွားလိုက်သည်။

အညိုရောင်ဆံပင်များဖြင့် လောင်ခဲ့သည် ထိုနေရာတွင်ပင်ထိုင်နေခဲ့သည်။ သူသည် တစ်နေ့တာလုံး ကျောက်တုံးများဖြင့်သာ အချိန်ကုန်နေသူ တစ်ယောက်ဖြစ်သဖြင့် သူ၏ တိရိစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသည့် ဝတ်စုံပေါ်တွင် အဖြူရောင် ကျောက်မှုန့်များဖြင့် ပေကျံနေခဲ့လေသည်။ သူ၏လက်များသည် ကျောက်တုံးများကို အစဉ်အမြဲကိုင်တွယ်နေရသဖြင့် အညိုရောင် ပေါက်နေခဲ့ပြီဖြစ်သည်။

ခဲ့သည် သူလက်ရှိလုပ်နေသည့် အလုပ်အပေါ်တွင် အာရုံအပြည့်စိုက်ထားပြီး ရှောက်ရွှမ် ဝင်လာခြင်းကြောင့် အကြည့်များပြောင်းလဲခြင်းပင် မရှိခဲ့ပေ။ သူ့အနေဖြင့် လက်ထဲမှ ကျောက်တုံမှ လွဲ၍ တစ်လောကလုံး ကိုလျစ်လျုရှုထားသည့်ပုံ ရပေသည်။

ခဲ့၏ ပုံစံကိုသိပြီးသားဖြစ်သဖြင့် ရှောက်ရွှမ် သူ၏သားရေအိတ်ထဲမှ ကျောက်တုံး နှစ်ခုကို ထုတ်ယူလိုက်ပြီး ခဲ့ကိုလှမ်းပေးလိုက်သည်။

“ ဦးလေးခဲ့ ကျေးဇူးပြုပြီးတော့ ဒီကျောက်တုံးတွေကို ဓါးဖြစ်ဖြစ် ဓါးမြှောင်ဖြစ်ဖြစ် လုပ်‌ပေးလို့ ရမလား “

ရှောက်ရွှမ်ပေးလိုက်သည့် ကျောက်တုံးများသည် တိုတောင်းသောကြောင့် ဓါးတို သို့မဟုတ် ဓါးမြှောင်များအဖြစ်သာ ပုံသွင်းနိုင်လိမ့်မည် ဖြစ်သည်။

ခဲ့ သူလုပ်နေသည့်အလုပ်ကို ရပ်တန့်လိုက်ပြီး ရှောက်ရွှမ်လှမ်းပေးလိုက်သည့် ကျောက်တုံး နှစ်ခုကို ယူလိုက်သည်။ ထို့နောက်တွင် သူသည် ရှောက်ရွှမ်ယူလာသည့် ငါးနှစ်ကောင်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်

“ ရတယ်၊ ငါးတစ်‌ကောင် ... “ ။

သူဆိုလိုသည်မှာ ဓါးမြှောင်များကို ပြုလုပ်ပေးရန်အတွက် သူ့ကိုငါးတစ်ကောင်ပေးရမည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

“ ဦးလေး နှစ်ကောင်လုံးကို ယူလိုက်လို့ရတယ်။ ကျန်တဲ့တစ်ကောင်က ကျွန်တော် လက်ဆောင်ပေးတာပါ။ ဒီခြောက်လအတွင်းမှာ ဦးလေးရဲ့ ကြင်နာမှုတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာ “

