လက်မထောင်ခြင်း
Vol. 2 Ch. 18
လိုဏ်ဂူအပြင်ဖက်တွင် ဆီးနှင်းများသည် ထူထဲစွာပင် ကျဆင်းနေဆဲဖြစ်လေသည်။ ထူထဲသော ရေခဲပြင်သည် မြစ်ကမ်းစပ်တစ်လျှောက်ကို ဖုံးလွှမ်းထားခဲ့သည်။ ထို့ကြောင့်ပင် မျိုးနွယ်စုမှ လူအနည်းငယ်ကသာ အပြင်သို့ထွက်ကြတော့၏။ အဝေးတစ်နေရာသို့ ကြည့်လျှင် အဆုံးမရှိသော အဖြူရောင်များကိုသာ မြင်နေရမည် ဖြစ်သည်။
လိုဏ်ဂူအတွင်းတွင် မီးပုံသည် မီးတောက်လောင်နေခဲ့သည်။ ယခင်အချိန်များနှင့်မတူစွာပင် ဂူအတွင်းမှ လေထုသည် နွေးထွေးနေခဲ့လေသည်။
သူတို့အနေဖြင့် ရေခဲချပ်များကို အသုံးပြုပြီး လေဝင်ပေါက်များကို ကာကွယ်ထားလိုက်ပြီးသည့် နောက်တွင် လိုဏ်ဂူသည် ယခင်အချိန်များထက် ပို၍ လင်းလက်လာခဲ့သည်။ သူတို့အနေဖြင့် အေးစက်သော လေအေးများကိုလည်း ရင်ဆိုင်စရာ မလိုအပ်တော့ပေ။ ထိုခံစားချက်သည် ကလေးများ အတွက် အတွေ့အကြုံအသစ်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် နှစ်ရက်ကြာသောအခါတွင် သူတို့သည် စိတ်လှုပ်ရှားလာခဲ့ကြလေသည်။ သူတို့သည် မီးပုံဘေးတွင် စုထိုင်လိုက်ကြပြီး ဂဏန်းအရေအတွက်များ အကြောင်း၊ အက္ခရာများအကြောင်းကို ဆွေးနွေးနေခဲ့ကြ၏။
မှန်ပေသည် ရှောက်ရွှမ်သည် မုဆိုးအိုကြီးပေးခဲ့သည့် စာလိပ်အတွင်းမှ ဂဏန်းများ အက္ခရာများကို ဂူ၏နံရံပေါ်တွင် ရေးထိုးထားလိုက်ပြီးဖြစ်သည်။ နေ့ခင်းဖက်တွင် သူတို့သည် မီးပုံမလိုအပ်ပဲ ထိုအက္ခရာများ၊ ဂဏန်းများကို ကောင်းစွာမြင်တွေ့ရနိုင်ပေသည်။ သူတို့သာ နံရံပေါ်ရှိ အရာအားလုံးကို ကျွမ်းကျင်ပြီး အလွတ်မှတ်မိသွားခဲ့ပါက မုဆိုးအိုကြီးလာသည့်အချိန်တွင် သူ့အနေဖြင့် အစမှ ပြန်စသင်ပေးရန် လိုအပ်တော့မည် မဟုတ်ပေ။
အခြားသူများနှင့်မတူပဲ ရှောက်ရွှမ်သည် ကျောက်တုံးခန်းတွင်သာ နေနေခဲ့ပြီး ကျောက်တုံးနံရံကို သန့်ရှင်းရေးလုပ်နေခဲ့ကာ ကျောက်မှုန်များကို ဖယ်ရှားနေခဲ့သည်။ သူသည် အစာစားချိန်မှလွဲပြီး အနားမယူပဲ လုပ်နေခဲ့ခြင်းဖြစ်လေသည်။
ထိုအခန်းထဲမှ ပစ္စည်းများအားလုံးကို ရှောက်ရွှမ် အခြားနေရာတစ်ခုဆီသို့ ရွှေ့လိုက်ပြီးဖြစ်သည်။ နံရံပေါ်ရှိ ဆေးရေးပန်ချီများသည် အတော်လေး ကြီးမားပေသည်။
