← Chapters

နံရံဆေးရေးပန်းချီ

Vol. 2 Ch. 17

နံရံဆေးရေးပန်းချီ

Vol. 2 Ch. 17

သူသည် အသက်အရွယ်ကြီးရင့်နေခဲ့ပြီဖြစ်ပြီး အမှန်တကယ် စာတတ်သည့် ဆရာတစ်ဦးဖြစ်သဖြင့် သူ့အနေနှင့် တစ်မှ တစ်ဆယ်သာ သိသော လူတစ်ယောက် မဟုတ်နေပေ။ ထို့အပြင် သူကဲ့သို့သော မုဆိုးအိုကြီးများသည် ဂဏန်းသင်္ချာရေတွက်သည့်နေရာတွင် ကျွမ်းကျင်ကြသူများ ဖြစ်ကြသည်။ သူတို့အနေဖြင့် အခြားနေရာများတွင် သိချင်မှ သိမည် ဖြစ်သော်လည်း ရေတွက်သည့်နေရာတွင် အမှန်တကယ် ဆရာတစ်ဆူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ရေတွက်ခြင်းသည် အမဲလိုက်ထွက်ရာတွင် မသိမဖြစ် သိထားရမည့် အရည်အချင်း တစ်ခုဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ အမဲလိုက်အဖွဲ့များသည် အချင်းချင်း ပြိုင်ဆိုင်နေကြသဖြင့် ကျွမ်းကျွမ်းကျင်ကျင် ရေတွက်တတ်သည့် လူတစ်ယောက် ကို အဖွဲ့ထဲတွင် လိုအပ်ပေသည်။

လိုဏ်ဂူထဲမှ ကလေးများသည် တစ်မှ သုံးဆယ်အထိ ကျွမ်းကျွမ်းကျင်ကျင် ရေတွက်တတ်နေကြောင်း ကို သိလိုက်ရသည့်အချိန်တွင် မုဆိုးအိုကြီးသည် အတော်လေး ပျော်ရွှင်သွားလေ၏။ ထိတ်လန့်ခြင်းနှင့် အံ့သြခြင်းတို့ကိုလည်း တစ်ပြိုင်နက်တည်းပင် ခံစားလိုက်ရလေ၏။ သူသည် စာသင်ကြားပေးရသည်ကို သဘောကျသည့်လူတစ်ယောက်ဖြစ်ပြီး ကံဆိုးသည်မှာ တောင်ထိပ်ဒေသမှ ကလေးများသည် စာသင်ကြားခြင်းကို ဝါသနာမပါကြခြင်းဖြစ်သည်။

ဤကဲ့သို့‌သော ရှားပါးသည့် စိတ်ပါဝင်စားမှုဖြင့်ဆိုလျှင် သူ့အနေဖြင့် စာသင်ပေးရသည်ကို ပို၍ ပျော်ရွှင်မိလေသည်။

သူတို့သည် ပိုများသော နံပါတ်များကို သင်ကြားလာနိုင်သဖြင့် ကလေးများသည် ဆရာအပြောင်းအလဲ လုပ်ရန် ကိစ္စကိုမပြောကြတော့ပေ။ ထို့အစား ကလေးများသည် မုဆိုးအိုကြီးသင်ကြားပေးသည်ကို စိတ်ဝင်စားစွာဖြင့် နားထောင်နေကြလေသည်။ သူတို့သည် ပိုများသော နံပါတ်များကို သင်ကြားနိုင်ရန်အတွက်လည်း စိတ်လှုပ်ရှားနေကြလေသည်။ ဆီဆာသည် အိပ်ယာပေါ်တွင် လဲလျောင်းနေခဲ့ပြီး လိုဏ်ဂူထဲတွင် အပျင်းရိဆုံးသော တစ်စုံတစ်ယောက် အနေဖြင့် ရှိနေခဲ့လေသည်။

မုဆိုးအိုကြီးပြန်လည် ထွက်ခွာသွားတော့မည့် အချိန်တွင် သူသည် ကလေးများကို မထားခဲ့နိုင်ဖြစ်နေခဲ့ရသည်။ သူ့အနေဖြင့် နောက်ထပ် သင်ကြားပေးလိုသည့် အရာများစွာ ရှိနေပေသေးသည်။ ယခင်အကြိမ်များက သူသည် ကြာမြင့်ပြီးတစ်ခါမှသာ လိုဏ်ဂူသို့ လာလေ့ရှိခဲ့သည်။ ယခုတွင် အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သဖြင့် သူသည်ကလေးများကို စာသင်ပေးရန်အတွက် တက်ကြွလာခဲ့လေပြီ။ ထို့ကြောင့်သူသည် လိုဏ်ဂူဆီသို့ မကြာခနလာရန် ဆုံးဖြတ်လိုက်လေ၏။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် တောင်ထိပ်ဒေသမှ ဤနေရာသို့လာသည့်ကိစ္စမှာ လွယ်ကူသည့် ကိစ္စတစ်ခုတော့ မဟုတ်နေခဲ့ပေ။ သူအလေးအနက်စဉ်းစားလိုက်ပြီးနောက် တိရိစ္ဆာန်သားရေလိပ် တစ်ခုကို ချန်ထားခဲ့လိုက်သည်။ ထိုစာလိပ်တွင် ပိုများသော စာလုံးများနှင့် နံပါတ်များ ပါဝင်နေပေသည်။ သူသည် ထိုစာလိပ်ကို ရှောက်ရွှမ်ဆီသို့ ပေးခဲ့လိုက်ပြီး စာသင်၊ စာဖတ်ချင်သည့် ကလေးများ အနေဖြင့် ရှောက်ရွှမ်ကို သွားပြောရန် မှာခဲ့လိုက်သည်။

