ဆောင်းရာသီရောက်လာချေပြီ
Vol. 2 Ch. 16
ရှောက်ရွှမ် ပြန်ရောက်လာသည့်အချိန်တွင် ကလေးများအားလုံးသည်လည်း မြစ်ကမ်းစပ်ဆီမှ ပြန်လာ နေကြပြီ ဖြစ်သည်။ သူတို့၏ အပြုံးများကို ကြည့်လိုက်လျှင် သူတို့အနေဖြင့် ယနေ့တွင် ကောင်းကောင်းမွန်မွန် ငါးများဖမ်းယူနိုင်ခဲ့ကြောင်းကို သိနိုင်ပေသည်။ အုပ်စုနှစ်ခုတို့သည် မည်သည့်ဖက်က ငါးပိုများသည် ဟူသည်ကိုပင် ပြိုင်ဆိုင်နေခဲ့ကြလေသည်။
“ အားရွှမ် ..... ခုနတုန်းက မင်းနဲ့ ပစ္စည်းချင်းလဲလှယ်ဖို့ဆိုပြီးတော့ တစ်ယောက်ယောက် ရောက်လာသေးတယ်။ မင်းမရှိနေတာနဲ့ သူတို့က မနက်ဖြန်ကျရင် ပြန်လာမယ်လို့ပြောတယ် “ ထူသည် ထိုနေရာတွင် ထိုင်ကာ ကောက်ရိုးကြိုးကို ကျစ်နေခဲ့ပြီး ပြောလိုက်လေသည်။
ယခင်က ထူသည် လိုဏ်ဂူထဲမှ သာမန်ကလေးတစ်ယောက်သာ ဖြစ်သည်။ သူသည် အားနည်းပြီး ပိန်ပါးသော ကလေးတစ်ယောက်လည်း ဖြစ်သည်။ သို့သော် ဤအချိန်များ အတွင်းတွင် သူသည် ယခင်ကထက် ပို၍ ချစ်စရာကောင်းလာခဲ့သည်။ ထို့အပြင် ပို၍လည်း စကားများများ ပြောလာခဲ့လေသည်။
“ ဟုတ်ပြီလေ၊ ငါသိပြီ “
ရှောက်ရွှမ် ခေါင်းညိတ်ပြလိုက်သည်။
ဖြစ်နိုင်သည်မှာမျိုးနွယ်စုမှ တစ်စုံတစ်ယောက်သည် ငါးမျှားလိုနေခြင်းဖြစ်နိုင်သည်။ သူတို့အနေဖြင့် အကြိမ်များစွာ ကြိုးစားခဲ့ပြီးနောက်တွင် အနက်ရောင်ပူပေါင်းများကို လိုအပ်ကြောင်းကို သိလာ၍ ဖြစ်နိုင်ပေသည်။
ညအချိန်တွင် ကောင်းကင်သည် မဲမှောင်နေခဲ့လေပြီ။ လခြမ်းကွေးလေးများသည် သေးငယ်နေပြီး တောက်ပနေခြင်း သိပ်မရှိနေခဲ့ပေ။ အကယ်၍သင်သည် လေဝင်ပေါက်မှတဆင့် ကောင်းကင်ကိုမော့ကြည့်လျှင် ကောင်းကင်ကြီးမဲမှောင်နေသည်ကို တွေ့နိုင်ပေသည်။ လေတိုးသံများနှင့် ညပျံလွှားငှက်များ၏ ရံဖန်ရံခါ အော်မြည်သံများကိုမူ ကြားနေရလေ၏။ ဆောင်းရာသီ ဝင်ရောက်လာပြီ ဖြစ်သဖြင့် ညပျံလွှားများသည် တက်ကြွနေခြင်း သိပ်မရှိကြတော့ပေ။ သူတို့သည် ယခင်ကထက်ပိုကျယ်လောင်သည့် အသံများကို ပြုလုပ်နေကြပေသည်။
ထိုနောက်ပိုင်းများတွင်လည်း လိုဏ်ဂူထဲမှ ကလေးများနှင့်မျိုးနွယ်စုမှ လူများသည် မြစ်ကမ်းပါးဆီသို့သွားကြကာ ငါးမျှားကြလေသည်။ သူတို့သည် ဆောင်းရာသီအအေးဒဏ် မကျရောက်မီ ရနိုင်သမျှ ငါးများကို ရအောင်ကြိုးစားနေကြခြင်း ဖြစ်လေ၏။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာ အတွင်းတွင် မျိုးနွယ်စုမှ လူများသည် ထိုငါးများကို ဖမ်းဆီးရန်အတွက် အတွေးမပေါက်ခဲ့ကြပေ။ ထို့ကြောင်ပင် မြစ်ထဲတွင် ငါးများစွာ ရှိနေခဲ့ပြီး နေ့တိုင်းငါးဖမ်းနေကြသော်လည်း မြစ်ထဲမှငါးများမှာ ကုန်ခမ်းသွားခြင်း မရှိနေပေ။ ထိုငါးများသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း တုံးအကြပေသည်။ ထို့ကြောင့်ပင် ငါးစာကို အလွယ်တကူပင် ကိုက်ခဲကြပြီး လူတိုင်းသည် နေ့တိုင်းပင်ငါးများကို ဖမ်းမိနိုင်ကြလေသည်။