နံရံဆေးရေးပန်းချီတစ်ခုလုံးပေါ်ထွက်လာသည့် အချိန်တွင် ရှောက်ရွှမ်မတ်တပ်ရပ်လိုက်ကာ အသက်ကို ဝဝရှုလိုက်သည်။ အညောင်းအညာပြေစေရန်အတွက် ခြေလက်များကို အကြောလျော့လိုက်ပြီး လက်ထဲမှ မီးတုတ်ဖြင့် ကျောက်တုံးနံရံကို ကြည့်လိုက်သည်။
အတွင်းတွင် အလင်းသိပ်ရှိမနေသဖြင့် သူသည် မီးတုတ်အားကိုးကာ ပန်းချီ၏ အသေးစိတ်ကို စပ်စုလိုက်သည်။ အချို့သော နေရာများကိုမူ သေချာမြင်ရခြင်း မရှိတော့ပေ။
ပထမဆုံးရှောက်ရွှမ်တွေ့ခဲ့သည့် ပန်းချီနှစ်ခုမှ လွဲ၍ ကျောက်တုံး မှုန်များ အလွှာ၏အောက်တွင် နော်ကထပ် စိတ်ဝင်စားဖွယ်ပန်းချီများ ရှိနေခဲ့လေသည်။
ထိုပန်းချီများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ဖြင့် သက်ဆိုင်သည့် ပုံများဖြစ်ကြသည်။ လယ်ကွင်းများ ထဲတွင် အလုပ်လုပ်နေကြသည့် လူများကိုကြည့်လိုက်ပြီး တဖန် သိုးများကို ထိန်းကျောင်းနေသည့် လူများကို ရှောက်ရွှမ် ဆက်ကြည့်လိုက်သည်။
တစ်စုံတစ်ယောက်သည် ခေတ်မှီသော သားရေဝတ်ရုံကို ဆင်မြန်းထားပြီး ရှုပ်ထွေးသော ပန်းချီများဖြင့် ပုံဖော်ထားသည့် ကြီးမားသည့် ဝိုင်ခွက်တစ်ခုကို ကိုင်ထားသည့် ပုံလည်း ရှိနေခဲ့သည်။ အချို့သော ပုံများတွင် အမျိုးသမီးအချို့တို့သည် ပလိုင်းများကို ကိုင်ထားကြပြီး သစ်သီးများကို ကောက်ယူနေကြသည့် ပုံလည်း ရှိသည်။
မြင်းစီးနေသည့် တစ်စုံတစ်ယောက်လည်း ရှိနေပြီး ထိုလူသည် မြင်းပေါ်တွင် ကလေးတစ်ယောက်နှင့်အတူ ထိုင်နေခြင်းဖြစ်သည်။
ထိုဘေးတွင်မူ အမဲလိုက်တာဝန် သို့မဟုတ် စစ်ပွဲတစ်ခုကို သရုပ်ဖော်ထားသည့် ပုံတစ်ပုံလည်း ရှိနေခဲ့သည်။ ထိုပုံသည် အခြားပုံများသည် အနည်းငယ် ပို၍ ကြီးမားပြီး နံရံ တစ်ဝက်ခန့် ပမာဏ ရှိနေခဲ့သည်။ ထိုပုံ၏ ရှေ့ပိုင်းတွင် အခြားသူများထက်သိသိသာသာသန်မာသည့် စစ်သည်တစ်ယောက်သည် မြင်းတစ်ကောင်ကို စီးနင်းနေခဲ့သည်။ သူ၏ဦးခေါင်းတွင်ငှက်မွေးဖြင့် ပြုလုပ်ထားသည့် အဆင်တန်ဆာတစ်ခု ရှိနေခဲ့သည်။ သူ၏ခေါင်းကို မော့ထားပြီးထိုလူသည် သူ၏ ဂုဏ်သိက္ခာကို ဝင့်ကြွားနေသည့် ဟန်ပန်ရပေသည်။ ဖြစ်နိုင်သည်မှာ ထိုလူသည် အုပ်စု၏ခေါင်းဆောင် ဖြစ်ပုံရပေသည်။
ထိုလူ၏နောက်တွင် လူအချို့သည် မြင်းများစီးနင်းနေကြပြီး ထိုလူ၏ နောက်မှ လိုက်လာနေကြသည်။ သူတို့ဘေးတွင်ကား ..... ဝံပုလွေတွေလား ....