ရှောက်ရွှမ် ကျောက်တုံးများကို ရရှိသည့်အချိန်တိုင်း သူသည် ခဲ့၏နေရာသို့ လာလေ့ရှိပြီး အလဲအလှယ် ပြုလုပ်လေ့ရှိသည်။ အစပိုင်းတွင် ရှောက်ရွှမ်သည် လုပ်ငန်းစဉ်ကိုသေချာမသိနေခဲ့ပဲ အရည်အသွေးသိပ်မကောင်းသည့် ကျောက်တုံးများကို ယူလာပေးခဲ့မိသည်။ သို့သော်လည်း ခဲ့ သည် သူ့ကို အစားအသောက်များ ပေးလေ့ရှိသည်။ နောက်ပိုင်းတွင် ရှောက်ရွှမ်သည် ကျောက်တုံးများ၏ အရည်အသွေး အဆင့်များကိုသိရှိလာခဲ့သည်။ သို့မှသာ ခဲ့ ၏ ကူညီပေးခဲ့မှုများကို သဘောပေါက်လေသည်။ ခဲ့အနေဖြင့် နေ့စဉ်နေ့တိုင်း ကျောက်တုံးများဖြင့် အချိန်ကုန်နေခြင်းဖြစ်ပေရာ ကျောက်တုံးများ၏ အရည်အသွေးကို မသိနေစရာ အကြောင်း မရှိနေပေ။

ခဲ့သည် အမြဲတမ်း ရုပ်တည်ကြီးဖြင့်သာ နေလေ့ရှိသော်လည်း သူသည် ရှောက်ရွှမ်ကိုမူ အတော်လေး ကူညီပေးခဲ့သည်။ သူသည် အစားအသောက်များကို ဝေငှပေးသည့် ကောနှင့် ခဲ့ တို့ စကားပြောနေကြသည်ကို မြင်တွေ့ဖူးခဲ့သည်။ သူတို့ကို ကြည့်ရသည်မှာ အတော်လေး ရင်းနှီးသည့် ပုံရပေသည်။ ထို့ကြောင့်ပင် ကောအနေဖြင့် ရှောက်ရွှမ်ကို လိုဏ်ဂူအတွက် ခေါင်းဆောင်ခန့်လိုက်ခြင်း သည် ဤကျောက်တုံး ထုဆစ်သူ၏တောင်းဆိုမှုကြောင့်ဖြစ်နိုင်ကြောင်းကို သဘောပေါက်လိုက်လေသည်။

ခဲ့ မျက်မှောင်ကြုတ်လိုက်ပြီး သူ မည်သို့မှ မပြောနိုင်မှီမှာပင် ရှောက်ရွှမ် ကျောက်တုံးဓါးတိုလေးကို ထုတ်ယူလိုက်ပြီး ခဲ့ကို လှမ်းပေးလိုက်သည်။ “ ဦးလေး ခဲ့ ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ ဒီဓါးတိုလေးကို တစ်ချက်လောက်ကြည့်ပေးပါလား “

ထိုဓါးတိုလေးကို ပြုလုပ်ထားသည့်ကျောက်တုံးသည် အရည်အသွေးကောင်းမွန်သည့် ကျောက်တုံးမဟုတ်ပေ။ ကျောက်ဆစ်သူများ၏ မျက်လုံးထဲတွင် ထိုဓါးသည် အရည်အသွေးနိမ့်သော ဓါးတစ်လက်သာဖြစ်နေပေလိမ့်မည်။ ထိုဓါးကိုလုပ်ရသည်မှာမခက်လှသော်လည်း ရှောက်ရွှမ်သည် ဓါးကို ချောမွေ့စေရန်နှင့် ထက်ရှစေရန်အတွက် အချိန်သုံးရက်ပေးခဲ့ရလေသည်။

ခဲ့ ဓါးကိုလှမ်းယူလိုက်ပြီး ကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏လက်များဖြင့် ဓါးကို ထိကြည့်လိုက်သည်။ ထို့နောက်တွင် သူသည် လက်ကိုင်ရှိနေရာတစ်ခုကို ညွှန်ပြလိုက်ပြီး‌ ပြောလိုက်လေသည် “ ဒီနေရာက သိပ်မကောင်းနေဘူး “

