လထွက်လာခြင်း
Vol. 2 Ch. 19
ရှောက်ရွှမ်သည် နေ့ရက်တိုင်းကို ကျောက်တုံးအခန်းတွင်း ၌သာကုန်ဆုံးခဲ့သည်။ သူသည် ကျော်တုံး နံရံ၏ ညာဖက်တွင် ရှိနေခဲ့သည့် ပုံများအားလုံးကို မှတ်မိစေရန်အတွက် ကြိုးပမ်းနေခြင်းဖြစ်သည်။ သူသည် ပန်းချီရေးဆွဲခြင်းကိုလည်း လေ့ကျင့်နေခဲ့၏။ အနာဂတ်တွင် အသုံးဝင်ကောင်း ဝင်လာနိုင်သည်မဟုတ်ပေလော။ မည်သို့ပင်ဖြစ်စေ သူ့ထံတွင် အခြားလုပ်စရာလည်း ရှိမနေခဲ့ပေ။
ကလေးများအားလုံးသည် လုံလောက်သော ငါးများကို သိမ်းဆည်းထားနိုင်ကြပြီဖြစ်သည့်အပြင် မျိုးနွယ်စုထံမှ ထင်းများနှင့် အစားအသောက်များကိုလည်း ရရှိနေခဲ့ကြသည်။ ကော ရှောက်ရွှမ်ကို ပေးထားခဲ့သော အသုံးများသည့် ဆေးပင်များဖြင့် ဆိုလျှင် မတော်တဆမှုများ ဖြစ်လျှင်လည်း စိတ်ပူနေရန်မလိုအပ်ပေ။ နေ့ရက်များသည် ပုံမှန်အတိုင်းသာ ကုန်ဆုံးသွားခဲ့ပြီး အရာအားလုံး အေးဆေးတည်ငြိမ်နေခဲ့သည်။
လွန်ခဲ့သော နှစ်ရက်ခန့်က ကလေးတစ်ယောက်သည် အအေးမိခဲ့ပြီး ချောင်းဆိုးနေခဲ့လေသည်။ ထို့အပြင် သူသည် အဖျားပါ တက်လာခဲ့၏။ ရှောက်ရွှမ်သည် ကောထံမှ ရထားခဲ့သည့် ဆေးပင်များကို ကြိုချက်လိုက်ပြီး ထိုကလေးကို တိုက်လိုက်သည် ။ နှစ်ရက်ကြာပြီးနောက်တွင် သူ၏အခြေအနေသည် ပြန်ကောင်းသွားခဲ့လေသည်။ ကျန်းမာရေးချူချာသူသာဖြစ်ပါက ဆေးပင်များသည်လည်း အာနိသင်ရှိတော့မည် မဟုတ်ပေ။ ရှောက်ရွှမ်သာ မကူညီခဲ့လျှင် ထိုကလေးသည် သေဆုံးကောင်း သေဆုံးသွားနိုင်ပေသည်။ ရှောက်ရွှမ်၏ ယခင် ခန္ဓာကိုယ်ပိုင်ရှင်သည် အားနည်းသောကြောင့် ဖျားနာမှုဒဏ်ကို မခံနိုင်ပဲ သေဆုံးခဲ့ရခြင်းဖြစ်လေသည်။
ကံကောင်းစွာနှင့်ပင် ဆောင်းရာသီမဝင်ခင်လေးတွင် ကလေးများအားလုံး ပို၍ကျန်းမာလာခဲ့သည်။ သူတို့သည် လေ့ကျင့်ခန်းများကို ပြုလုပ်ကြပြီး ပိုမိုကောင်းမွန်သော အစားအသောက်များနှင့် အဝတ်အထည်များကိုလည်း ရရှိခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့သည် ယခင်အချိန်များကဲ့သို့ အလွယ်တကူ ဖျားနာကြတော့မည် မဟုတ်ပေ။