မဟုတ်ပေ။ ထိုအကောင်များသည် ဝံပုလွေများ မဟုတ်ကြပေ။
ဆီဆာနှင့် နှိုင်းယှဉ်ရလျှင် ပုံထဲမှ အကောင်များတွင် ရှည်လျားပြီး အပေါ်သို့ထောင်တက်နေသည့် အမြီးများ ရှိနေကြသည်။ အချို့တွင်ကာ ကောက်ကွေးနေသည့် အမြီးများ ရှိနေကြသည်။ ဖြစ်နိုင်သည်မှာ ထိုအကောင်များသည် အမဲလိုက်ခွေးများဖြစ်နိုင်ပေသည်။
အချို့သော အမဲလိုက်ခွေးများသည် ပါးစပ်ကိုဟထားကြပြီး လျှာများတွဲလောင်းကျနေကြလေသည်။ သူတို့ကို ကြည့်ရသည်မှာ အသက်ကိုပြင်းထန်စွာ ဖြင့် ရှုနေရပုံပေါ်သည်။ ထိုအထဲမှ နှစ်ကောင်သည် နားရွက်ကို စွင့်ထားပြီး မြင်းပေါ်မှ လူပြောလိုက်သည့်စကားကို နားထောင်နေကြဟန် တူသည်။
ပုံ၏ နောက်ခံ ပုံရိပ်အဖြစ် အချို့သော အဆောက်အဦးများကို တွေ့မြင်ရသည်။ ထိုအဆောက်အဦးများသည် မျိုးနွယ်စုအတွင်း ရှောက်ရွှမ် မြင်တွေ့ဖူးသည့်မည်သည့်အဆောက်အဦး ထက်မဆိုပိုကြီးပြီး ပိုမြင့်မားကြပေသည်။ သူ ကြားဖူးသည်မှာ တောင်ထိပ်ဒေသတွင် နေထိုင်ကြသည့် လူများသည် ပိုမြင့်မားသည့် လူနေမှုအဆင့်အတန်းရှိကြသည်ဟု ဆိုကြပေသည်။ ရှောက်ရွှမ် သူကြားဖူးသည့်အချက်များကို ပြန်တွေးလိုက်ပြီး ပုံဖော်ကြည့်လိုက်သည်။ ထို့နောက်တွင် တောင်ထိပ်ဒေသမှ လူများ အသုံးပြုကြသည့်အဆောက်အဦးများ သည်ပင် ပုံထဲမှ အဆောက်အဦးများကို မမှီနိုင်ကြောင်းကို ရှောက်ရွှမ် သိလိုက်သည်။
သူပထမဆုံးမြင်တွေ့ခဲ့သည့် ပုံကို သူပြန်ကြည့်လိုက်သည်။ ထိုပုံထဲမှ အမျိုးသမီးသည် သူမ၏ခေါင်းကို လှပသော အဆင်တန်ဆာများဖြင့် ဆင်ယင်ထားလေသည်။ ထိုအဆင်တန်ဆာများသည် မျိုးနွယ်စုမှ အမျိုးသမီးများ ဝတ်ဆင်လေ့ရှိသည့်အရာများနှင့် မတူပဲ ၊ ပို၍ အနုစိတ်ကာ ပို၍ သေသပ်လေသည်။ အမျိုးသမီးကိုင်ထားသည့် အိုးမှာမူကား......
အကယ်၍ ထိုအဆင်တန်ဆာဖြင့်လှပနေသည့်အိုးများသည် ကျောက်တုံးအိုးများမဟုတ်နေခဲ့လျှင် .... သူတို့ကို မည်သည့်အရာဖြင့် ပြုလုပ်ထားလေသနည်း.....။ ရှောင်ရွှမ် ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်သည်။ မြေအိုးများလော........
ထိုပုံများတည်ရှိနေသည်မှာ မည်မျှပင် ကြာမြင့်နေခဲ့ပြီနည်း.......။
အကယ်၍ ထိုပုံများသည် ကျောက်တုံးအခန်းနှင့် တစ်ခေတ်ထဲတွင် ဖြစ်ပါက အနည်းဆုံးတော့ နှစ်ပေါင်း ရာချီ ထောင်ချီ ကြာမြင့်နေလောက်ပေပြီ။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက စိုက်ပျိုးရေး၊ မွေးမြူရေးများ ထွန်းကားခဲ့ပါသလော.....။ မြေအိုးဖုတ်ခြင်း အတတ်ပညာပင် တည်ရှိနေခဲ့လျှင် အမဲလိုက်ပစ္စည်းများသည်လည်း စိတ်ကူး မယဉ်နိုင်ဖွယ် ကောင်းမွန်ခဲ့သည်လော။ သူတို့တွင် အမဲလိုက်ခွေးများပင် ရှိနေသေးသည်။ အမှန်တကယ် အမဲလိုက်သည့် ခွေးများဖြစ်ကြသည်။ ဆီဆာ မှာမူ လူသားများက မတော်တဆတွေ့ရှိခဲ့သည့် တောထဲမှ ဝံပုလွေတစ်ကောင်သာဖြစ်သည်။