ကံကောင်းစွာနှင့်ပင်ငါးမြှားခြင်းသည် ရက်ပေါင်းများစွာကြာအောင် အဆင်ပြေနေခဲ့၏။ ထူးဆန်းသည့်လက်တံများဖြင့် သတ္တဝါများသည် နောက်ထပ်ထပ်မံပေါ်လာကြခြင်း မရှိကြပေ။
တစ်မနက်တွင် ရှောက်ရွှမ် ဆီဆာနှင့်အတူ ကျောက်စရစ်ကွင်းပြင်သို့သွားလိုက်စဉ် ကျောက်တုံးတီကောင်များကို အနည်းအကျဉ်းသာ တွေ့ရပေတော့၏။ မနက်ခင်းတစ်ခုလုံး ကြိုးစားမှသာ သူတို့သည် ကျောက်တုံးတီကောင် သုံးကောင်ကို ဖမ်းယူနိုင်ခဲ့ကြလေသည်။
တချိန်တည်းတွင်ပင် မြစ်ထဲမှ ငါးများကိုလည်း မတွေ့ရတော့ပေ။ သူတို့သည် အချိန်အတန်ကြာ ငါးစာပစ်ပြီး စောင့်နေကြမှသာ အတန်အသင့်အရွယ်အစားရှိသည့် ငါးတစ်ကောင်ကိုသာ ဖမ်းမိကြလေသည်။
ထိုအရာသည် ငါးဖမ်းကြသည့်လူတိုင်းအတွက် လက္ခဏာတစ်ခုပင်ဖြစ်လေသည်။
“ အားရွှမ် ဘာလို့ဒီလိုဖြစ်ရတာလဲ “ ကလေးများအားလုံးသည် ဒေါသထွက်နေကြပြီး သူတို့သည် လက်ထဲရှိ ကြိုးများကိုကြည့်နေကြကာ အသဲကွဲနေကြသည့် ပုံများဖြစ်နေကြလေသည်။
“ ဘာလို့လည်း ဆိုတာ့ ဆောင်းရာသီရောက်လာပြီ မလို့ပေါ့ “ ကလေးကြီး တစ်ယောက် ကပြောလိုက်လေသည်။ သူသည် ဆောင်းရာသီရောက်လာသည့်အချိန်တွင် သားကောင်များ ပုန်းအောင်းနေတတ်ကြပြီး အမဲလိုက်ရန်ခက်ခဲတတ်သည်ကို အခြားသူများထံမှ ကြားဖူးခဲ့လေသည်။ ဆောင်းရာသီပြီးမှသာ ထိုသားကောင်များသည် ပြန်ပေါ်လာတတ်ပေသည်။ ထို့ကြောင့်ပင် မျိုးနွယ်စုမှ လူများသည် ဆောင်းရာသီကို ကြိုက်နှစ်သက်ကြခြင်း မရှိကြပေ။ သူတို့အနေဖြင့် ဆောင်းရာသီသည် အခက်အခဲများကို ကြုံတွေ့ရပြီး စိတ်ဓါတ်ကျဆင်းစေသည့် ရာသီတစ်ခုဖြစ်သည်။
အခြားကလေးများသူ့ကို စိုက်ကြည့်နေကြဆဲဖြစ်ကြောင်းကို တွေ့လိုက်ရသဖြင့် ရှောက်ရွှမ် သက်ပြင်းချလိုက်လေသည်။ “ ဟုတ်တယ်။ ဆောင်းရာသီမှာ ကျောက်တုံးတီကောင်တွေက မြေမျက်နှာပြင်ပေါ်ကို မထွက်လာကြဘူး။ သူတို့က အအေးဒဏ်ကိုခံနိုင်ဖို့ မြေအောက်အနက်ကြီးမှာပဲ နေနေကြတာ။ အဲဒါကမျက်နှာပြင်ပေါ်ထက် ပိုနွေးတယ်လေ။ မြစ်ထဲက ဖရာနာ ငါးတွေကလည်း မြစ်အောက်ခြေအနက်ပိုင်းမှာပဲ နေကြတော့တာ၊ ဘာလို့လည်းဆိုတော့ ကမ်းခြေအနားက ရေတွေက ဆောင်းရာသီမှာဆိုရင် အေးခဲသွားကြမှာလေ။ ဒါတွေကြောင့် ငါတို့က တီကောင်တွေကော ငါးတွေကိုကော ဖမ်းရခက်နေတာ “
ရှောက်ရွှမ် ရှင်းပြလိုက်ပြီး နောက်တွင် လိုဏ်ဂူတစ်ခုလုံး စိတ်ဓာတ်ကျသည့် အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားလေသည်။
ဂူထဲမှ ကလေးများ၏ မှတ်ဉာဏ်များအရ ဆောင်းတွင်းသည် အေးစက်ပြီး မှောင်မဲလေသည်။ သူတို့သည် အိပ်ငိုက်နေတတ်ကြသောကြောင့် နေမကောင်းဖြစ်သည်ကိုပင် မသိနိုင်ကြပေ။ သူတို့တစ်နေကုန်အိပ်နေကြပြီး အစာစား