ဂူထဲမှ လေဝင်ပေါက်များအားလုံးကို ကောက်ရိုးများဖြင့် ပိတ်ထားလိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် ဂူအတွင်းထဲသို့ အလင်းရောင်မဝင်နိုင်ဖြစ်နေရသည်။ ဆောင်းရာသီများတွင် ဂူအတွင်းပိုင်းသည် နေ့ဖြစ်စေ ညဖြစ်စေ မှောင်မဲနေလေ့ ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နေ့ရောညပါ ထင်းမီးဖို ဖိုထားရန် မတတ်နိုင်ကြသောကြောင့်ဖြစ်သည်။ ဂူအတွင်းရှိ ထင်းများကို မျိုးနွယ်စုစစ်သည်များက ယူဆောင်လာပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့အနေဖြင့် ထိုထင်းများကို တစ်နေကုန် မီးမွေးထားပြီး ဖြုန်းတီးမပစ်နိုင်ချေ။

ရှောက်ရွှမ် မီးပုံကို ကြည့်လိုက်ပြီး အကယ်၍ လိုဏ်ဂူအတွင် အမြဲတမ်းမီးလင်းနေခဲ့လျှင် လူအားလုံးအတွက် ပို၍ သက်တောင်သက်သာဖြစ်မည် ကို တွေးကြည့်လိုက်သည်။

ဆီဆာသည် ချက်ပြုတ်ထားသည့် အစားအသောက်များကို မကြိုက်သဖြင့် ရှောက်ရွှမ်ဘေးတွင်ထိုင်နေလိုက်ပြီး ငါးစိမ်းတစ်ကောင်ကို စားနေခဲ့သည်။

ငါးကို စားသောက်ပြီးကျန်နေခဲ့သည့် သွားများသည် အခြားကိရိယာများလုပ်ရန်အတွက် သင့်တော်နေခြင်း မရှိပေ။ ထိုသွားများသည် အလွန်အမင်း သေးငယ်ကြပေသည်။ ထို့အပြင် ကလေးများသည် အမဲလိုက်ထွက်နိုင်ကြခြင်း မရှိသဖြင့် ငါး၏သွားများသည် သူတို့အတွက်တော့ အသုံးဝင်နေခြင်း သိပ်မရှိနေပေ။ သို့သော်လည်း ရှောက်ရွှမ်သည် ထိုသွားများဖြင့် ခေါင်းဖီးများကို ပြုလုပ်လိုက်ပြီး သူခေါင်းဖီးရန်နှင့် ဆီဆာ အမွေးများကို တိုက်ရန်အတွက် ပြုလုပ်ထားလိုက်လေသည်။

မျိုးနွယ်စုတွင် ခေါင်းဖီးများ ရှိပေ၏။ သို့သော်လည်း ဂူထဲမှ ကလေးများသည် ခေါင်းဖြီးရန် အတွက် စိတ်မဝင်စားကြပေ။ သူတို့အနေဖြင့် ရုပ်ဆင်းသွင်ပြင်ထက် အစားအသောက်ကသာ ပို၍ အရေးကြီးပေသည်။ မျိုးနွယ်စုမှ လူတိုင်းတွင် မတူညီကြသည့် ဆံပင်ပုံစံများ ရှိနေကြလေ၏။ အချို့သည် ဆံပင်တိုပြီး အချို့သည် ဆံပင် ရှည်ကြလေသည်။ ဆံပင်အရှည်ကို မကြိုက်ကြသည့် လူများသည် ကျောက်တုံးဓါးများကို အသုံးပြုပြီး ဆံပင်များကို ဖြတ်လိုက်ကြလေသည်။ ဂူထဲမှ ကလေးများကိုမူ မည်သူမှ ဆံပင် လာဖြတ်ပေးခြင်း မရှိကြသဖြင့် သူတို့အားလုံးသည် ဆံပင်ရှည်များနှင့် ဖြစ်ကြလေသည်။