ရှောက်ရွှမ် ထိတ်လန့်သွားခြင်းကို ဖိနှိပ်ထားလိုက်ပြီး ဆက်ကြည့်လိုက်သည်။
ဘယ်ဖက်မှ နံရံဆေးရေးပန်းချီများသည် ညာဖက်မှ ပန်းချီများနှင့် လုံးဝကွဲပြားနေခဲ့သည်။ အလယ်တွင်မူ ဘယ်ဖက်နှင့် ညာဖက်ကို ခွဲခြားထားသည့် လိုင်းများ ရှိနေခဲ့သည်။ ထိုမျဉ်းကြောင်းများ သည် ရှုပ်ထွေးနေသဖြင့် ရှောက်ရွှမ်အနေဖြင့် နားလည်နိုင်ခြင်းမရှိခဲ့ပေ။ ထိုမျဉ်းကြောင်းများကို ကြည့်ရသည်မှာ ရှုပ်ထွေးနေပြီး အခြားပုံများနှင့်လည်း ဆက်စပ်မရနေခဲ့ပေ။ သိသာသည့်အချက်မှာမူ ထိုမျဉ်းကြောင်းများ၏ တဖက်သို့ရောက်သွားသည့်အချိန်တွင် ပုံများလုံးဝကို
ပြောင်းလဲသွားခြင်းပင်ဖြစ်သည်။ အစပိုင်းမှပုံများသည် ထက်သန်သော ယုံကြည်မှုကို ဖော်ပြနေသကဲ့သို့ရှိပြီး နောက်ပိုင်းပုံများသည် တစ်ခုခုကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ ထိုပုံများကို ရေးဆွဲထားသည်မှာ ထူးဆန်းသော ဆေးရည်များဖြင့် ဖြစ်သည်။
အမျိုးသမီးများသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး အထည်များကို ယက်လုပ်နေကြသည်။ ကလေးများသည် ပျောက်ဆုံးနေသော ပုံစံများဖြင့် မတ်တပ်ရပ်နေခဲ့ကြသည်။ ကြည့်ရသည်မှာ ထိုကလေးများသည် ဘာဖြစ်နေသည်ကို မသိသကဲ့သို့ ရှိသည်။ နောက်ခံပုံရိပ်သည် အဆောက်အဦးများ မဟုတ်တော့ပဲ ရှောက်ရွှမ် ရောက်ရှိနေခဲ့သည့် လိုဏ်ဂူသာ ဖြစ်နေခဲ့သည်။
ထိုပုံထဲတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့် သက်ဆိုင်သော တစ်စုံတစ်ရာကိုမှ မတွေ့ရပေ။ အမျိုးသမီးများသည်လည်း ပစ္စည်းများကိုထည့်ထားသည့် ခြင်းတောင်းများကို ကိုင်ဆောင်နေကြခြင်း မရှိကြတော့ပေ။ မြင်းစီးနေခြင်း ၊မြှားပစ်နေခြင်း လည်းမရှိသကဲ့သို့ အမဲလိုက်ခွေးများကိုလည်း မတွေ့ရတော့ပေ။ မြေအိုးများကိုလည်း မတွေ့ရသကဲ့သို့ အသုံးအဆောင်များသည် ကျောက်တုံးအသုံးအဆောင်များသာ ဖြစ်နေခဲ့ကြလေသည်။
သို့သော်လည်း ဘယ်ဖက်နှင့်ညာဖက် ပုံများ ၏အပေါ်တွင် တံဆိပ်တစ်ခုရှိနေခဲ့လေသည်။ ထိုတံဆိပ်သည် မျိုးနွယ်စု၏ နတ်ရုပ်ပုံပင် ဖြစ်လေသည်။
မျိုးနွယ်စု၏ တံဆိပ်သည် ချိုနှစ်ချောင်း ရှိသော ကြံ့တစ်ကောင်၏ ဦးချိုနှစ်ချောင်းနှင့် ဆင်တူပေသည်။ သို့သော်လည်း ဦးချိုများသည် ပိုမိုရှည်လျားပြီး မီးတောက်များလည်း ရှိနေခဲ့သည်။ မျိုးနွယ်စု၏ အမည်ကဲ့သို့ပင် ဖြစ်လေသည်။
ဒါဆိုရင် ဒါကမီးတောက် ဦးချိုမျိုးနွယ်စုရဲ့ ဘဝနေထိုင်ပုံတွေကို ဖော်ပြထားတဲ့ ပန်းချီတွေများလား .....။