ချိန်မှသာ သူများနှိုးသည်ကို ခံရပြီး ထစားကြလေသည်။ ထို့နောက်တွင် သူတို့သည် နောက်တစ်ကြိမ် ပြန်အိပ်နေကြပြန်သည်။ သူတို့အနေဖြင့် အချိန်ကာလကို မသိနိုင်ကြပဲ လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့သာ ပြုမူနေတတ်ကြသည်။ ယခင်က ထိုအရာသည် ပုံမှန်သာဖြစ်သည်။ သို့သော် ယခုရက်ပိုင်းများတွင် သူတို့သည် ငါးမျှားခြင်း အလုပ်လုပ်ခြင်းများကို အတူတကွ လုပ်နေခဲ့ကြသည်။ သူတို့အနေဖြင့် ယခင်နှစ်များနှင့်မတူသည့် အတွေ့အကြုံများ ရှိနေကြပြီးဖြစ်လေသည်။
လိုဏ်ဂူအဝတစ်နေရာတွင် ကလေးတစ်ယောက်သည် သူယူလာခဲ့သည့် ငါး၏ဦးခေါင်းကို ပွတ်သပ်နေခဲ့ပြီး သူတို့ကြုံခဲ့ရသည့် နေ့ရက်ကောင်းများကို သတိရနေမိလေသည်။ ထိုအရာကို တွေ့လိုက်ရသည့်အခြားသူများ၏ အမြင်တွင် ထူးဆန်းကောင်းထူးဆန်းနေလိမ့်မည် ဖြစ်သည်။ အကယ်၍ ရှောက်ရွှမ်၏ ယခင်ဘဝမှာသာဆိုလျှင် သူ့ကို အရူးတစ်ယောက်အဖြစ် လူအများက သတ်မှတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော် ဤနေရာတွင်ကာ သူသည် သာမန်သာဖြစ်သည်။
ရှောက်ရွှမ် သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး ဝှေ့ကြည့်လိုက်သည် ။ သူသည် ငါးကို ပိုက်ထားသည့် ကလေးငယ်ကို ဆက်လက်ကြည့်နေခြင်း မပြုတော့ပေ။
ရှောက်ရွှမ်သည် သူတို့ခင်းအိပ်သည့်ကောက်ရိုးများကို စုဆောင်းထားပြီးဖြစ်သည်။ ထို့အပြင်သူသည် တိရိစ္ဆာန်သားရေများနှင့် သားမွေးများကိုလည်း ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ပြင်ဆင်ထားမှုသည် လုံလောက်နေပြီဖြစ်ပြီး မည်သူမှ လာမည့်ဆောင်းရာသီတွင် ဒုက္ခရောက်တော့မည် မဟုတ်ပေ။ ယခင်အတွေ့အကြုံများအရ ကလေးများသည် ဆောင်းရာသီကိုကြောက်လန့် နေခဲ့ကြလေသည်။ သူတို့အနေဖြင့် အကောင်းမြင်စိတ်မရှိနေကြပေ။
ယခုအချိန်သည် ညနေခင်းသာဖြစ်သေးသော်လည်း ပြင်ပလောကသည် မှောင်မဲနေခဲ့ပြီဖြစ်သည်။
ရှောက်ရွှမ်သည် ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်နေသကဲ့သို့ 'ပါ' သည် သူ၏နေရာမှ ထလာပြီး ရှောက်ရွှမ်ဆီသို့ လျှောက်လာခဲ့လေသည်။
“ အားရွှမ်.... ငါလုပ်ချင်တယ်... ငါလုပ်ချင်... “ 'ပါ'သည် အားအတော်စိုက်ထုတ်ပြီး သူပြောချင်သည်ကို ပြောနေရလေသည်။
အမှန်တကယ်တွင် ပါ ထံတွင် ညီမငယ်တစ်ယောက် ရှိပေသည်။ ပါ ဤလိုဏ်ဂူသို့ရောက်လာခဲ့စဉ်တွင် ပါ၏ ညီမငယ်သည် တောင်ဘေးဒေသမှ မိသားစုတစ်ခု၏ မွေးစားခြင်းကို ခံလိုက်ရလေသည်။ မျိုးနွယ်စုမှ လူများသည် မိန်းကလေးများကို ယောက်ျားလေးများထက် တန်ဖိုးထားတတ်လေ့ရှိသည်။ မိန်းကလေးများကို မွေးစားသည့်မိသားစုများသည် မျိုးနွယ်စုထံမှ ထောက်ပံ့မှုများကို ပိုရလေ့ရှိသည်။