အချို့ကြီးမားသည့် ငါးသွားများကို လည်ဆွဲအဖြစ် ဆင်မြန်းကြလေသည်။ ကလေးများသည် ငါးသွားလည်ဆွဲများကို ကြိုက်နှစ်သက်ကြပေ၏။

သားကောင်မှရသော ဦးချိုများ၊ သွားများ အခြားအရာများသည် လူတစ်ယောက်၏ စွမ်းဆောင်ရည်ကို ကိုယ်စားပြုနေကြပေသည်။ ထို့အပြင် မျိုးနွယ်စုမှ လူများသည် အမဲလိုက် ခြင်းမှ ရရှိလာခဲ့သည့်အရာများကို ထိုနည်းဖြင့် ကြွားဝါကြခြင်း ဖြစ်လေသည်။ အချို့ စစ်သည်တော်များသည် ထိုကဲ့သို့သော် အရာများကို သူတို့နှစ်သက်သော မိန်းကလေးဆီမှ အခွင့်အရေးပေးသည်ကို လိုချင်ကြသဖြင့် လက်ဆောင်ပေးတတ်ကြသည်လည်း ရှိလေသည်။ မျိုးနွယ်စုမှ အမျိုးသမီးများနှင့် မိန်းမပျိုလေးများသည်လည်း ထိုလက်ဆောင်များကို နှိုင်းယှဉ်တတ်ကြပြီး မည်သည်က ပိုကောင်းသည် မည်သည့်ငှက်မွေးက ဖမ်းရန်ခက်သည့် ငှက်မှ ရသည် စသည့်အချက်များကို ပြိုင်တတ်ကြလေသည်။

သားကောင်သည် ပို၍ကြောက်မက်ဖွယ်ကောင်းလေလေ ထိုသားကောင်ထံမှ ရသော အရာဖြင့် ပြုလုပ်သည့် အလှဆင်ပစ္စည်းသည် လေးစားခံရလေလေ ဖြစ်သည်။

မှန်ပေသည်။ ကလေးများသည်လည်း သူတို့ကိုယ်သူတို့ အခြားသူများနှင့် နှိုင်းယှဉ်တတ်ကြပေသည်။ တောင်ခြေဒေသမှကလေးများသည် သူတို့မိဘများ အမဲလိုက်ခဲ့သော သား‌ကောင်ဆီမှ ဦးချိုများ၊ သွားများနှင့် အရိုးများမှ ပြုလုပ်ထားသည့် အလှဆင် လည်ဆွဲများကို ဝတ်ဆင်တတ်ကြလေ၏။ ဂူထဲမှ ကလေးများမှာမူ မိဘမဲ့များသာ ဖြစ်သဖြင့် သူတို့ကို မည်သူကမှ ထိုကဲ့သို့သော လက်ဆောင်များကို ပေးကြခြင်း မရှိနေခဲ့ပေ။ သူတို့မျိုးနွယ်စုဆီသို့ သွားတိုင်း ၊ ကလေးများထံမှ အလှဆင် ပစ္စည်းများကို မြင်ရတိုင်း သူတို့သည်လည်း အလွန်လိုချင်လာကြပြီး မနာလိုစိတ်များပင် ဝင်လာတတ်ကြလေသည်။ ထိုအကြောင်းပြချက်တစ်ခုကြောင့် ပင် သူတို့နှင့် မျိုးနွယ်စုထဲမှ ကလေးများ မကြာခနရန်ဖြစ်တတ်ကြလေသည်။

ယခုတွင် သူတို့သည် သူတို့၏ သားကောင်များ၏ သွားများဖြင့် ကိုယ်ပိုင် လည်ဆွဲများကို ပြုလုပ်နိုင်ကြပြီ ဖြစ်သည်။ သူတို့မပျော်ပဲ မနေပေ။ သူတို့တွင်လည်း အခြားကလေးများ နည်းတူ လည်ဆွဲများ ရှိနေကြပြီ မဟုတ်ပေလော........။ ငါးသွားဖြင့်ပြုလုပ်ထားသည့်လည်ဆွဲ များသည် ကလေးများ အဘယ်ကြောင့်ငါးဖမ်းခြင်းကို နှစ်သက်သည်ဟူသည့် နောက်ထပ်အကြောင်းပြချက်တစ်ခု ဖြစ်လေသည်။

ရှောက်ရွှမ်မှာမူ အခြားကလေးများလို ငါးသွားများကို တပ်မက်နေခြင်း မရှိခဲ့ပေ။ သူသည် ငါးသွားများကို အခြားကလေးများကိုသာ ပေးလိုက်လေသည်။ ပါ သူ့ညီမလေးထံသို့ အလည်သွားသည့်အချိန်တွင် သူသည်သူမကို ကြီးမားသည့် ငါးသွားများကို ပေးခဲ့လေသည်။ ထိုသွားများသည် သူကိုယ်တိုင်ဆွဲထားသည့် ငါးသွားများထက်ပင် ပိုကြီးနေခဲ့၏။