ကျောက်တုံးခန်းထဲတွင် ရှောက်ရွှမ် သားမွေးကို ဖြန့်ခင်းလိုက်ပြီး ထိုင်ချလိုက်သည်။ တစ်ခါတစ်ရံတွင် သူသည် ကျောက်တုံးနံရံရှေ့တွင်ပင် အိပ်စက်လေ့ရှိသည်။ သူသည် မြေပြင်ပေါ်တွင် ပုံများကို သူ့လက်နှင့်ပင် ရေးဆွဲနေလေ့ရှိသေးသည်။ ပုံတစ်ခုပြီးသွားတိုင်း ရှောက်ရွှမ် လက်မှတ်ထိုးလေသည်။ ဆောင်းရာသီသည် သုံးပုံနှစ်ပုံကုန်ဆုံးလာခဲ့ပြီဖြစ်သည်။ ခန့်မှန်းကြည့်ရလျှင် ရက်ပေါင်း နှစ်ဆယ် သုံးဆယ်ခန့်သာ ကျန်ပေလိမ့်မည်။ သူတို့သာ ကျန်ရှိနေသည့် ရက်များကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့လျှင် သူတို့အတွက် ပိုကောင်းမွန်သည့် အခြေအနေများက စောင့်ကြိုနေပေလိ့မ်မည်။ ရှောက်ရွှမ်သည် လိုဏ်ဂူအတွင်း၌သာ နေနေရသဖြင့် သူ့ခန္ဓာကိုယ် မှိုတက်နေပြီဟုပင် ခံစားနေရလေသည်။
သူတွေးနေစဉ်မှာပင် သူ့ဘေးတွင် လဲလျောင်းနေခဲ့သည့် ဆီဆာသည် ထလာခဲ့ပြီး နားရွက်များကို ထောင်လိုက်ကာ ဝင်ပေါက်ရှိရာသို့ လှမ်းကြည့်လိုက်လေသည်။
ထိုအချိန်တွင်ပင် ရှောက်ရွှမ် ကော၏အသံကို ကြားလိုက်ရသည်။
အမှန်တွင် ယနေ့သည် ကောလာရမည့်နေ့မဟုတ်သေးပေ။ ဒါမှမဟုတ် ငါများ ကျောက်တုံးအခန်းထဲမှာ အနေကြာသွားလို့ ရက်မှားတွက်မိတာလား .......။
သိလိုစိတ်ပြင်းပြစွာဖြင့် ရှောက်ရွှမ် ကျောက်တုံးအခန်းအတွင်းမှ ထွက်လာခဲ့လိုက်သည်။
“ ဦးလေး ကော ..... ဦးလေး ဒီနေ့ဘာလာလုပ်တာလဲ “ ရှောက်ရွှမ်မေးလိုက်သည်။ ကောသည် သုံးရက်တစ်ခါမှသာ လာလိမ့်မည်ဖြစ်သည်။ ရှောက်ရွှမ်သည် တြိဂံပုံအမှတ်အသားကို လုပ်ထားပြီး ကောလာမည့် ရက်ကို မှတ်ထားလေသည်။ ယခုတွင် သူရေးဆွဲထားသည့် တြိဂံသည် လိုအပ်နေသေးသည်။ ဆိုလိုသည်မှာ ကောသည် မနက်ဖြန်မှသာ လာရလိမ့်မည် ဖြစ်သည်။
ကောသည် မီးပုံဘေးတွင် ရပ်လိုက်ပြီး သူ့အင်္ကျီပေါ်မှ နှင်းခဲများကို ခါချလိုက်သည်။ ထို့နောက်တွင် သူသည် သားရေစာလိပ်တစ်ခုကို ထုတ်ယူလိုက်လေသည်။ “ ငါလာတာက ကလေးတချို့အတွက်ပဲ။ ကလေးတွေကို စုလိုက်ပြီးတော့ ဒီစာလိပ်မှာပါတဲ့ နာမည်တွေထဲက အသက်ဆယ့်တစ်နှစ်ထက်ကြီးတဲ့ ကလေးတွေကို ရွေးလိုက် “
ရှောက်ရွှမ် သားရေစာလိပ်ကို ယူကြည့်လိုက်သည်။ ထိုနေရာတွင် နာမည်ခုနစ်ခု ရှိနေပြီး ထူနှင့် ပါ တို့၏ နာမည်များလည်း ပါဝင်နေသည်။ ထိုကလေးနှစ်ယောက်တို့၏ မျက်လုံးများ လင်းလက်သွားခဲ့ပြီး မျှော်လင့်နေသည့် အကြည့်များဖြင့် သူ့ကိုကြည့်လိုက်ကြသည်။ သူတို့သည် တစ်ခုခုကို တွေးမိသွားပုံရပေသည်။