အတွေ့အကြုံရင့်ကျက်သော ကျောက်တုံးထုဆစ်သူများသည် တစ်ချက်ကြည့်ယုံမျှဖြင့် အားနည်းသည့်နေရာ နှင့် အားသာသည့်နေရာများကို တွေ့နိုင်သည်ကို ရှောက်ရွှမ် သိနေခဲ့သည်။ ခဲ့သည် တစ်ချက်ကြည့်ယုံဖြင့် သူ့ဓါးမှ အားနည်းသည့်နေရာကို ပြောနိုင်ခဲ့သည်။

သူက ဘာလို့ အားအနည်းဆုံးနေရာတစ်ခုကိုပဲ ရွေးပြောတာလဲ .... ။

ကျောက်တုံး ထုဆစ်သည့်နေရာတွင် ရှောက်ရွှမ်သည် လူသစ်တစ်ယောက်သာဖြစ်သည်။ သူ့အနေဖြင့် စိတ်ကူးနိုင်စွမ်းနှင့် အတွေးများကိုသာ အခြေခံ၍ ပြုလုပ်ထားခဲ့ရခြင်းဖြစ်သည်။ သူသည်ကျောက်တုံးထုဆစ်သူများတွင် ရှိသင့်သည့်အရည်အချင်းမျိုးလည်း မရှိနေခဲ့ပေ။ ထို့ကြောင့်ပင် ကျောက်တုံးဓါးတိုလေးသည် သာမန်ပစ္စည်းတစ်ခုသာ ဖြစ်နေခဲ့လေသည်။

ရှောက်ရွှမ် မျိုးနွယ်စုမှ လူအများဖြင့် ဆက်ဆံမှုပိုလာလေလေ၊ မျိုးနွယ်စုအကြောင်းကို သူပို၍ နားလည်လာလေလေဖြစ်သည်။ သူတို့၏ အသိပညာနှင့် အရည်အချင်းများကိုမည်သူမှ မေးခွန်းထုတ်နိုင်ခြင်း မရှိပေ။ မည်သူမှလည်း လျော့တွက်၍ မရနိုင်ပေ။ ရှောက်ရွှမ်သည် ကျောက်တုံးထုဆစ် ပုံသွင်းခြင်းနှင့် သန့်စင်ခြင်း အတတ်ပညာကို ဦးလေး ခဲ့ ထံမှ လေ့လာ သင်ယူချင်နေခဲ့သည်။

သူလုပ်ထားခဲ့သည့် ဓါးတိုလေးသည် ဓါးတစ်ချောင်း၏ ပုံစံသာ ရှိပြီး ဓါးအစစ်မဟုတ်‌ပေ။ သူသည် ထိုဓါးကို သာမန်အခြေအနေများတွင်သာ အသုံးပြုလေ့ရှိခဲ့သည်။ သေချာသည်မှာ သူ၏ဓါးသည် စစ်သည်တော်များ အသုံးပြုကြသည့် ဓါးများဖြင့် ကွာခြားနေပေလိမ့်မည်။ ခဲ့ ကဲ့သို့ ကျောက်တုံး ထုဆစ်သူတစ်ယောက်၏ အမြင်တွင် ထိုဓါးသည် ပြစ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ မည်သည့်နေရာသည် အလွယ်တကူ ကျိုးပဲ့နိုင်သည်၊ မည်သည့်နေရသည် အလွန်အကျွံ သန့်စင်ထားသည် မည်သည့်နေရာကို သန့်စင်ရန် လိုအပ်သည် စသည်တို့ကို အကြည့်တစ်ချက်တည်းဖြင့်ပင် ခဲ့ ပြောပြနိုင်လေသည်။