လူတိုင်း၏ဘဝသည် မလွယ်ကူနိုင်ပေ။

ရှောက်ရွှမ်သည် ဂူအတွင်းမှ ဘဝများကို မည်သို့ပို၍ သက်တောင့်သက်သာဖြစ်လာ‌အောင် လုပ်ရမည်ဆိုသည်ကို တွေးနေခဲ့သည့်အချိန်တွင် အခြားကလေးများသည် အိပ်စက်ခြင့်ဖြင့်သာ အချိန်ကုန်နေခဲ့သည်။ သူတို့သည် စားသောက်ရန်အချိန်ကြလာသည့်အခါတွင်သာ အခြားကလေးများဖြင့် ရေတွက်ခြင်းကို ပြုလုပ်တတ်ကြလေသည်။ မော့အာမှာမူ သူ၏ဓါးကို နေ့တိုင်းသွေးနေခဲ့လေ၏။ သူသည် ရေတွက်ခြင်းကို ကျွမ်းကျင်နေခဲ့ပြီဖြစ်ပြီး ဂူထဲမှ အခြားကလေးများထက်ပင် ဆရာကျနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ဂူအဝတစ်နေရာတွင်သာ နေပြီး သူ၏ ဓါးရေးကို လေ့ကျင့်နေခဲ့လေသည်။ သူသည်ကျောက်တုံးတစ်တုံးကို လေထဲသို့ ပစ်တင်လိုက်ကာ ထိုကျောက်တုံးကို သူ၏ဓါးဖြင့်နှစ်ခြမ်း ခွဲနိုင်ရန် ကြိုးပမ်းလေ့ရှိသည်။ လိုဏ်ဂူထဲတွင် သူလေ့ကျင့်ရန် ညပျံလွှားများ မရှိနေခဲ့သည် မဟုတ်ပေလော ......။

စားသောက်ပြီးနောက်တွင် ကလေးများအားလုံး အိပ်စက်လိုက်ကြသည်။ ရှောက်ရွှမ်သည် မီးပုံမီးမငြိမ်းခင်တွင် တုတ်ချောင်းတစ်ချောင်းကို မီးထဲသို့ထည့်လိုက်ပြီး မီးတုတ်တစ်ချောင်းအဖြစ် ပြုလုပ်လိုက်လေသည်။ ထို့နောက်တွင် မီးတုတ်ကို ကောက်ယူလိုက်ပြီး ဂူအတွင်းပိုင်းဆီသို့ ဝင်လာခဲ့သည်။

ဂူအတွင်းပိုင်းကို သူယခင်က စစ်ဆေးခဲ့ဖူးပြီး ပစ္စည်းများထားသည့် အခန်းတစ်ခုကို တွေ့ရှိခဲ့ရသည်။ ကလေးများ မနက်စာချက်စားသည့် ကျောက်တုံးအိုးသည် ထိုနေရာမှ ရောက်လာခြင်းဖြစ်သည်။ ကျောက်တုံးအိုးများအပြင် ရှောက်ရွှမ်သည် အခြားအရာများကို ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ယခုတွင် လုပ်စရာမရှိနေခြင်းကြောင့် အခြားအသုံးဝင်နိုင်သည့် ပစ္စည်းများ ရှိမရှိကို ရှာကြည့်လိုနေပေသည်။

သူတို့အိပ်စက်နေကြသည့် နေရာများရှိ လေဝင်ပေါက်များကို ပိတ်ဆို့ထားပြီးဖြစ်သော်လည်း ပြင်ပနှင့်ဆက်သွယ်နေခဲ့သည့် အက်ကွဲကြောင်းများ ရှိနေဆဲပင်ဖြစ်သည်။ ထို့ကြောင့်ပင် ရှောက်ရွှမ် အထဲဝင်လာသည့်အချိန်တွင် အေးစက်သော လေပြင်းတစ်ချက်နှင့် ကြုံလိုက်ရလေသည်။

ကောင်းသည့်တချက်မှာ လေပြင်းသည် သိပ်မပြင်းထန်နေခဲ့ပဲ မီးတုတ်သည် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့ယုံမျှသာ ဖြစ်ကာ မီးမငြိမ်းသွားခဲ့ပေ။

ရှောက်ရွှမ် သူ့အင်္ကျီကို တင်းတင်းဆွဲလိုက်ပြီး အတွင်းပိုင်းဆီသို့ ဆက်ဝင်လာခဲ့သည်။ ဆီဆာသည်လည်း သူ့နောက်တွင် လိုက်ပါလာလေသည်။

အထဲတွင် ကျောက်တုံးအခန်းများစွာ ရှိနေခဲ့ပေသည်။ ထိုအခန်းများသည် သစ်ပင်၏သစ်ကိုင်းများကဲ့သို့ ဆက်သွယ်နေခဲ့၏။ ညာဖက်ရှိ အခန်းတစ်ခုတွင် ပစ္စည်းများ ရှိနေကြသည်။ ထို့အပြင် ထိုအခန်းသည် တော်တော်လေး ကျယ်ဝန်းပေသည်။