စာလိပ်ပေါ်မှ နာမည်များသည် ရှောက်ရွှမ်သိပြီးသည့် လူများသာဖြစ်ကြသည်။ ထို့ကြောင့်ပင် သူသည် အိပ်ပျော်နေသည့် ကလေးများကိုပါ နှိုးလိုက်ပြီး ထိုစာလိပ်ထဲမှ ကလေးများကို စုဝေးလိုက်သည်။ နှိုးလားသည့် ကလေးနှစ်ယောက်တို့သည် အိပ်မှုံစုံမွား ဖြစ်နေကြဆဲသာဖြစ်သည်။ သို့သော်လည်း သူတို့သည် ကောနှင့် သူ၏ဘေးတွင် ကလေးများ မတ်တပ်ရပ်နေကြသည်ကို ကြည့်လိုက်ပြီး အသိစိတ်ဝင်လာခဲ့ကာ သူတို့မျက်လုံးများကို ပွတ်သပ်နေခြင်းကို ရပ်နားလိုက်သည်။ ထို့အစားကလေးများသည် သူတို့၏ပစ္စည်းများကို သိမ်းဆည်းလိုက်ကြပြီး အပြုံးများဖြင့် ကောဆီသို့ သွားလိုက်ကြလေသည်။
ထိုကလေး ခုနစ်ယောက်တို့၏ လည်ပင်းများပေါ်ရှိ ငါးသွားလည်ဆွဲများကို ကောစိုက်ကြည့်နေခဲ့သည်။ ထို့နောက်တွင် သူသည် ကလေးများကို စစ်ဆေးလိုက်လေသည်။ ပုံမှန်နေ့များတွင် သူသည် အစားအသောက်ဝေငှရေး တာဝန်ခံတစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် လိုဏ်ဂူထဲမှ ကလေးများကို ကောင်းမွန်သည့်အမြင်များ ရှိထားလေသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူသည် အလွန်အမင်းသတိထားနေခဲ့ကာ လူမမှားစေရန်အတွက် အကြိမ်ကြိမ် စစ်ဆေးနေခဲ့၏။
“ ဟုတ်တယ် ၊ ခုနစ်ယောက် အတိအကျပဲ “
ကော စာလိပ်ကို ပြန်လိပ်ထားလိုက်ပြီး ကလေးတစ်ယောက်ချင်းစီကို သားရေ ဝတ်ရုံများ ကမ်းပေးလိုက်သည်။ “ သူတို့ကို ဝတ်ပြီးတော့ ငါ့နောက်ကို လိုက်ခဲ့ကြ..... မော့အာ မင်းလည်း ငါနဲ့လိုက်ခဲ့ရမယ် “
မော့အာသည် အသက်ဆယ်နှစ်အရွယ်သာ ရှိပေသေးသည်။ သို့သော်လည်း ဤနှစ်ဆောင်းတွင်းပြီးလျှင် သူ့အသက် ဆယ့်တစ်နှစ် ပြည့်ပြီဖြစ်သည်။
ကော၏ အမိန့်ဖြင့် မော့အာ အဝတ်များကို ဝတ်ဆင်လိုက်ပြီး သူ၏ဓါးကို ယူဆောင်လိုက်သည်။ အခြားကလေးများကဲ့သို့ စိတ်လှုပ်ရှားနေခြင်း မရှိပဲ မော့အာသည် ကောထံသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ထိုအခြေအနေကို ကြိုသိထားပြီး ဖြစ်ဟန်တူသည်။
“ ကောင်းပြီလေ အားရွှမ်.... မင်းပြန်အိပ်ချင်အိပ်လို့ရပြီ။ ငါသူတို့ကို ခေါ်သွားတော့မယ်။ မနက်ဖြန် အစားအသောက်တွေနဲ့ ငါပြန်လာခဲ့မယ် “ ကော လိုက်ကာကို မတင်လိုက်ပြီး ကလေးရှစ်ယောက်နှင့်အတူ ထွက်သွားလိုက်သည်။