ခဲ့၏ အမူအယာကို ကြည့်လိုက်ပြီး စိတ်ကျေနပ်နေခြင်း မရှိကြောင်းကို ရှောက်ရွှမ် သိလိုက်သည်။ ရှောက်ရွှမ်သည်ကလေး တစ်ယောက်သာ ဖြစ်ပြီး ကျော်တုံးထုဆစ်ခြင်းတွင် အတွေ့အကြုံမရှိသည်ကို သိသဖြင့် ခဲ့ အနည်းငယ်မျှ ဝေဖန်ပေးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ အခြားစစ်သည်တော် တစ်ယောက်ယောက်ကသာ ခဲ့ကို ထိုကဲ့သို့‌သော ဓါးတစ်ချောင်းကို ယူလာပြလျှင် ခဲ့သည် ထိုဓါးကို ပစ်ထုတ်ပစ်လိုက်မည် ဖြစ်သည်။

“ ဦးလေး ခဲ့ ..... ဦးလေးဆီကနေ ကျောက်တုံးထုဆစ်တာကို ကျွန်တော်သင်လို့ရမလား “ ရှောက်ရွှမ်မေးလိုက်သည်။ သူသည် လာမည့်ဆောင်းရာသီတွင် အချိန်များ ပိုနေမည်ဖြစ်ပြီး သူ့အနေဖြင့် လိုဏ်ဂူထဲတွင် ကျောက်တုံးထုဆစ်သည်ပညာကို လေ့ကျင့်နေ၍ ရနိုင်ပေသည်။ သူသည် လိုအပ်မည့် ကျောက်တုံးများကိုပင် ရှာထားခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ကံဆိုးစွာပင် ခဲ့သည် ခေါင်းခါလိုက်ပြီး ရှောက်ရွှမ်၏တောင်းဆိုချက်ကို ငြင်းဆန်လိုက်သည် “ အခုတော့မရသေးဘူး။ မင်းရဲ့ မျိုးနွယ်စုစွမ်းရည် နှိုးထလာတဲ့ အချိန်ကြမှ ငါတို့ဆက်ပြောကြတာပေါ့ “

တစ်စုံတစ်ယောက်သည် ကျောက်တုံးများကိုထုဆစ်ချင်လျှင် အဘယ်ကြောင့်မျိုးနွယ်စုစွမ်းရည်နှိုးထဖို့ လိုအပ်ပေသနည်း...... အဘယ်ကြောင့်နည်း.....။

သိလိုစိတ်များ ရှိနေခဲ့သော်လည်း ရှောက်ရွှမ် ဆက်မမေးတော့ပေ။ ခဲ့၏ အမူအယာကိုကြည့်ချင်းအားဖြင့် ခဲ့ မရှင်းပြချင်ကြောင်းကို သူသိလိုက်သည်။

ရှောက်ရွှမ် တွက်ချက်မှုအချိုကို ပြုလုပ်လိုက်သည်။ ဤနှစ်ဆောင်းရာသီ ပြီးလျှင် သူ့အသက် ဆယ်နှစ် ပြည့်ပြီဖြစ်သည်။ အခြားကလေးများ၏ အတွေ့အကြုံများအရ ကလေးတစ်ယောက်သည် အသက် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ် ပြည့်လျှင် မျိုးနွယ်စုစွမ်းရည်နှိုးထလာတတ်သည်။ ထို့ကြောင့် သူ့အနေဖြင့် တစ်နှစ်သို့မဟုတ် နှစ်နှစ်ခန့် စောင့်ရဦးမည် ဖြစ်သည်။ ခူ ကဲ့သို့ နှေးကွေးသည့် ကလေးများ အနေဖြင့် အသက် ဆယ့်သုံးနှစ်သို့မဟုတ် ဆယ့်လေးနှစ်ပြည့်သည်အထိ စောင့်ရပေသည်။