မျိုးနွယ်စုမှ လူအများစုသည် မျိုးနွယ်စုစွမ်းရည်များ နှိုးထပြီးသား ဖြစ်ကြလေသည်။ ယောကျ်ားလေးများသည် အသက်ဆယ်နှစ်မှ ဆယ့်ငါးနှစ် အတွင်းတွင် စွမ်းရည်နှိုးထလေ့ရှိပြီး အချိန်ကွာခြားမှုသိပ်မရှိလှပေ။ ထို့ကြောင့်ပင် လိုဏ်ဂူထဲမှ ကလေးများသာမက တောင်ခြေဒေသမှ ကလေးများသည်ပင် အိပ်ခြင်းစားခြင်းဖြင့်သာ အချိန်ကုန်နေရဲကြခြင်း ဖြစ်ကြလေသည်။ သူတို့သည် အခြားမည်သည်ကိုမှ ဂရုစိုက်ကြခြင်းမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အနေဖြင့် အလုပ်ကြိုးစားရန် မလိုအပ်သောကြောင့်ဖြစ်သည်။ သူတို့သာ ဖျားနာမှုနှင့် အစာငတ်မှုတို့ကို ကျော်ဖြတ်နိုင်ခဲ့လျှင် အချိန်အခါကျလာသည်နှင့် မျိုးနွယ်စု စစ်သည်တော်များ ဖြစ်လာကြမည်ဖြစ်သည်။
ယောကျ်ားလေးများနှင့် နှိုင်းယှဉ်ရလျှင် ပိုနည်းသော မိန်းကလေးများသည် မျိုးနွယ်စုစွမ်းရည်နိုးထခြင်း ရှိတတ်ကြသည်။ မိန်းကလေးများ၏ သုံးပုံတစ်ပုံသည် သူတို့၏ တစ်သက်တွင် စွမ်းရည်များ နှိုးထခြင်းမရှိကြပေ။ သို့သော်လည်း မျိုးနွယ်စုသည် ထိုကြောင့် သူတို့ကို ဆိုးဆိုးဝါးဝါးဆက်ဆံခြင်းမျိုး မရှိကြပေ။ ထို့အစား မိန်းကလေးများသည် ယောက်ျားလေးများထက် သာလွန်ကောင်းမွန်စွာ ဆက်ဆံခြင်းကို ခံကြရလေသည်။ ထို့ကြောင့် မိဘမဲ့ မိန်းကလေးတစ်ယောက်ပင်ဖြစ်စေ သူမသည် မိသားစု တစ်စုစု၏ မွေးစားခြင်းကို ကျိန်းသေပေါက် ခံရမည် ဖြစ်လေ၏။ ထို့အချက်များကြောင့် မိဘမဲ့လိုဏ်ဂူထဲတွင် မိန်းကလေးတစ်ယောက်မှ မရှိပဲ နေထိုင်နေကြသည့် ကလေးများအားလုံးသည် ယောက်ျားလေးများသာ ဖြစ်ကြလေသည်။
ပါ သည် ဆောင်းရာသီမရောက်ခင်တွင် သူ့ညီမထံသို့သွားလည်ပြီး ငါးတစ်ကောင်ကို လက်ဆောင်အဖြစ် ပေးချင်နေပေသည်။ သူသည် သူ၏ ဝေစုမှ ငါးတစ်ကောင်ကို ပေးမည်ဖြစ်သော်လည်း သူသည် ရှောက်ရွှမ်၏ အမြင်ကို လာရောက်တောင်းခံပေသေးသည်။ ရှောက်ရွှမ်သည် လိုဏ်ဂူအတွင်းမှ ကလေးများကို မည်သို့ငါးဖမ်းရမည်ကို ပြသခဲ့ပြီး ကလေးများသည် သူ့ကိုတော်တော်လေး လေးစားကြပေရာ သူ၏နေရာအဆင့်အတန်းသည် မြင့်မားသည်ဟူ၍ ပြောနိုင်ပေသည်။ ရှောက်ရွှမ်လုပ်ခိုင်းသည့် ကိစ္စဖြစ်လျှင် ကလေးကြီးနှစ်ယောက်တို့သည် သူတို့မကြိုက်သည့်ကိစ္စဖြစ်လျှင်သော်မှ ငြင်းဆန်ခြင်းကို မပြုလုပ်တတ်ကြပေ။ သူတို့သည် တစ်ခုခုကို လုပ်မည် ကြံလျှင်လည်း ရှောက်ရွှမ်၏ အမြင်ကို မေးလေ့ရှိကြလေသည်။
ပါ သည် သူ့အကြံကို ပြောပြလိုက်ပြီး ထိုနေရာတွင်ပင် ရပ်နေခဲ့သည်။ သူသည် လက်ချောင်းများကို စိတ်လှုပ်ရှားစွာဖြင့် ဆော့ကစားနေခဲ့လေသည်။ သူသည် ရှောက်ရွှမ် သူ၏အကြံပြုချက်ကို ငြင်းပယ်မည်ကိုကြောက်နေသည့်အလား ရှောက်ရွှမ်ကို စိုက်ကြည့်နေခဲ့၏။
“ ရတာပေ့ါ။ ညမနက်ခင် ပြန်လာဖို့ကိုသာ မမေ့နဲ့“ ရှောက်ရွှမ် ပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ်၊ အားရွှမ် “ သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားခဲ့ပြီး ငါးတစ်ကောင်ကို ယူဆောင်လိုက်ကာ လိုဏ်ဂူထဲမှ ထွက်သွားလိုက်သည်။
ပါ ငါးတစ်ကောင်ဖြင့် ပျော်ရွှင်စွာ ထွက်သွားသည်ကိုမြင်တွေ့လိုက်ရသည့် အခါ ရှောက်ရွှမ်ပြုံးလိုက်မိသည်