ထိုအခန်းအတွင်းရှိလေဝင်ပေါက်သည်လည်း ပိတ်ဆို့ထားပြီးဖြစ်သည်။ ရှောက်ရွှမ် မီးတုတ်ကို ယူလိုက်ပြီး အထဲသို့ ဝင်သွားလိုက်သည်။ ကြည့်ရသည်မှာ ယခင်ကကလေးများသည် ပစ္စည်းများကို အသုံးပြုခဲ့ကြဟန်တူသည်။ သို့သော် နောက်ပိုင်းတွင် သူတို့သည် မျိုးနွယ်စုမှ ဝေငှသည့် အစားအသောက်များကိုသာ မှီခိုနေခဲ့ကြသည်။ ထို့ကြောင့်ပင် ထိုပစ္စည်းများကို မည်သူမှ အသုံးမပြုကြတော့ပဲ ဖုန်အလိမ်းလိမ်းဖြင့် ရှိနေကြသည်။

ကျောက်တုံး ကိရိယာတစ်ချို့အပြင် ကျောက်တုံးအိုးများလည်း ရှိနေခဲ့သည်။ ရှောက်ရွှမ်သည် ထိုပစ္စည်းများကို စိတ်ဝင်စားခြင်း မရှိနေခဲ့ပေ။

အချိန်တစ်ခုကြာသွားပြီးနောက် ရှောက်ရွှမ်၏ အကြည့်သည် ကျောက်ပြားတစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။ ၎င်းသည် လုံးဝန်းသော ကျောက်ပြားတစ်ခုဖြစ်ပြီး အနားသတ်များသည် တစ်လက်မခန့် အပြင်ဖက်သို့ ဖောင်းကြွနေခဲ့သည်။

ဒါက ပန်းကန်ပြားလိုပဲလား ..... ဒါပေမယ့် ကျောက်တုံးအိုးရှိနေတော့ ဘယ်သူက ဒါကိုအသုံးပြုမှာလဲ ......။

သူသည် ကျောက်ပန်းကန်ပြားကို ဘေးဖယ်ထားလိုက်ပြီး အခြားပစ္စည်းများကို ကြည့်လိုက်သည်။ ထို့နောက်တွင် သူသည် မြေကြီးအနည်းငယ် တူးကြည့်လိုက်ပြီး ကျောက်ပန်းကန်ပြားကို ပြန်ကြည့်လိုက်ပြန်သည်။ ထို့နောက်သူသည် လေဝင်ပေါက်ကို လေ့လာလိုက်သည်။

ဂူထဲမှ လေဝင်ပေါက်များ အားလုံးသည် သေးငယ်ခြင်းမရှိပေ။ လေနှင့် အလင်းရောင်သည် အတွင်းသို့တိုင် ဝင်လာနိုင်ပေသည်။

ရှောက်ရွှမ်၏အကြည့်သည် ကျောက်ပန်းကန်ပြားနှင့် လေဝင်ပေါက်ဆီသို့ အပြန်အလှန် ကူးပြောင်းနေခဲ့လေသည်။ ထို့နောက်တွင် သူသည် ပြန်လှည့်လာလိုက်ပြီး သူနှင့်အတူ ကျောက်ပန်းကန်ပြားကို ယူဆောင်လာလိုက်သည်။

ရှောက်ရွှမ် ထင်းအနည်းငယ်ကို ထည့်လိုက်ပြီး မီးပုံမီးမငြိမ်းစေရန် ပြုလုပ်လိုက်သည်။ ထို့နောက်တွင် ဝင်ပေါက်မှ ထူထဲသော နှင်းတချို့ကို လည်း ယူလိုက်သည်။ သူသည် နှင်းများကို ကျောက်တုံးအိုးအတွင်းသို့ထည့်လိုက်ပြီး ကျောက်ပန်းကန်ပြားကိုမူ အပြင်ဖက်သို့ပို့ထားလိုက်သည်။ ထို့နောက်တွင် အရည်ပျော်နေခဲ့သည့် ဆီးနှင်းရေကို ကျောက်ပန်းကန်ပြားထဲသို့ ထည့်ကြည့်လိုက်သည်။ မကြာခင်တွင်ပင် ထို‌ရေများ ပြန်လည် အေးခဲသွားသည်ကို သူတွေ့လိုက်ရသည်။

ထို့ကြောင့် သူသည် ကျောက်ပန်းကန်ပြားကို အထဲသို့ပြန်ယူလိုက်ပြီး မီးပုံပေါ်သို့ အစွမ်းတဖက်ကို တင်ထားလိုက်သည်။ ထို့နောက်တွင် သူသည် ဝိုင်းစက်နေသော ရေခဲတုန်းကို ထုတ်ယူလိုက်၏။