ရှောက်ရွှမ် အတိတ်ဘဝမှ ရှေးဟောင်းသုတေသန ပညာရှင်ကို သတိရလိုက်သည်။ သူပြောခဲ့သည်မှာ နံရံဆေးရေးပန်းချီများသည် ထိုခေတ်ကာလများမှ လူများ၏နေ့စဉ်ဘဝများကို ဖော်ပြထားခြင်းဖြစ်သည် ဟုဆို၏။ ထို့အပြင် ထိုအချိန်ကာလမှ လူများ၏ မျှော်လင့်ချက်များ၊ စိတ်ကူးယဉ်မှုများ နှင့် စိတ်ဝိဉာဉ်ဆိုင်ရာ ယုံကြည်မှုများကို ဖော်ပြထားခြင်းဖြစ်သည်ဟု ဆိုကြလေသည်။
ထိုကျောက်တုံးအခန်းရှိ နံရံပေါ်မှ ပန်းချီများသည် စိတ်ကူးယဉ်ရှုခင်းများ လုံးဝမဟုတ်ကြပေ။ ပုံများတွင် ဖော်ပြထားသည့် ခံစားချက်များသည် သိသာထင်ရှားလွန်းနေခဲ့သည်။ ထိုကဲ့သို့ သက်ဝင်ထင်ရှားစေရန်မှာ စိတ်ကူးယဉ်ယုံဖြင့် မရပဲ အစစ်အမှန် မြင်ကွင်းကို မှတ်တမ်းရေးဆွဲထားမှသာ ဖြစ်နိုင်လိမ့်မည် ဖြစ်သည်။
မျိုးနွယ်စုမှာ ဘာတွေ ဖြစ်ခဲ့တာပါလိမ့် ......။
သဘာဝဘေးအန္တရာယ်လား ......။
လူလုပ် ကပ်ဘေးတစ်ခုခုပဲလား ......။
ဒါမှမဟုတ် နှစ်ခုလုံးကို ကြုံတွေ့ခဲ့ရတာလား ......။
ကျောက်တုံးနံရံ၏ ပန်းချီအဆုံးသတ်တွင် ဒီဇိုင်းအမျိုးမျိုးဖြင့် ရေးဆွဲထားသော လက်ဖဝါးတစ်ခု အရွယ် ရှိသည့် ပုံများရှိနေခဲ့သည်။ တစ်ပုံမှာ ပင့်ကူအိမ်တွင် ရှိနေသည့် ပင့်ကူတစ်ကောင်ပုံကို ရေးဆွဲထားခြင်းဖြစ်သည်။ နောက်တစ်ပုံမှာ ဝါးပင်နှင့်တူသော သစ်ပင်တစ်ပင်ကို ရေးဆွဲထားခြင်းဖြစ်သည်။ နောက်တစ်ပုံဆိုလျှင် ကြောက်မက်ဖွယ်ကောင်းသည့် မျက်နှာဖုံးတစ်ခု၏ ပုံကို ရေးဆွဲထားပေသည်။
အချို့သော ပုံများတွင် သစ်ပင်များ၊ တိရိစ္ဆာန်များ နှင့် ရှောက်ရွှမ် စိတ်ကူးကြည့်နိုင်ခြင်းမရှိသည့် အခြားအရာများစွာ၏ ပုံများကို ရေးဆွဲထားလေသည်။
ရှောက်ရွှမ် ပုံများကိုစိတ်ဝင်စားစွာ လေ့လာနေစဉ်မှာပင် တစ်စုံတစ်ယောက် သူ့ကိုခေါ်နေသည်ကို ကြားလိုက်ရသည်။
“ အားရွှမ် ..... မြန်မြန်လာခဲ့.... အားရွှမ်.... ဦးလေးကော ရောက်နေပြီ “
အခြားကလေးများသည် လိုဏ်ဂူ အနက်ပိုင်းနေရာများကို စိတ်ဝင်စားကြခြင်း မရှိကြပေ။ သူတို့အနေဖြင့် နေရာတစ်ခုတွင်သာ အပေါ့အပါးသွားကြပြီး ထိုထက်နက်ရှိုင်းသည့် နေရာများဆီသို့ သွားကြည့်ခြင်းကို မလုပ်တတ်ကြပေ။ ထို့ကြောင့်ပင် ရှောက်ရွှမ်ကို ရှာနေခဲ့သည့်ကလေးသည် ရှောက်ရွှမ်ဆီသို့မလာခဲ့ပဲ အော်ဟစ်ပြီးသာ ခေါ်နေခဲ့သည်။
ရှောက်ရွှမ် သတိပြန်ဝင်လာခဲ့ပြီး ဤနေ့သည် ကော အစားအသောက်လာပို့ပေးသည့် နေ့ဖြစ်သည်ကို အမှတ်ရလိုက်လေသည်။