“ သူက ကျေးဇူးတင်ပါတယ်လို့ ပျော်ပျော်ကြီးပြောသွားတာပဲ။ ကြည့်ရတာ သူတော်တော်ပျော်နေပုံရတယ် “
ပါ ထွက်သွားပြီး မကြာခင်မှာပင် မော့အာ၏မိခင် ရောက်လာခဲ့သည်။ သူမလာသည်မှာလည်း တူညီသော အကြောင်းပြချက်နှင့်ပင် ဖြစ်လေသည်။ သူမသည် သူမ၏သားကို အိမ်သို့ခေါ်ပြန်ရန် လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မော့အာသည် အိမ်ပြန်လိုခြင်းမရှိနေခဲ့ပေ။ ကြည့်ရသည်မှာ သူသည် အိမ်ပြန်ရလျှင် အိမ်ရှိအခြားကလေးများဖြင့် ကြီးမားသည့်ရန်ပွဲများကို တိုက်ခိုက်ရသည့်ပုံပေါ်သည်။
အဆုံးတွင် မော့အာ၏မိခင်သည် ငိုယိုပြီးပြန်သွားခဲ့သည်။ သူမမပြန်မီတွင် မော့အာအတွက် ထူထဲသော သားမွေး ကုတ်အင်္ကျီတစ်ထည်နှင့် အသားခြောက်အချို့တို့ကို ပေးသွားခဲ့လေသည်။
ညနေခင်းတွင် ကော အစားအသောက်များကို လာရောက်ဝေငှသည့်အချိန်တွင် ရှောက်ရွှမ်အတွက် အသားခြောက်အချို့ကိုလည်း ယူလာပေးခဲ့လေသည်။ ထို့နောက်တွင် တိရိစ္ဆာန်သားရေ စောင်တစ်ထည်နှင့် အဝတ်အစားတစ်ပိုင်းကိုလည်း ပေးခဲ့၏။
" ဒါက မိုင်ဆီက.... ပြီးတော့ အဝတ်အစားတွေက လန်ကာ့ ဆီက" ကော ပြောလိုက်သည်။ “ သူတို့က ဒီနေ့တော်တော်လေး အလုပ်ရှုပ်နေကြတာ။ နတ်ဆရာပြောတာတော့ ဆောင်းရာသီက မနက်ဖြန်ဆို ရောက်ပြီတဲ့ .......။ လူတိုင်းက အိမ်တွေကို စစ်ဆေးတာတွေနဲ့ လိုအပ်တာတွေကို ပြင်ဆင်တာတွေကို လုပ်နေကြတယ်။ ဒါကြောင့်သူတို့က မင်းကိုပေးချင်တာတွေကို ငါနဲ့ထည့်ပေးလိုက်တာ “
မိုင်၏ အမဲလိုက်အဖွဲ့သည် မနေ့ကပင် ပြန်ရောက်လာခဲ့သည်။ သူတို့သည် ဤနှစ်ဆောင်းရာသီအတွက် နောက်ဆုံးအမဲလိုက် တာဝန်ကို အလျင်အမြန်ပင် ဆောင်ရွက်ခဲ့ကြသည်။ သူတို့သည် အကျိုးအမြတ် ကောင်းကောင်းရလာခဲ့ကြပြီး ရှောက်ရွှမ်သည် သူတို့ ရိတ်သိမ်းလာခဲ့သည့် အကျိုးအမြတ်များကို မြင်တွေ့ခဲ့ရသည်။ သူတို့ယူလာခဲ့သည့် အစားအသောက်များသည် ဆောင်းရာသီအတွက် လုံလောက်စေမည်ကို သူသေချာပြောနိုင်ပေသည်။ အမဲလိုက် အဖွဲ့မှ လူများသည် သူတို့၏နေအိမ်များတွင် လုံလောက်သော အစားအသောက်များကို သိုလှောင်ထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဆောင်းရာသီတွင် ငတ်မွတ်ခေါင်းပါးခြင်းကို ကြုံတွေ့ရတော့မည် မဟုတ်ပေ။ မနေ့ကပြန်လာခဲ့ကြသည် အမဲလိုက်အဖွဲမှ လူတိုင်း၏ မျက်နှာတွင် သက်တောင့်သက်သာဖြစ်မှုနှင့် စိတ်ကျေနပ်နေသည့် အပြုံးများကို ရှောက်ရွှမ် မြင်တွေ့ခဲ့ရလေသည်။
ရှောက်ရွှမ် သူတို့ကို ကျေနပ်သည့် အပြုံးဖြင့် ကြည့်နေခဲ့သည်။ အသားခြောက်များသည် လတ်ဆတ်ပြီး အရည်အသွေး ကောင်းမွန်လှပေသည်။ သူရရှိလိုက်သည့် တိရိစ္ဆာန်သားရေ စောင်နှင့် အဝတ်အထည်များသည်လည်း သူယခု ရက်ပိုင်းအတွင်းလဲလှယ်ထားသည့် သားမွေးများ သားရေများထက် အရည်အသွေး ကောင်းမွန်လေသည်။
ထိုကဲ့သို့သော ကြင်နာမှုမျိုးကြောင့် သူရင်ထဲထိသွားမိသည်။