ထို့ကြောင့် သူ့အနေဖြင့် စောင့်စားရန်အချိန်များစွာ ရနိုင်ပေသေးသည်။

သူ့နေဖြင့် ကျောက်တုံးထုဆစ်သည့်ပညာရပ်ကို ယခုတွင် မသင်ယူနိုင်သေးသော်လည်း သူ့အနေဖြင့် ဘေးမှ ကြည့်နေခြင်းကို ပြုလုပ်နိုင်ပေသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ထိုနေရာတွင်ပင် ဆောင့်ကြောင့်ထိုင်နေလိုက်ပြီး ခဲ့ အလုပ်လုပ်နေသည်ကိုသာ ကြည့်နေလိုက်လေ၏။

ဘေးမှ ကြည့်သူများသည် ထိုအရာကို ရိုးရှင်းသည်ဟု ထင်ကောင်းထင်ရနိုင်သည်။ သို့သော်လည်း ကျောက်တုံးထုဆစ်ခြင်းသည် ကြည့်ရသည်ထက် ပို၍လက်ဝင်သော ပညာသားပါသောအလုပ်တစ်ခုဖြစ်လေသည်။ ခဲ့လုပ်ထားသော ဓါးနှင့် သူ့လက်ထဲမှ ဓါးကို နှိုင်းယှဉ်ကြည့်လိုက်ပြီး ရှောက်ရွှမ် အမှန်တရားကို လက်ခံလိုက်သည်။ ကျောက်တုံး၏ အရည်အသွေးကို ထည့်မတွက် လျှင်ပင် အကြည့်တစ်ချက်ဖြင့် မည်သည့်ဓါးက ပိုကောင်းသည်မှာ သိသာနေပေသည်။ ခဲ့သည် ရှောက်ရွှမ်၏ ဓါးကို ကြည့်ပြီး အပြစ်ပြောသည်မှာ ပြောချင်စရာပင်ဖြစ်သည်။ အမှန်တွင် သူ့ထံတွင် ပြောစရာများစွာရှိနေနိုင်ပေသည်။ သို့သော်လည်း ရှောက်ရွှမ်သည် ကလေးတစ်ယောက်သာဖြစ်သည့်အတွက် သူ့အနေဖြင့် များများ မပြောလိုက်ခြင်းဖြစ်ပေလိမ့်မည်။

ညရောက်လာသည့်အချိန်တွင် ရှောက်ရွှမ် ဆက်ကြည့်မနေတော့ပဲ ခဲ့ ကျောက်တုံး အိုးတစ်ခုကို မီးအပူပေးနေသည်ကို ကူညီပေးလိုက်သည်။ ထို့နောက်သူသည် သူပေးလိုက်သည့်ငါးကို ကူညီ

ခုတ်ထစ်ပေးလိုက်ပြီး ဆီဆာနှင့်အတူ လိုဏ်ဂူဆီသို့ ပြန်လာခဲ့သည်။

ရှောက်ရွှမ်ပြန်သွားပြီးသည့်နောက်တွင် ခဲ့သည် သူ့လက်ထဲမှ ပြီးစီးသွားသည့် ကျောက်တုံး ကိရိယာတစ်ခုကို ယူလိုက်ပြီး သေတ္တာထဲသို့ထည့်ထားလိုက်ကာ သူ့လက်များကိုပွတ်သပ်လိုက်သည်။ ထို့နောက်တွင် သူသည် အစားအသောက်များကို စတင်ချက်ပြုတ်လိုက်လေသည်။ ကျောက်အိုးထဲမှ ရေသည် ဆူပွက်လာခဲ့ပြီဖြစ်သည်။ ဓါးဖြင့်ပိုင်းဖြတ်ထားသည့် ငါးအသားများကို အိုးထဲသို့ထည့်လိုက်သည့်အချိန်တွင် သူ့နောက်ရှိ ပြတင်းပေါက် ဆီမှ အသံတချို့ကို ကြားလိုက်ရသည်။ ဝှစ် ... ဝှစ်..... ထို့နောက်တွင် မြားများ လေတိုးသည့်အသံတစ်ခု ကိုကြားလိုက်ရလေသည်။