ဤတစ်ကြိမ်တွင် ကောသည် သုံးရက်စာအစားအသောက်များကို ယူဆောင်လာခဲ့၏။ ရှောက်ရွှမ်သူ့ကိ တွေ့လိုက်ရသည့်အချိန်တွင် သူသည် သူ့အင်္ကျီပေါ်မှ ဆီးနှင်းများကို ခါချနေဆဲဖြစ်လေသည်။ သို့သော်လည်းကောသည် နှင်းများကို ဆက်လက်ဂရုစိုက်နေခြင်းမရှိတော့ပေ။ သူသည် ရေခဲချပ်များဖြင့် ကာရံထားသည့် လေဝင်ပေါက်များကို သေချာကြည့်နေလိုက်သည်။ သူကြည့်နေလိုက်အချိန်တွင် သူ့လက်ထဲမှ ကျောက်တုံးပန်းကန်ပြားကို ဆော့ကစားနေခဲ့လေသည်။ သူ့အနေဖြင့် လိုဏ်ဂူထဲတွင် ထိုကဲ့သို့သော ပြောင်းလဲမှုဖြစ်နေလိမ့်မည် ကို မျှော်လင့်ထားခဲ့ဟန် မရပေ။ သူအစားသောက်လာပို့သည့် အချိန်တိုင်းတွင် လိုဏ်ဂူသည် မှောင်မဲနေခဲ့သည်။ တချိန်က လူတချို့က လိုဏ်ဂူထဲတွင် ထိုကဲ့သို့သော ရေခဲချပ်များနှင့်တူသည့် အရာများ ရှိသည်ဟု ပြောခဲ့ဖူးသည်ကို အမှတ်ရလိုက်သည်။ သို့သော် သူမမျှောင်လင့်ထားခဲ့သည် မှာ ကလေးများသည် ရေခဲချပ်များကို အသုံးပြုပြီး အလင်းရယုံသာမက အေးစက်သော လေပြင်းများကိုပင် ကာကွယ်ထားနိုင်ခြင်း ဖြစ်သည်။
ရှောင်ရွှမ် အခြားကလေးများကို အစားအသောက်များကို ကူညီသယ်ပေးရန် အကူအညီတောင်းလိုက်သည်။ ယခုတွင် လုံလောက်သော အစားအသောက်များ ရှိနေကြပြီ ဖြစ်သဖြင့် ကလေးများသည် ယခင် အချိန်ဟောင်းများကဲ့သို့ လုပ်ဆောင်ကြခြင်း မရှိကြတော့ပေ။ ယခင်က သူတို့သည် အစားအသောက် လာပို့သည့်အချိန်တိုင်း ရန်ဖြစ်ကြလေ့ ရှိကြသည်။ ရှောက်ရွှမ်၏ စကားများကို ကြားလိုက်ရသည့်အချိန်တွင် ကလေးများအားလုံး လာရောက်ကူညီလိုက်ကြသည်။ ထို့နောက်တွင် ရှောက်ရွှမ်သည် ကလေးအုပ်စုများ အလိုက် အစားအသောက်များကို ဝေငှ ပေးလိုက်လေသည်။ သူ့အနေဖြင့် အုပ်စုခေါင်းဆောင်များကို ပေးလိုက်ယုံသာဖြစ်ပြီး ထိုခေါင်းဆောင်များက အသီးသီး ပြန်လည်ဝေငှပေးကြပေလိမ့်မည်။
ရှောက်ရွှမ်သည် ကောကို ချက်ချင်းထွက်ခွာခွင့် မပြုလိုက်ပေ။ ထို့အစားသူသည် မျိုးနွယ်စု၏ ပုံပြင်များကို ကလေးများကို ပြောပြရန် ကောကို အကူအညီတောင်းလိုက်သည်။ ကောအနေဖြင့်လည်း အစားအသောက်များကို ဝေငှပြီးလျှင် နောက်
ထပ်လုပ်စရာ အလုပ်မရှိနေခဲ့ပေ။
ရှောက်ရွှမ်သည် ကောထံမှ သတင်းအချက်အလက်များကို ပိုပြီးသိရှိလိုနေသည်။ ကောပြောပြသည့် အရာများကို စဉ်းစားကြည့်ခြင်းဖြင့် နံရံဆေးရေးပန်းချီများ၏ အကြောင်းကို သူခန့်မှန်းသိရှိနိုင်ပေလိမ့်မည်။ သို့သော်လည်း ကော၏ ပုံပြင် ဇာတ်လမ်းများသည် ယခင်သူ လန်ကာ့ ဆီမှ ကြားခဲ့ရသည်နှင့် အတူတူသာဖြစ်သည်။ သူကြားလိုသည့်အချက်အလက်များကိုမူ မကြားခဲ့ရပေ။
ထင်းမီးဖြင့် ရှောက်ရွှမ် နံရံပေါ်တွင် တစ်စုံတစ်ခုကို ရေးဆွဲလိုက်သည်။ ကောသည် သူ၏ပန်းချီကို ကြည့်နေသည်ကို သူသိလိုက်ရသည်။ သို့သော်လည်း ကော၏ အမူအယာသည် ထူးမခြားနားသာဖြစ်နေခဲ့သည်။ ကောသည်ရှောက်ရွှမ် မည်သည်ကို ရေးဆွဲနေသည်ကို မသိနေခဲ့ပေ။