“ ကျေးဇူးတင်ပါတယ်၊ ဦးလေး ကော ။ ပြီးတော့ ဦးလေးမိုင်နဲ့ လန်ကာ့ တို့ကိုလည်း ကျေးဇူးတင်ကြောင်းပြောပြပေးပါ “
ထို့နောက် ရှောက်ရွှမ်သည် ငါးနှစ်ကောင်ကို ဆွဲယူလာလိုက်ပြီး ကောကို ပေးလိုက်ကာ မိုင်နှင့် လန်ကာ့ကို လက်ဆောင်ပေးပေးရန် မှာကြားလိုက်လေသည်။ မိုင်သည် အမဲလိုက်ခရီးမှ လုံလောက်သော သားကောင်များကို ရရှိလာခဲ့ကြောင်းကို သူသိသော်လည်း သူ့အနေဖြင့် ကျေးဇူးတင်ကြောင်းကို ပြသရန် လက်ဆောင်ပေးရန် လိုအပ်ပေသည်။ ထိုငါးနှစ်ကောင်သည် ရှောက်ရွှမ်၏ ကိုယ်ပိုင်ဝေစုများ ဖြစ်ကြသည်။ ထို့ကြောင့် သူ့အုပ်စုအနေဖြင့် ငြင်းခုန်နေစရာမလိုအပ်တော့ပေ။
“ ဟေး ငါးတွေကို ငါ့အတွက်ယူထားလိုက်မှာကို မင်းမကြောက်ဘူးလား “ ကော ကျောက်သားဇလုံအတွင်းသို့ ငါးများကို ထည့်ထားလိုက်ပြီး မေးကြည့်လိုက်သည် ။
နတ်ဆရာခန့်မှန်းထားသည်မှာ မနက်ဖြန်တွင် ဆောင်းရာသီ ဝင်ပြီဖြစ်သည်။ ထိုအကြောင်းကို ရှောက်ရွှမ် အခြားကလေးများကိုလည်း ပြောပြလိုက်သည်။ တိရိစ္ဆာန်သားရေများနှင့် သားမွေးများကို ဝေခြမ်းပေးလိုက်ပြီး သူ့အနေဖြင့်နောက်ထပ်ပြောစရာ မရှိတော့ပေ။ လူတိုင်းသည် သူ့တို့ကိုယ် သူတို့မည်သို့ ကာကွယ်ရမည်ကို သိကြပေသည်။ ထိုညတွင် ကောင်းကင်သည် လုံးဝမှောင်မဲနေခဲ့သည်။ ယခင်နေ့များက သေးငယ်သော လခြမ်းကွေးနှစ်ခုတို့ကိ မြင်နိုင်သေးသည်။ သို့သော် ယနေ့ညတွင် ထိုလများကို မမြင်တွေ့ရတော့ပေ။
အမှောင်ထုကို ကြည့်ရသည်မှာ စိတ်ဓါတ်ကျချင်စရာကောင်းနေသည်။
ရှောက်ရွှမ်သည် အေးစက်မှုကြောင့် ညသန်းခေါင်တွင်ပင် နှိုးလာခဲ့သည်။ သူသည် နှင်းပုံထဲတွင် အိပ်နေရသကဲ့သို့ခံစား လိုက်ရ၏။ သို့သော်လည်း သူထထိုင်လိုက်သည့်အချိန်တွင် အအေးသည် သိပ်မသိသာနေတော့ပေ။
သူမတ်တပ်ရပ်လိုက်ပြီး လေဝင်ပေါက်ကို ကောက်ရိုးများဖြင့် ကာထားလိုက်သည်။ အေးစက်သော လေသည် ဝင်လာခဲ့ပြီး သူ့ကို တုန်ယင်သွားစေသည်။
ဆောင်းရာသီ အမှန်တကယ် ရောက်လာပေပြီ။
ဆောင်းဝင်လာခြင်းသည် လိုဏ်ဂူထဲမှ ကလေးများကို ယခင်အချိန်များဆီသို့ ပြန်ရောက်သွားစေလေသည်။ စားယုံအပြင် သူတို့လုပ်နိုင်ကြသည်မှာ အိပ်စက်ခြင်းသာ ဖြစ်ကြလေသည်။ သူတို့သည် အိပ်ရာမှ နှိုးသည့်အချိန်တွင် ဆောင်းရာသီကုန်ဆုံးသွားမည် ဟု မျှော်လင့်နေကြသလော မပြောနိုင်ပေ။
လုံလောက်သော အစားအသောက်များ၊ ထူထဲသော သားမွေး စောင်များဖြင့် သူတို့အားလုံး သက်တောင့်သက်သာ အိပ်စက်နိုင်ကြပေသည်။ အနည်းဆုံးတော့ ယခင်နှစ်များထက် ပို၍ သက်တောင့်သက်သာ ရှိပေသည်။