ရှောက်ရွှမ် လိုက်ကာကို မတင်လိုက်ပြီးကြည့်လိုက်ချိန်တွင် အေးစက်နေသော လေအေးများသည် သူ့မျက်စိများကို နာကျင်သွားစေခဲ့လေသည်။ သူ့မြင်ကွင်းသည် ဝေဝါးနေခဲ့သော်လည်း သူသည် ဂူအပြင်ဖက်ရှိ ထူထဲသော နှင်းဖြူများကို မြင်တွေ့နေရသည်။ ကောတို့ လမ်းလျှောက်သွားသဖြင့် လမ်းတစ်ခု ပေါ်လာခဲ့၏။ လမ်းဘေးဖက်ရှိ နှင်းများသည် ကလေးများထက်ပင် ပို၍ မြင့်မားနေခဲ့သည်။ သူတို့သည် အေးစက်မှုများ ကြောင့် တုန်ယင်နေခဲ့ကြပြီး ကောနှင့် နီးနီးကပ်ကပ်လိုက်ပါနေခဲ့ကြသည်။ သူတို့သည် နှောင့်နှေးနေခြင်း မရှိသကဲ့သို့ နောက်ပြန်လှည့်ကြည့်ခြင်းလည်း မရှိနေခဲ့ပေ။ သူတို့ကို ကြည့်ရသည်မှာ ထွက်သွားရန်ကို စိတ်အားထက်သန်နေ ခဲ့ကြပုံပေါ်သည်။
လိုက်ကာကို ပြန်ချထားလိုက်ပြီး ရှောက်ရွှမ် ဂူအတွင်းပိုင်းသို့ ပြန်ဝင်လာလိုက်သည်။ ကျန်နေခဲ့သောကလေးများသည် နိုးနေကြပြီဖြစ်ပြီး မီးပုံကိုသာ စိုက်ကြည့်နေခဲ့ကြသည်။
ရှောက်ရွှမ် သိလိုက်လေပြီ။
ဆောင်းရာသီပြီးလျှင် နှင်းပွဲတော်ရှိပြီး အချို့သော ကစားပွဲများ ကိုပြုလုပ်ကြလိမ့်မည် ဖြစ်သည်။ ထိုအထဲတွင် အရေးအကြီးဆုံးမှာ နှစ်စဉ်ကျင်းပသည့် မျိုးနွယ်စုစွမ်းရည် နှိုးထပွဲဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည်
စွမ်းရည် နှိုးထနိုင်ပါက သူသည် မျိုးနွယ်စု စစ်သည်တစ်ယောက် ဖြစ်လာနိုင်ပြီဖြစ်သည်။ မဟုတ်လျှင်လည်း နောက်တစ်နှစ်ကို စောင့်ရပေမည်။
ပုံမှန်ဆိုလျှင် အသက်ဆယ်နှစ်ကျော်သည့် ကလေးတိုင်းကို တောင်ဆီသို့ပို့တတ်ကြပြီး အကြိုရွေးချယ်ပွဲ ပြုလုပ်တတ်ကြသည်။ ထိုပွဲသည် ဆောင်းရာသီမပြီးဆုံးမီ ကျင်းပခြင်းဖြစ်သည်။ နတ်ဆရာသည် မျိုးနွယ်စုစွမ်းရည်နိုးထနိုင်ရန်အဖြစ်နိုင်ဆုံးဖြစ်သည့် ကလေးများကို ခေါ်ယူထားလိုက်ပြီး အခြားကလေးများကို ပြန်ပို့တတ်သည်။
သို့သော်လည်း မျိုးနွယ်စုမှ ကလေးများနှင့် နှိုင်းယှဉ်လျှင် ဂူထဲမှကလေးများသည် ကျန်းမာရေးအားနည်းကြပေသည်။ ထို့ကြောင့်ပင် သူတို့သည် မကြာခန ပြန်ပို့ခြင်းကို ခံကြရသည်။ မော့အာ တစ်ယောက်သာ ချွင်းချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မော့အာသည် မိဘမဲ့တစ်ယောက် မဟုတ်သောကြောင့် ဖြစ်လေသည်။ ထို့အပြင် သူသည် အဆက်မပြတ်လေ့ကျင့်နေတတ်သူ တစ်ဦးဖြစ်သဖြင့် အခြားကလေးများနှင့်စာလျှင် ပိုကြံ့ခိုင်ပေသည်။