မအိပ်ကြသေးသည့် ကလေးများသည် ရှောက်ရွှမ်၏ အပြုအမူကို သိလိုစိတ်ပြင်းပြစွာဖြင့် စိုက်ကြည့်နေခဲ့ကြလေသည်။ သူမည်သည့်အရာများကို လုပ်နေကြောင်းကို သူတို့သိလိုနေကြသည်။

သို့သော်လည်း စောင်ထဲတွင် နွေးထွေးနေကြသဖြင့် သူတို့သည် အပင်ပန်းခံပြီး ထကြည့်မနေကြတော့ပေ။ အိပ်ယာထဲတွင်သာ လဲလျောင်းနေလိုက်ပြီး လည်ပင်းရှည်ရှည်ဆန့်ထားကာ ရှောက်ရွှမ်ကို ကြည့်နေလိုက်ကြလေသည်။ သို့သော်လည်း မီးပုံမှ မီးအလင်းရောင်သည် မှိန်ဖျော့ဖျော့သာ ဖြစ်သဖြင့် သူတို့ဘာကိုမှ မမြင်ကြရပေ။

လက်ဗလာဖြင့် ထိတွေ့ရသည်မှာ အေးလွန်းသဖြင့် ရှောက်ရွှမ်သည် သားရေအချို့ကို အသုံးပြလိုက်ကာ ရေခဲတုန်းကို ကိုင်ကြည့်လိုက်သည်။ ထို့နောက်တွင် သူသည် ကျောက်တုံးတစ်ခုပေါ်သို့ တက်လိုက်လေသည်။ ထို့နောက်တွင် သူသည် လေဝင်ပေါက်ကို ကာဆီးထားသည့် ကောက်ရိုးခြောက်များကို ဖယ်ရှားလိုက်ရန်အတွက် ပါ ကို ပြောလိုက်သည်။

အကာအကွယ်မရှိတော့သဖြင့် လေအေးများ ဂူအတွင်းသို့ ဝင်လာခဲ့သည်။ အအေးဒဏ်ကြောင့်ဂူအတွင်းမှ ကလေးများအားလုံး အေးစက်သွားကြလေသည်။ လေဝင်ပေါက်တည့်တည့်တွင် ရှိနေခဲ့သည့် ရှောက်ရွှမ်သည် အေးစက်မှုကြောင့် မျက်နှာတစ်ခုလုံးထုံကျဉ်သွားခဲ့လေသည်။ သို့နှင့်သူသည် ပါ၏အကူအညီနှင့် လေဝင်ပေါက်ကို အလျင်အမြန် ပြန်ကာလိုက်ရသည်။

ရှောက်ရွှမ်ယခင်က ခန့်မှန်းထားခဲ့သည့်အတိုင်းပင် ရေခဲချပ်တစ်ခုရှိနေခဲ့ပြီး ထိုရေခဲချပ်ဖြင့်ပင် လေဝင်ပေါက်ကို ပြန်ကာထားလိုက်ခြင်းဖြစ်သည်။

အခြားသေးငယ်သည့်လေဝင်ပေါက်များကိုမူ ကောက်ရိုးများဖြင့် ကာထား၍ ရပေသည်။

ရေခဲချပ်ဖြင့် ကာထားလိုက်သည့်အချိန်တွင် အေးစက်သော လေများ အထဲသို့မဝင်လာတော့ပေ။

အလင်းရောင်မှာမူ ရေခဲချပ်ကို ဖြတ်သန်းပြီး အထဲသို့ဝင်လာခဲ့လေသည်။ ဆောင်းရာသီတွင် နေရောင်ခြည်မရှိနေပေ။ သို့သော်လည်း အလင်းရောင်ကိုမူ မြင်နေရသေးသည်။

ရှောက်ရွှမ်၏အမြင်တွင် သူသည် ထိုမျှသော အလင်းမျှဖြင့် ကျေနပ်နေခြင်းမရှိပေ။ သို့သော် လိုဏ်ဂူထဲမှ ကလေးများမှာမူ ထိုအချက်မျှဖြင့်ပင် ကျေနပ်နေကြလေသည်။

သူတို့အားလုံးသည် လေဝင်ပေါက်ကို ပါးစပ်အ‌ဟောင်းသားဖြင့် စိုက်ကြည့်နေခဲ့ကြလေ၏။

ကြည့်ရသည်မှာ ဆောင်းရာသီတွင်လည်း အလင်းရောင်များ ရှိနေပုံရပေသည်။

ရှောက်ရွှမ်သည် လေဝင်ပေါက်တစ်ခုကို ပြုပြင်လိုက်ပြီး အခြားကလေးများသည်လည်း အခြားလေဝင်ပေါက်များကို ပြုပြင်လိုက်ကြလေသည်။ အိပ်ယာထလေ့မရှိသော ကလေးများပင် ထလာခဲ့ပြီး လေဝင်ပေါက်များကို ပြုပြင်လိုက်ကြ၏။