“ အား “

ဒုန်း

ပြတင်းပေါက်မှ ဝင်လာသည့်လူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ခဲ့သည် ခေါင်းမော့ကြည့်နေခြင်းပင် မရှိပဲ အိုးထဲမှ စွတ်ပြုတ်ကိုသာ မွှေနေခဲ့သည်။

“ ဟေး ခဲ့ ..... မင်းကဘာလို့ ထောင်ချောက်တွေကို ပြောင်းလိုက်ရပြန်တာလဲ “ လက်တစ်ဖက်သာရှိသည့် ကောသည် သူ၏ဖင်ကို ပွတ်သပ်လိုက်ပြီး ညည်းညူလိုက်လေသည်။ သူသည် မြေကြီးကို သူ့တင်ပါးနှင့် အရင်ဆောင့်မိခဲ့ပြီးမှ ပြုတ်ကျလာခဲ့ခြင်းဖြစ်သည်။ သူ့ခြေထောက်များ ကြားတွင် ကြိုးတစ်ချောင်း တင်းကျပ်စွာ ချည်နှောနေခဲ့မိသည်ကို တွေ့နိုင်သည်။ ထို့ကြောင့်သာ သူမြေကြီးပေါ်သို့ ပြုတ်ကျလာခြင်းဖြစ်သည်။ သူသည် လက်တဖက်သာမရှိခြင်းဖြစ်သည်။ ခြေထောက်မရှိခြင်းမဟုတ်ပေ။

သူသည်ဆက်လက် ညည်းညူနေခဲ့ပြီး ခဲ့သည်လည်း အိုးထဲမှ စွတ်ပြုပ်ကို ဆက်လက်မွေနေခဲ့သည်။

ကောသည် သူခြေထောက်မှ သားရေကြိုးကို ဖြေရာတွင် အခက်တွေ့နေရပြီး နှာခေါင်း ရှုုံလိုက်ကာ ပြောလိုက်သည် “ ငါးစွတ်ပြုပ်လား “

အခန်းပတ်လည်ကို စိုက်ကြည့်လိုက်ပြီး သူသည် အခန်းထောင့်တစ်နေရာတွင် ငါးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ ကော ပြုံးလိုက်သည်။ “ အဲ့ဒီကောင်စုတ်လေး ထပ်လာပြန်ပြီလား “

“ .... “ ခဲ့သည် တိတ်ဆိတ်နေဆဲဖြစ်သည်။

“ အားရွှမ် ကျုပ်ဆီကနေ ဆားအိတ်ကြီးတစ်အိတ်ကို မနေ့ကပဲ လဲသွားသေးတယ်။ ကြည့်ရတာ သူတစ်ခုခုလုပ်မလို့ထင်တယ်။ ဒီနေ့ကျုပ် လိုဏ်ဂူကို သွားတော့ဘာတွေ့လိုက်တယ်ထင်လဲ။ သူတို့လိုဏ်ဂူထဲမှာ ငါးတွေဘယ်လောက်များများ သိမ်းထားတယ်လို့ခင်ဗျားထင်လဲ.......။ ဒီနှစ်ဆောင်းရာသီတော့ သူတို့အဆင်ပြေပြီထင်တယ်။ ခင်ဗျားက အားရွှမ်ကို ခူနေရာမှာ အစားထိုးဖို့ ပြောတာ အံ့သြစရာမဟုတ်ဘူးပဲ။ ခင်ဗျားခန့်မှန်းထားတဲ့အတိုင်းပဲ ...... အဲ့ဒီလိုဏ်ဂူထဲကအခြေအနေတွေက သိပ်မကြာလိုက်ပဲ ပြောင်းလဲသွားတယ်လေ “ ကော ချီကျူးလိုသည့်လေသံဖြင့် ပြောလိုက်လေသည်။