ကောနောက်သို့လိုက်သွားခဲ့ကြသည့်ကလေးများသည် အတော်လေး စိတ်လှုပ်ရှားတက်ကြွနေခဲ့ကြ သည်။ သူတို့အားလုံးသည် နတ်ဆရာ၏ ရွေးချယ်ခြင်းကို ခံရရန်အတွက် ဆုတောင်းနေကြလေသည်။ အကယ်၍ သူတို့သာ ရွေးချယ်ခံရလျှင် ဤတစ်ကြိမ်တွင် မျိုးနွယ်စုနတ်စွမ်းအင် နှိုးထရန်အတွက် ကိုးဆယ်ရာခိုင်နူန်းကျော် အခွင့်အရေးရှိပေသည်။
ရှောက်ရွမ် သည် အသက်ကိုးနှစ်သာ ရှိနေပေသေးသည်။ သူသည် ဤနှစ်ဆောင်းရာသီပြီးမှသာ ဆယ်နှစ်ပြည့်မည် ဖြစ်သည်။ သူ့အတွက် ပွဲတော်သည် စောလွန်းနေသေးသည်။ ထို့ကြောင့်ပင် ကောထွက်သွားသည်နှင့် တစ်ခုခုဖြစ်လျှင် သူ့ကိုပြောရန် ကလေးများကိုမှာထားလိုက်ပြီး ကျောက်တုံးအခန်းရှိ နံရံဆေးရေးပန်းချီများဆီသို့ ပြန်လာလိုက်သည်။
လေးရက်ကြာသွားသည့်အချိန်တွင် ကော အစားအသောက်လာပို့ပြန်သည်။ သူသည် စိတ်မကောင်းဖြစ်နေသည့် ကလေးလေးယောက်ကို ပြန်ခေါ်လာခဲ့သည်။ ထိုလေးယောက်ထဲတွင် ထူနှင့် ပါ တို့လည်း ပါဝင်လေသည်။ အသက်ကြီးသော ကလေးများကို ခေါ်ထားခဲ့သည်။ အသက်ဆယ့်သုံးနှစ် ပြည့်သည့်ကလေးများသည် အလိုလိုပင် ရွေးချယ်ခံရသည့် သူများဖြစ်ကြသည်။ အသက်ဆယ့်လေးနှစ်ကျော်၍မှ မျိုးနွယ်စုစွမ်းရည် နိုးထခြင်းမရှိပါက သာမန်မဟုတ်သော အခြေအနေတစ်ခု ဖြစ်နေ၍ ပင် ဖြစ်လိမ့်မည်။
လိုဏ်ဂူ၏ ယခင် “ ခေါင်းဆောင် “သည်လည်း အသက်ဆယ့်သုံးနှစ် ပင် ဖြစ်သည်။ ထို့အပြင် သူသည် တောင်ဘေးဒေသတွင် နေထိုင်သည့် လူတစ်ချို့နှင့် သိကျွမ်းပေသည်။ ဤဆောင်းရာသီတွင် သူသည် လေ့ကျင့်ခန်း ဆင်းရန်အတွက် ပြင်ဆင်နေခဲ့သည်။ စစ်သည်တော်များ ယုံကြည်ကြသည်မှာ မျိုးနွယ်စုစွမ်းရည် မနှိုးထခင်ကတည်းကသန်မာသည့်လူသည် မျိုးနွယ်စုစွမ်းရည်နှိုးထပြီးသည့် နောက်တွင် ပို၍သန်မာလိမ့်မည် ဟူ၍ ဖြစ်သည်။ ထို့ကြောင့်ပင် ခူသည် သူ့အားခေါ်သွားပေးရန် မိသားစုအချို့တို့ကို ပြောခဲ့လေသည်။ သူ့အနေဖြင့် ပို၍ကောင်းကောင်းမွန်မွန် စားသောက်နိုင်ပြီး အခြား အတွေ့အကြုံရင့်ကျက်သည့် စစ်သည်တော်များထံမှ သင်ယူနိုင်ပေလိမ့်မည်။ ထိုအရာသည် လိုဏ်ဂူထဲတွင် ဒီအတိုင်းနေသည်ထက် ပိုကောင်းပေသည်။ ထို့ကြောင့်ပင် ခူသည် ဂူထဲမှ ထွက်သွားပြီး တောင်တန်းဒေသတွင်သာ အချိန်ဖြုန်းခဲ့ခြင်းဖြစ်သည်။