ရှောက်ရွှမ်သူတို့ကို ရေခဲချပ်ပြား ပြုလုပ်ပုံကိုပြသလိုက်ပြီး ထိုရေခဲချပ်ဖြင့် လေဝင်ပေါက်များကို ကာထားရန် အကြံပေးလိုက်သည်။ ထို့နောက်တွင် ကလေးများသည် ရှောက်ရွှမ်၏ အကြံပေးချက်အတိုင်းလိုက်လုပ် လိုက်ကြသည်။ ကလေးတိုင်းသည် တစ်ကိုယ်တော်သာ လုပ်ချင်ကြသော်လည်း ရှောက်ရွှမ်သည်သူတို့ကို ငါးယောက် တစ်အုပ်စုသာ လုပ်ခိုင်းလိုက်သည်။ သူတို့သည် မြင့်မားသော နေရာများတွင် ရှိနေသည့်လေဝင်ပေါက်များကို ပါ ကာလိုက်ကြသည်။ သူတို့အချင်းချင်း ပိရမစ်ကဲ့သို့ တစ်ယောက်ပေါ်တစ်ယောက် တက်ကာ မြင့်မားသည့်နေရာရှိ လေဝင်ပေါက်များကိုပါ ကာလိုက်ကြခြင်းဖြစ်သည်။

သူတို့ ကျောက်တုံးပန်းကန်ပြားကို အသုံးပြုသည့်အချိန်တွင် သတိထားရန် ရှောက်ရွှမ် သူတို့ကို ပြောလိုက်လေသည်။ ကျောက်တုံးပန်းကန်ပြားရှိနေခဲ့သည်မှာ မည်မျှကြာနေခဲ့ပြီကို မသိနိုင်တော့ပေ။ လက်တလော နှစ်များတွင် ထိုပန်းကန်ပြားကို အသုံးပြုသည်ကို မမြင်ဖူးခဲ့ကြပေ။

ပြဿနာမရှိ‌တော့သည်ကို တွေ့လိုက်သဖြင့် ရှောက်ရွှမ် မီးတုတ်ကို ယူလိုက်ပြီး အတွင်းခန်းသို့ ပြန်သွားခဲ့သည်။ သူသည် နောက်ထပ် ပန်းကန်ပြားလေးချပ်ကို ထုတ်ယူလာခဲ့လေသည်။ သို့သော်လည်း သုံးခုသည်ကွဲနေပြီဖြစ်ပြီး တစ်ခုသာ အသုံးပြု၍ ရနိုင်ပေသည်။

ထို့နောက်တွင် သူသည် ပန်းကန်ပြားကို အသုံးပြုလိုက်ပြီး ရေခဲချပ်ပြားတစ်ခုကို ပြုလုပ်လိုက်ကာ လေဝင်ပေါက်တစ်ခုကို ကာထားလိုက်သည်။

ကလေးများသည် ရေခဲချပ်ပြားများကိုပြုလုပ်ခြင်းဖြင့် အချိန်ကုန်ဆုံးနေသည့်အချိန်တွင် ရှောက်ရွှမ်သည် မြေကြီးကို ဆက်လက်တူးဖော်ကြည့်နေဆဲ ဖြစ်သည်။

တူးနေစဉ်တွင် ရှောက်ရွှမ်၏လက်သည် ကျောက်တုံးနံရံတစ်ခုကို တူးမိလိုက်လေသည်။ ထို့နောက်တွင် ကျောက်တုံးမှုန်များ ကျလာသည်ကို သူတွေ့လိုက်ရသည်။

ရှောက်ရွှမ် အတော်လေး စိတ်ဝင်စားမိသွားသည်။ ထို့နောက်တွင် ကျောက်တုံး အခန်းအတွင်းရှိ နံရံတွင် အလွှာတစ်ခုရှိနေသည်ကို သူတွေ့လိုက်ရလေသည်။ ကြည့်ရသည်မှာ ထူးကဲသော အမှုန့်တစ်မျိုးမျိုးဖြင့် တစ်ခုခုကို ရေးဆွဲထားဟန် ရပေသည်။

မျိုးနွယ်စုမှ လူများသည် သစ်သားများကို ပိုးမစားစေရန်အတွက် တူညီသော ဆေးများဖြင့် ချယ်သလေ့ရှိသည်ကို သူသိထားသည်။ သို့သော်လည်း ယခုသည်လိုဏ်ဂူထဲတွင် ဖြစ်လေသည်။ အဘယ်ကြောင့်တစ်စုံတစ်ယောက်သည် တူညီသောနည်းလမ်းဖြင့် ကျောက်တုံးနံရံကို ပန်းချီ‌ရေးခြစ်ထားမည်နည်း။ ပြီးနောက်ကြည့်ရသည်မှာ ထိုပန်းချီများကို လွန်ခဲ့ပြီးသော ရှေး‌ဟောင်းအချိန်များဆီက ရေးဆွဲထားခဲ့ဟန် တူပေသည်။ သို့သော်လည်း ယခုတွင် မျိုးနွယ်စုမှ လူများသည် ပြင်ပတွင်သာနေထိုင်နေကြပြီ ဖြစ်ပြီး နံရံပေါ်ရှိဆေးများသည်လည်း ကွာနေခဲ့ပြီဖြစ်သည်။ အချို့နေရာများတွင်မူ ဆေးများသည် လက်ဖြင့်ပွတ်ချယုံမျှဖြင့် ကွာကျနေသည်ကို တွေ့နေရသည်။