မျိုးနွယ်စု နေထိုင်နေသည့် တောင်တန်းများတွင် သဘာဝအလျောက်ဖြစ်ပေါ်နေတတ်သည့် ဆား‌ရေကန်များ ရှိနေတတ်ကြသည်။ သို့သော်လည်း ဆားများကို အသုံးပြုရာတွင်မူ တင်းကျပ်သည့် စည်းမျဉ်းများ ရှိပေသည်။ ဆားပမဏ တစ်ချို့ကိုသာ မိသားစုများဆီသို့ ပေးဝေလေ့ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ပိုလိုချင်ပါက သူ့ထံတွင်ရှိနေသည့် အခြားအရာများဖြင့် လဲလှယ်ရမည် ဖြစ်သည်။ ဆားရေကန်တစ်ဝိုက်တွင် အစောင့်များ ရှိနေတတ်သဖြင့် ခိုးယူရန်မှာမဖြစ်နိုင်ချေ။ ဆားများကို ဖြန့်ဝေရာတွင် တောင်ထိပ်‌ဒေသမှ လူများက ခေါင်းဆောင်ကြသည်။ ထို့ကြောင့်ပိုများသည့် ဆားများကို လဲလှယ်လိုကြသူများသည် ထိုတောင်ပေါ်ဒေသတွင် နေထိုင်သည့်လူများနှင့် စကားပြောရမည်ဖြစ်သည်။ သို့သော်လည်း ကောသည် အစားအသောက်များကို ဖြန့်ဝေပေးသည့်နေရာတွင် ခေါင်းဆောင်တစ်‌ယောက်ဖြစ်သဖြင့် အခြားသူများထက် ဆားများကို ပိုမိုရရှိနိုင်ပေသည်။ သို့နှင့် ရှောက်ရွှမ်သည် ငါးများကိုယူဆောင်လာခဲ့ပြီး ကောထံမှ ဆားများနှင့်လဲလှယ်ခဲ့လေ၏။

ခဲ့ တိတ်ဆိတ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည့် အချိန်တွင် ကောသည် ကျောက်တုံး ထိုင်ခုံတစ်လုံးကို ယူလိုက်ပြီး ထိုင်ချလိုက်သည်။ ထို့နောက် “ မနေ့ရှေ့တစ်နေ့က အဲ့ကောင်လေး ကျောက်တုံးဓါးတစ်ချောင်းကိုလုပ်နေတာကို ကျုပ်တွေ့ခဲ့ရတယ်။ ကျုပ်ထင်တာတော့ သူကခင်ဗျားရဲ့ အမြင်ကို သိချင်နေမယ်ထင်တယ်။ ဒါကြောင့်သူလာတာပဲ ဟုတ်တယ်မလား “ ခဲ့ပြန်မဖြေသေးခင်မှာပင် ကော ဆက်ပြောလိုက်သည်။ “ တကယ်တော့ အဲ့ဒီကောင်လေးက လူကောင်းလေးနဲ့တူပါတယ်။ ပြီးတော့ သူကဉာဏ်ကောင်းတယ်။ သူက တစ်ခုခုတော့ဖြစ်လာမယ်ဆိုတာကို ကျုပ်ပြောရဲတယ်။ ပြီးတော့ သူကခင်ဗျားအလုပ်ကို လုပ်ဖို့သင့်တော်တဲ့ လူတစ်ယောက်ပဲ။ သူက ခင်ဗျားကိုချည်းကပ်လာမှတော့ ဘာလို့ သူ့ကို ပညာသင်တပည့်အဖြစ် လက်မခံလိုက်တာလဲ “

ကော သူ့ခြေ‌ထောက်များကို လေထဲသို့ကန်ထည့်လိုက်သည်။ ထို့နောက်သူသည် စားပွဲပေါ်မှငါးကို ယူစားလိုက်လေသည်။ ထို့နောက်တွင် အဆင်သင့်ဖြစ်နေပြီဖြစ်သည့် ကျောက်တုံး ဟင်းအိုးကိုကြည့်လိုက်သည်။ ကြည့်ရသည်မှာ ခဲ့ပြင်ဆင်နေကြပုံစံနှင့်မတူနေခဲ့ပဲ တစ်စုံတစ်ယောက်က သူ့အစားလုပ်ပေးထားသည်နှင့်တူနေပေသည်။ ဖြစ်နိုင်သည်မှာ ထိုကလေးပင် ပြင်ဆင်ပေးသွားခြင်း ဖြစ်ပေလိမ့်မည်။