“ စိတ်မကောင်းမဖြစ်ပါနဲ့ ... သိပ်မကြာခင်ပဲ မင်းတို့အားလုံး မျိုးနွယ်စု စစ်သည်တော်တွေ ဖြစ်လာကြမှာပါ ..... နောက်နှစ်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ “ ကော ကလေးလေးယောက်တို့ကို ချော့မော့လိုက်သည်။ ထို့နောက်တွင် သူသည် အစားအစာအချို့ကို ပေးထားခဲ့ပြီး ပြန်ထွက်သွားလိုက်သည်။
“ ငါတော့ နတ်ဆရာ ရွေးချယ်သွားတဲ့ ကလေးတွေကို မနာလိုဘူး။ သူတို့က နတ်ဆရာရဲ့ သင်ကြားပေးတာတွေကို နားထောင်နိုင်တယ် “ ပြန်လာသော ကလေးတစ်ယောက်ပြောလိုက်သည်။
“ ဟေး နတ်ဆရာက မင်းကို ဘာပြောလိုက်လဲ “ အခြားကလေးများ ဝိုင်းအုံလာကြပြီး သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်ကြသည်။
“ နတ်ဆရာက .... “
လွန်ခဲ့သည့် တစ်မိနစ်က ကလေးလေးယောက်တို့သည် ခေါင်းများကို ငုံ့ထားခဲ့ကြသည်။ သို့သော်လည်း ယခုတွင် သူတို့၏ခေါင်းများသည် လေးဆယ့်ငါးဒီဂရီ ထောင်မတ်လာခဲ့ပြီး သူတို့၏မျက်လုံးများ အထဲတွင် လေးစားမှုများရှိနေခဲ့သည်။
ရှောက်ရွှမ် သူတို့ကို ကြည့်လိုက်သည်။
သင်ခန်းစာတွေ ဟုတ်လား ..... ဦးနှောက်ဆေးတဲ့ သင်ခန်းစာတွေပဲ ဖြစ်ရမယ် ......။
အဲ့ဒီ မှော်ဆရာအိုကြီးကတော့
ရှောက်ရွှမ် တိတ်တဆိတ်သာ ကျိန်ဆဲနေလိုက်သည်။ သူသည် ထိုအရာကို ထုတ်ပြောရလောက် သည်အထိ မတုံးအပေ။ ဒီကလေးလေးယောက်ကို ကြည့်လေ..... မှော် ဆရာအိုကြီးနဲ့ လေးရက်ပဲ နေရသေးတယ် .... ဦးနှောက်ဆေးတာကို ခံလိုက်ရလေပြီ။
ထိုအခိုက်အတန့်ပြီးသည့် နောက်တွင် လိုဏ်ဂူထဲမှ ဘဝများသည် ထုံးစံအတိုင်းသာ ရှိနေခဲ့သည်။ ထူနှင့် ပါတို့ အနည်းငယ် ဝမ်းနည်းနေကြသေးသော်လည်း ဘဝသည် ဆက်လက်ရွေ့လျား နေခဲ့လေသည်။
ညအချိန် ရှောက်ရွှမ် အိပ်ပျော်နေသည့်အချိန်တွင် သူသည် လခြမ်းကွေးနှစ်ခုတို့ကို အိပ်မက်မက်ခဲ့လေသည်။ ထို့နောက်တွင် အရည်ပျော်နေသည့် နှင်းခဲများ........ ရေခဲနှင့် မီးလျှံများ .......။ ထိုအချိန်တွင် သူအော်ဟစ်သံတစ်ခုကို ကြားလိုက်ရလေ၏။ အော်ဟစ်သံသည် ပို၍ ပို၍ ကျယ်လာခဲ့ပြီး သူသည် အိပ်မက်ထဲမှ နှိုးထလာလေသည်။