ရှောက်ရွှမ်ရေးဆွဲလိုက်သည်မှာ ကျောက်တုံးအခန်း ရှိနံရံပေါ် ညာဖက်တွင် ရှိနေသည့် ပုံများကို ရေးဆွဲလိုက်ခြင်းဖြစ်သည်။ ကောသည် မျိုးနွယ်စုအတွင်းတွင် အတွေ့အကြုံရင့်ကျက်သည့် စစ်သည်တော် တစ်ဦးဖြစ်သည်။ သို့သော်လည်း သူသည် ထိုပုံကို မသိနေခဲ့ပေ။ ရှောက်ရွှမ် သက်ပြင်းချလိုက်မိသည်။ သူ့အနေဖြင့် ကျောက်တုံးနံရံပေါ်မှ ပုံများ၏ အကြောင်းကို သိနိုင်ရန်မှာ ခက်ခဲမည့်ပုံပေါ်ပေသည်။
ကျောက်တုံးနံရံရှိ ပုံများ ၏ အောက်ခြေတွင် စာကြောင်းတစ်ခုရှိနေခဲ့သည်။ သို့သော်လည်း ထိုစာကြောင်း မည်သည်ကို ဆိုလိုသည်ကို ရှောက်ရွှမ် မသိနေခဲ့ပေ။
ရှောက်ရွှမ်သည် သူတို့၏ဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်သော်လည်း စာလုံးများ သင်္ကေတများဖြင့် ရင်းနှီးနေခြင်း မရှိသေးပေ။ သူသည် သူတို့၏ဆရာဖြစ်သူ မုဆိုးအိုကြီးလာသည့်အချိန်မှသာ မေးမြန်းကြည့်ရန်စဉ်းစားလိုက်လေသည်။ သူ့အနေဖြင့် အခွင့်အရေးရလျှင် ထိုစကားလုံးများ အကြောင်းကို မေးမြန်းနိုင်ပေလိမ့်မည်။
ဆယ်ရက်ကြာပြီးနောက်တွင် မုဆိုးအိုကြီးသည် လိုဏ်ဂူထဲသို့ နောက်တစ်ကြိမ်ရောက်လာခဲ့ပြန်သည်။
အပြောင်းအလဲများကို မြင်တွေ့လိုက်ရသည့်အချိန်တွင် မုဆိုးအိုကြီးသည် ထိတ်လန့်သွားခဲ့ပြီး မယုံကြည်နိုင်ဖြစ်နေခဲ့ရသည်။ သူသည် အတော်လေးကျေနပ်သွားခဲ့ပြီး နောက်ထပ် သားရေစာလိပ်တစ်ခုကို ထုတ်ယူလိုက်ကာ အသစ်သော အကြောင်းအရာတစ်ခုခုကို သင်ပေးရန်အတွက် ပြင်ဆင်လိုက်သည်။
အချိန်ပိုများတွင် ရှောက်ရွှမ်သည် သူတွေ့ထားသည့် နံရံမှ စာများသာမက အခြားစကားလုံးများကိုပါ မုဆိုးအိုကြီးထံမှ မေးမြန်းကြည့်နေခဲ့သည်။ သူသည် စကားလုံးများကို ရောယှက်ခဲ့ကာ တမင်မေးမြန်းလိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် သူသည် မုဆိုးအိုကြီး၏ သံသယ ဝင်ခြင်းကိုခံရလိမ့်မည် ဖြစ်ပေသည်။
သို့သော်လည်း မုဆိုးအိုကြီးသည် စာသင်ကြားခြင်းကိုသာ အာရုံစိုက်နေပြီး အခြားအရာများကို ဂရုစိုက်လှခြင်း မရှိနေပေ။ သူသည် ရှောက်ရွှမ် တစ်နေရာရာတွင် ထိုစာလုံးများကို မြင်တွေ့လာခြင်း ဖြစ်ရမည်ဟု ယူဆထားလိုက်သည်။ ထို့ကြောင့် သူသည် စာလုံးတစ်လုံးခြင်းကို စိတ်ရှည်စွာဖြင့် သင်ပြပေးလေသည်။
ထို့နောက်တွင် မုဆိုးအိုကြီးသည် ရှောက်ရွှမ်ကိုပင် ချီးကြူးလိုက်ပေသေးသည်။
“ စာလုံးတွေကို ရေးတာ အနေအထားမှန်တယ် ၊ မဆိုးဘူး၊ မင်းက သတ္တိရှိတဲ့ စစ်သည်တော် တစ်ယောက်ဖြစ်လာမှာပဲ”
ရှောက်ရွှမ် ပြုံးယုံသာ ပြုံးနေလိုက်ပြီး တုန့်ပြန်ပြောဆိုနေခြင်း မပြုတော့ပေ။ သူမေးလိုက်သည့် စကားလုံးများသည် ကျောက်တုံးနံရံပေါ်မှ စကားလုံးများ ဖြစ်ကြသည်။ သူသည် ထိုစာလုံးများကို ကူးယူလာခဲ့ခြင်းဖြစ်ပြီး ကွက်တိထပ်တူ မကျနေသော် လည်း သူတို့ထံတွင် မူလ စကားလုံးများ၏ လှပမှုနှင့် ပုံစံတစ်ခု ရှိနေခဲ့သည်။