ဆောင်းရာသီတွင် ကောသည် ခါတိုင်းကဲ့သိုပင် လာခဲ့ပြီး အစားအသောက်များကို ဝေငှပေးလေသည်။ သူသည် ပြင်ပရှိဆိုးဝါးနေသော အခြေအနေများကိုပင် လျစ်လျု ရှုထားခဲ့၏။ ရှောက်ရွှမ်သည် ကောအနေဖြင့် ထိုမျှ ဒုက္ခခံစရာမလိုအပ်ဟု ထင်နေမိ၏။ ထို့ကြောင့်ပင် ကော နှင့်ဆွေးနွေးလိုက်ပြီး သုံးရက်မှ တစ်ခါ လာရန် ပြောလိုက်ကြသည်။ ထိုသုံးရက်တစ်ခါတွင် ကောသည် သုံးရက်စာ အစားအသောက်များကို ယူဆောင်လာပေးရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လိုဏ်ဂူထဲမှ ကလေးများကို ရှောက်ရွှမ် ကောင်းကောင်းထိန်းနိုင်နေသည်ကို ကော သိပြီးဖြစ်သည်။ သို့နှင့် သူမငြင်းဆန်တော့ပဲ ရှောက်ရွှမ်ကို မီးမွေးသည့် အမှုန်များနှင့် မီးမွေးသည့်ကျောက်တုံးဇွန်းကို ရှောက်ရွှမ်ကို ပေးခဲ့လေသည်။
သို့သော်လည်း ဆောင်းရာသီတွင် သူတို့အနေဖြင့် လုပ်စရာ ရှိနေပေသေးသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် လာရောက်ပြီး သူတို့ကို ဂဏန်းသင်္ချာ ရေတွက်ခြင်း နှင့်မျိုးနွယ်စုမှ အသုံးပြုသည့် အက္ခရာများကို သင်ကြားပေးခြင်းတို့ကို ပြုလုပ်တတ်ကြလေသည်။ ယခင်အကြိမ်များကဲ့သို့ပင် သင်ကြားပေးသည့် ဆရာသည် ကလေးများထံသို့ ရက်ပေါင်းနှစ်ဆယ် သို့မဟုတ် သုံးဆယ်တိုင်းတွင် တစ်ခါ လာရောက်သင်ကြားပေးတတ်လေသည်။ ဤဆောင်းရာသီသည်လည်း ချွင်းချက်မဟုတ်နေခဲ့ပေ။
နေ့တစ်နေ့တွင် ဆရာရောက်လာခဲ့သည်။ ထိုနေ့တွင် သေချာသင်ကြားရန်အတွက် ကောသည် ရှောက်ရွှမ်တို့ကို မှာကြားခဲ့သည်။ မဟုတ်လျှင် သူတို့အနေဖြင့် အိပ်ပျော်နေပြီး သင်ကြားရမည့်အရာများကို မသင်ကြားနိုင်ပဲကျန်နေခဲ့ပေလိမ့်မည်။
ထို့ကြောင့်ပင် တိရိစ္ဆာန်သားရေကို ဝတ်ဆင်ထားသည့် မုဆိုးအိုကြီးသည် လိုက်ကာကိုမတင်လိုက်ပြီး လိုဏ်ဂူထဲသို့ ဝင်လာခဲ့ချိန်တွင် သူသည် အလွန်အံ့သြသင့်သွားခဲ့ရသည်။ နွေးထွေးသည့်မီးပုံဘေးတွင် အိပ်ပျော်နေကြရမည့် ကလေးများသည် စိတ်အားတက်ကြွစွာဖြင့် ထိုင်နေခဲ့ကြပြီး သူ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြလေ၏။
သူသည် တောင်ထိပ်ဒေသတွင်နေထိုင်သူဖြစ်ပြီး ဤနေရာသို့မရောက်ခဲ့သည်မှာ ရက်ပေါင်းလေးဆယ်ခန့် ရှိပြီဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်နေကြောင်းကို မသိနေခဲ့ပေ။ ယမန်နေ့က သူသည် ကောနှင့် လိုဏ်ဂူထဲမှ အခြေအနေများကို ဆွေးနွေးခဲ့သေးသည်။ အစပိုင်းတွင် ထိုမေးခွန်းများသည် သာမန်မေးခွန်းများသာဖြစ်ကြသော်လည်း မမျှော်လင့်စွာပင် အရာတော်တော်များများသည် ရက်ပိုင်းအတွင်းမှာပင် ပြောင်းလဲသွားခဲ့ရသည်။
ကောသည် ရှောက်ရွှမ်ကို တာဝန်ခံခန့်အပ်ထားကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် မုဆိုးအိုကြီးသည် အတော်လေးမပျော်မရွှင် ဖြစ်သွားခဲ့ရသည်။ ရှောက်ရွှမ်သည် အသက်ဆယ်နှစ်ပင် မပြည့်သေးသည် မဟုတ်ပေလော။ သူ့အနေဖြင့် ထိုဆုံးဖြတ်ချက်သည် ကလေးဆန်လွန်းသည်ဟုသာ ထင်မြင်နေခဲ့သည်။ ယခင်အတိတ်က သူကလေးများကို သင်ကြားပေးရန် သွားလိုက်စဉ်တွင် ရှောက်ရွှမ်တစ်ယောက်တည်းသာ အာရုံစိုက်နားထောင်တတ်ခဲ့သူဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် မုဆိုးအိုကြီးသည် ရှောက်ရွှမ်ကို သေချာမှတ်မိနေခဲ့ပေသည်။