ခဲ့ သူ့ခေါင်းကိုခါယမ်းလိုက်ပြီး နောက်ဆုံးတွင် စကားပြောလာခဲ့သည် “ သူက အလွယ်တကူပဲ ဒဏ်ရာရသွားနိုင်တယ် “

“ ဟုတ်တာပေါ့၊ မျိုးနွယ်စုနတ်စွမ်းအားတွေသာ မရှိနေဘူးဆိုရင် သူကမတော်တဆမှုတွေကို ကြုံတွေ့ရနိုင်တယ်။ ဒါက အန္တရာယ်များလွန်းတယ် “

ကောသည် သူ့လက်မောင်းများကြားမှ မြားကိုဆွဲထုတ်လိုက်သည်။ ထိုမြားသည် သူ၏ သားရေအဝတ်တွင် ထိုးစိုက်နေခဲ့သည်။ မိနစ်အနည်းငယ်ခန့်က သူသည် ပြတင်းပေါက်မှ ခိုးဝင်လာခဲ့ရာ ထိုမြားတံများကိုသာ အာရုံစိုက်ထားခဲ့သည်။ ပြတင်းပေါက် ဘောင်ပေါ်တွင် ရှိနေသည့် သားရေကြိုးကိုမူ မတွေ့လိုက်ပေ။ သို့နှင့် သူထိုသို့ပြုတ်ကျလာခဲ့ခြင်း ဖြစ်သည်။

ထိုမြားတံသည် သစ်သားမြားတံသေးသေးလေးသာဖြစ်သည်။ လက်ကိုအားအနည်းငယ်စိုက်လိုက်ယုံဖြင့်အလွယ်တကူ ကျိုးပဲသွားနိုင်သည်။ ထိုမြားတံသည် သူ၏တိရိစ္ဆာန် သားရေတွင် စိုက်ဝင်နေခဲ့ခြင်းဖြစ်သည်။

ကောသည် မြားတံကို သူ့လက်ချောင်းများကြားတွင်ထားလိုက်ပြီး အချိန်အနည်းငယ်ဆော့ကစားနေလိုက်သည်။ ထို့နောက်တွင် သူ့လက်ကို လှုပ်ရှားလိုက်ရာ မြားတံသည် အခန်းထောင့်တွင် ချိတ်ဆွဲထားသည့် ကျဉ်းမြောင်းသော အပေါက်ရှိသည့် သစ်သားပုံးတစ်ခုအတွင်းသို့ ဝင်သွားခဲ့သည်။

ထိုမြားများမည်သည့်နေရာမှလာသည်ကို သူမသိနေခဲ့ပေ။ သို့နှင့်သူသည် မြားတံကို သစ်သားပုံးထဲတွင်သာ ပစ်ထည့်ထားလိုက်လေသည်။ ထိုသစ်သားပုံးသည် သူပစ်ထည့်ထားသော ပစ္စည်းများဖြင့် ပြည့်နေခဲ့လေ၏။ ပြည့်သွားသည့်အခါတွင် ခဲ့သည် ထိုသစ်သားပုံးကို သန့်ရှင်းရေးလုပ်ပေးပေလိမ့်မည်။

“ ခဲ့ မင်းကတော့စောင့်ရမယ်။ လိုဏ်ဂူထဲက ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အရ အနည်းဆုံးတော့ နှစ်နှစ်စောင့်ရလိမ့်မယ် “ ကော သက်ပြင်းချလိုက်သည်။

All Chapters