ထိုအသံသည် လိုဏ်ဂူထဲမှ ကလေးများထံမှ ထွက်ပေါ်လာခဲ့ခြင်းမဟုတ်ပဲ ဂူအပြင်မှ လူများထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ကလေးကြီးတစ်ယောက်သည် ထိုအသံကိုနားစွင့်လိုက်ပြီးပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည် “ ကြည့်ရတာ ဆောင်းရာသီ ကုန်ပြီထင်တယ် “
ရှောက်ရွှမ် သမ်းဝေလိုက်ကာ စောင်ကို တင်းတင်းခြုံလိုက်သည်။ ညအချိန်သာ ရှိနေသေးပြီး မီးပုံမှ မီးသည် ကုန်ဆုံးနေခဲ့ပြီဖြစ်သည်။ မည်သည့်အရာကိုမှ သဲသဲကွဲကွဲ မမြင်ရသေးပဲကလေးများ ဆွေးနွေးနေကြသည့် အသံကိုသာ ကြားနေရသည်။
ရှောက်ရွှမ် ဆီဆာနှင့်အတူ ဝင်ပေါက်ဆီသို့ သွားလိုက်သည်။
လိုက်ကာကို မတင်လိုက်သဖြင့် သူသည် စကားပြောနေကြသံများကို သဲကွဲစွာပင် ကြားနေခဲ့ရသည်။ ထိုအသံများသည် စိတ်လှုပ်ရှားခြင်းနှင့် ပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့လေသည်။
လေအေးများကို ဂရုမစိုက်တော့ပဲ ရှောက်ရွှမ် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
နှင်းများ ကျဆင်းနေခြင်းမရှိတော့ပေ။ ပျောက်နေသည်မှာ ကြာနေပြီဖြစ်သည့် လများကိုလည်း မြင်တွေ့နေရပြီဖြစ်သည်။ လခြမ်းကွေးလေးများကို အနည်းငယ်သာ မြင်တွေ့နေရသော်လည်း ၎င်းတို့သည် မျှော်လင့်ချက်နှင့် အားတက်ခြင်းများကို ဖြစ်စေနိုင်ပေသည်။
ဆောင်းရာသီကုန်ဆုံးပေပြီ။ နှင်းပွဲတော် ကျင်းပရန်အတွက်လည်း ပြင်ဆင်နေကြလေပြီ။
လူဘယ်နှယောက် လောက်များ မျိုးနွယ်စု စစ်သည်တော်တွေ ဖြစ်လာကြမှာပါလိမ့်.......။ လူအားလုံးသည် ထိုအကြောင်းကို တွေးနေကြပြီး ပျော်ရွှင်စွာဖြင့် အော်ဟစ်စကားပြောနေခဲ့ကြသည်။
မျိုးနွယ်စု အိမ်များတွင် လူတိုင်းသည် အိမ်ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်နေကြပြီး ကောင်းကင်ကို မော့ကြည့်နေကြသည်။ သူတို့အားလုံးသည် အေးစက်နေသော လေပြင်းများကို လျစ်လျုရှုထားကြလေသည်။ ထို့အပြင် လူတိုင်းသည် ဆောင်းရာသီ ပြီးဆုံးခြင်းနှင့် ရောက်လာတော့မည့် နှင်းပွဲတော် အကြောင်းကို တက်ကြွစွာဖြင့် ဆွေးနွေးနေခဲ့ကြသည်။ ထိုအချိန်တွင် သူတို့သည် မိဘမဲ့ လိုဏ်ဂူထဲမှ ကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရလေသည်။
“ လထွက်လာပြီဟေ့... ပျော်စရာကြီး ...ယေး... ပျော်စရာကြီး .... ယေး..... ယေး... “