ကော ရှင်းပြသည်ကိုကြားလိုက်ရသည့်အချိန်တွင် သူမယုံကြည်နိုင်ခဲ့ပေ။ သူကိုယ်တိုင် လိုဏ်ဂူထဲမှ အခြေအနေကို တွေ့လိုက်ရသည့်အချိန်တွင်မှ ကောပြောသည်ကို လက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ ယခင်ကနှင့် တော်တော်လေး မတူတော့ပေ.........။
ကလေး နှစ်ဒါဇင်ကျော်၏ စိတ်လှုပ်ရှားနေသော လိုချင်မှုပြင်းပြနေသော အကြည့်များအောက်တွင် မုဆိုးအိုကြီးသည် ဂူအတွင်းသို့ဝင်လာခဲ့လေသည်။ ထို့နောက် သူထိုင်နေကြ ကျောက်သား ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လိုက်သည်။ နံပါတ်များကို ရေးထိုးထားသည့် သားရေပြားတစ်ချပ်ကို ထုတ်ယူလိုက်ပြီး မီးအနီးထားကာ ကြည့်လိုက်သည်။ ထို့နောက် မှန်ကန်သည့် သားရေလိပ်ဖြစ်သည်ကို အတည်ပြုပြီးသည့်အခါ သူ၏လည်ချောင်းကို ရှင်းသည့်အနေဖြင့် ချောင်းတစ်ချက်ဆိုးလိုက်သည်။
“ အဟမ်း.... ကောင်းပြီလေ၊ ဒီနေငါမင်းတို့ကို နံပါတ်တွေကို သင်ပေးမယ် ပြီးတော့ တစ်ကနေ တစ်ဆယ်ကို ဘယ်လိုရေတွက်ရမယ် ဆိုတာကိုသင်ပေးမယ်။ သေချာနားထောင် ငါအရင်ပြောပြမယ်။ အဟမ်း.... တစ်၊ နှစ်၊ သုံး.... “
သူတစ်မှ တစ်ဆယ်အထိ ရွတ်ပြီးသွားသည့်အချိန်တွင် လေထုသည် ထူးဆန်းနေကြောင်းကို မုဆိုးအိုကြီး ခံစားလိုက်မိသည်။ သူ့အကြည့်ကို သားရေစာလိပ်ဆီမှ ရွေ့လိုက်ပြီး အပေါ်မော့ကြည့်လိုက်သည်။ ကလေးများ၏ လိုချင်စိတ်အပြည့်နှင့်မျက်လုံးများသည် စိတ်မရှည်သည့် မျက်လုံးများ ဖြစ်နေကြပြီကို သူတွေ့လိုက်ရလေသည်။
ဘာလဲဟ..... အခုမှ အစပဲရှိသေးတာကို သူတို့က ပျင်းနေကြပြီလား။ မုဆိုးအိုကြီးသည် စိတ်မသက်မသာ ဖြစ်သွားရပြီး ယခင်အချိန်များကို ပြန်သတိရလိုက်မိသည်။ ထိုအချိန်များက ကလေးများသည် သူသင်ပေးနေသော်လည်း သမ်းဝေနေကြကာ အိပ်စက်ရန်ကိုပင် ချောင်းမြောင်းနေလေ့ရှိခဲ့သည်။
သူ ကလေးများကို အော်ငေါက်တော့မည့် အချိန်တွင် ကလေးတစ်ယောက် ပြောလိုက်သည်ကို သူကြားလိုက်ရသည်။ “ ဒီတော့ ငါက ဒါတွေကို ငါ့ရဲ့ဆောင်းရာသီမှာ နားထောင်နေရမှာလား၊ ငါအိပ်တာကို စွန့်လွတ်လိုက်တာ ပြန်ရတာကဒါပဲလား “
“ တစ်ကနေ တစ်ဆယ်အထိပဲလား .... ဒီလူကြီးက အသုံးမဝင်ပါဘူးကွာ “
“ ဟုတ်တယ် “
“ ဟေး ခင်ဗျားက တကယ်ပဲ သင်ပေးနိုင်ရဲ့လား...... ဒါမှမဟုတ် တစ်ကနေ တစ်ဆယ် အထိပဲ ခင်ဗျားသိတာလား “
“ အားရွှမ် ငါတို့ ဒီလူကြီးကို သွားခိုင်းလိုက်ရအောင် ၊ ပြီးတော့ တခြားလူတွေ ငါတို့ကို လာသင်ပေးပါစေ “
“ ဟုတ်တယ်၊ ငါသဘောတူတယ် “
“ ဆရာပြောင်းပေးပါ “
“ ဆရာပြောင်းပေးပါ “
“ သူ့ကို ထွက်သွားခိုင်းလိုက် “
ရှောက်ရွှမ် သားရေစာလိပ်ကို ကိုင်ထားသည့် မုဆိုးအိုကြီးကို ကြည့်လိုက်သည်။ သူ၏နဖူးတွင် သွေးကြောများ တုန်ခါနေသည်ကို သူထင်ရှားစွာပင် တွေ့မြင်နေရလေသည်။