ရှောက်ရွှမ် သူ့ဓါးကို ထုတ်လိုက်ပြီး နံရံပေါ်မှ အလွှာကို ခြစ်ထုတ်ရန်ကြိုးစားလိုက်သည်။ ထိုဖုံမှုန့်အလွှာမရှိနေတော့သည့်အချိန်တွင် နံရံပေါ်တွင် ပုံများရှိနေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။

အမျိုးသမီးတစ်ယောက်သည် အိုးတစ်လုံးကို သယ်ထားလေသည်။ အိုးသည် ပါးစပ်နေရာတွင်ကျယ်ပြီး အိုး၏အောက်ခြေသည် ကျဉ်းမြောင်းပေသည်။ အိုးပေါ်တွင် အလှခြယ်သထားမှုများကို တွေ့မြင်နိုင်သည်။ မျိုးနွယ်စုမှ လူများ ထဲတွင် မည်သူမှ ထိုကဲ့သို့သော အိုးမျိုးကို အသုံးပြုသည်ကို ရှောက်ရွှမ် မမြင်ဖူးခဲ့ပေ။ ကိရိယာများကို အသုံးပြုရာတွက် မျိုးနွယ်စုသည် လှပမှုထက် လက်တွေ့အသုံးဝင်မှုကိုသာ ကြည့်လေ့ရှိကြသူများ ဖြစ်ကြသည်။

“ ကြည့်ရတာ တောင်ထိပ်ဒေသမှာနေတဲ့လူတွေဆီမှာ ဒီလိုအိုးမျိုးတွေ ရှိလိမ့်မယ် ထင်တယ် “ ရှောက်ရွှမ် တွေးကြည့်လိုက်သည်။

သူသည် နံရံ၏အခြားနေရာတစ်ခုကို သုတ်ကြည့်လိုက်သည့်အချိန်တွင် သားကောင်ကို လေးများ မြားများဖြင့် အမဲလိုက်နေသော စစ်သည်တော် ဆယ်ယောက်တို့၏ ပုံများကို တွေ့လိုက်ရလေသည်။

လန်ကာ့ တစ်ခါကပြောဖူးသည်မှာ မျိုးနွယ်စုမှ အချို့စစ်သည်တော်များသည် လေးမြှားကို အသုံးပြုနိုင်ကြသည်ဟု ဆိုပေသည်။ လူနည်းစုသာ သုံးကြခြင်းဖြစ်ပြီး အဘယ်ကြောင့် အသုံးမတွင်ကျယ်သနည်းဟု မေးလာခဲ့သော် မျိုးနွယ်စုစစ်သည်များ၏ မျိုးနွယ်စုစွမ်းအားများကို လေးမြားများက မခံနိုင်ကြသောကြောင့် ဖြစ်လေသည်။ ခံနိုင်ရည်ရှိသော လေးမြားများကို ပြုလုပ်နိုင်သည့် ပစ္စည်းများမှာ ရှားပါးပေသည်။

ယခုအခါတွင် လေးမြားကို အသုံးပြုသည့်နေရာမှာ ထောင်ချောက်များထောင်၍ သားကောင်များကို ဖမ်းယူသည့် နေရာတွင်သာ ဖြစ်သည်။ လူကိုယ်တိုင် အသုံးပြုခြင်းမရှိကြတော့ပေ။ သို့သော်လည်း ပုံထဲမှ စစ်သည်တော်များမှာမူ ကြီးမားသော လေးကြီးများကို ကိုင်စွဲထားကြလေသည်။

ရှောက်ရွှမ် သူ့ဓါးတိုလေးကို အသုံးပြုလိုက်ပြီး ကျောက်မှုန်များကို ခြစ်ထုတ်လိုက်သည်။ သို့သော်လည်း သူအနည်းငယ်ကြိုးစားပြီးနောက်တွင် စိတ်ကူးပြောင်းသွားခဲ့ကာ ရေနှင့် သားရေချပ်ကိုသာ အသုံးပြလိုက်ပြီး နံရံကို ပွတ်တိုက်‌ဆေးကြောလိုက်လေသည်။ သူ့အနေဖြင့် ကျောက်တုံး နံရံတွင် ရှိနေသည့် ပုံများသည် သူ့အား ယခင်ကမသိခဲ့သည့် အချက်များကို ပြောပြပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။

All Chapters