ထိုအရာကို ကြည့်ခြင်းအားဖြင့် ကျောက်တုံးနံရံပေါ်တွင် စာရေးသားခဲ့သည့်သူသည် ရဲရင့်သော စစ်သည်တော် တစ်ယောက်ဖြစ်ရမည်ဟု ရှောက်ရွှမ် ခန့်မှန်းကြည့်လိုက်သည်။
မုဆိုးအိုကြီးထွက်ခွာသွားသည့် အချိန်တွင်ရှောက်ရွှမ်သည် မုဆိုးအိုကြီး၏ စာလိပ်ထဲမှ စကားလုံးများအားလုံးကို ကူးယူလိုက်လေသည်။ သို့ဆိုလျှင် ကလေးများအနေဖြင့် ထိုစာလုံးများကို အချိန်မရွေးပြန်ကြည့်နိုင်ပြီဖြစ်သည်။ ထို့နောက်တွင် သူသည် ကျောက်တုံး အခန်းဆီသို့ပြန်သွားလိုက်လေသည်။
ထိုစကားလုံးများကို ကျွမ်းကျင်လာပြီးသည့်နောက်တွင် ရှောက်ရွှမ် နောက်ဆုံး ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်လိုက်ပြီ ဖြစ်သည်။
“ တစ်နေ့နေမှာ၊ ငါတို့ရဲ မူလနယ်မြေတွေဆီကို ပြန်သွားကြမယ်။ ဂုဏ်သိက္ခာက မီးထဲမှာ ရှိနေတယ်။ မီးတောက်ဦးချိုတွေရဲ့ မီးက ဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူး “
ထိုစာကြောင်းများ အဆုံးတွင် ကြီးမားသော စကားလုံးတစ်ခုရှိနေခဲ့သည်။ “ကျန့် “ ..... ဖြစ်နိုင်သည်မှာ ထိုနာမည်သည် ကျောက်တုံး အခန်း၏ ပိုင်ရှင်အမည် ဖြစ်နိုင်ပေသည်။ ပုံများနှင့် စာသားများကို ရေးဆွဲခဲ့သူ၏ နာမည်လည်း ဖြစ်သည်။
နောက်ဆုံး စာကြောင်းသည် နံရံထဲတွင် နက်ရှိုင်းစွာ ထွင်းထုထားပေသည်။ ထိုစာကြောင်းသည် အခြား ပုံများ ထက် နက်ရှိုင်းနေခဲ့သည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် စာကြောင်းရေးထွင်းခဲ့သူ၏ ပြင်းထန်သော စိတ်ခံစားချက်များကို သိနိုင်ပေသည်။
ထိုအရာများကို အဘယ်ကြောင့် ကျောက်မှုန့်များဖြင့် ရေးဆွဲထားသည်ဆိုသည်ကို ရှောက်ရွှမ် မသိနေခဲ့သော်လည်း သူသည် ထိုအရာများကို မြင်တွေ့လိုက်ရသည့်အတွက် ကျေနပ်မှုကို ခံစားရပေသည်။ ထို့အပြင် သူသည် စာကြောင်းများကို ချန်ထားခဲ့သည့်လူကိုလည်း လေးစားမိနေခဲ့သည်။
ထိုစာကြောင်းမှတဆင့် တစ်စုံတစ်ယောက်သည် သူ၏အခြေအနေသို့မဟုတ် မျိုးနွယ်စု၏ အခြေအနေသည် မကောင်းနေခဲ့ကြောင်းကို အလွယ်တကူပင် သိနိုင်သည်။ သူတို့သည် စိတ်ဓါတ်ကျခဲ့ကြသည်၊ သို့သော် သူတို့ အရှုံးမပေးခဲ့ကြပေ။
အခြေအနေသည် စိတ်ပျက်ဝမ်းနည်းဖွယ် ကောင်းနေသော်လည်း တစ်စုံတစ်ယောက်သည် အသက်သာ ရှင်နေပါက မျှော်လင့်ချက်ဟူသည် ရှိနေဦးမည် ဖြစ်သည်။ မျိုးနွယ်စုသာ ရှိနေသေးလျှင် မျှောင်လင့်ချက်ဟူသည် ရှိနေပေဦးမည်။
ရှောက်ရွှမ် မီးကျွမ်းနေသည့် သစ်ကိုင်းကို ယူလိုက်ပြီး “ကျန့်” ဟူသော စကားလုံး၏ နောက်တွင် လက်မထောင်နေသည့် ပုံတစ်ခုကို ရေးဆွဲလိုက်လေသည်။
သူသည် ထိုလူအတွက် လက်မထောင် ပေးလိုက်ခြင်း ဖြစ်သည်။